မလုံသောစိတ်

မလုံသောစိတ်

ကျွန်မဒီရုံးကိုရောက်စက မျက်နှာလေးအမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကော်ဖီဖျော်တဲ့ အန်တီတစ်ယောက်ကိုသတိထားမိခဲ့ပါတယ် ။ အန်တီရဲ့မျက်နှာဟာ အမြဲတမ်းကြည်လင်ပြီးပြုံးရွှင်နေတတ်တဲ့အပြင် အင်္ဂလိပ်လိုမပြောတတ်ပေမယ့် သူပြောတတ်တဲ့တရုတ်စကားနဲ့ကျွန်မကိုအမြဲတမ်းနှုတ်ဆက်လေ့ရှိပါတယ် ။ ကျွန်မကလည်းသူ့ကိုအမြဲတမ်းနှုတ်ဆက်ပြီး “အန်တီ စားပြီးလား နေကောင်းလား လှတယ်နော်” ဆိုပြီး သူများဆီသင်ထားတဲ့တရုတ်စကားတစ်လုံးစ ၊ နှစ်လုံးစကလေးနဲ့ပြန်ပြောတတ်ခဲ့ပါတယ် ။ ရုံးမှာကော်ဖီဖျော်တဲ့အောက်ခြေသိမ်းအလုပ်ကိုလုပ်ပေမယ့် သူတို့က ဆင်းဆင်းရဲရဲတွေထဲကမဟုတ်ပါဘူး ။ အိမ်ပိုင် ၊ ကားပိုင်ကိုယ်စီရှိကြပေမယ့် လူနေမှုစနစ်ကြောင့်သာ တစ်ကိုယ်စာဝင်ငွေရအောင် ပင်စင်စားပြီးတဲ့နောက်ပိုင်းမှာ အဆင်ပြေတဲ့အလုပ်တစ်ခုခုမှာဝင်လုပ်တတ်ကြတာပါ ။ ဒီမှာ food court တို့ဘာတို့မှာသွားကြည့်လိုက်ရင် စားပွဲထိုးတွေ ၊ အမှိုက်သိမ်းတွေဟာ သက်ကြီးရွယ်အိုတွေများပါတယ် ။ တုန်တုန်ချိချိနဲ့စားပြီးသားတွေသိမ်းနေတဲ့သက်ကြီးရွယ်အိုတွေကိုမြင်ရတိုင်း ကျွန်မအပါအ၀င်မြန်မာလူမျိုးတိုင်းက ရင်ထဲမကောင်းဘဲ မျက်ရည်ဝဲမိကြပါတယ် ။ မြန်မာမှာဆိုရင်သက်ကြီးရွယ်အိုတွေဟာ ဒီအချိန်ဆို မြေးကလေးတွေနဲ့ဆော့လိုက် ၊ တရားဘာဝနာအားထုတ်လိုက်နဲ့ ဘ၀နေ၀င်ချိန်ကို အေးအေးလူလူစောင့်နေကြပြီ ။ သူတို့မှာတော့ ၀မ်းရေးအတွက်တပင်တပန်းလုပ်နေကြရတုန်းပါပဲ ။ လူနေမှုစရိတ်မြင့်မားလွန်းတဲ့နိုင်ငံမို့လို့ အပြစ်လည်းမဆိုသာ ။ သမီးက branded လက်ကိုင်အိတ်ကိုင်ပြီးရုံးတက်လို့ ၊ အမေဘာလုပ်လဲမေးတော့ ရုံးမှာ ကော်ဖီဖျော်တယ် ၊ food court မှာစားပြီးသားတွေကိုရှင်းပေးတယ်ဆိုတဲ့အဖြစ်အပျက်တွေ မရေမတွက်နိုင်အောင်ရှိပါတယ်။

