နှုတ်ဆက်ရွက်ကြွေ(၅)

တရိပ်ရိပ်တက်လာသောလှိုင်းလုံးကြီးတွေကိုကြည့်ရင်း အသက်ရှုရပ်သွားမတတ်ကြောက်လန့်စိတ်နဲ့အတူ သူမကြောင်ပြီးရပ်နေမိသည်။ မြစ်ဝကျွန်းပေါ်သူ ၊ ရေနဲ့မစိမ်းသူဖြစ်ပေမယ့် သူမဘ၀မှာဒီလောက်ထိဆိုးရွားသောအခြေအနေမျိုးကိုတစ်ခါမှမမြင်ဖူးခဲ့ ။ ပတ်ဝန်းကျင်တစ်ခုလုံးပိန်းပိတ်မှောင်နေသည့်အပြင် လေတ၀ူးဝူးတိုက်ကာ ဘေးအိမ်တွေလည်းအမိုးတွေလန်ကာ တချို့အိမ်တွေဆိုရင်ပြိုကျလုနီးပါးအခြေအနေဖြစ်နေသည်။ ထုနဲ့ထည်နဲ့ခိုင်ခန့်လှသည့်သူမတို့အိမ်တောင် လေတစ်ချက်အဝှေ့မှာ အိမ်ခေါင်မိုးလန်ကုန်သည်။
“ဦးငယ်…ဘယ်လိုလုပ်မလဲ..”
“ဆက်နေဖို့မဖြစ်တော့ဘူး ကုန်းအမြင့်ပိုင်းဘက်ကိုပြေးမှဖြစ်မယ်…ရေဒီထက်တက်လာရင်သေကုန်ကြလိမ့်မယ်..”
ဦးငယ်ကပြောလည်းပြောပြီးသည်နှင့် ကိုအောင်ကျော်လက်က သမီးလေးကိုချီလိုက်ပြီး သူမလက်ကိုဆွဲကာ အိမ်အောက်ကိုဆင်းလာကြသည်။ သူမတို့တွေအကုန်လုံးရွဲရွဲစိုလျက်…။ သမီးလေးကတော့ကြောက်အားလန့်အားနဲ့ငိုတောင်မငိုနိုင်တော့ဘဲ အဖေကိုသာအတင်းဖက်ထားရှာသည်။အိမ်အောက်ထပ်တစ်ခုလုံးလည်းရေလွှမ်းကာ ရှိသမျှအကုန်လုံးရေထဲမှာပေါလောမျောလို့..။ ကံကြမ္မာကိုပဲအပြစ်ဆိုရမှာလားမသိတော့ ။ ဒီလောက်အခြေအနေနဲ့ဆိုလျင်သူမတို့ပွဲရုံကဆန်တွေလည်း ရေထဲမှာနစ်ကုန်ပြီလား ၊ မြစ်ထဲမျောသွားပြီလားမသေချာ။ အသက်အန္တရာယ်ကိုနီးနီးကပ်ကပ်ရင်ဆိုင်ပြီးမှတော့ ကျန်တာတွေကို သူမ မစိုးရိမ်နိုင်တော့ပေ ။ ဖြစ်ချင်တာသာဖြစ်ပါစေတော့ လူ့အသက်ထက်အရေးကြီးတာဘာရှိဦးမှာမို့လဲ ။သူမတို့လွတ်အောင်ပြေးရုံသာ။ ရေကပေါင်လယ်လောက်အထိသာရောက်နေပေမယ့် လေထဲမိုးထဲမှာ သူမတို့လမ်းမလျှောက်နိုင်ဘဲရေစီးအလိုက်နဲ့အတူမျောလာခဲ့ကြသည်။ မှောင်မည်းနေသောရေထဲမှာ သူမတို့လို ရေအလိုက်နဲ့မျောလာတဲ့မိသားစုတွေဘယ်နှစ်ယောက်ရှိနေမလဲ ။ မိုးထဲလေထဲမှာ တစ်ယောက်အသံတစ်ယောက်မကြားနိုင် ၊ တစ်ယောက်ကိုတစ်ယောက်မကူနိုင် ။ ငိုသံသဲ့သဲ့ ၊ ခေါ်သံသဲ့သဲ့တွေနဲ့အတူ ဘယ်သူဘယ်ဝါမကွဲဘဲ ကမ္ဘာလောကကြီးတစ်ခုလုံးငရဲမပါ ပွက်လောကိုရိုက်လို့ ။ မျက်စိရှေ့မှာပဲ အိမ်တွေပြိုကျသွားကြသည် ၊ လူတွေမျောသွားကြသည်။ သစ်ပင်တွေအမြစ်ကနေကျွတ်ထွက်သွားပြီးရေထဲမှာပေါလောမျောလို့ ။ ဦးငယ်က ဘယ်ကနေမျောလာမှန်းမသိသော ဖော့ပုံးတစ်ပုံးကိုလှမ်းဆွဲပြီး သမီးလေးကိုပုံးထဲထည့်ကာ သူမတို့ကတော့ ပုံးလေးနဲ့အတူကပ်လိုက်လာကြသည်။ မိုးကသည်းသထက်သည်းလာသလို လေကလည်းကြမ်းသထက်ကြမ်းလာပါသည်။ တစ်ကိုယ်လုံးရွဲစိုတုန်ရီနေသောသမီးလေးက ဖော့ပုံးလေးထဲမှာ ငုတ်တုတ်ကလေးထိုင်လို့ ။ မိုးစက်ကြမ်းကြမ်းကြီးတွေက သူမတို့ ကျောကုန်းကိုခဲနဲ့ပေါက်သည့်အလား ကြမ်းတမ်းစွာရိုက်ခတ်လာသည်။ လေပြင်းတွေနဲ့အတူသူမတို့တွေဘယ်ဆီမျောလို့မျောမှန်းမသိ ။ လှိုင်းဒဏ်လေဒဏ်တွေအကြီးအကျယ်ခံရင်းရေထဲမျောနေတုန်းမှာပဲ မမျှော်လင့်တဲ့လှိုင်းလုံးကြီးတစ်လုံးက၀ုန်းခနဲအလာ သမီးလေးရှိနေတဲ့ ဖော့ဗူးလေးက သူမတို့လက်ကလွတ်ထွက်သွားသလို သူမ၏ခေါင်းကို တစ်စုံတစ်ခုက ၀ုန်းခနဲလာအထိမှာပဲ ကမ္ဘာကြီးတစ်ခုလုံးမှောင်ကျသွားခဲ့သည်။

