နှုတ်ဆက်ရွက်ကြွေ(၄)

တီ..တီ..တီ..တီ

နှိုးစက်မြည်သံကိုကြားသည်နှင့် ကျင့်သားရနေတဲ့မျက်ဝန်းတွေက အလိုလျောက်ပဲပွင့်လာခဲ့သည်။ နောက်ကျမှသွားလို့ရသော်လည်း အခွင့်အရေးကိုအပြည့်အ၀မယူချင်သောစိတ်နဲ့အတူ အိပ်ရာမှထကာ ရေချိုးရန်ထလာလိုက်သည်။ ညနက်အောင်အထိ စာလုပ်ထားသောဖြူကတော့ အိပ်မောကျတုန်း ။  မနက်ဖြန်ဆိုရင်ဘာလုပ်ရမလဲဆိုတဲ့ အတွေးက ခေါင်းထဲကိုမခေါ်ဘဲဝင်ဝင်လာသည်။ ဒီနေ့ဟာ သူမအတွက် အလုပ်ထဲမှာနောက်ဆုံးရက်ဖြစ်သလို မကြာခင်မှာလည်း နှစ်ရှည်လများနေလာခဲ့ဖူးတဲ့ ဒီအဆောင်ကိုချန်ထားခဲ့ပြီး ဦးငယ်နဲ့အတူ ဘ၀သစ်တစ်ခုကိုစတင်လျှောက်လှမ်းရတော့မည်။ ပြင်ဆင်ညှိနှိုင်းခဲ့သောအချိန်တွေဘယ်လောက်ရှိရှိ တကယ်တမ်းရင်ဆိုင်ရတော့မှာမို့ သူမစိတ်လှုပ်ရှားမိသည်။ ဘ၀ရဲ့လှိုင်းတွေက ခပ်ကြမ်းကြမ်းရိုက်ခတ်ဖူးလေတော့ ခိုင်မြဲလှပါတယ်ဆိုတဲ့ ကျောက်ဆောင်တောင် လေလာတိုင်းလှိုင်းများလားလို့တုန်လှုပ်စမြဲမဟုတ်လား…ရှေ့လျှောက်ရမယ့်လမ်းတွေကို ချောချောမောမောနဲ့လျှောက်လှမ်းနိုင်ပါ့မလားဆိုတဲ့ သံသယတွေနဲ့အတူ စိုးရွံ့နေမိပြန်သည်။ “ကံဇာတာရယ် တစ်ခါတော့အလှည့်ပေးပါနော်” လို့သာသီချင်းလေးညည်းလိုက်ချင်ပါတော့သည်။

“ငါတော့ဘာပြောလို့ပြောရမှန်းတောင်မသိတော့ဘူး ဒါပေမယ့် ငါတို့တွေသတိရနေမှာပါဟာ..ပြီးတော့ နင့်နေရာမှာလုပ်မယ့်တစ်ယောက်လည်း ဘာတွေတလွဲလုပ်ဦးမလဲမသိဘူး”
တကယ်တမ်းလည်းခွဲခွာရမယ်ဆိုတော့ သံယောဇဉ်အဖွဲ့အနှောင်တွေက ခပ်တင်းတင်းလည်းချည်လို့..။ မသက်မာရဲ့ဝမ်းနည်းစကားတွေ၊ အလုပ်ထဲက သူငယ်ချင်းတွေရဲ့နှုတ်ဆက်စကားတွေကြားတော့ သူမစိတ်မခိုင်ချင်။
“ချိုသဲလည်းအားလုံးကို သတိရနေမှာပါ..”
