နှုတ်ဆက်ရွက်ကြွေ (၂)

“အချစ်ဆိုတာဘာလဲ မမ”
ကုတင်ပေါ်မှာပက်လက်ကလေးလှဲရင်း ဖြူကမေးလိုက်သည် ။ ဘ၀အစကတည်းက ချိုသဲအောင်ဆိုသောသူမအတွက် ကံဇာတ်ဆရာသည် ဇာတ်ညွှန်းကောင်းကောင်းကိုမဖန်တီးနိုင်ခဲ့ ။ “ပလိုင်းပေါက်နဲ့ဖားကောက်” သလို အဖေကရှာလိုက် ၊ အမေက လောင်းကစားလုပ်လိုက်နဲ့ သူမတို့ဘ၀ဟာ ပိန်တစ်လှည့်ဖောင်းတစ်လှည့် လောင်းကစားမိသားစုစစ်စစ်ဖြစ်သည် ။ ဒါပေမယ့် ရေရှည်တွေးတတ်ခဲ့သည့်အဖေ့ကျေးဇူးကြောင့်တစ်ဦးတည်းသောသမီးသူမအတွက် အိမ် ၊ ကား ၊ အတွင်းပစ္စည်းတွေအပြင် အဝေးရပ်တစ်နေရာမှာ ပညာသင်နိုင်အောင် အဖေစီမံနိုင်ခဲ့သည် ။ သူမဟာလည်း အပူပင်ကင်းမဲ့စွာနဲ့ မြို့တော်အရပ်မှာ ပညာသင်ယူနေရာကနေ ရုတ်တရက်ကြီးအဖေ ကွယ်လွန်သွားတော့  ကံဇာတ်ဆရာက နောက်ထပ်တစ်ကြိမ်မျက်လှည့်ထပ်ပြပြန်ပါတော့သည်။
“အချစ်ဆိုတာလား… မပက်သက်ခဲ့ရင်အကောင်းသားဆိုတဲ့ နောင်တ တစ်ခုပဲ ပေးနိုင်တဲ့အရာပေါ့ ညီမလေးရာ”
“ဟယ်…မမကလည်း မမဘဲဘဲက ဒီလောက်ဥစ္စာပေါ သဘောင်္သီးကြီး ဘာလို့များ နောင်တတွေရနေတာလဲမမရာ”
“ဦးငယ်က မမ ချစ်သူမဟုတ်ဘူး ညီမလေး”
ဝန်ခံခြင်းမမည်တဲ့စကားတစ်ခွန်းက သူမနှုတ်ခမ်းက ပေါ့ပါးစွာထွက်သွားသည့်အတွက်အလွန်အမင်းကျေနပ်ဝမ်းမြောက်မိပါသည်။
“ဟုတ်တယ် ဦးငယ်က ချစ်သူမဟုတ်ဘူး.. ဦးငယ်နဲ့ဘာမှမပက်သက်ဘူး”
“မမ က ဦးငယ်ကိုစိတ်နာနေတာလား”
“မဟုတ်ဘူး ညီမလေး ”
မီးရောင်မှိန်မှိန်လေးလင်းနေသော အခန်းလေးက ရုတ်တရုတ်တိတ်ဆိတ်သွားသည်။ အခန်းကျဉ်းလေးတစ်နေရာမှာ ရင်ဘတ်ချင်းတူသူနှစ်ယောက် ကုတင်တစ်ယောက်တစ်လုံးပေါ်မှာ လှဲလျောင်းရင်း တစ်ယောက်ခံစားချက်ကိုတစ်ယောက်ဝေငှဖို့အဆင်သင့်ဖြစ်နေမိသည်။
“ညီမလေးက မမအကြောင်းကိုသိချင်လို့လား”
“ဟုတ်..ပြောပြခဲ့မယ်ဆိုရင်ပေါ့လေ”
မယုတ်မလွန်သောဖြူ့အဖြေကိုကြားပြီးနောက်မှာတော့ တစ်ခါလှန်လိုက်တိုင်းနာကျင်ခြင်းတွေဆထက်တပိုးတိုးလာတဲ့ ဒိုင်ယာရီစာမျက်နှာကို သူမထပ်လှန်လိုက်ပါတော့သည်။