“သမီးလေး..သမီး…သမီး..သမီး.. မေမေ့သမီးလေး”
“ချိုသဲ…ချိုသဲ…သတိထားဦးလေ”
“ဟင်..ဦးငယ် သမီးလေးဘယ်မှာလဲ…သမီးလေးကော”
တစစ်စစ်ကိုက်နေသောခေါင်းနဲ့အတူ တကိုယ်လုံးနာကျင်ကိုက်ခဲနေပေမယ့် သမီးလေးကိုသတိရစိတ်ဖြင့်သူမနိုးထလာခဲ့သည် ။ လှိုင်းနဲ့အတူ သမီးလေးမျောပါသွားပြီလား ။ ဒါမှမဟုတ် ဒီလှိုင်းဒီရေအောက်မှာ သမီးလေးတစ်ယောက်မပြောကောင်းမဆိုကောင်းဆုံးပါးသွားပြီလား ။
“ဦးငယ် ချိုသဲတို့ဘယ်ရောက်နေလဲ..သမီးလေး..သမီးလေးရော..”
“ မီးမီး..ဒီမှာ”
“သမီးရယ်…”
စွပ်ကျယ်လေးတစ်ထည်တည်းသာရှိနေသောသမီးလေးကိုမြင်လိုက်ရမှ သူမစိတ်ထဲမှာအတိုင်းထက်အလွန်ဝမ်းသာသွားမိသည်။ သမီးလေးကိုရင်ခွင်ထဲဆွဲယူလိုက်ရင်း တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်မိသည်။ တော်သေးလို့ မေမေ့သမီးလေးကိုဆုံးရှုံးရဦးမလို့ ။ ကြဲကြဲတောက်ပူနေသောနေက မနေ့က ရက်စက်ကြမ်းတမ်းခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ ။ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့မှ သူမတို့တွေကုန်းမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းဝင်းထဲရောက်နေမှန်းသတိထားမိတော့သည်။ ကျောင်းဝင်းထဲက ညောင်ပင်ကြီးတွေ ၊ ကုက္ကိုပင်ကြီးတွေလည်းဘယ်ဆီရောက်လို့ရောက်မှန်းမသိ ။ ဘုန်းကြီးကျောင်းသောက်ရေကန်ကိုသူမလှမ်းအကြည့်မှာ သူမရုတ်တရက်အသက်ရှုရပ်တော့မတပ်အံ့အားသင့်သွားခဲ့သည်။ ကန်ရေမှာပေါလောမျောနေတဲ့လူသေအလောင်းတွေ မရေမတွက်နိုင်အောင် ။
“ဦးငယ်…….”
သမီးလေးကိုဖက်ရင်း ဟီးခနဲသူမငိုချလိုက်မိတော့သည်။ အရာအားလုံးဟာ ပျက်သုန်းသွားခဲ့ပြီဖြစ်သည်။ ဘုန်းကြီးကျောင်းဘေးကအိမ်တွေ ၊ သစ်ပင်ပန်းမန်တွေ၊ ရေတွင်းတွေ၊ သူမတို့မိတ်ဆွေသူငယ်ချင်းတွေ ၊ ရပ်ဆွေရပ်မျိုးတွေ ..သူမတို့ရဲ့သာယာလှပဖူးတဲ့ မြို့လေးဟာ အခုတော့ အနိဌာရုံတွေချည်းပဲစုပြုံပြီးကျန်နေခဲ့ပါတော့သည်။
“စာရင်းပေးထားပြီးပြီ..သမီးလေးနဲ့ဒီမှာပဲနေ ကိုအောင်ကျော်ကိုသွားရှာလိုက်ဦးမယ်”
“ဟင်..ကိုအောင်ကျော်…”
“ဟုတ်တယ် ချိုသဲ ကိုအောင်ကျော်ကိုပြန်ရှာမတွေ့သေးဘူး”
“ဟင်…”
“လှိုင်းနဲ့မျောသွားတာလေ..သမီးလေးကိုလိုက်ရင်းမှာ ချိုသဲကိုသစ်တုံးဝင်တိုက်တော့ ကိုယ်ကချိုသဲကိုပွေ့ထားရတယ်…ကိုအောင်ကျော်က သမီးလေးကိုတွေ့ပြီးကိုယ်တို့ဆီအလာမှာ ကိုယ့်မျက်စိရှေ့မှာပဲမျောသွားခဲ့တာ…. ကိုယ်မဆွဲလိုက်နိုင်ဘူး”
“ဟင်……ကိုအောင်ကျော်တကယ်မျောသွားတာလား”
“ဟုတ်တယ်ချိုသဲရယ်…ကိုအောင်ကျော်မျောသွားတယ် ၊ နောက်ပြီး ဘေးအိမ်ကအရီးတို့တစ်အိမ်လုံးမှာအရီးတစ်ယောက်ပဲကျန်ခဲ့တယ် သူတို့လူတွေကိုပါ ၀ိုင်းရှာပေးကြမှာ ဥက္ကဌမိန်းမလည်း မျောသွားတယ်တဲ့…”
သောကကိုယ်စီနဲ့ထိုင်သူကထိုင် ကျားကျားလျားလျားရှိသောယောက်ျားတွေကစုပြီးလူပျောက်လိုက်ရှာနေကြသည်။
“အရီးနဲ့အတူတူနေခဲ့ကြ ကိုယ်ပြန်လာခဲ့မယ်မကြောက်နဲ့သိလား… သူတို့တွေသဘောင်္နဲ့လာခေါ်ကြလိမ့်မယ်”
“ဘယ်သူတွေလဲ…”
“ကယ်ဆယ်ရေးတွေလေ…”
သူမကအရာအားလုံးနဲ့အဆက်ပြတ်သွားတာမို့ ဘာဖြစ်လို့ဖြစ်မှန်းမသိ ။ ဒါပေမယ့် ပျောက်သွားတဲ့မိသားစုတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့အတူ ဦးငယ်ကိုအနားမှာရှိစေချင်ပေမယ့် လူရှာဖို့လွှတ်လိုက်ရသည်။ သမီးလေးကိုပွေ့ကာ ငိုနေတဲ့အရီးလက်ကိုဆုပ်ရင်း နက်ဖြန်ဆိုတာကိုမပြောနှင့် နောက်တစ်မိနစ်မှာဘာဖြစ်မယ်မှန်းကိုတောင်မသိတဲ့အနာဂတ်နဲ့အတူ မြေကြီးပေါ်မှာငုတ်တုပ်ထိုင်လျက် ။