ကျွန်မတို့ရုံးနဲ့တစ်ထပ်တည်းမှာရှိတဲ့ နောက်ရုံးခန်းတစ်ခုက ကော်ဖီဖျော်တဲ့အန်တီတစ်ယောက်ကိုလည်းကျွန်မသတိထားနေမိခဲ့ပါတယ်။ ထိုအန်တီကိုသတိထားမိပုံကနောက်တစ်မျိုး ။ ခေတ်ဆန်လွန်းတဲ့အပြင်အဆင်နဲ့ ဆံပင်ကိုကောက်တစ်လှည့် ဖြောင့်တစ်လှည့်မိုး ကျွန်မက ထိုအန်တီကိုရုံးက၀န်ထမ်းတစ်ယောက်လို့သာကျွန်မထင်နေခဲ့ပါတယ် ။ အမြဲတမ်းစတိုင်ကျကျ နဲ့ ကျော့မော့နေတဲ့အပြင် LV အိတ်ကြီးနဲ့ ရုံးကို ကိုယ်ပိုင်ကားနဲ့လာတက်သူမို့ ကျွန်မအထင်ကြီးမိတာလည်းမမှားပါဘူး ။ ဒါပေမယ့်တစ်ရက်ကျတော့ အဲဒီအန်တီဟာ ကော်ဖီခွက်တွေ ၊ ကော်ဖီဖျော်ထားတဲ့အမှုန့်တွေတပုံတပင်ကြီးနဲ့ ဘေစင်မှာလာဆေးတော့မှပဲ အဲဒီအန်တီဟာ ကော်ဖီဖျော်တဲ့သူမှန်း ကျွန်မသိခဲ့တာပါ ။ ဒီလောက်တောင်သုံးနိုင်ဖြုံးနိုင်တော့မှပဲ ဘာလို့ရုံးမှာလာလုပ်နေလဲဆိုပြီး ကျွန်မတွေးနေမိပါသေးတယ် ။ ဒါပေမယ့်လည်းသူ့မှာလည်း သူ့အကြောင်းပြချက်ရှိနိုင်တာမို့ စပ်စုချင်စိတ်ကိုဖယ်ပြီး တစ်နေ့တစ်နေ့ တစ်ခြားရုံးက အန်တီတစ်ယောက်ဘယ်လိုစတိုင်ဝတ်လာမလဲဆိုတာကိုပဲငေးဖြစ်ပါတော့တယ် ။ စကားဆက်ရရင် ကျွန်မတို့ရုံးကအန်တီက ချစ်စရာကောင်းလွန်းတဲ့အပြင် ကော်ဖီပြင်းတွေမကြိုက်တတ်တဲ့ကျွန်မအတွက် nes coffee ထုတ်လေးတွေဝယ်ပြီး အံဆွဲထဲမှာသိမ်းထားပေးတတ်ပါတယ် ။ ကျွန်မ ကော်ဖီသောက်မလို့လာမှသာ အဲဒီထဲကထုတ်ပေးတတ်တာမို့ အန်တီ့ကိုကျေးဇူးတင်လှပါတယ် ။ ဘာလို့ဆိုတော့ ရုံးမှာဖျော်ပေးတဲ့ ကော်ဖီက ကျွန်မဘယ်လိုမှမသောက်နိုင်တဲ့ ကော်ဖီအရည်မဲမဲကြီးတွေပါ ။ ဒီက တရုတ်တွေကတော့ မက်မက်စက်စက်သောက်ကြတာမို့ ရုံးတိုင်းမှာ ကော်ဖီဖျော်တဲ့အန်တီတွေရှိနေကြတာပါ ။