“သူဌေးကတော်ဖြစ်တော့မှ သွေးမကြီးသွားနဲ့နော်” လို့နောက်တဲ့သူကနောက်ကြသေးသည်။ သူမ မက်မောသည်မှာ သူဌေးကတော်ဆိုသောဂုဏ်ပုဒ်လည်းမဟုတ် ၊ ဘ၀၏ပြည့်စုံကြွယ်ဝခြင်းလည်းမဟုတ် ။ တကယ်တော့ သူမကျေးဇူးတရားရယ် ၊ မေတ္တာတရားရယ်ကိုသာမက်မောတတ်ခဲ့တာပါ ။ ယူတတ်မယ်ဆိုရင် လိုချင်သလောက်ရနိုင်တဲ့ဦးငယ်ဆီကစွန့်ကြဲခြင်းတွေ .. သူမမှာ အခုထိတစ်ကိုယ်ရည်စာအသုံးအဆောင်အချို့ကလွဲရင် ပိုင်ဆိုင်ပစ္စည်းဆိုလို့ ဘာဆိုဘာမှမရှိခဲ့ ။ လမ်းကြောင်းမှန်တစ်ခုကိုမယိုင်မလဲအောင်ပံ့ပိုးပေးတဲ့ ကျေးဇူးတရားနဲ့တင် သူမကျေနပ်ခဲ့သည် ။ ရှေ့လျှောက်ပြီးတော့လည်း သူမကို မကြည်ဖြူသောအသိုင်းအ၀ိုင်းထဲကို မည်သို့မည်ပုံဝင်ရောက်ရမည်မှန်း သူမမသိ ။ စေတနာကိုအရင်းပြုခဲ့တဲ့ခရီးတစ်ခုအတွက်ရောင်ပြန်သောစေတနာတွေရှိလာမှာပါဟုသာ ရင်နှင့်ရင်းပြီးယုံကြည်နေမိသည်။

မသက်မာပေးလိုက်သော ကျောက်စီပန်းချီကားကို ကုတင်ပေါ်ကိုအသာအယာတင်ပြီး အ၀တ်အစားလဲကာ အိပ်ရာပေါ်မှာပက်လက်ကလေးလှဲနေမိသည်။ ဖြူ့ကိုကြည့်လိုက်တော့ တကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတာမို့ နှုတ်ဆက်စကားလေးဆိုပြီး ငြိမ်ငြိမ်သက်သက်လေးလှဲနေမိခြင်းပင် ။
“မမ ဖြူဘာလုပ်နေလဲသိလား”
“မသိဘူးလေ ညီမလေး ကျောင်းကလုပ်ခိုင်းတာလား”
“အို ပေါက်ပေါက်ရှာရှာ ဖြူတို့ ကျောင်းမှာ ဒါမျိုး craft တွေမလုပ်ခိုင်းပါဘူး….. ဖြူက မမအတွက် hand made လက်ဆောင်လေးလုပ်နေတာလေ..ပြီးမှပြမယ်နော်..”
“အယ်..ညီမလေးကလည်း ပင်ပန်းပါတယ်…မလုပ်ပါနဲ့…ဘာလက်ဆောင်မှမလိုပါဘူးဟယ်..”
“မဟုတ်ဘူးလေ မမရယ်… ဖြူလေ မမကိုတကယ်ကျေးဇူးတင်တာသိလား….ဖြူ့အကိုကလည်းမမကိုကျေးဇူးတင်နေတာ.. မမကြောင့် ဖြူဘုရားမှန်မှန်ရှိခိုးဖြစ်တယ် ၊ မမချက်ကျွေးလို့ထမင်းဟင်း အချိန်မှန်စားဖြစ်တယ် ၊ မမကြောင့်အချစ်ဆိုတာရော ၊ ဘ၀ဆိုတာပါသိလာတယ်လေ….”
“အမယ်…တယ်ဆိုတဲ့စာပါလား ကပ်ချွဲနေတာသိပါတယ်နော်..”
ထမင်းချက်ဖို့ပျင်းတဲ့ဖြူ့ကို ညဘက်ထမင်းမှန်မှန်စားဖြစ်အောင် သူမအမြဲတမ်းဟင်းတွေချန်ထားတတ်ခဲ့သည်။ အဆောင်သူချင်းမို့လို့ ကိုယ်ချင်းစာတာတကြောင်း ၊ သူမအတွက်လည်းဖြူ့တစ်ယောက်စာက အပန်းမကြီးတတ်တာမို့ အမြဲလိုလိုဟင်းတွေပိုချက်ဖြစ်ခဲ့သည်။
“ဟုတ်တယ်မမရဲ့တကယ်ပြောတာ… ခုလေ..ဖြူစိတ်ပူတယ်သိလား ဖြူ့နောက်အခန်းဖော်က ဘယ်လိုနေမလဲမသိဘူး”
“ကိုယ့်ဘက်ကစိတ်ရင်းအတိုင်းနဲ့သာဆက်ဆံရင် အဆင်ပြေပါတယ် ညီမလေးရယ်..မိဘအိမ်မှမဟုတ်တာ အနည်းအကျဉ်းတော့ သည်းခံသင့်တာသည်းခံရမှာပေါ့လေ…”
“ဟုတ်မမ..”