ကလေးငိုသံတွေ ၊ လူကြီးငိုသံတွေဆူညံနေသော ကံကောင်းလား ကံဆိုးလားမကွဲတော့သည် လူတစ်အုပ်ဟာ သောကမျက်ရည်ကိုယ်စီကျလျက် ။ တွေဝေမိန်းမောသူကမိန်းမောလျက် ။
“အငယ်မလေ…ငါ့မျက်စိရှေ့မှာပဲ မျောသွားတယ် ချိုသဲရယ်…ရင်ထဲမကောင်းလိုက်တာ”
အရီးကတအင့်အင့်ရှိုက်ငိုရင်းပြောတော့ သူမဘယ်လိုနှစ်သိမ့်လို့နှစ်သိမ့်ရမှန်းမသိ။
“ကိုအောင်ကျော်လည်းမျောသွားတယ်ပြောတယ်အရီး”
“အောင်ကျော်က ယောက်ျားရင့်မာကြီးပါဟယ်…ငါ့သမီးကရေကူးတတ်တာမဟုတ်ဘူး ငယ်ငယ်တည်းကရေကြောက်တတ်တဲ့ကလေး”
“ဟုတ်ပါပြီအရီးရယ်..”
“ခေါက်ဆွဲခြောက်လေးစားလိုက်ဦးနော်အရီး…..ဗိုက်အောင့်လိမ့်မယ်”
တငိုတည်းငိုနေသောအရီးကိုချော့ရင်း သမီးလေးရော သူမပါ ကယ်ဆယ်ရေးတွေပေးထားတဲ့ ခေါက်ဆွဲခြောက်ထုတ်လေးတွေကို ဒီအတိုင်းစားလိုက်ကြသည်။
“ဦးငယ်ကလည်းကြာလိုက်တာနော်..”
“ညည်းလင်က သူတော်ကောင်းပါဟယ်..ပြန်လာမှာပါ မပူနဲ့…သူ့ခမျာသနားပါတယ်ဟယ်..ညည်းတစ်ဖက် ကလေးတစ်ဖက်နဲ့ ငါတို့ဆီကိုရောက်လာတာ..လေထဲမိုးထဲမှာ သူများတွေကိုလိုက်ရှာပေးနေသေးတယ် ညည်းကတော့ သတိမေ့နေတာကို ဘယ်သိမတုန်း…”
နေ၀င်တရီဖြစ်လာတာမို့ ဦးငယ်အတွက်စိုးရိမ်နေတဲ့သူမကို အရီးကပြန်ပြောခြင်းပင်။
“အရီး ကျွန်မတို့အိမ်ဘယ်လိုနေမလဲမသိဘူးနော်..”
“ညည်းတို့အိမ်တော့မသိဘူးအေ..ငါ့တို့အိမ်တော့ အဆောင်လိုက်ကြီးရေထဲမျောသွားလေရဲ့ အဖြစ်ဆိုးတယ်အေ..”
“ဘာပဲပြောပြော လူတွေမသေတာကံကောင်းတယ်အရီးရယ်…”
“ညည်းကတော့ပြောအားရှိတာပေါ့အေ…ငါ့မှာသာလင်ဆုံးသားဆုံးနဲ့”
အရီးအပြောမှာသူမတကယ်ပဲစိတ်မကောင်းစွာနဲ့ငြိမ်သက်သွားမိသည်။ ဒီမုန်တိုင်းဆိုးကြောင့်လင်ဆုံး၊ သားဆုံး ၊မိဘမဲတွေဘယ်လောက်များရှိလိုက်မလဲ ။ ချမ်းသာသူ ၊ ဆင်းရဲသူဟူသမျှတစ်တန်းတစ်စားတည်းဖြစ်သွားသည်။ အားလုံးဟာပိုင်ဆိုင်တာဆိုလို့ဘာဆိုဘာမှမရှိတော့ပေ။ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့အသက်ရှင်ကျန်နေခြင်းကသာ ကံကောင်းလွန်းတယ်ပြောရမယ့်အခြေအနေဖြစ်သည်။

လက်ဗလာခြေဗလာနဲ့ပြန်လာသောဦးငယ်တို့အုပ်စုကိုမြင်တော့ အရီးကအရင်ဆုံးငိုသည်။ စိတ်မကောင်းခြင်းကြီးစွာနဲ့သောကကိုယ်စီထမ်းပိုးထားသောလူအုပ်စုဟာ စိတ်ပျက်လက်ပျက်နဲ့ ။ ငိုသံတွေဟိုတစ်စ ၊ ဒီတစ်စထွက်လာတော့ နဂိုတည်းကစိတ်မခိုင်ချင်သောသူမကပါ ရောငိုလိုက်တော့သည်။
“အရီး…အရီးသမီးကို ကမ်းနားမှာတွေ့ခဲ့တယ်အရီးရယ်..ဒါပေမယ့်…”
“အဖြစ်ဆိုးလိုက်တာသမီးရယ်…..ဘယ်ကမ်းနားလဲ .. ငါလိုက်သွားမယ်…ငါသွားကြည့်မယ်”
“အရီး မှောင်နေပြီ..မကောင်းဘူး မနက်ကျမှသွားရအောင်လေ”
“ငါ့သမီးလေးကိုမြင်ချင်တယ် ငါ့သမီးလေးကိုမြင်ချင်တယ်”
ဝသုန်းရုန်းကားနှင့်အရီးတစ်ယောက်ထိုင်ရာမှထကာ ကမ်းနားဘက်ကိုထပြေးတော့ သူမတို့တွေနောက်ကလိုက်ဆွဲကြသည်။ ဘယ်အချိန်ပြန်လာမလဲမသိသောမုန်တိုင်းနဲ့ မှောင်မှောင်မည်းမည်းပတ်ဝန်းကျင်ထဲမှာ အရီးကိုတစ်ယောက်ထဲဘယ်လိုမှသူမတို့စိတ်မချနိုင်တာမို့ အရီးနောက်ကိုလိုက်လာကြခြင်းပင် ။
“ဘယ်သွားကြတာလဲ ပြန်လာခဲ့ကြ.. ပြန်လာကြ အန္တရယ်များတယ်….. သဘောင်္လာတော့မှာ”
ဓာတ်မီးရောင်ခပ်စူးစူးကြောင့်သူမတို့တွေပြန်လှည့်ကြည့်လိုက်တော့ ကယ်ဆယ်ရေးအုပ်စုထဲက လူတချို့ကသူမတို့ကိုလှမ်းခေါ်နေကြသည်။
“အရီးက သူ့သမီးလေးကိုသွားတွေ့ချင်လို့”
“ကိုယ်ချင်းစာပါတယ် အမကြီးရယ် ဒါပေမယ့် မသွားပါနဲ့တော့ အန္တရယ်အရမ်းများတယ် မုန်တိုင်းက စိတ်ချရတာမဟုတ်ဘူး နောက်တစ်ခေါက်တိုက်ရင် ဘယ်သူမှကျန်တော့မှာမဟုတ်ဘူး ခဏလောက်သည်းခံပြီးစောင့်ပါ ကယ်ဆယ်ရေးတွေလည်းတတ်နိုင်သလောက်လုပ်နေကြပါတယ်… သဘောင်္လာလို့ရှိရင် အမကြီးတို့တွေကို ဘေးလွတ်ရာခဏခေါ်သွားမှာပါ”
“ဟင့်အင်း..ငါမသွားဘူး ငါ့သမီးလေးခေါင်းချတဲ့အရပ်မှာပဲနေမှာ…ငါဘယ်မှမသွားဘူး”
အရီးတစ်ယောက်မြေပြင်ပေါ်မှာပဲထိုင်ချလိုက်ပြီး ဟီးခနဲငိုချလိုက်တော့ သူမတို့အားလုံးတိတ်ဆိတ်သွားကြသည်။ သောကအပူမီးချင်းတူကြပေမယ့် ရင်မှဖြစ်သောသားသမီးဆုံးရှုံးရသည့်အပူဟာ ဘယ်လောက်ပူလောင်မှန်းသူမနားလည်မိသည်။ နာကျင်သောခံစားချက်နှင့်အရီးပခုံးလေးကိုအသာအယာပွေ့ဖက်ကာ ကယ်ဆယ်ရေးစခန်းရှိရာသို့ပြန်လာခဲ့ကြသည် ။

