နှုတ်ဆက်ရွက်ကြွေ (၁)

မနက်ခင်းနေရောင်ဖွေးဖွေးက သူမ၏ပါးပြင်ပေါ်သို့ခပ်စူးစူးလေးထိုးလာတော့ ကျင့်သားရနေတဲ့မျက်လုံးအစုံက ပွင့်လာခဲ့သည်။ သူမထသောအချိန်သည် မနက်ခုနစ်နာရီတိတိ ဖြစ်သည်။ ဘုရားပန်းလဲ ၊ သောက်တော်ရေကပ်ပြီး ဘုရားရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ပြီး ဘုရားရှိခိုး ၊ ဘုရားစာရွတ်ဆိုတာ မနက်ခင်းတစ်ခုကိုစတင်လိုက်ပါသည်။ ဘုရားရှိခိုးပြီး ထမင်းအိုးလေး ထတည်ရင်း တံမျက်စည်းလေးကိုင်ကာ အခန်းကို ကပျာကရာသန့်ရှင်းရေးလုပ်လိုက်သည်။ ဒီနေ့နေ့လည်ခင်းမှာ သူမရဲ့အခန်းဖော်အသစ် ကျောင်းသူလေးရောက်လာမည်ဟု အဆောင်ပိုင်ရှင်အဒေါ်ကြီး မနေ့ညကလာပြောခဲ့သည်။ မတူညီသောအသိုင်းအ၀ိုင်းထဲမှာကြီးပြင်းလာခဲ့တဲ့ မတူညီသောလူသားနှစ်ယောက် နေရာတစ်ခုတည်းတွင် အတူတူခိုအောင်းကြတဲ့အခါ ဘယ်လိုပြသနာတွေနောက်ဆက်တွဲဖြစ်တတ်သလဲဆိုတာ အဆောင်ပါးဝနေတဲ့သူမအတွက် သိပ်ထူးဆန်းသော အကြောင်းအရာတစ်ခုမဟုတ်တော့ပေ။ ဘာပဲပြောပြော အခန်းဖော်အသစ်ကလေးကို သူမ လှိုက်လှဲသောစိတ်ကလေးနဲ့ကြိုဆိုနေမိခဲ့ပါသည်။

သူမထက်အသက်ငယ်မယ့်ပုံရတဲ့ ဖြူဖြူနုနုအခန်းဖော်အသစ်လေးနာမည်က “ဖြူစင်လင်း” တဲ့ ။ မျက်မှန်ခပ်ထူထူတပ်ထားတဲ့ ဖြူဖြူပုပုကောင်မလေးဟာ နာမည်နဲ့လူနဲ့တော်တော်လေးလိုက်ဖက်သလို ချစ်စရာလည်းကောင်းလွန်းနေခဲ့သည် ။ လူကသာပုတုတု ပေမယ့် အခန်းဖော်လေးမှာ လူနဲ့မလိုက်ဖက်တဲ့စာအုပ်ထူကြီးတွေတပုံတခေါင်းကြီးနဲ့ ။ အကိုဖြစ်ဟန်တူတဲ့လူငယ်တစ်ယောက်က အခန်းဖော်လေးကိုလိုက်ပို့ပြီး စာအုပ်ပုံတွေကြားထဲမှာ သူမတို့ကိုထားရစ်ခဲ့သည် ။
“ဖြူ့ကျောင်းစာအုပ်တွေလေ”
ဖော်ရွေဟန်ရှိသောကောင်မလေးက သူမကိုအားနာသလိုလိုနဲ့ပြောတော့ သူမက အခန်းထဲမှာရှိတဲ့ တစ်ခုတည်းသော စာအုပ်စင်ကလေးကို အခန်းဖော်မလေးကိုပဲအပိုင်ပေးလိုက်ပါတော့သည်။ စာအုပ်တွေကိုနေရာချရင်း အခန်းပတ်ပတ်လည်ကိုလိုက်စပ်စုနေသည့် ထိုကောင်မလေးက
“ဖြူ့အကိုကပြောတယ်လေ အဆောင်သူတွေက သိပ်ကောင်းတာမဟုတ်ဘူးတဲ့ မမရဲ့ ဘယ်သူနဲ့မှမရောနဲ့လို့မှာတယ်… မမကရော ကောင်းတယ်မလားဟင်”