“ဒါနဲ့ညီမလေးရယ်.. ဒီညတို့နှစ်ယောက်လက်ဖက်သုတ်စားရအောင်..မမကိုဆိုင်က လက်ဆောင်တွေပေးလိုက်ကြတယ်လေ….”
ုဖြူက လက်ဖက်သုတ်ကြိုက်တတ်တာမို့ ငြင်းတောင်မငြင်းနိုင် ။ တစ်ခါတည်းကိုစားမယ်ဟုတန်းပြောလိုက်သည်။ ဘာပဲပြောပြော ဒီလိုညတွေဟာ နောက်တစ်ချိန်မှာ ရနိုင်ခဲတာမို့ ရင်ဘတ်တူချင်းဝေမျှဖို့ သူမရော ဖြူပါ အဆင်သင့်ဖြစ်နေခဲ့သည် ။

“ဆီများသွားသလားမမ”
လက်ဖက်ပန်းကန်ကို သူမရှေ့မှာချရင်းဖြူကဆိုလိုက်သည်။ ပါးပါးလှီးထားသောဂေါ်ဖီထုတ် ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီး ၊ ပဲစုံပါသည့်အပြင်နံနံပင်လေးပါလှီးထည့်ထားတာမို့ ဖြူ့လက်ဖက်သုတ်လေးက စားချင်စဖွယ်..။
“ဖြူကတော့လေ..လက်ဖက်သုတ်ကိုနံနံပင်ထည့်စားရတာ ပိုကြိုက်တယ်..မမမကြိုက်ရင်ထပ်သုပ်ပေးမယ်နော်..”
“ရတယ် ညီမလေး… အဆင်ပြေတယ်..ရေနွေးကြမ်းသောက်ဦးမလား”
“နေ..နေ မမ ဖြူလုပ်ပေးမယ်”
ဖြူက ရေနွေးကြမ်းအပြင် ကြက်သွန်ဖြူတွေပါယူလာတာမို့ သူမတို့လက်ဖက်သုတ်ဝိုင်းက ပိုပြီးမြိုင်ဆိုင်သွားသည်။
“စားဦး မမ”
ဖြူ့လက်ရာလက်ဖက်သုတ်လေးက ဆိမ့်ဆိမ့်လေးနဲ့စားလို့ကောင်းလှပါသည်။ နံနံပင်လေးပါထည့်ထားတာမို့အရသာကတမျိုးလေး ။ အသီးအရွက်အစုံအလင်လည်းပါတာမို့ စားလို့မြိန်လိုက်သည့်ဖြစ်ခြင်း။
“ကောင်းလိုက်တာ ညီမလေးရယ်..မမတော့လွမ်းနေမှာပဲ”
“ဟင့် ဖြူက ပိုလွမ်းရမှာပါ… မမက နယ်ရောက်သွားရင် ဦးငယ်နဲ့ပျော်နေမှာ… ဖြူ့မှာသာ တစ်ယောက်တည်း…ပြီးတော့ ထွက်သွားသူနဲ့ ကျန်ရစ်သူမှာ ကျန်ရစ်သူက ပိုလွမ်းရတယ်တဲ့….”
“ထွက်သွားသူကလည်း နှုတ်ဆက်ချန်ခဲ့ရတာ ဘယ်လောက်ခက်ခဲမလဲ ညီမရယ်…”
သူမတိုးတိုးတိတ်တိတ်ပြောလိုက်တော့ ဖြူတစ်ယောက်နှုတ်ဆိတ်လို့…။ မနက်မိုးမလင်းခင်ကနေ လှုပ်ရှားတက်ကြွနေခဲ့သောသူမတို့ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်လို့ ။ ပြာလဲ့ကြည်စင်သောကောင်းကင်ဟာ လမရှိပေမယ့် ကြယ်စင်အလင်းတွေနဲ့ပဏာရနေသည်။ ညကနက်လာသလို ခံစားချက်တွေနက်လာခဲ့သည်။ ခုနစ်စဉ်ကြယ်ဟာ အမြီးလေးကိုကောက်လို့…..။
“မမက ဟိုတစ်ယောက်အပေါ်တကယ်စိတ်ပြတ်သွားခဲ့ပြီပေါ့နော်..”