“မမ အမေက ဖဲတွေ ၊ ချဲတွေအရမ်းထိုးတာလေ…ကြားဖူးတယ်မလား လောင်းကစားသမားအိတ်ဟာ ဖားလိုပဲ အုံဆိုရင်ဖောင်းလိုက် အွန်ဆိုရင်ပိန်သွားလိုက်နဲ့လေ..အိမ်မှာဆန်ပွဲရုံရှိတယ်
နယ်မှာဆိုတော့ တင့်တောင်းတင့်တယ်ပေါ့ညီမရာ ဒါပေမယ့် အဖေကရှာလိုက် အမေကသုံးလိုက်နဲ့ အဖတ်တင်တယ်မရှိဘူး ဒါပေမယ့် မမအဖေက သိပ်တော်တာလေ မမ တက္ကသိုလ်တက်ဖို့ အမေမသိအောင်ချန်တန်တာချန် ၊ သိမ်းသင့်တာသိမ်းထားခဲ့တယ်  ဆယ်တန်းအောင်တော့ စီးပွားရေးတက္ကသိုလ်ကို အဖေ့ကျေးဇူးနဲ့ ဒုတိယနှစ်အထိ အပူအပင်မရှိတက်နိုင်ခဲ့တယ်”

“၀ိုး မမက အီကိုကလား”
“ဟုတ်တယ်ညီမလေး  ပြီးတော့ ကျောင်းတက်နေတုန်းမှာ မမအတွက်သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်ရှိခဲ့တယ် ညီမလေး ကောင်းဇင် တဲ့…သိပ်ချစ်ခဲ့တာပေါ့ကွယ်.. အချစ်ဦးဆိုတော့လဲ ရူးရူးမူးမူးပဲပေါ့ ညီမရယ်…”
အဟောင်းတွေအသစ်ဖြစ်လာသော သူမမျက်နှာမှာ မျက်ရည်စတွေပေကျံနေမယ်မှန်း သူမသိနေခဲ့သည်။ ဟုတ်တယ် တကယ်ပဲ သူမငိုနေခဲ့တယ် ။
“ဒုတိယနှစ်ပြီးလို့ တတိယနှစ်ကျောင်းမတက်ခင်မှာ အမအဖေ heart attack နဲ့ မမျှော်လင့်ဘဲဆုံးသွားတဲ့အချိန်ကနေ အမဘ၀တကယ်ကို ကမောက်ကမဖြစ်ခဲ့ရတယ် အဖေမရှိပေမယ့် အမလက်ထဲမှာ အဖေပေးခဲ့တဲ့ပိုက်ဆံတွေရယ် အတွင်းပစ္စည်းတချို့ရယ်ကိုထုခွဲပြီး ကျောင်းတက်ခဲ့တယ်…အဖေက ကျောင်းပြီးအောင်တက်ဖို့မှာခဲ့သလို အမကလည်းပညာတတ်ဖြစ်ချင်တာပေါ့ ညီမရယ်..အမေကတော့ လစဉ်ထောက်ပံ့နေခဲ့တာပေါ့ ဒါပေမယ့် ကျောင်းတက်ပြီးသိပ်လည်းမကြာပါဘူး ညီမရယ်…အမေဟာ အမကိုမထောက်ပံ့နိုင်တော့ဘူးဆိုပြီး အကြောင်းကြားတယ်…ပွဲရုံတွေ ၊ ကားတွေ ၊ အဖေချန်ခဲ့တဲ့အတွင်းပစ္စည်းတွေအကုန်လုံး ချဲရှုံးလို့ကုန်သွားတယ် ဒီထက်ဆိုးတာက အိမ်ကိုပါရောင်းပြီး ထွက်ပြေးသွားတာ ညီမလေး….အဲဒီလိုအဖြစ်မျိုးတွေကြားဖူးလားဟင်… ”

