လုပ်ချင်တာလေးတွေ

လောလောဆယ် စိတ်ဖိစီးမှုများလွန်းတဲ့ဘ၀ထဲကနေ ခဏတာရုန်းထွက်ချင်မိပါတယ်။ ဘာလုပ်လိုက်ရရင်စိတ်ဖိစီးမှုတွေပြေပျောက်သွားမလဲဆိုပြီးတွေးမိပြန်တော့ တကယ်လို့ကျွန်မ အောက်မှာရေးထားတဲ့အချက်တွေထဲက တစ်ခုခုကိုလုပ်နိုင်ခဲ့မယ်ဆိုရင် ကျွန်မစိတ်တွေအနည်းငယ်ပြေလျော့သွားလိမ့်မယ်ထင်ပါတယ်။

(၁)လက်ရှိအလုပ်ကနေထွက်ပြီး ကျွန်မလုပ်ချင်တဲ့ PHP နဲ့ development လုပ်ချင်ပါတယ် ။ ရှေ့မကြည့်နောက်မကြည့်လုပ်ချင်ရာလုပ်တတ်တဲ့ကျွန်မ ရွေးချယ်မှုအမှားတစ်ခုကြောင့် ကိုယ်စိတ်မ၀င်စားတဲ့အရာတွေကိုလုပ်နေရတယ်။ အချိန်မှီပြောင်းမှဖြစ်ပါတော့မယ် ။

(၂)ပျော်စရာမကောင်းတဲ့အလုပ်ပတ်ဝန်းကျင်ကနေ ရုန်းထွက်လိုက်ချင်ပါတယ်။ ဒါပေမယ့် ဒါဟာကျွန်မရွေးချယ်ထားတဲ့အလုပ်မို့လို့လောလောဆယ်ပြောင်းခွင့်မရှိသေး ။

(၃)ရစရာရှိတဲ့ ဘောနက်စ်ရချင်ပါတယ် ။ နှစ်စဉ်ပေးနေကျ ဘောနက်စ်က management အပြောင်းအလဲကြောင့် မပေးသေးဘူးဖြစ်နေပါတယ်။ ပိုက်ဆံလေးမြိုးမြိုးမြက်မြက်ရမယ့်အချိန်ဆို အဲ့တိုင်းပဲ ။

(၄)အဟေး…အထိုင်များလွန်းလို့ တစ်နေ့တစ်ခြား ချစ်တဲ့သူတွေကတော့ မိပုံ့ဖြစ်လာတယ် ၊ အမြင်ကတ်တဲ့သူတွေကတော့ ၀လာလိုက်တာတဲ့……။ အဲ..တစ်နေ့တခြားဝလာတဲ့ ကိုယ်ကို အမြန်ဆုံးဝိတ်ကျချင်မိပါတယ်။  အစားစားလေ ပိန်လေ ဆို ဘယ်လောက်ကောင်းမလဲနော် ။ ခုတော့ အလုပ်မှာစိတ်ဖိစီးရင်း စားရင်း ၀ရင်း ပါပဲ ။း)

(၅)အရင်တလောတုန်းကရေးဖူးပါတယ် ။ အမေနဲ့အဆင်မပြေဘူးဆိုတဲ့ကိစ္စလေးတွေကိုပေါ့ ။ အမေနဲ့အဆင်ပြေချင်ပါတယ်။ ဖုန်းဆက်ပြီးအမေ့ကိုချော့မယ်ဆိုပေမယ့် ရင်ထဲမှာ မာနစိတ်ကလေးမလျော့နိုင်သေးဘူး ။ ကျွန်မခေါင်းမာနေဆဲပါ ။
ခေါင်းမာတတ်တဲ့အကျင့်ကလေးကို နည်းနည်းလေးလျော့ချင်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ပဲ ကိုယ်တိုင်ပြင်ရမှာပေါ့ဆိုပေမယ့် အင်မတန်ပြင်ရခက်လှပါတယ်။ လျော့မယ် လျော့မယ်ဆိုပေမယ့် ဘယ်တော့မှ မလျော့ဖြစ်တာ ခေါင်းမာခြင်း ၊ ကျွန်မအတွက် ခေါင်းမာခြင်းနဲ့ဝိတ်လျော့ခြင်းက တော်တော်လေးကို ဖျောက်ရခက်တဲ့မလုပ်နိုင်တဲ့အကျင့်ဆိုးတွေပါပဲ။