ဖြူပြောတဲ့ဟိုတစ်ယောက်ဆိုတာ ကောင်းဇင်ကိုရည်ရွယ်မှန်း နာမည်ထုတ်မပြောလဲ သူမသိနေခဲ့သည်။ ပြီးဆုံးခဲ့သောအကြောင်းအရာတွေအသစ်ဖြစ်ချင်စိတ်သူမမှာမရှိ ။ ဒါပေမယ့်…..
“မမနဲ့မဆိုင်ခဲ့တာကြာလှပြီ ညီမလေးရယ်..”
“ဟုတ်တယ်နော်..ပြတ်သားတုန်းကလည်းသူပဲနော်..ခုတော့မမကိုအမြဲဖုန်းဆက်တော့ဘယ်လိုနေလဲဟင်..”
“ကောင်းဇင်ဟာ သူ့စိတ်ကိုမမလောက်တောင်နားမလည်ဘူး..ယောက်ျားတစ်ယောက်ရဲ့အတ္တပေါ့ညီမရယ်..မမကတော့သူနဲ့ပက်သက်ချင်စိတ်မရှိတော့ဘူး”
“စိတ်က မရှိပေမယ့် နှလုံးသားကရော……”
နှလုံးသားရဲ့အခန်းကဏ္ဍကိုသူမလျစ်လျူရှုနေခဲ့တာကြာပြီ ။ တချိန်တခါတုန်းက ဇိုးခနဲဇတ်ခနဲခုန်တတ်ခဲ့တဲ့ နှလုံးသားကြောင်းတွေ၊ အမည်မသိသောခံစားချက်တွေကိုမွေးဖွားစေတဲ့အပြုံးနုနုတွေ ၊ သွားတက်ကလေးတွေဖွေးခနဲပေါ်အောင်ရယ်တတ်တဲ့ ကြည်လင်သောအပြုံးတွေရယ်…….တကယ်တော့ ဒိုင်ယာရီစာမျက်နှာဟာ မျက်ရည်တွေကိုအိုင်ထွန်းစေတယ်ဆိုရင် သူမပြန်မလှန်တာပဲအကောင်းဆုံးမလား ။ ဟင့်အင်း..သူမအပြုံးနုနုလေးတွေကိုတမ်းတနေတုန်းပဲ ။ အေးမြသောမျက်ဝန်းအစုံကိုမြင်ယောင်နေတုန်းပဲ ။
“ကောင်းဇင်ကို တစ်နေ့ပြန်လာနိုးနိုးနဲ့ မမမျှော်လင့်နေခဲ့ဖူးတယ်…အပြစ်မမြင်လောက်အောင်အထိ နားလည်နေခဲ့ဖူးတယ်..သူ့သတင်းတွေကိုနားစွင့်ပြီးသူ့ကိုစောင့်နေခဲ့ဖူးတယ်  ဒါပေမယ့် သူပြန်မလာခဲ့ဘူး ”
“သူ လုံးဝအဆက်သွယ်မလုပ်တာလား မမ”
“ဟုတ်တယ် ညီမလေး…တစ်နေ့ပြန်လာနိုးနဲ့မျှော်လင့်တဲ့သူသာ မောတယ်လေ..နောက်ဆုံးတော့ နာကျည်းစိတ်ကအနိုင်ရသွားခဲ့တယ် ပြန်မလာတဲ့သူကိုမမခွင့်မလွှတ်တော့ဘူး…. ”
“သူ့ဘက်က ဘယ်လိုအခက်ခဲတွေရှိလဲ မမသိလို့လားဟင်…သူ့မှာလည်းအခက်ခဲတွေရှိနိုင်တာပေါ့”
“သူ့မှာ ဘာမှပြသနာရှိမနေခဲ့ဘူး ညီမလေး သူ့အတ္တတွေကပဲ သူ့ကိုအနိုင်ယူသွားတာ… တကယ်လို့သူသာမမကိုတကယ်ချစ်ရင် ညှိနှိုင်းယူရမယ်လေ…တကယ်တမ်းမြတ်နိုးရင် ဘာပဲဖြစ်ဖြစ်ပြန်လာရမယ်လေ..”