“အို..တကယ်ကိုမယုံနိုင်အောင်ပါပဲလားမမရယ်….ဖြူစိတ်မကောင်းလိုက်တာ မမကိုစိတ်ညစ်အောင်လုပ်မိတာတောင်းပန်ပါတယ်”
“ရပါတယ် ညီမလေး ဒီအဖြစ်အပျက်တွေနဲ့နေသားကျနေတာကြာလှပြီလေ…ဟက်ဟက်…”
ဟန်ဆောင်ပန်ဆောင် ရယ်လိုက်ပေမယ့် ရင်ဘတ်ထဲကဒဏ်ရာတွေအကင်းမသေနိုင်သေးမှန်း သူမကိုယ်သူမသာသိပါသည် ။ တကယ်ကိုမယုံနိုင်စရာကောင်းတဲ့အဖြစ်အပျက်တွေဟာ သူမအတွက်ရှိနေခဲ့ဖူးသည်။
“ဒါတင်ပဲလားမဟုတ်သေးဘူးနော် ညီမလေး….. အဲဒီအချိန်မှာ မမမှာလက်ထဲမှာပိုက်ဆံတပြားတချပ်မှရှိမနေခဲ့ဘူး အမေလည်းမရှိ ၊ အဖေလည်းမရှိတဲ့အပြင် ပိုက်ဆံပါ တပြားမှမရှိတော့တဲ့ မိန်းကလေးတစ်ယောက်အတွက် ကျောင်းတက်ရတာ ဘယ်လောက်ခက်ခဲလဲညီမလေးသိမှာပါ”

“သိတာပေါ့ မမရယ် ဖြူဆိုရင် အမြဲတမ်းပိုက်ဆံလိုငွေပြနေတာလေ…သိတဲ့အတိုင်းပဲ စရိတ်စခကကြီးမှကြီး… ဒါနဲ့ မမကဘယ်လိုကျောင်းဆက်တက်ခဲ့လဲ”
“ကံပဲပြောရမလား ညီမလေးရယ်…အဲဒီလိုအချိန်မှာ မမကို ဦးငယ်က ဆက်သွယ်လာခဲ့တယ်…ဦးငယ်က မမရဲ့ အဖေသူငယ်ချင်းလေ..ဆွေမျိုးတော့မတော်စပ်ပေမယ့် အဖေ့ရဲ့သမီးဖြစ်တဲ့အတွက်ရော ၊ မမကိုသနားတဲ့အတွက်ပါ ဦးငယ်က မမကျောင်းပြီးအောင်အထိ ၊ အခုမမလုပ်နေတဲ့အလုပ်ရအောင်အထိ…အင်း ပြောရရင် အခုအချိန်ထိ ဦးငယ်က ထောက်ပံ့ခဲ့တယ် ထောက်ပံ့နေတုန်းပဲ ညီမလေး”
“မမကလေ ကံကောင်းတယ်သိလား တကယ်ပါပဲ..”
ခုမှစိတ်အေးသွားဟန်ရှိတဲ့ဖြူ့ကိုကြည့်ပြီးသူမ တစ်ချက်ရယ်လိုက်မိသည် ။ တကယ်ပဲသူမဟာ ကံကောင်းသလား ဒါမှမဟုတ်ကံဆိုးသလား မသိချင်တော့…ကံဆရာအလိုကျ အလှည့်ကျကခဲ့ရတဲ့သူပီပီ ကံတရားရဲ့ပျက်ရည်ပြုခြင်းတွေကို သွေးအေးအေးနဲ့ရင်ဆိုင်နေတတ်ခဲ့ပြီ ။
“ဒါနဲ့ပဲ မမချစ်သူက ပစ်သွားတယ်လေ..”
“ဘယ်လို…”
အံ့အားသင့်သွားတဲ့ဖြူ့ကိုကြည့်ရင်း သူမစကားဆက်လိုက်သည်။
“သွေးမတော် ၊ သားမစပ်တဲ့ ယောက်ျားတစ်ယောက်ဆီက ကိုယ်မတတ်စွမ်းနိုင်တဲ့အကူညီတွေကိုယူမိတာ မမအမှားပဲထားပါ..ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာ အဲလောက်တိမ်မှန်း မမသိခဲ့ဖို့ကောင်းတယ်ညီမလေး”

