30 Days Writing Challenge (Things that make you happy)

30 Days Writing Challenge (Things that make you happy)

ပျော်ရွှင်ခြင်းဆိုတာ ရွှေ ငွေ စည်းစိမ်းချမ်းသာတွေလား ၊ ရာထူးဂုဏ်ဒြပ်တွေလား ၊ အိမ်ကြီးအိမ်ကောင်းတွေလား… ဒါမှမဟုတ် ပြတင်းပေါက်ဘောင်ပေါ်မှာတင်နေတဲ့ ငှက်မွှေးလေးတွေလား ၊ စာအုပ်ကြားထဲညှပ်ထားတဲ့စွယ်တော်ရွက်လေးတွေလား ?

ကိုယ့်အတွက်ကတော့ အေးချမ်းတိတ်ဆိတ်တဲ့ မြို့လေးတွေကိုမထင်မှတ်ဘဲရောက်သွားတာမျိူး ၊ ခရစ်စမတ်ကတ်လေးတွေ လက်ဆောင်ရတာမျိူး ၊ စာအုပ်ကောင်းကောင်းလေးတစ်အုပ်ဖတ်ရတာမျိူး ၊ မတွေ့တာကြာပြီဖြစ်တဲ့ ချစ်သူခင်သူတွေနဲ့စကားပြောရတာမျိူးဟာပျော်ရွှင်ခြင်းတွေထဲက တချို့ပါပဲ။ ထိုအရာတွေဟာ တန်ဖိုးဖြတ်ပြီး တိုင်းတာလို့မရပေမယ့် ဘာကြောင့် ကိုယ့်ကိုပျော်ရွှင်စေရသလဲဆိုတာလေးကို ပြောပြချင်ပါတယ် ။

၂၀၁၅ ခုနှစ်မှာ ကိုယ်ဂျပန်ကိုသွားလည်တော့ ကျိူတိုမြို့လေးကိုဝင်ခဲ့ပါတယ် ။ တချို့လူတွေကတော့ ကျိူတိုကို ပျင်းစရာကြီးလို့ပြောကြပေမယ့် ကိုယ်ကတော့ အင်မတန်နှစ်သက်ပါတယ် ။ လက်ညှိုးထိုးမလွဲတဲ့ ဘုရားကျောင်းတွေ ၊ ခေတ်ဟောင်းခေတ်သစ်ရိုးရာတွေသဟဇာတဖြစ်အောင် ရောယှက်နေတာတွေ ၊ အမြတ်တနိုးထိန်းသိမ်းထားတဲ့ ရှေးဟောင်းမင်းနေပြည်တော်ကြီးပေါ့ ။ တစ်ရက်က ဝါးရုံတောတွေရှိတဲ့ နေရာဘက်ကိုသွားလည်ကြတော့ မထင်မှတ်ဘဲ လမ်းမှားသွားပါတယ် .. ဒါပေမယ့် ကိုယ်တွေရောက်သွားတဲ့နေရာက ဝါးရုံတောရဲ့ အနောက်ဖက် တိတ်ဆိတ်တဲ့ လူနေတဲ့ ရပ်ကွက် လေးပါ ။

ဖြတ်သွားဖြတ်လာလူတွေလည်း မရှိသလောက်နည်းပြီးတော့ ရာသီဥတုကလည်းခပ်အေးအေး ၊ မနက်နေရောင်ခြည်ကလည်းခပ်နွေးနွေး ၊ အိမ်သေးသေးပုစိလေးတွေ ၊ ကွင်းပြင်ကြီးတွေကို ဖြတ်ပြီးသွားရတဲ့ခံစားမှုဟာ ဘာနဲ့မှ လဲမရနိုင်တဲ့ ခံစားချက်မျိူးပါ ။ အေးချမ်းမှုဆိုတာ ဒါပါလားဆိုတာကို တခုတ်တရခံစားမိတဲ့အချိန်ပါပဲ ။ တော်တော်ကြာအောင်လမ်းလျှောက်ပြီး ညောင်းလာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ဝင်နားကြပါတယ်။

ဂျပန် Matcha Green Tea လေးသောက်ပြီး ဆိုင်အပြင်ဖက်ကိုငေးရတာကလည်း စိတ်ချမ်းသာစရာကောင်းလှပါသေးတယ် ။ ကိုယ့်အတွက်တော့ ဂျပန်မှာ လမ်းမှားပြီးရောက်သွားတဲ့ အမည်မသိရပ်ကွက်လေးဟာ ပျော်ရွှင်ခြင်းပါ ။ ဓာတ်ပုံတွေပြန်ကြည့်တိုင်း ဂျပန်လို့တွေးမိတိုင်း ပျော်ရွှင်ရတဲ့အခိုက်အတန့်လေးပါပဲ ။

တခါတခါရောက်လာတတ်တဲ့ချစ်ခင်ရသူတွေပို့ပေးတဲ့ကတ်ကလေးတွေဟာလည်း ပျော်ရွှင်ခြင်းကိုသယ်ဆောင်လာပေးတတ်ပါတယ် ။ လူတွေအများကြီးထဲကမှ ကိုယ့်ကိုအမှတ်တရရှိလို့ ကျေးဇူးတင်ရသလို အင်တာနက်ကနေ ချက်ချင်းပြောလို့ရေပမယ့် ကတ်ကလေးတွေဝယ် ၊ သီးသန့်အချိန်ယူ ၊ တကူးတက စာလေးတွေေရေးပြီး ပို့ပေးတဲ့ မစုနဲ့ အမသက် ။ တန်ဖိုးဖြတ်မရတဲ့ ပျော်ရွှင်ခြင်းတွေပါ ။

ကိုယ့် နှလုံးသားနဲ့ နီးတဲ့စာအုပ်တွေဖြစ်တဲ့ Under the Tuscan Sun ၊ ကိုထက်ရေးတဲ့ စကားတွေအများကြီး မပြောကြကြေးဆိုတဲ့ ကဗျာစာအုပ် ၊ အမသက်ရေးတဲ့ ပျော်ရွှင်မှုမိုးရေစက် ၊ မဇွန်ရေးတဲ့ နှင်းဆီတစ်ပွင့်၏ နံနက်ခင်း ၊ ရှားရဲ့ ဆောင်းခိုငှက် ၊ အန်ဒါဆင်းပုံပြင်များ ၊ မလေးရဲ့မိတောစာအုပ်တွေဟာလည်းပျော်ရွှင်ခြင်းတွေပါပဲ ။ မကြာမကြာဖတ်ပြီး တစ်သက်လုံးအမှတ်တရသိမ်းထားမယ့် ပျော်ရွှင်ခြင်းမျိူးပေါ့ ။

ပျော်ရွှင်ခြင်းတွေက ပုံစံမျိူးစုံနဲ့ ရောက်လာတတ်ပါတယ်။ ပြတင်းပေါက်ဘောင်ပေါ်မှာတင်နေတဲ့ ငှက်မွှေးလေးတွေဟာ ပျော်ရွှင်ခြင်းဖြစ်နိုင်သလို ၊ စာအုပ်ကြားထဲညှပ်ထားတဲ့စွယ်တော်ရွက်လေးတွေဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်နိုင်တာပါပဲ ။

ချစ်ခင်လျက်

ဆုမြတ်



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.