တစ်ရက်က ကျွန်မ ရှောပင်းထွက်ရင်းနဲ့ လက်သည်းအလှပြင်ဖို့ လက်သည်းနီတွေဝယ်လာခဲ့ပါတယ် ။ ကျွန်မက manicure လုပ်ရတာလည်းဝါသနာပါတာမို့ လက်သည်းနီလေးတွေအမြဲလိုလိုဝယ်ဖြစ်ပါတယ် ။ ဒါ့အပြင် လက်သည်းလုပ်လာတိုင်း အန်တီတစ်ယောက်သဘောတကျရှိတတ်တာကိုလည်းသတိထားမိသေးတာမို့ အဲဒီနေ့က အန်တီ့အတွက်ပါလက်သည်းနီတစ်ပုလင်းပိုဝယ်လာခဲ့ပါတယ် ။ ရုံးကိုရောက်တော့ ကော်ဖီဖျော်ရင်းနဲ့အန်တီ့ကိုပေးတော့ မယူဘူးငြင်းပါတယ် ။ ဒါပေမယ့်ကျွန်မကအတင်းပေးတာမို့ ကျေးဇူးတင်စကားအထပ်ထပ်နဲ့ အန်တီလက်ခံလိုက်ပါတယ် ။ အမှန်ဆိုရင် ကျွန်မက နှစ်ကူးတွေဘာတွေမှာတောင် အန်ပေါင်းတွေပေးချင်ပါတယ် ။ ဒါပေမယ့်တရုတ်အယူအဆအရ single တွေမှာပေးခွင့်မရှိတာမို့မပေးဖြစ်တာပါ ။ ကျွန်မအန်တီ့ကိုသတိထားမိစေတဲ့နောက်အချက်တစ်ခုကလည်းရှိပါသေးတယ်။ ကျွန်မကကြီးစုလို့ ချစ်စနိုးခေါ်တဲ့ ဘလော့ဂါစုချစ်သူရဲ့ ရုံးကအန်တီ့အပေါ်ထားတဲ့သူ့စိတ်ကောင်းကလေးအကြောင်းရေးထားတဲ့ပိုစ့်ကိုဖတ်ဖြစ်တည်းက ကျွန်မလည်းရုံးကအန်တီကိုသတိထားမိခဲ့တာပါ ။ ရုံးမှာအနိမ့်ဆုံးဝန်ထမ်းဆိုပေမယ့် ကိုယ့်အဘွားအရွယ် နောက်ပြီး အမြဲတမ်းပြုံးရွှင်နေပြီးစိတ်သဘောထားကောင်းလှသူမို့ ကျွန်မချစ်ခင်မိခြင်းပါ ။ အဲဒီလက်သည်းနီလေးပေးပြီးတဲ့နောက်မှာ အန်တီဟာ ရုံးမှာ ၀န်ထမ်းတွေစားဖို့ပန်းသီးတွေဘာတွေဝယ်ထားရင် ကျွန်မအတွက်အမြဲချန်ထားပါတော့တယ် ။ ကျွန်မမှာသာအားနာလို့ မချန်ဖို့ပြောယူရပါတယ် ။

ဟိုတလောက ရုံးက မန်နေဂျာတစ်ယောက်အလုပ်ထွက်သွားလို့  Pan Pacific ဟော်တယ်မှာ Farewell Buffet လုပ်ပါတယ် ။ ညစာစားအပြီးမှာ ဖုန်းကိုယ်စီနဲ့အမှတ်တရဓာတ်ပုံလိုက်ရိုက်ကြတော့ ကျွန်မက camera 360 လေးနဲ့ရိုက်ပြီး effect လေးတွေနဲ့ဓာတ်ပုံတွေလှအောင်ပြင်ပေးပါတယ် ။ ကျွန်မဆီကဓာတ်ပုံတွေယူကြည့်ကြတော့ အရမ်းလှနေတာမို့ အားလုံးကသူ့ထက်ငါ အလုအယက်အရိုက်ခံကြပါတယ် ။ အားလုံးကိုရိုက်ပေးပြီး ကျွန်မချစ်တဲ့အန်တီ့အတွက်ပါဓာတ်ပုံလေးတွေရိုက်ပေးခဲပါတယ် ။ နောက်ရက်ရုံးပြန်တက်တော့ အားလုံးက ကျွန်မဆီကဓာတ်ပုံတွေတောင်းကြတာမို့ email နဲ့ဓာတ်ပုံတွေပို့ပေးခဲ့ပါတယ် ။ အန်တီ့ခမျာတော့ email လည်းမရှိ ၊ smart phone လည်းမသုံးတာမို့ ကျွန်မဓာတ်ပုံဘယ်လိုပို့ပေးရမှန်းမသိဖြစ်နေတော့ ရုံးက မိန်းမတစ်ယောက်က သူ print ထုတ်ပေးမယ်ဆိုပြီးပြောလာပါတယ် ။ ကျွန်မလည်းဝမ်းသာအားရ အန်တီ့ပုံတွေကိုပါပို့ပေးလိုက်ပြီး print ထုတ်ပေးကျေးဇူးတင်ပါတယ် ဆိုပြီး email ပို့လိုက်ပါတယ် ။ ကျွန်မစိတ်ထဲမှာလည်း အန်တီဓာတ်ပုံလေးတွေရပြီဆိုပြီး ၀မ်းသာနေမိပြီး မေ့မေ့ပျောက်ပျောက်ရှိနေခဲ့ပါတယ် ။