အခန်းဖော်သစ်လေးရဲ့စကားကိုသူမဘာမှပြန်ပြောစရာစကားမရှိလောက်အောင်ဆွံ့အသွားမိသည်။ နာမည်နဲ့လိုက်အောင်ဖြူစင်လွန်းလှတဲ့ကောင်မလေးရယ် ။
“လူအကြောင်းပေါင်းကြည့်မှသိတယ်တဲ့ ညီမလေးရဲ့ မမကိုပေါင်းကြည့်လေ”
ညင်ညင်သာသာဖြင့် သူမပြန်ပြောလိုက်မိသည်။ တကယ်တော့ စာအုပ်အဖုံးကိုကြည့်ပြီးစာအုပ်ကောင်းတစ်အုပ်ဟုတ်မဟုတ် ဘယ်သူမှအကဲမခပ်နိုင်တာ အခန်းဖော်သစ်လေး တစ်နေ့နားလည်လာမှာပါ ။

“မမက ဘာလုပ်လဲဟင်”
စာအုပ်ထူကြီးတစ်အုပ်ကိုဖွင့်လိုက် ပြန်ပိတ်လိုက်လုပ်နေသော ဖြူက သူမကိုမေးလိုက်သည် ။ လောကကြီးက မတရားဘူး ညီမရယ်ဆိုပြီးတော့ ညည်းချင်းချပြီးသူမအကြောင်းကိုပြောပြရမလား ၊ ဒါမှမဟုတ် တချို့လူတွေနှုတ်ဖျားကအလွယ်တကူထွက်ကျတတ်ကြတဲ့ မုသားတချို့ကိုပဲ ချိုချိုသာသာသုံးလိုက်ရမလား ။ သေချာတာက သူမ မုသားတွေကိုမုန်းတီးရွံချာတတ်နေခဲ့တာပါပဲ ။
“မမက စတိုးဆိုင်တစ်ခုရဲ့ ၀န်ထမ်းဆိုပါတော့”
အတိအကျမဟုတ်ပေမယ့် သင့်တင့်မှန်ကန်တဲ့အဖြေတစ်ခုကိုသူမပေးလိုက်မိသည်။
“ဒါဆို မမက လစာကောင်းမှာမဟုတ်ဘူးနော် ဒါပေမယ့်မမက သူဌေးသမီးလိုပဲကော ဖြူ့ထက်တောင်ဝတ်နိုင်စားနိုင်သေးတယ်”
“ဒီိလိုပါပဲ ညီမရယ်အဆင်ပြေသလိုပေါ့”
တိုးတိုးညင်းညင်းလေးရယ်သံပြုလိုက်ပြီး ကုတင်ပေါ်မှာ မျက်စိစုံမှိတ်ကာ အတိတ်၊ အနာဂတ်တွေကိုမေ့အောင် အိပ်ပစ်လိုက်ချင်ပေမယ့် အတွေးသံသရာထဲမှာ သူမတ၀ဲဝဲလည်နေပါတော့သည် ။

“ကျောင်းဆက်တက်ဖို့မဖြစ်နိုင်တော့ဘူး သမီး အမေ ဆက်ပြီးဘယ်လိုမှမထောက်ပံ့နိုင်တော့ဘူး”
တကိုယ်ကောင်းဆန်တဲ့မိခင်လို့ အမေ့ကိုအပြစ်မဖို့ချင်ပေမယ့် အဖေမရှိတော့တဲ့နောက်အဖေထားခဲ့သမျှစည်းစိမ်ဥစ္စာတွေကို လောင်းကစားအတွက်သာအသုံးချချင်ပြီး သမီးတစ်ယောက်အတွက် အသုံးမချချင်တဲ့အမေ့ကို သူမစိတ်က နာကျဉ်းချင်ချင်။
“အမေ သမီး နောက်ဆုံးနှစ်လေးတစ်နှစ်စာသင်ချင်သေးတယ် ပညာတတ်ဖြစ်ချင်တယ်အမေ..သမီးကိုကူညီပါ”
ဘယ်လောက်ပဲ ငိုယိုတောင်းပန်ပါစေဦး ပြတ်သားသော အမေဟာ သူမကို ပိုက်ဆံလည်းမပို့တော့သလို အဆက်အသွယ်လည်းမလုပ်တော့ခဲ့ပေ ။ အိမ်ရောင်းပြီးထွက်ပြေးသွားပြီဆိုတဲ့ သတင်းတစ်ခုကလွဲရင် သူမအတွက် အမေဘာမှမချန်ထားခဲ့ ။ အဖေမရှိ ၊ အမေစွန့်ပစ်ခံရတဲ့သမီးတစ်ယောက်အတွက် ဇာတိမြေကိုပြန်ချင်စိတ်မရှိတော့သလို ကျောင်းဆက်တက်ချင်စိတ်လည်းမရှိတော့ပေ ။ အမေ ဘာလို့ဒီလောက်ရက်စက်ရတာလဲဆိုတဲ့ မေးခွန်းကိုထပ်တလဲလဲစဉ်းစားရင်း ငိုရင်း နောက်ဆုံး ဆေးရုံတက်ရသည်အထိ သူမနာကျင်ကြေကွဲခဲ့ရသည်။ နောက်လှည့်ပြန်စရာမြေမရှိတဲ့သူအတွက် အသက်ရှင်ချင်စိတ်မရှိတော့ပေမယ့် အမေဟာ ဟောဒီကောင်းကင်ကြီးတစ်ခုအောက်မှာ ၊ ဟောဒီမြေကမ္ဘာကြီးတစ်ခုထဲမှာ ရှိနေသေးတယ်ဆိုတဲ့အသိနဲ့ သူမဆက်လက်ရှင်သန်နေခဲ့တာ ဒီနေ့ထိတိုင်အောင်ပါပဲ ။ အမေ့အကြောင်းတွေးတိုင်း ၀မ်းနည်းစိတ်နဲ့မျက်ရည်တွေစီးကျလာတတ်တာ အမြဲလိုလို ၊ မျက်ရည်ကိုသုတ်ရင်း အိပ်ရာမှအသာအယာထလိုက်သည်။
“ညီမလေး ထမင်းစားမယ်မလား မမဟင်းနွှေးထားလိုက်မယ် အတူတူစားကြတာပေါ့”
စာကျက်နေသောဖြူ့ကိုထမင်းစားဖို့ခေါ်ရင်း နှစ်ယောက်စာချက်ထားသောဟင်းတွေကို ပြန်နွှေးလိုက်သည်။ သူမမှာမောင်နှမသားချင်းမရှိပေမယ့် ချစ်စရာကောင်းလွန်းသောအခန်းဖော်လေးကို ညီမအရင်းလေးလို သံယောဇဉ်တစ်စထက်တစ်စရှိလာမိသည်။