(၆)ကျောင်းဆက်တက်ဖို့စဉ်းစားပေမယ့် မနှစ်က အကြောင်းအမျိုးမျိုးကြောင့်လွဲချော်ခဲ့ပါတယ်။ ဒီနှစ်တော့တက်ဖြစ်အောင်တက်မယ်လို့စဉ်းစားထားပါတယ် ။ ကျွန်မ နိုင်ငံခြားကိုလာရခြင်းအကြောင်းအရင်းကလည်း ကျောင်းတက်ချင်လို့ပါပဲ ။ ခုတော့ ဒီရောက်တာ သုံးနှစ်ကျော်ပြီ ကျောင်းမတက်ဖြစ်သေး ၊ အစစအရာရာပြင်ဆင်ပြီး ကျောင်းတက်ချင်နေပါပြီ ။

(ရ)စာရေးစာဖတ်ဖို့အချိန်အများကြီးလိုချင်ပါတယ် ။ စာရေးဖို့အတွက် ကုန်ကြမ်းရှာတယ်လို့လဲမပြောရဲပါဘူး.. စာရေးဖို့အတွက်ဗဟုသုတတွေအများကြီးလိုအပ်ပါတယ် ။ ဒီနိုင်ငံမှာအနေကြာလာတဲ့အမျှ ၊ အလုပ်မှာလည်းအလုပ်မို့စိတ်ဖိစီး ၊ အိမ်မှာလည်းအိမ်မို့လို့ စိတ်ဖိစီးရင်း နှလုံးသားမှာအကြည်ဓာတ်လေးတွေ တော်တော်လေးလျော့ပါးလာမှန်းကိုယ့်ကိုယ်ကိုသတိထားမိလာပါတယ် ။ အိမ်မှာအေးအေးဆေးဆေးလေးနေရင်း စာရေးစာဖတ်ချည်းပဲလုပ်ချင်နေမိပါတော့တယ် ။

(၈)ဘန်ကောက်ကို ရှောပင်းထွက်ချင်ပါတယ် ။ ရှောပင်းထွက်ချင်သလို ၊ကျွန်မနှစ်သက်တဲ့ထိုင်းစာတွေ အ၀အပြဲစားချင်ပါတယ် ။ တုန်ယမ်း ၊ သဘောင်္သီးသုပ် ၊ ငါးကင်နဲ့ ထိုင်းငါးဖယ်ကြော်…သွားရည်တောင်တောက်တောက်ကျပါတယ်။  ကျွန်မ အလုပ်နဲ့ဘန်ကောက်သွားတုန်းက ငါးဖယ် ၊ သဘောင်္သီးသုပ် ၊ တုန်ယမ်း ဟင်း ၊ ငါးကင်ကိုနေ့တိုင်းစားပါတယ်။ ကိုးန၀င်းပုတီးစိတ်နေလျက်ကနေ အဓိဌာန်အပျက်ခံပြီး ငါးကင်စားခဲ့ဖူးပါတယ် ။  ဘန်ကောက်ကထိုင်းစာက ကျွန်မစိတ်ထင် ပိုအရသာရှိသလိုပါပဲ ။ ဒီတော့လဲ ရောက်တုန်းရောက်ခိုက်စားရတာဆိုပြီးတော့ပဲ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်လိုက်ပါတော့တယ်။ 😀