တစ်ရက်က ကျွန်မ pantry မှာကော်ဖီသွားဖျော်တော့ အန်တီ့ကိုပရင့်ထုတ်ပေးမယ်ပြောတဲ့မိန်းမက ကျွန်မနောက်ကအပြေးအလွှားလိုက်လာပြီး ကျွန်မအကြောင်းကိုစပ်စုပါတော့တယ် ။ နင့်အသက်ဘယ်လောက်ရှိပြီလဲ ၊ နင်က ဘယ် pass နဲ့နေတာလဲ ၊ နင် ဘယ်တော့လက်ထပ်မှာလဲ ဆိုပြီး ကျွန်မကိုမေးပါတယ် ။ အဲဒီနေ့က ကျွန်မလည်းအိပ်ရေးကမ၀တဲ့ စောစောစီးစီးစပ်စုခံရတော့ စိတ်တိုပြီး ၀တ်ကျေတမ်းကျေဖြေခဲ့ပါတယ် ။ ကျွန်မကိုယ်တိုင်က စပ်စုတာလည်းဝါသနာမပါတဲ့အပြင် ကိုယ့်ကိုစပ်စုတာလည်းမကြိုက်သူမို့ စိတ်တွေရှုပ်ပြီး ဒီမိန်းမကြီးစပ်စုလေခြင်းဆိုပြီးစိတ်တွေတိုနေမိပါတယ် ။ ပုံမှန်အားဖြင့်သူနဲ့ကျွန်မဟာ အလုပ်ချင်းလည်းမဆက်စပ်တဲ့အပြင် မေးထူးခေါ်ပြောလောက်တောင်အဆက်အစပ်မရှိတဲ့သူမို့စိတ်ထဲမှာထူးဆန်းသလိုတော့ခံစားမိပါတယ် ။ နောက်ရက်မှာ ကျွန်မကော်ဖီသွားဖျော်တော့ အန်တီက ကျွန်မကို ပြောပါတယ် ။ သူ့ရဲ့တစ်လုံးစနှစ်လုံးစ အင်္ဂလိပ်စကားနဲ့ photo နဲ့ထိုမိန်းမနာမည်ကိုပြောပါတယ် ။ ပြီးတော့  “ကျင်တေး” ဆိုပြီးခေါင်းခါပြတော့ ကျွန်မသဘောပေါက်လိုက်ပါတယ် ။ “ကျင်တေး” ဆိုတာက တရုတ်လိုလားမလေးလိုလားကျွန်မမသိပေမယ့်  လှတယ်ဆိုတာကိုပြောမှန်းသိပါတယ် ။ ကျင်တေးလို့ပြောပြီးခေါင်းခါပြတော့ မလှဘူးပေါ့ ။ ထိုမိန်းမက ဓာတ်ပုံတွေကိုမလှဘူးဆိုပြီး ပရင့်မထုတ်ပေးဘူးလို့ပြောမှန်းကျွန်မသိလိုက်ပါတယ်။ ပိုပြီးသေချာအောင်နောက်တရုတ်မတစ်ယောက်ကိုဘာသာပြန်ခိုင်းတော့ ကျွန်မထင်တဲ့အတိုင်းပဲ အဲဒီမိန်းမဟာ ဓာတ်ပုံတွေမလှဘူး မယူနဲ့တော့ဆိုပြီး အန်တီ့ကို ပရင့်မထုတ်ပေးခြင်းပါ ။ တကယ်တော့အန်တီ့ပုံလေးတွေက အရမ်းလှပါတယ်။…ပြီးတော့ ကိုယ်တကယ်မလုပ်ပေးနိုင်ရင် ဘာလို့များလုပ်ပေးမယ်လို့တာဝန်ယူရသလဲနော် ။ ကျွန်မတော်တော်လေးစိတ်မကောင်းဖြစ်သွားပြီး အန်တီ့ကိုထုတ်ပေးမယ်လို့ပြောပြီး ကျွန်မနဲ့ခင်တဲ့တခြားဌာနက မိန်းမတစ်ယောက်ကိုထုတ်ခိုင်းလိုက်ပါတယ် ။ ကျွန်မတို့ပရင်တာမှာက ကာလာနဲ့ထုတ်လို့မရတာမို့သူများကိုအကူအညီတောင်းရတာပါ ။ ဓာတ်ပုံလေးတွေပရင့်ထုတ်ပေးလိုက်တော့ အန်တီတစ်ယောက်ဝမ်းသာကို မမှီမကမ်းနဲ့ကျွန်မပခုံးကို တစ်ရှုးရှုးဖက်နမ်းပါတော့တယ် ။