အချစ်လို့အသံကြားတာနဲ့ ဆယ်ကျော်သက်မလေးဖြူက လှဲနေရာမှ ထထိုင်လိုက်ကာ.. ဆက်ပြောဖို့စိတ်ဝင်တစားပြောလာခဲ့သည် ။
“စပွန်ဆာယူတဲ့မိန်းမ ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တဲ့မိန်းမ ၊ တစိမ်းယောက်ျားဆီကအကူအညီယူတဲ့မိန်းမ အဲဒီစကားတွေနဲ့ ကောင်းဇင်က မမကိုစွပ်စွဲတာလေ..တကယ်တော့ ဦးငယ်ဟာ မမကိုဒုက္ခရောက်နေသူမို့ကူညီတာပါ..ပြီးတော့ အဖေ့မျက်နှာကြောင့်လေ…. ဒါပေမယ့် ကောင်းဇင်က နားမလည်ခဲ့ဘူး…မမကို ကျောင်းတက်နေတုန်းမှာပဲ လက်ထပ်ဖို့ပြောတယ်…မမအနေနဲ့လက်မခံနိုင်ခဲ့ဘူး ညီမလေး..ကျောထောက်နောက်ခံမရှိတဲ့ဘ၀မှာ ပညာရေးတောင်ဆုံးခန်းမတိုင်ခဲ့ရင် မမဘ၀ဟာခွေးဖြစ်မှာ”

“ဒါပေါ့မမရယ်… မမချစ်သူကကော မချမ်းသာဘူးလား”
“ဟင့်အင်း မချမ်းသာတဲ့အပြင် ဆင်းရဲသေးတယ်ညီမလေး… မမတို့အိုးခြမ်းပဲ့ချင်းမှုတ်ရင်တောင်မှ မမက ပိုသာသေးတဲ့အခြေအနေ…ဒါပေမယ့် မမက demand မများပါဘူးကွယ်..နှစ်ယောက်လုံးကျောင်းပြီးလို့ အလုပ်ရတဲ့အချိန်ကျမှ လက်ထပ်ရအောင်လို့ပြောတာကို ကားပါတဲ့လူတွေ့တော့ သူ့ကိုငြင်းတယ်ဆိုပြီး ကျောင်းတောင်ဆက်မတက်ဘဲ ရှောင်သွားလိုက်တာ…နောက်တော့မှ ဦးလေးတစ်ယောက်အကူအညီနဲ့ နိုင်ငံခြားရောက်သွားတယ် ကြားတာပါပဲ ညီမလေးရယ်…”

“ဟင်းး မမရဲ့အဖြစ်ကဆန်းလိုက်တာနော်….. ဖြူမေးချင်တာနှစ်ခုရှိတယ်…. အဟမ်းအဟမ်း”
စိတ်ညစ်နေသောသူမကို ဖြူက ပြောင်ချော်ချော်လေးစသဖြင့်သူမရယ်လိုက်မိသည်။
“မေး ညီမလေး”
“အင်းးး နံပါတ်တစ်- မမအမေ့ကိုစိတ်မနာဘူးလား ၊ နံပါတ်နှစ် – မမ ချစ်သူကိုစိတ်မနာဘူးလား ၊ အို..နှစ်ချက်မဟုတ်ပါဘူး ကျန်သေးတယ် မမကိုဦးငယ်က ချစ်နေတာလား ၊ ပြီးတော့ မမအိမ်ကိုလုံးဝမပြန်ဖြစ်တော့တာလား”
“မေးချင်တာတွေအများကြီးပဲလား ကလေးမ…နက်ဖြန်ကျောင်းတက်ရမှာမလား အိပ်တော့လေ…”
“ဟာ…..မမ အဲလိုမညစ်ကောင်းဘူးလေ….တိုးလိုးတန်းလန်းကြီးမထားကောင်းဘူး…ဖြေပါ..ဖြူသိချင်တာကိုဖြေပါ..”
“အင်းပါ….. အမေကိုစိတ်မနာဘူးလား……နာတာပေါ့ကွယ်..နာတာမှ ကြီးကြီးကျယ်ကျယ်ကိုနာတာ…ဒါပေမယ့် အမေ့ကိုအပြစ်မတင်ချင်ဘူးညီမလေး..မမအမေက အဖေ့ကိုမချစ်ဘဲယူခဲ့ရတာလေ…ဒီတော့ မိသားစုကိုမခင်တွယ်ဘူး..မိသားစုထက်လောင်းကစားကိုပိုအာရုံစိုက်တယ်…မမရဲ့ဝဋ်ကြွေးတွေပေါ့…”

