ဒေါသထုတ်အကြီးကြီး

ဒေါသထုတ်အကြီးကြီး

ဒီရက်ပိုင်း ကိုယ်လုပ်ဖြစ်တဲ့အလုပ်က သည်းခံခြင်းပဲ.. ဟုတ်တယ် အစစအရာရာကိုသည်းခံနိုင်အောင်ပဲ ကြိုးစားဖြစ်တယ် ။ ကြာသပတေးသမီးကိုယ်ဟာ…. နေ့နံနဲ့မလိုက်အောင် တအားဒေါသကြီးတယ် ဒေါသထွက်လာရင် အသားတွေ တဆတ်ဆတ်တုန်အောင်ထိဖြစ်တာ ။ စိတ်ကိုထိန်းချုပ်ပြီး သည်းခံနိုင်အောင် မနည်းကြိုးစားနေရတယ် ။အကြောင်းအရာအစုံအလင်ကို မပြောချင်တော့ဘူး ။ ပြသနာတစ်ခုဖြစ်ရင် နှစ်ဦးနှစ်ဖက်အမှားကိုယ်စီရှိတာမို့ ကိုယ်မှန်တယ်လို့လဲမဆိုလိုဘူး…။ သူများမှားတယ်ဆိုပြီးလည်းလက်ညှိုးမထိုးချင်တော့ဘူး။ အတိုချုပ်ပြောရရင် ၂၀၁ရ ဖေဖော်ဝါရီမှာ ကိုယ်ရွေးချယ်မှုတစ်ခုမှားခဲ့တယ် ။ မနေသင့်တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ တစ်အိမ်တည်းနေမိတာ ကိုယ့်အမှား ။ ထိုရွေးချယ်မှုနောက်ဆက်တွဲအဖြစ် ဒီလို ဒေါသထွက်တာမျိုးကို နေ့တဓူဝကြုံနေရသလို သူငယ်ချင်းတွေကြားမှာလည်း မိတ်ပျက်တာပဲအဖတ်တင်ခဲ့ပါတယ် ။

ကိုယ်သည်းခံတယ်ဆိုတာလည်း သည်းခံတတ်လို့ သည်းခံနိုင်လို့မဟုတ်ဘူး ဘော်ဒါစိတ်တစ်ခုတည်းနဲ့ မို့ သည်းခံနေတာ ။ ကိုယ်ဘယ်သူကိုမှ မမုန်းချင်ဘူး ။အထူးသဖြင့်ချစ်ခင်ပြီးမှ ပိုမမုန်းချင်တာပါ ။ တချို့အသေးအမွှားကိစ္စလေးတွေဆိုရင် ကိုယ်မေ့ပစ်တယ် ။ တချို့ဟာတွေကို နားလည်ပေးတယ် ။ တချို့ကိစ္စတွေဆိုရင် ခွင့်လွှတ်လိုက်တယ် ။ ကိုယ်လည်း တအားအဆိပ်ကင်းတဲ့ အရိယာသူတော်စင်မဟုတ်ဘူး ။ ဒါပေမယ့် ခင်မင်ခဲ့တဲ့သက်တမ်းကို နှမြောလို့ ကိုယ်သည်းခံပြီး မျက်စိမှိတ်နေပေးနေတာ ။အမှိုက်ကစ ပြသာဒ်မီးလောင်တဲ့သဘောပဲ တဖြေးဖြေး သေးသေးမွှားမွှားလေးတွေများလာတော့ နောက်ဆုံး စကားမပြောတော့တဲ့ အဆင့်ထိကိုရောက်လာတယ် ။ ဆိုရှယ်မီဒီယာတွေကနေ ဖယ်ပစ်လိုက်တဲ့ အဆင့်ထိရောက်လာတယ်။ လူတိုင်းက ဘ၀စာမျက်နှာမှာ ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတဲ့သူတွေချည်းပဲ ၊ အလှဆုံးရေးရဖို့က ကိုယ့်တာဝန် ။ လောကကြီးကို အလိုမကျ အကောင်းမမြင်နိုင်ဘဲ လူတကာကို အနိုင်ကျင့်…. ကိုယ်အသာရဖို့အရေးပဲ ဦးစားပေးနေမလား ၊ လူတစ်ဖက်သားကိုညစ်လိုက်ရမှ စီးပိုးလိုက်ရမှ ကျေနပ်မလား ဒါကတော့ ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲ ။