(၉)အင်ဒိုနီးရှား ၊ ဘင်တန်ကိုသွားချင်ပါတယ်။ ဘင်တန်ကို ကျွန်မရောက်တာ နှစ်ခါရှိပါပြီ ၊ နောက်သွားချင်သေးလားဆိုရင် သွားချင်ပါသေးတယ် ။ ငပလီတို့ချောင်းသာတို့ကိုမမှီပေမယ့် ကမ်းခြေမရှိတဲ့နိုင်ငံမှာနေရသူအဖို့တော့ ဘင်တန်ဟာလည်း နတ်နိဗာန်တစ်ခုပမာပါပဲ ။

(၁၀)အိမ်ပြန်ချင်ပါတယ်။ အိမ်ပြန်ချင်တယ်ဆိုပေမယ့် ဘယ်အိမ်ကိုပြန်ချင်သလဲကျွန်မမသိပါဘူး ။ ဟာ..ဆုမြတ်မှာအိမ်တွေအများကြီးရှိလားဆိုပြီး မမှတ်ပါနဲ့ဦးနော် ။ ကျွန်မမှာ တက္ကသိုလ်ကျောင်းပြီးတဲ့အထိနေခဲ့တဲ့ စစ်တွေဆိုတဲ့အိမ် ၊ လက်ရှိမိဘများနေထိုင်တဲ့ တနသာင်္ရီတိုင်းကအိမ် ၊ အမြဲလိုလိုရောက်ဖြစ်ပြီး ဒီမလာခင်အထိနေခဲ့တဲ့ ရန်ကုန်ဆိုတဲ့အိမ် ..။ ထိုအိမ်တွေကိုလွမ်းပါတယ်။  ဇာတိချက်မြှပ်ရခိုင်သူမို့လို့ ရခိုင်ပြည်ကို တအားခင်တွယ်ပါတယ် ။ ခုချိန်ဆိုရင် ရခိုင်မှာ မိုးတစီစီရွာပြီး မိုးရာသီစာတွေစားနေကြလောက်ပါပြီ ။ မိုးတွင်းစားတဲ့ မရွတ်လို့ခေါ်တဲ့ ခရု နဲ့ မျှစ်ရယ် ၊ ချဉ်ပေါင်ရယ် ရောချက်ထားတာလေးကိုလွမ်းလှပါတယ် ။ မိုးတွင်းငရုတ်သီးစိမ်းတွေကို ငပိများများနဲ့ထောင်းထားတဲ့ ငရုတ်သီးထောင်းကို ရှောက်ရွက်နုနုလေး ၊ သခွားသီးအ၀ိုင်းလေးတွေနဲ့တို့ ၊ မိုးတွင်းမှာမှစားရတဲ့ ဓညင်းဝက်လေးတွေကို မီးဖုတ်ပြီး ငရုတ်သီးထောင်းလေးနဲ့တို့စားရတဲ့အရသာဟာ ဘာနဲ့မှနှိုင်းလို့မရပါဘူး ။ ပင်လယ်ပြာနဲ့လခြမ်းမြီကိုဘယ်လောက်ပဲလွမ်းလွမ်း ကျွန်မသူငယ်ချင်းအပေါင်းအသင်းတွေအကုန်လုံးက ရန်ကုန်ကိုရောက်နေကြတော့ရန်ကုန်မြေကိုလည်းလွမ်းမိပြန်ပါတယ်။ သူငယ်ချင်းတွေနဲ့သင်တန်းပြီးရင် ရုပ်ရှင်သွားကြည့်ကြတာ ၊ ရှောပင်းပတ်ကြတာ ၊ အစားသောင်းကျန်းကြတာတွေကိုသတိရမိပြန်ပါတယ် ။ တောသူမြို့ရောက် အိမ်ကပေးထားတဲ့ ပိုက်ဆံတစ်ထပ်ကြီးကိုင်ရင်း စူပါဝမ်းမှာ ဈေးဝယ်တာ ၊ မြေနီကုန်း ဒဂုံစင်တာကိုနေ့တိုင်းပတ်တာ ၊ moon bakery မှာ ကြာဆန်ပြုတ်စားတာတွေကိုအမှတ်ရမိပြန်ပါတယ်။ အထူးသဖြင့် ကျွန်မတို့သုဝဏထဲက ကျွန်မတို့အိမ်နားက မွန်မုန့်ဟင်းခါးဆိုင်လေးကိုလွမ်းလှပါတယ်။ သင်တန်းတက်ရတဲ့မနက်တိုင်း ကျွန်မ ထိုမွန်ဆိုင်လေးမှာပဲ မုန့်ဟင်းခါးစားပါတယ် ။သင်တန်းမတက်ရတဲ့နေ့ဆိုရင် မနက်အစောကြီးထ ၊ ကြီးကြီးကိုဈေးလိုက်ပို့ပြီး ဈေးနားက လက်ဖက်ရည်ဆိုင်မှာ ပဲပလာတာနဲ့ချိုဆိမ့်သောက် ၊ ပြီးရင် အင်တာနက် နှစ်နာရီသုံး ၊ စာအုပ်ငှား ၊ ထမင်းစားပြီး တစ်နေကုန်အိမ်မှာစာအုပ်ဖတ် ၊ ညနေကျရင် စာအုပ်ပြန်အပ် ၊ အင်တာနက်တစ်နာရီသုံးရင်း ရှစ်နာရီမထိုးခင်အိမ်အရောက်ပြန်ရတဲ့ဘ၀ကိုလည်းလွမ်းမိပြန်ပါတယ် ။ အိမ်နားက ရခိုင်မုန့်တီဆိုင်မှာ ကိုယ်တိုင်မုန့်တီဝင်သုတ်တဲ့ရက်တွေ၊ အိမ်ကပို့တဲ့ပိုက်ဆံနဲ့လောက်အောင်ချင့်ချိန်သုံးရတာတွေ ၊ အိမ်မှာစာလေးတွေရေးပြီး ၊ မယ်မိုရီစတိစ်လေးနဲ့သယ် ၊ အင်တာနက်ဆိုင်မှာပိုစ့်တင်ရတဲ့အချိန်လေးတွေဟာ ဘ၀ရဲ့ပြန်မရနိုင်တော့တဲ့ အမှတ်တရအချိန်လေးတွေပါပဲ ။ အဲဒီအချိန်တုန်းက အတွေးအခေါ်တွေ၊ အိုင်ဒီယာတွေ၊ အနုပညာတွေလတ်ဆတ်လိုက်လေခြင်း ၊ အစစအရာရာမှာမိဘလက်အောက်မှာ၊ မိဘပေးမှသုံးရတယ်ဆိုပေမယ့် ခုလက်ရှိ ကိုယ်တိုင်စီမံခန့်ခွဲရတဲ့ဘ၀ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ ပြီးတော့မကြာမကြာစားတတ်တဲ့ မင်းလမ်းမုန့်တီဆိုင်လေးကိုလွမ်းမိပါသေးတယ်။ ရန်ကုန်ကိုလွမ်းပေမယ့် ကျွန်မဟာ အိမ်ပြန်ရင် တနသာင်္ရီတိုင်းကိုပဲပြန်ရမှာပါ ။ ကျွန်မအချစ်ရဆုံးသော မိသားစုကလေးရှိတဲ့အရပ်ဆိုတော့ သံယောဇဉ်မရှိပေမယ့် သံယောဇဉ်တွေရှိတဲ့အရပ်ပါပဲလေ။ ဘိတ်မုန့်ဟင်းခါးကိုအရသာခံလို့မရတဲ့ ၊ ဘိတ်ကတ်ကျေးကိုက်ကိုမနှစ်သက်တဲ့ကျွန်မအဖို့ အိမ်ကိုလွမ်းပေမယ့်အိမ်ပြန်ချင်စိတ်နည်းလှပါတယ်။ အိမ်ပြန်လို့ အမေ တခုတ်တရလုပ်ကျွေးတတ်တဲ့ ဘိတ်ငပိထောင်းကလည်း ခံတွင်းမတွေ့ ၊ ဆိုင်ကယ်တ၀ီဝီ နဲ့ လူမျိုးခြားတွေရဲ့အဆောက်အဦးတွေပေါလွန်းလှတဲ့ထိုမြို့မှာ ကျွန်မမပျော်ပါဘူး ။ စက်ဘီးကလေးစီးပြီး လေလေးတဖြူးဖြူးနဲ့ ရှုခင်းသာ (ပွိုင့်)ညနေခင်းလေးတွေကိုပဲလွမ်းလှပါတယ်။ တကယ်တော့ ကျွန်မက စစ်တွေကိုလွမ်းပြီး ရန်ကုန်မှာနေချင်တဲ့ တနသာင်္ရီတိုင်းကို ပြန်ရမယ့်သူပါ ။