“ဆိုးပါတယ်နော်..ဘာပဲဖြစ်ဖြစ် မမက သူမွေးထားတဲ့သမီးပဲလေ..”

“လူချင်းတူပေမယ့်အကျင့်စရိုက်ချင်းကွာတာကိုး ညီမလေးရယ်..”
အမေ့ဆိုပေမယ့် သူမကိုသိပ်သံယောဇဉ်မရှိသောအမေ့ကိုမြင်ယောင်ရင်း ၀မ်းနည်းမိပြန်သည် ။ သမီးလေးတစ်ယောက်ရယ်လို့သူမကို အ၀တ်စလေးတစ်စ ၊ ထမီလေးတစ်ထည်ဝယ်ပေးခြင်းမရှိ ။ အမေ့အတွက်တော့ လောင်းကစားကလွဲရင်အရာအားလုံးဟာ ပေါ့ပေါ့တန်တန်ပါပဲ ။ အဖေရှာထားသမျှ သုံးမယ် ဖြူန်းမယ်ဆိုတာချည်းပဲ ။ ဒါပေမယ့် အဖေရော မမပါ အမေ့ကိုမငြိုငြင်ပါဘူးကွယ်…တစ်ခုပဲ ၀မ်းနည်းမိတာ… မမကို အမေမငဲ့ညှာခဲ့တာကိုပါပဲ ။ အချိန်တွေကြာလာတော့လည်း အစွန့်ပစ်ခံဘ၀မှာနေသားကျနေပါပြီကွယ်..။ ဘာပဲပြောပြောအမေ လောကကြီးထဲမှာဘယ်လိုပုံနဲ့ပဲရှိနေရှိနေ အသက်ရှင်လျက်ရှိနေရုံနဲ့ မမကျေနပ်နိုင်ပါတယ်။

ဟူး ခနဲသက်ပြင်းတစ်ချက်ချလိုက်ပြီး သူမဇာတ်လမ်းကိုပြန်ဆက်လိုက်သည် ။

“ကောင်းဇင်ကိုတော့ မမခွင့်မလွှတ်ဘူးညီမလေး နှစ်နှစ်ကျော်တွဲလာခဲ့တဲ့လက်တွေ ပေးခဲ့ရတဲ့အချိန်တွေနဲ့မတန်အောင် သူ့အချစ်ကပေါ့တိမ်ပြီး မမအပေါ်အထင်သေးလွန်းခဲ့တယ်…. မမပြောခဲ့တယ်… ဦးငယ်နဲ့ဘာမှမပက်သက်ဘူး သူသက်သက်ကူညီတာပါ ဆိုတော့ သူကဘာပြောလဲသိလား..ဘယ်ကျားကမှ ဥပုပ်မစောင့်ဘူးတဲ့….. ပြီးတော့ ဦးငယ်ကမမကိုခေါ်တွေ့တော့ မမနဲ့ဦးငယ်နဲ့မကင်းဘူးဆိုပြီးစွပ်စွဲတယ်ညီမလေး”
“ဘယ်ကျားကမှ ဥပုပ်မစောင့်တာ မှန်ကောင်းမှန်မှာပါကွယ်..ဒါပေမယ့်… မမရဲ့စိတ် ၊ မမရဲ့ မေတ္တာကိုသူမသိဘူး..မမသာ ချမ်းသာတာကိုမက်တတ်ရင် သူနဲ့တောင်ရည်းစားဖြစ်မှာမဟုတ်ဘူး ဒါပေမယ့်လည်း ပြီးသွားတာပဲကောင်းပါတယ်…. သံသယတွေနဲ့အသက်ရှင်ရတာထက် သေတာကမှပိုကောင်းသေးတယ်မလား…”

“ဟုတ်တယ်နော်မမ…မမခွင့်မလွှတ်သင့်ဘူး တကယ်ကိုမမမှာဘာအပြစ်မှမရှိတာ.. မမတော့သနားပါတယ်…အရမ်းကိုဘ၀အနိမ့်အမြင့်တွေများတယ်နော်..”