“ခု သူပြန်လာတယ်လေ မမ”
“သူ မမကိုချစ်လို့ပြန်လာတယ်ထင်လား……သူ့အတ္တတွေအတွက်ပြန်လာတာ..သူ့ရင်ဘတ်ထဲက အတ္တတွေအတွက်ပြန်လာတာ”
“ဘယ်လို… ဖြူနားမလည်လို့..”
“သူ့ရင်ဘတ်ထဲမှာ သူမပေးထားတဲ့ မမဆိုတဲ့နေရာသေးသေးလေးတစ်ခုရှိနေသေးတယ်..အဲဒီနေရာကိုဆုံးရှုံးရမှာစိုးတယ်ဆိုတဲ့ အတ္တတစ်ခုကလည်းရှိနေသေးတော့ ဒွိဟဖြစ်တဲ့စိတ်နဲ့အတူ မမကိုပြန်ဆက်သွယ်တာ…တကယ်လို့မမသာ ဦးငယ်နဲ့လက်မထပ်ဖြစ်ဘူးဆိုရင် သူပြန်လာချင်မှပြန်လာမှာ..ရှင်းရှင်းပြောရရင် သူမလိုချင်တဲ့မိန်းမတစ်ယောက်ကို သူများလက်ထဲကိုထည့်ရဖို့ စိုးရွံ့နေတဲ့ သူ့အတ္တအတွက်ပြန်လာတာ….”
“ဟင်… ဖြူဘယ်လိုမှမထင်ထားတဲ့ကိစ္စပဲ…”
“ဒါကြောင့် မမပြောတယ်လေ…ကောင်းဇင်စိတ်ကိုမမက ကာယကံရှင်ထက်တောင်ပိုသိနေတယ်ဆိုတာ.. ကောင်းဇင်က သိပ်အတ္တကြီးတယ် ညီမလေး”
“ဒါပေမယ့် မမဆိုတဲ့အတ္တနေရာလေးသူ့ရင်ထဲမှာရှိနေသေးတယ်…ပြီးတော့ မမကလည်း ဖြူ့ကိုစိတ်တော့မဆိုးပါနဲ့ ကျေးဇူးတရားကြောင့်သာ ဦးငယ်ကိုယူရတာမလား…..ဦးငယ်က မမမယူချင်ဘူးဆိုရင် ဘယ်အတင်းလုပ်ပါ့မလဲ.. ပြန်ညှိကြည့်ပါဦးလား ငယ်ချစ်ဆိုတဲ့သံယောဇဉ်ဟာ တော်တော်လေးကိုလေးနက်မှန်းဖြူသိပါတယ်..”
“ကောင်းဇင်ရဲ့အတ္တနဲ့မမရဲ့ခံစားချက်တွေကိုမပေါင်းလိုတော့ပါဘူးညီမရယ်…..နေသားကျနေတဲ့ကိစ္စတစ်ခုကိုထပ်ပြီးဘာမှမလုပ်ချင်တော့ဘူး…..ကံစီမံရာအတိုင်းပေါ့”
ပြတ်သားခိုင်မာသောဆုံးဖြတ်ချက်ကို ဘယ်လိုမှမပြင်နိုင်မှန်းသိသွားသောဖြူကလည်းသူမအပေါ်မှာတိုက်တွန်းစကားထပ်မဆိုတော့ပေ ။
“ဖြူကလေ…ချစ်သူတိုင်းကိုညားစေချင်တာ”
ချစ်သူတိုင်းတာပေါင်းရစတမ်းဆိုရင် “ချစ်တိုင်းလည်းမညား” ဆိုတဲ့စကားပုံတွေဘယ်ပေါ်လာမလဲညီမလေးရယ် ဆိုတဲ့စကားကိုတော့ သူမထုတ်မပြောဖြစ်ခဲ့ ။ ချစ်တိုင်းလည်းမညားတဲ့ဇာတ်လမ်းတွေဟာ သူမပတ်ဝန်းကျင်မှာ ပေါများလွန်းလို့ အရေထူနေပြီဖြစ်ကြောင်း ဆယ်ကျော်သက်မလေးမသိနိုင်ရှာ။