ညှင်းသွဲ့သွဲတိုက်ခတ်နေသောလေနုအေးလေးကိုအသာအယာခံယူရင်း သဘောင်္ပေါ်ကနေ မြို့ကလေးကိုလက်ပြနှုတ်ဆက်လိုက်သည်။ တချိန်တခါတုန်းက သာယာအေးချမ်းခဲ့ဖူးတဲ့ဇာတိမြို့ကလေးဟာ အခုတော့ အစစအရာရာပျက်သုန်းပြီးတစပြင်သာသာ။ သောကတပွေ့တပိုက်နှင့်မည်သူမှ သူမကိုလက်မပြနိုင်ပေမယ့် သူမကတော့ ညင်ညင်သာသာလက်ပြလိုက်သည်။ ကျန်ရစ်ခဲ့တော့မြို့ကလေးရယ် ။ ရှေ့ဆက်ရမည့်အနာဂတ်ကိုသေချာမသိနိုင်တော့တဲ့ဘ၀မှာသူမ မြို့ကလေးအတွက်ဘာမှစွမ်းဆောင်မပေးနိုင်တော့ပေ ။ လှိုင်းခေါ်ဆောင်ရာအလိုက်သင့်မျောရမည့်ဗေဒါပင်လို ကံကြမ္မာလှိုင်းအလိုကျသူမမျောရပြန်ဦးမည်။ စိမ့်ထွက်လာသောမျက်ရည်တွေလက်နဲ့ပွတ်လိုက်ပြီး အဝေးက လှမ်းမြင်ရသည့် မြို့ဦးစေတီအပျက်လေးကို မှန်းဆကန်တော့လိုက်သည် ။ မြို့သူမြို့သားတွေအေးချမ်းပါစေ ။ သေလွန်ပြီးသောသူများလည်းကောင်းရာသုဂတိသို့ရောက်ပါစေ။ မြို့ကလေးလည်းအသစ်တဖန်ပြန်လည်မွေးဖွားနိုင်ပါစေ။ ကိုအောင်ကျော်ရော အရီးသမီးလေးပါ ကောင်းရာသို့လားပါစေ။

“ချိုသဲရယ်..နင်တော့ဖြစ်လိုက်ရင်အသည်းအသန်ပဲ တော်သေးတယ် ငါ့မောင်နဲ့တူမလေးဘာမှမဖြစ်လို့”
“သဘာဝအန္တရယ်ပဲ မမကြီးရယ် ဘာလို့ချိုသဲကိုအပြစ်တင်နေရတာလဲ ကျွန်တော်ကဘာမှမဖြစ်ဘူး သူသာထိသွားတာ”
ခေါင်းထိမိသောဒဏ်ရာကြောင့်ခဏခဏမူးနေတတ်သောသူမကိုပြောခြင်းဖြစ်သည်။ ဘာကြောင့်ရယ်မသိ ခေါင်းထိမိပြီးတဲ့နောက်ပိုင်းမှာ ဘာကိုမှအာရုံမစိုက်နိုင်ဘဲ အမြဲလိုလိုရီဝေေ၀နဲ့ခေါင်းမူးနေတတ်သည်။ ဒဏ်ရာအရှိန်သေရင်ပျောက်သွားမှာပါဆိုပြီး ဂရုမစိုက်ဘဲနေခဲ့တာ အခုဆိုရင်နှစ်ပတ်ခန့်ရှိပြီဖြစ်ပေမယ့် ခေါင်းကိုက်မပျောက်သေး။ အကိုက်အခဲပျောက်ဆေးတွေသောက်ပေမယ့်လည်းမသက်သာချေ။

“မမကြီး ကျွန်တော်ပြောထားတဲ့အတိုင်းပဲ သစ္စာမှာပဲ ရှယ်ယာပြန်ဝင်ချင်တယ် ကျွန်တော်တို့ကိုကူညီပါဗျာ..မမကြီးတူမလေးနောင်ရေးရယ် ချိုသဲနောင်ရေးရယ် ကျွန်တော့်မှာတာဝန်ရှိတယ်လေ…ကျွန်တော်ကတော့သေလူပါဗျာ အရေးမကြီးပါဘူး ..သမီးလေးနဲ့ချိုသဲအတွက်သာစိတ်ပူတာ”
“နင်ဘယ်လိုပြောလိုက်တာလဲ မောင်လေးရယ်..နိမိတ်မရှိ နမာမရှိ”
“ဟုတ်တယ်လေဗျာ ကျွန်တော့ရောဂါက ဘယ်နေ့ပြန်ထလာမလဲမသိဘူးလေ”
“အင်းပါဟယ်…. ငါတို့မှာပြေးကြည့်စရာ ဒီမောင်နှမတွေပဲရှိတာ နင်တို့လင်မယားကိုပြန်ကူညီမှာပါ…သေလူလို့တော့မပြောပါနဲ့…ငါစိတ်မကောင်းလွန်းလို့ပါ”
ဦးငယ်၏စကားမှာအပျိုကြီးနှစ်ယောက်အရည်ပျော်ကျသွားသည်ထင်သည် ပျာပျာသလဲနဲ့ ငွေထုတ်ပေးဖို့ပြင်ကြသည် ။ သူမအပေါ်မှာဘယ်လောက်ပဲမကြည်ဖြူပါစေ သူမရဲ့သမီးလေးနဲ့ ဦးငယ်ကို မေတ္တာအပြည့်အ၀ပေးသော မမကြီးနဲ့ မမငယ်ကိုသူမကျေးဇူးတင်မိပါသည် ။ ဘယ်လောက်ပဲ တင်းမာတင်းမာ အချိန်တန်ရင်တော့ သွေးကစကားပြောတာပါပဲလေ။ သူမအတွေးတွေနဲ့ ကျေကျေနပ်နပ်ပြုံးလိုက်မိသည်။
“ဦးငယ်….မမကြီးတို့ကျေးဇူးကြီးလွန်းပါတယ် ကန်တော့ရအောင်..လာသမီးလေးလာ..”
သူမတို့မိသားစုလေး မမကြီးတို့ကို ကန်တော့တော့ အပျိုကြီးတွေပီတိမျက်ရည်တွေဝေပြီး ဆုတွေတပုံတပင်ကြီးပေးကြသည်။
“လူကြီးသူမကိုသိတတ်တဲ့ ကလေးတွေ ကျန်းမာချမ်းသာကြပါစေ…. ပြောလို့ပြောတာမဟုတ်ဘူးဟယ်…မုန်တိုင်းတိုက်တယ်ကြားတော့ ငါတို့ညီအမနှစ်ယောက်အိပ်လို့မပျော်ဘူး မောင်လေးဖုန်းကလည်းဆက်လို့မရ….ငါဖြင့်နင်တို့တွေပါသွားပြီမှတ်တာ”
“မမကြီးက အဆက်သွယ်ဖြတ်ထားတာကို…”
“အဲဒီလိုလည်းမဟုတ်ပါဘူးဟယ်..ငါတို့မအားလို့ပါ”
“ဟုတ်ပါပြီဗျာ..”
မမကြီးရဲ့စိတ်ပူစကားကြားတော့ဦးငယ်ကစကားနာပြန်ထိုးခြင်းဖြစ်သည် ။ ဦးငယ်ပြောလည်းပြောစရာပင် ။ သူမတို့လက်ထက်ပြီးနယ်ကိုပြန်သည့်အချိန်ကနေစပြီး မမကြီးတို့ဘက်က အဆက်အသွယ်လုံးဝမလုပ်ခဲ့ ။ သူမကလည်းနဂိုရှိရင်းစွဲစိတ်နာခြင်းနဲ့အတူ နေနိုင်ရက်လေခြင်းဆိုပြီး ဦးငယ်ကိုပြန်ဆက်သွယ်ရန်မတိုက်တွန်းခဲ့ပေ။ ဒါပေမယ့်လည်း ဘယ်နေ့သေမယ်မသိနိုင်သောလူ့ဘ၀သက်တမ်းတိုတိုလေးအတွင်းမှာ အနီးဆုံးရှိသောဆွေမျိုးသားချင်းတွေအပေါ်မှာသူမအာဃာတတွေမထားချင်တော့ပေ ။ သူမဘ၀ရဲ့တစ်ဆစ်ချိုးမှာ အရာအားလုံးဆုံးရှုံးသွားပြီးတဲ့နောက် ပြန်လည်ထူထောင်မည့်မိသားစုဘ၀လေးကို နွေးနွေးထွေးထွေးပဲရှင်သန်ချင်ပါတော့သည်။
“ မောင်လေး နင်တို့မှာ ပွဲရုံ ဘယ်နှစ်ရုံရှိတာလဲ”
“စုစုပေါင်း ငါးရုံရှိတယ်မမကြီး..တစ်ခုမှမကျန်တော့ဘူးလေ”
“သင်္ခါရတရားတွေပေါ့ဟယ်…..ဘုရားဘုရားဘုရား ဘယ်အရာမှမတည်မြဲပါလားနော်”
မမကြီးရဲ့သံဝေဂစကားတွေနဲ့အတူ ဦးငယ်ကြိုးစားတည်ဆောက်ထားတဲ့ ပွဲရုံငါးရုံကိုမြင်ယောင်လာမိပါသည်။ မမကြီးတို့ဆီကရတဲ့အမွေအနှစ်တွေနဲ့ ပွဲရုံတစ်ရုံစပြီးတဲ့နောက်မှာ ဦးငယ်နဲ့ကိုအောင်ကျော်တို့နှစ်ယောက်လက်တွဲပြီး ကြိုးစားခဲ့ကြသည့် အချိန်တွေ ၊ နေ့မအိပ်ညမအိပ် ဆန်အိတ်တွေနဲ့ နပမ်းလုံးခဲ့ရသည့်အချိန်တွေ ၊ အလေအလွင့်မရှိရအောင် လင်မယားနှစ်ယောက်စာရင်းတွက်ခဲ့ကြသည့်အချိန်တွေကိုမြင်ယောင်ရင်းမျက်ရည်ဝဲမိပါသည်။
ဘာပဲပြောပြောအသက်မသေတာကံကောင်းပဲလေဆိုပြီး ဖြေသိမ့်ရင်း သမီးလေးကိုတင်းတင်းပွေ့ကာ နောင်အနာဂတ်အတွက်စိတ်ကိုကြိုတင်ပြင်ဆင်လိုက်သည်။ ဟုတ်သည် မကြာခင်သူမအလုပ်ပြန်ဝင်တော့မည်။