“၀ဋ်ကြွေးဆိုရင်တော့ ဒီတစ်ဘ၀နဲ့ပဲအပြီးဆပ်ခဲ့ချင်တယ်ညီမရယ်…မမလေ..သိပ်ပြီးလောကဒဏ်တရားကိုကြောက်နေမိပြီသိလား”

“စကားမစပ် ဦးငယ်ကကော..မမအပေါ်ရိုးလား”
“ဦးငယ်နဲ့ မမကြားမှာ သားအဖဆက်ဆံရေးထိရှိခဲ့ပါတယ်…အရင်တုန်းကပေါ့… ဒါပေမယ့် ဦးငယ်နောက်ဆုံးတစ်ခေါက်ပြန်လာခဲ့တဲ့နောက်မှာ မမ ဦးငယ်ကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်..”

“ဘာလို့လဲမမ……”
“ဦးငယ် မှာ ကင်ဆာရောဂါလက္ခဏာတွေရှိနေပြီ ညီမလေး….ဒါပေမယ့်အမအပေါ်က သူ့ကျေးဇူးတရားတွေအတွက်ရော ၊ သူ့ကိုဂရုစိုက်ပေးချင်တဲ့ မမရဲ့စေတနာအတွက်ပါ..မမသူ့ကိုလက်ထပ်မှာ….”

“ဟာ..ဒါဆို..မမက ကင်ဆာဖြစ်နေတဲ့သူကိုယူတော့…..”

“လူတိုင်းကအဲလိုပြောကြတယ်ညီမလေးရ..မုဆိုးမဖြစ်ရင် မမဖြေသာပါတယ်…ဘာလို့ဆိုတော့ ဦးငယ်ရဲ့ကျေးဇူးတရားတွေ မမအပေါ်မှာအများကြီးပဲ..သူ့ကိုကျေးဇူးဆပ်ချင်တယ်လေ..”

“မမရေ…….တစ်ခြားနည်းနဲ့ကျေးဇူးဆပ်လို့မရဘူးလား..”
ဖြူ့စကားအဆုံးမှာ သူမတို့နှစ်ယောက်စလုံးခံစားချက်ကိုယ်စီနဲ့နှုတ်ဆိတ်သွားကြသည်။ လမ်းတိုင်းမှာ alternative way တွေရှိကြပေမယ့်သူမအတွက်ကရော…..။ ခံစားချက်တစ်စွန်းတစ်စကိုခပ်ပါးပါးလေးခွာချလိုက်တဲ့အခါ  တစိမ်းတရံစာဆိုတဲ့ အလွှာပါးပါးလေးသည်လည်းသူမတို့ကြားထဲမှာ ကွာကျသွားခဲ့သည်။ ဖြူတစ်ယောက်လှဲနေရာမှသူမကုတင်ဘက်ကိုကူးလာရင်း သူမလက်ကလေးကိုကိုင်ဆွဲလိုက်ကာ

“မမရယ်..ဖြူလေ..မမကိုသိပ်သနားတာပဲသိလား…မမပြောသလိုပဲ လူအကြောင်းကိုပေါင်းကြည့်မှသိတာလေ..ဖြူအခု မမစိတ်ကိုသိပြီသိလား…. ဖြူတို့ညီအမတွေဖြစ်သွားကြပြီနော်..မမစိတ်ညစ်စရာရှိရင်ဖြူ့ကိုပြောပြနော်.. ဟိုတစ်ခါတုန်းကလို ကြိတ်ပြီးမခံစားနဲ့တော့နော်..”