အသဲပုံဖော်ထားသော coffee lattae ခွက်ကလေးကို ဇွန်းနဲ့မွှေလိုက်ပြီး ခုချိန်ထိပေါ်မလာသေးသော ကောင်းဇင်ကိုထိုင်စောင့်နေမိသည်။ မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့နောက်ဆုံးတွေ့ခွင့်ပေးဖို့ ကောင်းဇင်တောင်းဆိုလို့ စိမ်းလန်းစိုပြည်က Zypher ကို သူမရောက်နေခြင်းပင် ။ ထုံးစံအတိုင်းချိန်းထားတဲ့အချိန်ထက် နောက်ကျမှရောက်မည်ဖြစ်သောကောင်းဇင်အကြောင်းကိုသိသိကြီးနဲ့ စောထွက်လာမိတဲ့ကိုယ့်ကိုကိုယ်အပြစ်တင်ရမလား ။ သူမဒီကိုရောက်နေတာ တစ်နာရီနီးပါးခန့်ရှိခဲ့ပြီး ။ကောင်းဇင်ကတော့ ပေါ်မလာသေး ။ စောင့်စားခဲ့ဖူးသောနေ့ရက်တွေအကြောင်းကို သတိရသလိုလိုဖြစ်လာပေမယ့်ခေါင်းထဲကနေထုတ်ပစ်လိုက်သည်။ အဟောင်းတွေအသစ်မဖြစ်သင့်တော့ဘူးလေ။
“စောင့်ရတာကြာသွားလား ဆောရီး..လမ်းမှာကားကြပ်နေလို့ဟ..”
“တစ်နာရီလောက်တော့ရှိသွားပြီ နင်နောက်ကျမှာငါသိသားပဲ”
“အေး…ငါတစ်ခုခုမှာလိုက်ဦးမယ်ဟာ ဗိုက်တော်တော်ဆာနေပြီ…”
menu ကိုကြည့်ပြီး ကောင်းဇင်က စားစရာသောက်စရာတွေကိုမှာနေရင်း သူမကိုလှမ်းမေးလိုက်သည်။
“ဘယ်လိုလဲ..နင်အဆင်ပြေရဲ့လား”
“ငါလား ပုံမှန်ပါပဲ..နင်ကရော..”
“အင်း အဆင်ပြေပါတယ်လေ..ဟိုက ငါ့သူဌေးက ငါ့ကိုအားကိုးတယ်လေ..ခု ဒီမှာရုံးခွဲဖွင့်ဖို့ကိစ္စအတွက်နဲ့ ငါ့ကိုလွှတ်လိုက်တာလေ.. အလုပ်တစ်ဖက်နဲ့ပေါ့ဟာ..”
“အင်း..ကောင်းပါတယ်.. ဒါနဲ့နင်ကျောင်းဆက်မတက်ဖြစ်ဘူးလား”
“ငါ အဲဒီမှာ ကျောင်းဆက်တက်ဖြစ်တယ် ငါ့ဦးလေးထောက်ပံ့လို့ပေါ့ဟာ…မဟုတ်ရင်မလွယ်ဘူး”

 ထောက်ပံ့သည်ဆိုသောစကားတစ်ခွန်းနဲ့အတူ စကားဝိုင်းလေးက ရုတ်တရက်ခြောက်ကပ်သွားသည်။ ဒီလူနှစ်ယောက်ကြားမှာ ထောက်ပံ့ခြင်းဟူသောစကားနဲ့ပက်သက်လို့ပြောစရာ ၊ ဖြေရှင်းစရာတွေအများကြီးရှိနေပေမယ့် မသိချင်ယောင်မျက်နှာလွှဲဖြစ်လိုက်သည်။

“အင်း  နင်အဆင်ပြေတာဝမ်းသာပါတယ်…. ဒါနဲ့ လာမယ့် သောကြာနေ့မှာ ဦးငယ်နဲ့ငါလက်မှတ်ထိုးမှာ ပွဲတွေဘာတွေတော့မလုပ်ဖြစ်တော့ဘူး ဆွမ်းတော့ကပ်မှာ”
“နင်တကယ်ဆုံးဖြတ်ပြီးပြီပေါ့”