သမီးလေးကိုအဒေါ်တွေနဲ့အတူထားခဲ့ရင်းသူမ ဘက်စ်ကားစီးကာ သစ္စာ home market သို့လှမ်းလာခဲ့သည် ။ မရောက်တာနှစ်အတော်ကြာပေမယ့် မြို့တော်ရန်ကုန်က သူမအပေါ်မှာတစိမ်းမဆန်ဘဲနွေးထွေးနေဆဲ ။ မမကြီးတို့ကားကိုစီးလို့ရနိုင်ပေမယ့်သူမကတော့ အခွင့်အရေးတွေကိုလိုတာထက်ပိုမယူချင်ခဲ့ ။ ဖေဖေမရှိတော့တဲ့နောက်ပိုင်းကနေစပြီးလှိုင်းထန်ခဲ့တဲ့သူမဘ၀ဟာ ယခုအချိန်ထိမငြိမ်သက်နိုင်သေး။ မမကြီးတို့အရိပ်မှာခိုလှုံပြီးနေရပေမယ့် သမီးလေးအတွက်ရော ဦးငယ်အတွက်ပါ သူမတတ်ထားသမျှပညာလေးနဲ့ပြုစုစောင့်ရှောက်ချင်သေးတာမို့ မသက်မာကိုပြန်ဆက်သွယ်ပြီး သစ္စာမှာပဲ စာရင်းကိုင်အလုပ်ပြန်ဝင်ခြင်းပင် ။ မမကြီးတို့ကတားချင်ပေမယ့် သူမရဲ့ဆန္ဒကိုဦးငယ်ကလိုက်လျောတာမို့ ဘာမှမတတ်နိုင်ကြပေ။ ဘာပဲပြောပြော တချိန်ချိန်မှာဝေဒနာသည်ဦးငယ်ဟာ သူမတို့ကိုချန်ထားခဲ့လျင် သမီးလေးတစ်ယောက်နဲ့သူမဘ၀ထပ်မံလှိုင်းထန်ပြန်ဦးမည်။ လာမည့်ဘေးကိုပြေးတွေ့တာအကောင်းဆုံးမို့ မရေရာသည့်အနာဂတ်ကိုမျှော်လင့်မနေတော့ဘဲ ကျရာအခန်းမှာသူမအရုပ်ထင်အောင်ကြိုးစားရမည်သာ။

“ခေါင်းကိုက်တယ်ဆို..လက်ဖက်သုတ်စားကြပြန်ဦးမလား”
လက်ဖက်သုတ်စားရန်ခေါင်းချင်းဆိုင်တိုင်ပင်နေကြသော သူမတို့တွေကို မသက်မာကပြောခြင်းဖြစ်သည်။
“ချိုသဲ တော့မစားဘူးအမ….ဟိုကောင်မလေးတွေကိုသုတ်ပေးမှာလေ..”
“ဟုတ်တယ် မသက်…သမီးတို့မချိုသဲလက်ရာကိုလွမ်းလို့လေ”
သူမအသားကျခဲ့ဖူးတဲ့သစ္စာဟာ သူမအတွက်ထာဝရနွေးထွေးသောနေရာတစ်ခုဖြစ်သည်။ ဘယ်အချိန်ဖြစ်ဖြစ် သစ္စာထဲကိုဝင်လိုက်သည်နှင့်မသက်မာနဲ့ညီမလေးတွေက သူမကိုအမြဲတမ်းကြိုဆိုလျက်ပင်။ ရှယ်ယာရှင်ဦးငယ်ဇနီးဖြစ်ပေမယ့် သူမကတော့အရင်ရာထူး ၊ အရင်နေရာမှာပဲနေဖြစ်ခဲ့သည် ။ မီးတစ်ဖက် ၊ ရေတစ်ဖက်ကိုင်ထားတဲ့လောကကြီးရဲ့ ရေတစ်ဖက်အကမ်းကိုသူမရင်မခုန်တာအဆန်းမဟုတ်တော့ပေ ။ အဆိုးပြီးတော့ အကောင်းလာ ပေမယ့် အဆိုးတွေတဖန်ပြန်လာခဲ့လျင် သူမခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ဌာနကညီမလေးတွေပျော်ပျော်ရွှင်ရွှင် လက်ဖက်သုတ်စားနေကြသည်ကိုမြင်တော့ အဆောင်မှာ ညီမလေးဖြူနှင့် ကောင်းကင်ကြီးကိုမော့ကြည့်ရင်းစိတ်အေးလက်အေး လက်ဖက်သုတ်စားခဲ့ကြသည့်အချိန်တွေကိုသတိရမိပြန်သည်။ အခုဆိုရင် ဖြူတစ်ယောက်ကျောင်းပြီးလို့ ဘယ်တွေရောက်နေလဲမသိ။ အလွတ်ရနေသေးတဲ့ ဖြူ့နံပါတ်လေးကို အားရင်တစ်ခေါက်လောက်ဆက်ပြီး အရင်လိုစိတ်အေးလက်အေးစကားပြောဦးမယ်လို့ တေးထားလိုက်မိပါတော့သည်။