ကိုယ်ကတော့ ဘယ်တော့မှထိပ်တိုက်ပြောမှာမဟုတ်ဘူး … ဒါပေမယ့် ကလေးဆန်ဆန်ပြောရရင် အပြုအမူတွေ ရိုင်းပျမှု အနိုင်ကျင့်မှုတွေကို မျက်နှာနဲ့ တွဲမှတ်ထားတယ်လို့ပဲ ပြောလိုက်ချင်တယ် ။ ကိုယ်လက်စားလည်းမချေသလို ရန်လည်းဖြစ်မှာမဟုတ်ဘူး ။သူတို့ဘာလုပ်လဲ သူများကိုလည်းပြောမှာမဟုတ်ဘူး….ဒါပေမယ့် သူတို့ရေးခဲ့တဲ့ သူတို့သမိုင်းကိုတော့ ကိုယ်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ။ မှန်တာပြောရရင် သူများနဲ့အဆင်မပြေတာကို အွန်လိုင်းပေါ်မှာ မရေးချင်ဘူး ။သာယာအေးချမ်းအောင်မြင်တာကိုပဲ အွန်လိုင်းမှာရှဲချင်တယ်။ နည်းနည်း ပြောလိုက်တာနဲ့ ကိုယ့်ဘော်ဒါတွေက တန်းသိမှာဆိုတော့ ကိုယ့်ရဲ့ ခံစားချက်ကြောင့် သူတို့ကို မထိခိုက်စေချင်လို့ သူငယ်ချင်းတွေကိုလည်းမပြောဖြစ်ဘူး။ ဒီအသက်ဒီအရွယ်ရောက်မှ အနိုင်ကျင့်ခံရတယ်ဆိုရင် ရယ်စရာကြီးနော်…။ ကိုယ့်ဖက်က အမှားမရှိချင်လို့ ဘာမှမပြောဘဲနေနေတာဆိုတော့ အနိုင်ကျင့်ခံရတာလည်း ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်….သိပ်ပြီးဇာတ်နာပြစရာအကြောင်းလည်းမရှိဘူး ။

ကိုယ်ကိုယ်တိုင်လည်း ဒေါသထွက်တိုင်း ဘာလို့ဖြစ်တာလဲ ဆိုပြီး ခွဲခြမ်းစိတ်ဖြာကြည့်တယ်..။ ဒေါသထွက်သင့်သလားစဉ်းစားတယ် ။ ထွက်လိုက်ရင် ဘာနောက်ဆက်တွဲဖြစ်နိုင်မလဲ…။ လူ့သက်တမ်းတိုတိုလေးမှာ ကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်တွေ ငယ်ရွယ်နုပျိုမှုတွေကို သူများကိုဒေါသထွက်ရင်းမကုန်ဆုံးသင့်ဘူး ဆိုပြီး ဆင်ခြင်မိတယ် ။ နောက်ပြီးတော့ အိမ်စာချုပ်ကုန်လို့ လမ်းခွဲခဲ့ရင် လမ်းတွေ့ရင်တောင် မခေါ်ဖြစ်တော့မှာ သေချာနေတာမို့ သည်းခံလက်စနဲ့သည်းခံပြီး…. ကိုယ်သူတို့နဲ့နေခဲ့တဲ့ တောက်လျှောက် သူတို့အပေါ်မှာ ကိုယ့်ဖက်ကလွန်တာမရှိဘူးဆိုတဲ့ အဖြစ်မျိုးနဲ့ပဲ အဆုံးသတ်ချင်တယ် ။အသက်ကြီးလာလေလေ ဘ၀ကခက်ခဲလေလေ…လူတွေအကြောင်းပိုသိလာလေလေပဲ ။ ဒီလောက်အချိန်တိုလေးနဲ့တင် မကောင်းတဲ့သူတွေအကြောင်းသိရတာ ကံကောင်းခြင်းတမျိုးပါပဲလို့ မှတ်ပြီး ဒေါသတွေကိုမျိုချ မျိုချရင်းနဲ့ ဆုမြတ်တစ်ယောက် ဒေါသထုတ်အကြီးကြီး တစ်ထုတ်ပိုက်မိထားပါကြောင်း ။



Leave a Reply

Your email address will not be published.