“ငါအစောကြီးတည်းကနင့်ကိုပြောထားပြီးပြီလေ..ငါဦးငယ်ကိုပဲယူမှာလို့”
“နင်ငါ့ကိုမငဲ့တော့ဘူးလား……. နင်ပြောတော့ ငါနားလည်လာမယ့်နေ့ကိုစောင့်နေမယ်ဆို…ငါအခုနားလည်နေပြီလေ”
ကောင်းဇင်နှင့်နောက်ဆုံးတွေ့ခဲ့တဲ့နေ့က သူမထိုသို့ပြောခဲ့ဖူးသည် ။ ဦးငယ်နဲ့မပက်သက်ကြောင်းအာပေါက်မတတ်ရှင်းပြခဲ့ဖူးသည် ။ နားလည်ပေမယ့် မျက်ရည်စိုရွှဲပြီး ငိုကြီးချက်မတောင်းဆိုခဲ့ဖူးသည်။ အတိတ်တစ်နေရာမှာ သူမအပေါ်မှာ ကောင်းဇင်တစ်ယောက် ဘယ်လောက်ထိမာကြောပြတ်သားနိုင်ခဲ့သလဲဆိုတာသူမသာအသိဆုံး ။ သွေးစိမ်းရှင်ရှင်ထွက်ကျမတတ်နာကျင်ခဲ့ရသော ၊ နာလန်မထူနိုင်လောက်အောင်ပြိုလဲခဲ့ရသော ၊ ချစ်ခြင်းကြောင့်သေဆုံးခဲ့ရသော သူမရင်ဘတ်ကြီးအသိဆုံး။
“နင် နားလည်တာနောက်ကျသွားပြီ… ငါဆုံးဖြတ်ပြီးသွားပြီ”
“နင်ငါ့ကိုရက်စက်နိုင်ပြီနော်…”
“ကောင်းဇင်..နင်ငါ့ကိုအခုမှလာပြီး ရက်စက်နိုင်ပြီတွေလာလုပ်မနေနဲ့ နင်ယောက်ျားမဟုတ်ဘူးလား….နင်လုပ်တာနင်ခံပေါ့…..နင်နဲ့ငါနဲ့ကြားမှာဘာမှရှိမနေတော့ဘူး…ငါနင့်ကိုမဖြတ်ခဲ့ဘူး နင်ပဲငါ့ကိုဖြတ်ခဲ့တာ..”
“ဟုတ်တယ် ငါနင့်အပေါ်မတရားခဲ့ဘူး..ငါ့ဘက်ကလည်းစဉ်းစားကြည့်ဦး…ငါ့မှာယောက်ျားမာနရှိတယ်..ငါ့ချစ်သူဟာ တခြားလူတစ်ယောက်ရဲ့အထောက်အပံ့ကိုယူနေရတယ်ဆိုတဲ့အဖြစ်က ငါ့မာနကိုဘယ်လောက်ထိခိုက်သလဲ နင်သိလား”
“နင် တော်တော်လေးလွဲနေပြီကောင်းဇင် ငါဟာ ငါ့ခန္စာကိုယ်ကို ရင်းပြီးအထောက်အပံ့ယူနေတာမဟုတ်ဘူး… ငါ့အဖေရဲ့ကျေးဇူးတွေနဲ့ဦးငယ်က ထောက်ပံ့နေတာ.. ငါ ကျောင်းပြီးလို့ညပိုင်းတွေမှာ ဆိုင်မှာဝင်လုပ်ရတာ နင်မသိဘူး
ငါကျေးဇူကြွေးတွေအပေါ်မှာ ဘယ်လောက်တာဝန်ကျေအောင်နေရလဲ နင်မသိဘူး….ငါ့ရင်ထဲကအပူတွေသောကတွေကိုနင်မသိဘူး….နင်က ငါ့ကိုအပူတွေပဲပေးတယ်..နင်ငါ့ကို ဦးငယ်နဲ့မကင်းဘူးလို့လဲစွပ်စွဲသေးတယ်…ငါ့ဘ၀ ငါ့ဖြူစင်မှုတွေကိုငါအသိဆုံး……နင့်ကိုငါအတိုင်းအတာတစ်ခုအထိစောင့်နေခဲ့တယ်..နင်ဆက်သွယ်လာနိုးနိုးနဲ့ငါစောင့်နေရင်း နင်သိလား အဲဒါတွေကို..”