ဖောင်းအိနေသော သမီးလေးပါးပေါ်မှာ သနပ်ခါးလေးလိမ်းပေးပြီး ပါးပါးကိုဖွဖွလေးနမ်းတော့ သမီးလေးက ခိုးခိုးခစ်ခစ်နဲ့ရယ်ပြသည်။
“မေကြီး ”
“ရှင့်”
“မီးမီးကိုချစ်လား..”
“များကြီးချစ်..”
“ဖေဖေ့ကိုရော…”
“အင်း..ချစ်တာပေါ့…”
“မီးမီးလည်းများကြီးချစ်..”
စကားတတ်သောအချွဲမလေးက မပီကလာပီကလာနဲ့ သူမကိုချွဲတော့ သူမတစ်ကိုယ်လုံးအရည်ပျော်ကျသွားမတတ်ပါပဲ။ ဦးငယ်ကိုဆိုလည်း တဖေဖေနဲ့ တစ်ချိန်လုံးလိုက်ချွဲနေတာမို့ သမီးလေးက အဖေ့အသဲကျော်။ အဒေါ်အပျိုကြီးတွေကိုလည်း ဦးငယ်ခေါ်သလို မမကြီး ၊ မမငယ်ဆိုပြီးလိုက်ခေါ်တော့ အဒေါ်တွေခမျာ နှလုံးပိတီဂွမ်းဆီထိကာ မီးမီးလေး မီးမီးလေးဆိုပြီး ပါးစပ်ကမချလောက်အောင်ချစ်ရှာကြသည်။ သစ္စာမှာရှယ်ယာဝင်ထားပေမယ့် သူမတို့နယ်မှာလုပ်ခဲ့တဲ့ ဆန်ပွဲရုံအလုပ်ကို ဦးငယ်ကထပ်လုပ်ချင်သေးတာမို့ ဆိုင်ခန်းကိစ္စတွေ ၊ ဂိုဒေါင်ကိစ္စတွေနဲ့အလုပ်တွေရှုပ်ကာ နေ့တိုင်းအိမ်ပြန်နောက်ကျစမြဲ။ ဒီနေ့လည်း ညရှစ်နာရီကျော်သည့်အထိပြန်မရောက်သေးသော ဦးငယ်ကိုသားအမိနှစ်ယောက်ထိုင်မျှော်နေကြခြင်းပင်ဖြစ်သည်။ အိမ်ရှေ့သို့ကားရပ်သံကြားတော့ သမီးလေးက “ဖေကြီး ပြန်လာပြီ” ဆိုပြီး အိမ်အောက်ထပ်ကိုဆင်းသွားတော့ သူမနောက်က အပြေးလေးလိုက်သွားမိသည်။ အဖေ့သမီးပီသသော သမီးလေးဟာ အရာရာကိုစိတ်မြန်လက်မြန်မို့ အမြဲလိုလိုသတိထားပြီးစောင့်ကြည့်ရသည်။ မတော်လို့ပြုတ်ကျသွားရင် သမီးထိခိုက်မိမှာစိုးသည့် မိခင်တစ်ယောက်၏စေတနာပင်ဖြစ်သည်။ သမီးလေးကိုချီရင်း ဦးငယ်နဲ့အတူအိမ်ပေါ်ကိုတက်လာလိုက်သည်။ ဖေချစ်သမီးလေးက အဖေ့မျက်နှာကိုမြင်လိုက်ရတော့မှ စိတ်ချလက်ချအိပ်ပျော်သွားတော့သည်။ ညနေထမင်းစားပြီးတည်းကအိပ်ငိုက်နေပေမယ့် “ဖေကြီး ပြန်လာမှအိပ်မယ်” ဆိုပြီး အဖေပြန်လာအောင်စောင့်နေရှာသောသနားစဖွယ်သမီးလေးပင်။

“ပင်ပန်းလိုက်တာ မိန်းမရာ…..တစ်နေကုန်တစ်နေခမ်းလျှောက်သွားနေရတယ်..”
“တစ်ခါတည်းအိပ်တော့မလို့လား လမ်းလေးဘာလေးလျှောက်ကြမယ်လေ…”
“ဟင်းအင်း မလျှောက်နိုင်တော့ဘူး အိပ်ငိုက်နေပြီ”
“စားပြီးပြီးချင်းအိပ်ငိုက်နေပြီ …ဒါကြောင့် ဦးငယ်ဗိုက်ပူကြီးဖြစ်နေတာ”
“ဟား ဟား ဟား”
ရေမိုးချိုးထမင်းစားပြီးသည်နှင့်ဦးငယ်တစ်ယောက်တခါတည်းအိပ်ရာဝင်ရန်အားယူနေမို့ သူမစလိုက်ခြင်းဖြစ်သည်။ တစ်နေကုန်တစ်နေခမ်းအလုပ်တွေလုပ်ထားရတာမို့ စားပြီးသောက်ပြီးသည်နှင့်အိပ်ရာဝင်ချင်သည်မှာမဆန်းပေ ။ သူမလည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တစ်နေ့တစ်နေ့ အလုပ်ထဲမှာစာရင်းတွေနဲ့လုံးချာလည် ၊ ပြန်လာရင် သမီးလေးကိုအချိန်ပေး နဲ့ ညစာစားပြီးသည်နှင့်အိပ်ငိုက်ချင်နေပြီဖြစ်သည်။ သမီးလေးဘေးနားမှာ အသာအယာဝင်လှဲကြရင်း အနည်းငယ်ညှိုးရော်နေသောဦးငယ်မျက်နှာကိုမြင်လိုက်ရသည်။
“ဦးငယ်..မျက်နှာမကောင်းပါလား ဘယ်လိုဖြစ်တာလဲ..”
“မဟုတ်ပါဘူးမိန်းမရာ ပင်ပန်းလို့ပါ”
“ မညာပါနဲ့ ဦးငယ်ရာ..ချိုသဲသိတာပေါ့ ”
“အင်း…အမှန်ပြောရရင် အစကနေပြန်စရတော့ ပင်ပန်းတာပေါ့မိန်းမရာ..မမကြီးတို့ဆီက ယူလို့ရပေမယ့် သူတို့အိုစာမင်းစာထဲက ပေးရတာလေ..ကိုယ်တော့ သိပ်အခွင့်အရေးယူသလိုခံစားရတယ်”
“ချိုသဲနားလည်ပါတယ် ဒါကြောင့်လဲ သမီးလေးကိုပစ်ပြီး ချိုသဲအလုပ်လုပ်နေတာလေ…မှင်တစ်စက်ကြောင့်ပင်လယ်မပြာနိုင်ပေမယ့် မှင်စက်ကလေးတွေအများကြီးစုပြီး ချိုသဲ ပင်လယ်ကိုပြာအောင်လုပ်ပေးချင်တယ်..”
“ချိုသဲစိတ်ဓာတ်ကို ကိုယ်သိပြီးသားပါ..ဒါကြောင့်လေ…ကိုယ်အခုရုန်းကန်နေတာ ကြိုးစားနေတာ…ကိုယ်မမာတဲ့အချိန်မှာ ချိုသဲတို့သားအမိရယ် မမကြီးတို့ရယ်ကို ငွေရေးကြေးရေးနောက်လှည့်ကြည့်စရာမလိုအောင်ထားခဲ့ချင်တယ်..”
“ဦးငယ်ရယ်…”
နွေးထွေးလုံခြုံလှသောဦးငယ်ရင်ခွင်ထဲကိုတိုးဝင်ရင်းသူမအင့်ခနဲရှိုက်ငိုမိသည်။ ကျေးဇူးတရားအရာမှာရော ၊ မေတ္တာတရားအရာမှာပါ သူအပေါ်မှာအစစအရာရာဖြည့်စည်းပေးသော ဦးငယ်ရယ်လေ။ ဘယ်အခြေအနေ ဘယ်ဘ၀ပဲရောက်ရောက် ဦးငယ်ရဲ့မေတ္တာစေတနာတွေကိုသူမကျေးဇူးတင်နေမိမှာပါ ။