အခန်းထဲက ထူးအိမ်သင်ရဲ့“ကြယ်တွေစုံတဲ့ည” သီချင်းသံကိုကြားရလျင် ဖြူ ကျောင်းမှပြန်ရောက်နေပြီဖြစ်မှန်းသူမအပါအ၀င် အဆောင်တစ်ခုလုံးကလူတွေသိနေကြပြီဖြစ်သည်။ ဖြူတစ်ယောက်ဟာ ဘယ်လိုအကျင့်မှန်းမသိ အဆောင်ပြန်ရောက်ရောက်ချင်း အမြဲတမ်း ထိုသီချင်းကိုအရင်ဆုံးဖွင့်တတ်သည်။ ထိုသီချင်းလေးကိုနားထောင်ပြီးမှ အကျီလဲ ၊ စာဖတ် စတဲ့ တခြားကိစ္စတွေကိုလုပ်လေ့ရှိသည်။ ညီမလေးဘာလို့အဲဒီသီချင်းအမြဲနားထောင်တာလဲလို့ မေးရင် “အိမ်ကိုလွမ်းလို့ပါ” ဆိုပြီးဖြေတတ်သည်။ “ညည်းဟာက ကျောင်းကပြန်လာမှအိမ်ကိုလွမ်းရသလား” လို့ သူမချစ်စနိုးစရင် “မမကလဲ ကျောင်းကပြန်လာရင် ပင်ပန်းနေပြီလေ..ဒီတော့ အိပ်ချင်ရော…အဲဒီသီချင်းကိုနားထောင်ရင် အိမ်ပြန်ချင်တယ်..ကျောင်းမြန်မြန်ပြီးချင်တယ် ဒီတော့စာကြိုးစားရမယ် စာကျက်မပျင်းရဘူးဆိုတဲ့အသိဝင်လာတာပေါ့ မမရာ” ဆိုပြီး အကျယ်တ၀င့်ရှင်းပြဖူးသဖြင့် ထိုသီချင်းသံကိုကြားလျင် ဖြူတစ်ယောက် ကိုယ့်ကိုကိုယ် motivate လုပ်နေမှန်းသူမသိလိုက်ပြီဖြစ်သည်။
ရေချိုးရင်း ဖြူ့အကြောင်းအတွေးလွန်နေရာကနေ ဒီည ဦးငယ်ဖုန်းဆက်မှာကို သတိရလိုက်တော့မှပဲ ခပ်သွက်သွက်ရေချိုးလိုက်ပါတော့သည်။

“အဖော်မဲ့ဟိုအဝေးကြီးမှာ မင်းအထီးကျန်တဲ့အခါ ဘယ်သူ့ကိုနင်တမ်းတ သတိတွေရလဲ ငါသိခွင့်ရှိမလား…တကယ်တမ်းဆိုမင်းဘ၀မှာ..”