ကိုယ်မလုပ်နိုင်တဲ့ကိစ္စကိုလုပ်ပေးမယ်ပြောပြီး အင်္ဂလိပ်စကားမပြောတတ်တဲ့အန်တီကြီးကိုမလှိမ့်တပတ်လုပ်တဲ့ ထိုမိန်းမကိုကျွန်မတော်တော်လေးအထင်သေးမိပါတယ် ။ ပြီးတော့ အန်တီပြန်ပြောမှာစိုးလို့ ကျွန်မ pantry သွားတုန်းလိုက်လာပြီး မလုံသောစိတ်နဲ့ ..စကားရေပက်မ၀င်အောင်လာပြောတာပါ။ အကြိမ်ကြိမ်အခါခါမဆက်ဆံဖူးပေမယ့် တစ်ခါဆက်ဆံရုံနဲ့ ထိုမိန်းမရဲ့စိတ်နေသဘောထားကိုကျွန်မသိလိုက်ပါတယ်။ တချို့လူတွေဟာ ကိုယ်ပေးမှရမယ့် ၊ ကိုယ်ကူညီမှအဆင်ပြေမယ့်ကိစ္စတွေမှာ မစွမ်းဆောင်နိုင်တဲ့လူကြီးသူမတစ်ယောက်အပေါ်ဘာလို့မလှိမ့်တပတ်နဲ့ရက်စက်နိုင်ကြသလဲနော်..တကယ်ပဲကျွန်မတအံ့တသြဖြစ်မိပါတော့တယ်။

ချစ်စရာကောင်းပြီးသဘောကောင်းလွန်းတဲ့အန်တီရဲ့ ပုံလေးတွေပါ ။



7 thoughts on “မလုံသောစိတ်”

  • အဲဒီအန်တီပုံက အေးချမ်းပြီး ချစ်စရာကောင်းတယ်နော်… ။ ဂျာမနီမှာလည်း တူတူပဲ. ဆိုင်တွေမှာ သက်ကြီးရွယ်အိုတွေ အလုပ်လုပ်ကြတာ အမြဲတွေ့တယ်..။

  • လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ…စိတ်မကောင်းလည်း ဖြစ်မနေပါနဲ့တော့…ကိုယ်လုပ်နိုင်တာလေးပဲ လုပ်ပေးပြီး အားလုံးကို ဘေးမဲ့ပေးထားလိုက်တာဟာ ဒီနေ့ခေတ်ကြီးနဲ့ အကိုက်ညီဆုံး ဖြစ်ပေလိမ့်မယ်…

  • အမတိမ်လွှာ..ဟုတ်တယ်နော်..သနားဖို့သိပ်ကောင်းတာပဲ အန်တီကတော်တော်လေးသဘောကောင်းတာ

    ဦးဟန်ကြည် – ဟုတ်ကဲ့..ဘေးမဲ့ပေးထားလိုက်ပါတယ်..း) လာဖတ်တာကျေးဇူးပါနော်

  • ဆုမြတ်ရေ အန်တီမျက်နှာက ကြည်ပြီး ချစ်စရာကောင်းတယ်နော်။

  • အန်တီမျက်နှာလေးကချစ်စရာလေးနော်..
    အသူဆိုကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေနဲ့ဆို..စကားပြောရတာ.အဆင်ပြေတယ်..သူတို့ဆိုခင်လဲအရမ်းခင်တယ်
    မြန်မာပြည်မှာမွေးပြီးလူ့ဖြစ်လာရလို့လဲ..အသက်ကြီးတဲ့မိဘဘိုးဘွားတွေကိုလုပ်ကျွေးဖို့အသိတရားလေးရတာတော်တော်ဝမ်းသာဖို့ကောင်းတယ်

Leave a Reply

Your email address will not be published.