“ညီမလေး”
“ဟယ်…..မမ….မမချိုသဲမလားဟင်…ဖြူဝမ်းသာလိုက်တာ”
တနလာင်္နေ့ဆိုရင်သမီးလေးကိုမူကြိုစထားတော့မှာမို့ သူမတို့မိသားစု တော်ဝင်စင်တာမှာ ကလေးပစ္စည်းလာဝယ်တုန်း မမျှော်လင့်ဘဲဖြူနှင့်တွေ့ကြခြင်းဖြစ်သည်။
“ညီမလေး ပိုလှလာတယ်…ကြည့်စမ်း ဆံပင်တွေလည်းအရှည်ကြီးဖြစ်နေပြီ..”
“ဟုတ်တယ်…မမရောပဲ..ပိုလှလာတယ်..ဟယ်..မမသမီးလေးလား..ပါးလေးကိုဖောင်းနေတာပဲ..ချစ်လိုက်တာ”
သွက်လက်လွန်းသည့်ဖြူက သမီးလေးကို ချီလိုက်တာ တရွှတ်ရွှတ်နမ်းလိုက်ပါတော့သည်။
“ဦးငယ် ဒါ ချိုသဲအရင်အခန်းဖော်လေ… ဖြူစင်လင်းတဲ့ဖြူ ဒါက မမရဲ့ဦးငယ်လေ..”
“ဟုတ် ဦးငယ်..တွေ့ရတာဝမ်းသာပါတယ်… ဒါနဲ့ မမသမီးလေးနာမည်က”
“မြတ်နိုးမောင် ညီမလေး..မီးမီးလို့ပဲခေါ်ကြတယ်..”
“အော်..ဟုတ်လား မမသမီးလေးက ချစ်စရာကောင်းလိုက်တာနော်…”

စကားလက်စမပြတ်တော့မှာကိုသိနေသော ဦးငယ်က အလိုက်တသိဖြင့်ပြောလာပါသည်။

“ချိုသဲ စကားပြောချင်ရင်ပြောကျန်ခဲ့လေ…ကိုယ် သမီးနဲ့ပဲ အပေါ်တက်ဝယ်လိုက်တော့မယ်”

“ရပါ့မလား ဦးငယ်..”
“ရပါတယ်ဗျာ..သမီးစိတ်ကြိုက်ရော မိန်းမစိတ်ကြိုက်ပါဝယ်လာခဲ့မယ်..ဟုတ်ပြီလား”
“ပြန်လာရင်ဖုန်းဆက်နော်…”
“အင်း..အင်း”
ဦးငယ်က သူမနဲ့ဖြူ့ကိုထားရစ်ခဲ့ပြီး သမီးလေးနဲ့ ဈေးဝယ်ဖို့ထွက်သွားတာမို့ သူမနဲ့ဖြူတို့ နီးစပ်ရာ ကော်ဖီဆိုင်တစ်ဆိုင်ကိုဝင်လိုက်ကြသည်။
“ကဲ ညီမလေး ဘာတွေလုပ်နေလဲပြောပါဦး”
“မမရယ်…မမကလေအရင်အတိုင်းပဲသိလား ဖြူဖြင့်သိပ်လွမ်းတာပဲ..”
“မမရောပဲလေ…. ညီမလေးကိုသတိရပါတယ် ဒါပေမယ့်မိသားစုကိစ္စတွေနဲ့မို့လို့သာ မဆက်သွယ်ဖြစ်တာ”
“ဖြူနားလည်ပါတယ်မမ.. ဖြူက အခု ဂုဏ်ထူးတန်းတက်နေတာ မမ…။ မာစတာကတော့ အော်ဇီမှာဆက်တယ်မှာမမ… ဖြူ့အကိုနဲ့ သြစီကိုသွားကြမလို့လေ…အကိုကတော့ ဘာလုပ်မလဲမသိသေးဘူး ဖြူတော့ ကျောင်းနဲ့သွားမှာ”
“ကောင်းတယ် ညီမလေးရယ်…ပညာရေးမှာထွန်းပေါက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူး အချိန်ရော ငွေပါအကုန်ခံနိုင်မှ”
“ဟုတ်တယ်မမ ဖြူကလေ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ စာတွေသင်ပြီး research တွေလုပ်ပြီး အေးအေးချမ်းချမ်းနေချင်တာ  ”
“၀မ်းသာတယ်ညီမလေးရယ်… ညီမလေးက ကံကောင်းတယ်..ကြိုးစားကြိုးစား”
“ဖြူ့အကြောင်းခဏထားဦး… မမအကြောင်းပြောဦး..ဟိုတလောက မုန်တိုင်းတိုက်တော့ဖြူစိတ်ပူနေသေးတယ် ဒါပေမယ့် စာမေးပွဲတွေနဲ့နပန်းလုံးနေလို့ဖြူမခေါ်ဖြစ်တာ..ခုမှစာမေးပွဲပြီးလို့ အပြင်ထွက်နိုင်တာလေ…”
“အင်း.. မုန်တိုင်းတိုက်တာ မမတို့တစ်မြို့လုံးကုန်သွားတယ်….ဆန်ပွဲရုံငါးရုံနဲ့ရှိသမျှအကုန်ပါသွားတယ် အိမ်လည်းမရှိတော့ဘူး မြေနေရာတွေဘာတွေကိုတော့ အားလုံးနေသားကျပြီးမှ တစ်ခေါက်ပြန်ပြီး စီစဉ်ကြမလို့လေ..လောလောဆယ် မမတို့ဦးငယ်အမတွေနဲ့နေကြတယ်..ရှိသမျှရေထဲပါသွားတာပေါ့ညီမလေးရယ်..”
“အို…စိတ်မကောင်းလိုက်တာမမရယ်..ဖြူဖြင့်အဲလောက်ကြီးဖြစ်မယ်မထင်မိဘူး”
“မမတို့က အများကြီးတော်ပါသေးတယ်ညီမလေးရယ်…. သေသွားတဲ့လူတွေမနည်းမနောပဲ…နယ်ဆိုတော့ဆင်းရဲတဲ့သူတွေ ၊ ကျောထောက်နောက်ခံမရှိတဲ့သူတွေ ဘ၀ပျက်ကြတာမနည်းမနောပဲ  မမတို့လည်းအဲဒီဘက်ကိုပြန်အခြေချဖို့မစဉ်းစားရဲတော့ဘူး နောက်တစ်ခါဆိုတာ မတော်လို့ဖြစ်လာခဲ့ရင် တကယ်ပဲဘ၀ပျက်ရလိမ့်မယ်..”