သူမအလုပ်ထဲမှာအဆင်မပြေလို့စိတ်ညစ်ပြီး မစားနိုင်မသောက်နိုင်ဖြစ်တုန်းက ဖြူတစ်ယောက် သူမမျက်နှာလေးကိုကွက်ကြည့်ကွက်ကြည့်လုပ်နေဖူးတာကိုသတိရမိပါသည် ။ စိတ်ချင်းရင်ဘတ်ချင်းတူသည့် ညီမလေးတစ်ယောက် မမျှော်လင့်ဘဲရလိုက်သလိုပါပဲ ။

“အင်းပါ…မမပြောပါ့မယ်..ညီမလေးရောပေါ့…အော်… ဦးငယ်မိသားစုတွေက မမကိုသဘောမကျကြဘူးသိလား ဒါပေမယ့် ဒီတစ်ခေါက်ဦးငယ်ပြန်လာရင်လက်ထပ်ပြီး မမတို့နယ်မှာပြန်နေကြမှာလေ”
“ဟင်..မမက ပြန်တော့မှာလား”
“ဟုတ်တယ်ညီမလေး ”
သူမအပြောမှာ ဖြူတစ်ယောက်အံသြမှင်သက်လို့……..။

(ဆက်ရန်)


6 thoughts on “နှုတ်ဆက်ရွက်ကြွေ (၂)”

  • ညီမဆုမြတ်ရေ ကျေးဇူးတရားကြောင့် လက်ထပ်လိုက်ရတဲ့လူတွေ
    အပြင်မှာ ရှိမယ်ထင်တယ်နော်။ ဇာတ်လမ်းလေး ကဖတ်ရင်း နဲ့ ကို နောက်ထပ် သိချင်တာ ကလိ ကလိ…ပဲ ဦးငယ်နဲ့ ယူဖြစ်လား ဘယ်လိုတွေဆက်ဖြစ်မလဲ စောင့်နေမယ်နော်။

  • နှုတ်ဆက်ရွက်ကြွေ ၁ကော ၂ကော အစ်မ ဖတ်သွားတယ် ညီမလေးရေ.။ အဆုံးသတ်ကလေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်။ အမြန်ဆုံး ထုဆစ်နိုင်ပါစေ။

    ခင်မင်စွာနဲ့
    မြတ်

  • ဇာတ်လမ်းလေးက ရှေ့ဘာဆက်ဖြစ်မလဲ ခန့်မှန်းလို့မရအောင်ရေးနိုင်တာ စာရေးဆရာတော်တယ်ကွယ် .. နောက်အပိုင်းတွေ မျှော်နေပါတယ်..။

  • မလေးး) စောင့်ဖတ်ပေးပါဦးမလေးရယ်..လာအားပေးကျေးဇူးပါနော်

    မမြတ် အပိုင်းလေးမှာအဆုံးသတ်နိုင်မယ်ထင်ပါတယ်… တစ်ပိုင်းတည်းရေးမလို့လုပ်နေတုန်းကနေ ချိုသဲအဆွဲကောင်းတာ အပိုင်းလေးပိုင်းဖြစ်သွားတယ်…း)

    မတိမ်လွှာ – ဟီးး တကယ်လားဟင်…လာဖတ်ပေးတဲ့အတွက်ကော မျှော်နေတဲ့အတွက်ပါကျေးဇူးပါနော်း)

  • ၂ပိုင်းလုံး တခါတည်းဖတ်သွားတယ် ညီမရေ… ဦးငယ်နဲ့ ရှေ့ ခရီးကို ပုံဖော်တွေးကြည့်နေမိတယ်… တကယ့်အဖြစ်အပျက်များလားလို့  တွေးနေမိသေးတော့

  • မတန်ခူး – လာဖတ်တာကျေးဇူးပါ အမရယ်…း) တကယ့်အဖြစ်အပျက်တွေရယ်ကြားဖူးနားဝတွေရယ် ရေးချင်တာလေးတွေရယ်ကိုပေါင်းပြီးရေးထားတဲ့အစုံသုတ်လေးပါ အမရယ်..း)

Leave a Reply

Your email address will not be published.