ဝိုင်ဝိုင်းရဲ့လက်ခံမှာလား  ring tone သံလေးကြားလိုက်တာနဲ့ ဦးငယ်ဆက်မှန်းသူမသိလိုက်သည်။ ဦးငယ်ပြန်လာတော့မည်မှန်း
 တစ်နေ့က ဆိုင်မှာ မသက်မာ ပြောလို့ သူမသိထားပြီးဖြစ်သည် ။ ဖုန်းလေးကိုဖွင့်ကာ ဦးငယ်ကိုနှုတ်ဆက်စကားဆိုလိုက်သည်။
“ဟယ်လို ဦးငယ်လား”
“ဟုတ်တယ် ချိုသဲ ကိုယ်ပြန်လာတော့မယ်..ဒီတစ်ခေါက်နည်းနည်းကြာသွားတယ်ကွာ.. မနက်ဖြန်စင်ကာပူမှာ ဆင်းကျန်ခဲ့ပြီး သန်ဖက်ခါ ဖလိုက်နဲ့ပြန်လာမှာ ဘာလိုချင်တာရှိလဲ ကိုယ်ဝယ်ထားတာတွေတော့အများကြီးပဲ လိုချင်တာရှိရင်ပြောဦးလေ”
“လိုချင်တာတော့မရှိပါဘူး..ဒါပေမယ့်ချိုသဲ သူများကိုလက်ဆောင်ပေးဖို့ ipod လေးတစ်လုံးဝယ်လာပေးပါလား”
“အိုခေဗျာ…..ရစေရမယ်”
ဦးငယ်တစ်ယောက် ရွှင်ရွှင်လန်းလန်းဖြင့်ဖုန်းချသွားပေမယ့် သူမကတော့မပျော်နိုင်ဘဲ မှိုင်နေမိသည် ။ မလာစဖူးအလာထူးသောဖုန်းသံမို့ တစ်ဖက်ကုတင်မှာစာဖတ်နေသည့် ဖြူက သူမကို
“မမရဲ့ ဘဲဘဲလား……တစ်ခါမှဖုန်းမဆက်ဘူးနော်”
“သူက သဘောင်္သားလေ…ညီမလေး ”
မပြည့်စုံသောအဖြေတစ်ခုကိုပေးလိုက်ပြီးနောက်မှာ သူမအတွေးသံသရာထဲထပ်ရောက်သွားပြန်သည်။ ဦးငယ်ဟာ ဖြူပြောသလို သူမရဲ့ဘဲဘဲလား..။ သေချာတာက ဦးငယ်ဟာ သူမရဲ့ချစ်သူမဟုတ်သလို သူမချစ်ရတဲ့သူလည်းမဟုတ်ပြန်  ။ သူမလိုအညတရတစ်ယောက်အတွက်မိဘသဘောတူတဲ့သူလည်းမဟုတ်တာမို့ အနက်ရှိုင်းဆုံးပက်သက်ခွင့်ရှိနေတဲ့ ဦးငယ်ဆိုသောလူတစ်ယောက်ဟာ သူမအတွက် အမည်တပ်မရသောလူသားတစ်ယောက်လား ဒါမှမဟုတ် ချစ်သူတစ်ယောက်လား သူမကိုယ်တိုင်မရေမရာ ဇဝေဇ၀ါနဲ့ ။

ဆက်ရန်….


5 thoughts on “နှုတ်ဆက်ရွက်ကြွေ (၁)”

  • @soe shwe, yes i will write my dear <3

    @တိမ်လွှာဖြူ – ဟုတ်အမ လောလောဆယ်ဇာတ်အိုင်နေလို့ပါ..အမြန်ဆုံးဆက်ေ၇းပါ့မယ်နော်

  • ဆုမြတ် ညီမကစာအရေး အသား သိပ်ကောင်းတာပဲ ။ မလေးဖတ်သွားတယ် နော် ။ ကဗျာ လေးတွေ ရောပေါ့ … ဆက်ရန်ကိုလည်း မလေးက မျှော်နေမယ်နော် …မလေးဆီ အလည်လာပြီး ပိုင့်အကြောင်းတွေ ဖတ်သွားလို့ လည်း ကျေးဇူး အများကြီး တင်တယ်နော်

  • ကျေးဇူးပါ မလေးရယ်… ညီမက ကလေးချစ်တတ်တော့လေ….ကလေးအကြောင်းလေးတွေသိပ်ဖတ်ချင်တာ… လာဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မလေးး)

Leave a Reply

Your email address will not be published.