“တီ တီ တီ…”
“ညီမလေး ခဏလေးနော်…”
သူမတို့စကားကောင်းနေစဉ်မှာပဲ ဦးငယ်ဆီကဖုန်းဝင်လာတာမို့ဖုန်းဝင်လာတာမို့ ဖုန်းကိုကောက်ကိုင်လိုက်သည်။
“ဦးငယ် ပြန်လာပြီလား”
“ဟယ်လို… အမ…အမ…အပေါ်ထပ်က child corner ကိုအမြန်ဆုံးလာခဲ့ပါ”
“ရှင်..ဘာဖြစ်လို့လဲမသိဘူး…ဘယ်လိုလုပ်ပြီး ဦးငယ်ဖုန်းကိုခေါ်ရတာလဲ ဦးငယ်ရော..သမီးလေးရော..”
“အမ သိချင်တာတွေနောက်ထားပြီး child corner ကိုအမြန်ဆုံးလာခဲ့ပါ..”
“လာပြီ.. ကျွန်မအခုတက်လာပြီ…”
စိုးရိမ်စိတ်ကငယ်ထိပ်ထိဆောင့်တက်လာပြီး ဖုန်းကိုချပစ်လိုက်ကာ ဖြူ့လက်ကိုဆွဲရင်း စက်လှေကားပေါ်ကို ပြေးတက်လိုက်သည်။ သမီးလေးတစ်ခုခုများဖြစ်သွားလို့လား ။ ကလေးက တအားဆော့တော့ ပြုတ်များကျသွားလားမသိ။
“မမ..မမ ဘာဖြစ်တာလဲဟင်..ဘာဖြစ်လဲ…”
“မသိသေးဘူး..child corner ကိုသွားမှာ..သမီးလေး ဘာများဖြစ်လဲမသိဘူး”
child corner ကိုရောက်တော့ လူတွေအစုလိုက်အပြုံလိုက်အုံခဲနေကြသည့်အပြင် သမီးလေးငိုသံပါကြားတော့ သူမအဝေးကနေလှမ်းအော်လိုက်သည်။
“ကျွန်မသမီးလေးပါ..သမီးလေးဘာဖြစ်လို့လဲမသိဘူး..ဦးငယ် ဦးငယ်..သမီးလေးဘာဖြစ်လို့လဲ..”
သူမအော်သံကြောင့်လူတွေလမ်းဖယ်ပေးကြပြီး သမီးလေးရှိရာသို့လှမ်းအလာမှာ..သူမမြင်လိုက်ရတာကတော့…

ဦးငယ်ဖုန်းကို ကိုင်ထားသောလူတစ်ယောက် ၊ ကြောက်လန့်တကြားငိုနေသောသမီးလေး နဲ့…..သွေးအိုင်ထဲမှာလဲနေသော ဦးငယ်

ဆက်ရန်



8 thoughts on “နှုတ်ဆက်ရွက်ကြွေ(၅)”

  • ဆုမြတ်ရေ ဦးငယ်ကသွေးအိုင်ထဲလဲနေတော့ ဘာများဖြစ်မယ်မသိ။ ရှေ့ဆက်ဘယ်လိုဖြစ်မယ်ဆိုတာအရမ်း
    သိချင်နေပြီ။ စောင့်နေမှာနော်။

  • ဖတ်ရင်းနဲ့ကိုယ်တိုင်ကြုံရသလို..စာထဲမျောပါနေမိတယ်..ခြေရာမချန်ဖြစ်ပေမဲ့အမြဲဝင်ဖတ်အားပေးနေပါတယ်။

  • ဖတ်နေရင်းနဲ့ တကယ်ပဲ ဇာတ်လမ်းထဲမှ မျောပါသွားမိအောင် သရုပ်ဖော်ရေးသွားနိုင်တယ်နော်..။ နောက်အပိုင်းတွေလည်း စောင့်မျှော်နေမယ် ဆုမြတ်ရေ ….

  • ဆုမြတ်ရေ
    သုတ်သုတ်လာ..သုတ်သုတ်ဖတ်သွားပြီး ဒီတစ်ခါတော့ ကောမန့်ချန်ခဲ့ပြီ ။ စောင့်ဖတ်နေပါတယ်။

    pifpif

  • မလေး- ရှေ့အပိုင်းမှာဇာတ်သိမ်းမှာမို့ စောင့်အားပေးပါဦးနော်

    ritcivil84singapore – အမြဲလာအားပေးတာကျေးဇူးတင်ပါတယ် ။ ခြေရာလေးတွေချန်ခဲ့တဲ့အတွက်လည်းပိုအားရှိမိပါတယ်

    မတိမ်လွှာ- ရှေ့အပိုင်းမှာဇာတ်သိမ်းမှာပါး) အမြဲတမ်းခြေရာလေးတွေချန်တဲ့အတွက် ကျေးဇူးတင်နေတာပါ

    ပစ်ရယ်..- နောက်တစ်ခေါက်လည်းသုတ်သုတ်လာနော်…း) ဇာတ်သိမ်းတော့မို့

    မတန်ခူး- ညီမလည်းပျော်စေချင်ပါတယ်..ဒါပေမယ့် ..ရှေ့တပိုင်းမှာဇာတ်သိမ်းမှာမို့ဖတ်ပေးပါဦးနော် ။

    အားလုံးကိုကျေးဇူးတင်လျက်
    ချစ်တဲ့
    ဆုမြတ်

  • ညီမလေး နှတ်ဆက်ရွက်ကြွေ ဇတ်သိမ်း ရှာလို့မရဘူး

  • ညီမလေးရေ နှတ်ဆက်ရွက်ကြွေ ဇတ်သိမ်း ရှာလို့မရဘူးနော်

Leave a Reply

Your email address will not be published.