အပေါ်မှာရေးထားတဲ့ဆယ်ခုလုံးကိုကျွန်မလုပ်ချင်ပေမယ့် ခုထိမလုပ်နိုင်သေးပါဘူး ။ အချိန်ယူပြင်ဆင်ရင်း ဆယ်ခုလုံးကိုလုပ်ဖြစ်အောင်ကြိုးစားသွားမှာပါ ။ အမှန်က မေလ ၂၆ ရက်နေ့မှာရောက်မယ့် ကျွန်မရဲ့ ၂၅ နှစ်မြောက်မွေးနေ့အတွက် အချက်အလက် ၂၅ ခုကိုရေးချင်ပါသော်လည်း ရေးစရာအကြောင်းရှာမရတော့လို့ ဆယ်ခုပဲရေးလိုက်တာပါ ။ အားလုံး ဆန္ဒနဲ့ဘ၀ ထပ်တူကျကြပါစေနော် ။



7 thoughts on “လုပ်ချင်တာလေးတွေ”

  • မေလ ၂၆ ရက်နေ့မှာရောက်မယ့် ဆုမြတ်မိုးရဲ့ ၂၅ နှစ်မြောက်မွေးနေ့မှာ ဆန္ဒနှင့် ဘ၀ တစ်ထပ်တည်းကျပြီး ပျော်ရွှင်ချမ်းမြေ့ပါစေနော် …

    ရေးထားတဲ့ ယိုးဒယားစာ၊ ရခိုင်စာတွေ ဖတ်ရင်း သရေကျမိပါရဲ့ …

    မြန်မာပြည် မြေပုံရဲ့ အနောက်ဘက်ခြမ်းကိုလွမ်းပြီး ရန်ကုန်မှာနေချင်တဲ့ မြန်မာပြည်မြေပုံ တောင် အရပ်ကို ပြန်ရမယ့်သူပေါ့ ။

    အချက်အလက် ၂၅ ခု စာ မရှိသေးပေမယ့် တော်တော်လေးကို စုံနေပါပြီ။ 😀

    ပျော်ရွှင်ပါစေနော် ….

  • @မသက်— ပေးတဲ့ဆုနဲ့ပြည့်ပါစေ မသက်ရယ်း) လာဖတ်တာကျေးဇူးပါနော်

    @ချိုချဉ် – ကျေးဇူးပါ ကန်ဒီရယ်း)

  • ရေးထားတဲ့ အစားသောက်တွေဖတ်ရင်း ဘိုက်တောင်ဆာလာပြီ ဆန္ဒတွေအမြန်ပြည့်ပါစေကွယ်…

    • မွေးနေ့မှာပျော်ရွှင်ပါစေ ဆုမြတ်ရေ …… ဆုမြတ်ဆန္ဒတွေအမြန်ဆုံးပြည့်ဝပါစေနော် …..

Leave a Reply

Your email address will not be published.