“ငါ့ကိုစောင့်ရင် နင်ဘာလို့အခု ဟိုလူနဲ့ယူတော့မှာလဲ..”
“ပြန်မလာတော့တဲ့နင့်ကို ငါတစ်သက်လုံးထိုင်စောင့်ရမှာလား…..နင်ငါ့ဆီကို စာတစ်ကြောင်းပို့ပြီးဆက်သွယ်ခဲ့ဖူးလား ငါ့ဘ၀အတွက်အသင့်လျော်ဆုံးကိုငါရွေးချယ်တာ…ငါမှားလား….နင်ဒီဇတ်လမ်းကိုရေးခဲ့တာ..နင်ဘာသာနင်ပဲပြီးအောင်ကလိုက်တော့ ဒီအချိန်ကျမှငါ့ကိုလာအပြစ်တင်နေနဲ့ အားလုံးလွန်ကုန်ပြီ…”

ရင်ဘတ်တစ်ခုလုံးပွင့်ထွက်သွားမတတ်ခံစားခဲ့ရသမျှကိုသူမ အိတ်သွန်ဖာမှောက်ပြောချလိုက်သည်။ နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာထိစိုက်ဝင်ခဲ့ဖူးသော ဆူးတစ်ချောင်းကို ဆွဲနှုတ်ခံလိုက်ရသလို တဖျတ်ဖျတ်လူးနာကျင်လို့..။
“ ငါတစ်ခုပဲပြောချင်တယ်.. နင်နဲ့ငါဟာ ဘယ်တော့မှထပ်မပက်သက်သင့်တဲ့သူတွေပဲ..နင့်ရင်ထဲမှာရှိတဲ့အတ္တတွေထဲကနေ နင့်ကိုယ်နင်ပဲကြိုးစားပြီး ရုန်းထွက်လိုက်ပါတော့ ကောင်းဇင်….”
ထုံအမ်းနေသောခံစားချက်ကိုယ်စီနဲ့ သူမကော်ဖီခွက်ဟာလည်းအရာမယွင်း ၊ ကောင်းဇင်မှာထားသော မြီးရှည်ဟာလည်းအရာမယွင်း ။
“ငါသိပ်မှားခဲ့တယ် ချိုသဲ…..နင်ငါ့ကိုခွင့်မလွှတ်ပါနဲ့”
ဝန်ခံခြင်းလား ချည်နှောင်ခြင်းလားမသိတဲ့ စကားတစ်ခွန်းကိုကောင်းဇင်ပြောလိုက်သည်။ သူမအလှပဆုံးအပြုံးတစ်ပွင့်နဲ့ပြုံးပြရင်း
“ဟင့်အင်း…နင့်ကိုငါခွင့်လွှတ်တယ်….အမုန်းတရားတွေနဲ့နာကျည်းခြင်းမျိုးနဲ့တောင်မှ နင့်ကိုသတိမရချင်တော့ဘူး…ငါသွားတော့မယ် သူငယ်ချင်း….”
အသင့်စောင့်နေသောဦးငယ်ကားပေါ်သို့တက်လာကာ ကောင်းဇင်ကိုလက်ပြနှုတ်ဆက်လိုက်သည်။ ဇာတ်လမ်းအစက ခမ်းနားသလောက် ဇာတ်လမ်းအဆုံးကတော့ရိုးစင်လှသည် ။အပြုံးနဲ့တစ်ယောက်နဲ့ရှေ့ဆက်သွားသလို အရှုံးနဲ့တစ်ယောက်ကကျန်ရစ်ခဲ့သည် ။ ထာဝရနှုတ်ဆက်လိုက်ပါတယ် ကောင်းဇင် ။

(သုံးနှစ်ခန့်ကြာသောအခါ )

အမေချန်ခဲ့သောအရိပ်ဆိုးတချို့ကျန်ရှိခဲ့ပေမယ့် ဇာတိမြို့ကလေးက သူမကိုနွေးထွေးလုံခြုံစွာကြိုဆိုနေဆဲ ။ သူမသာမလုံသောစိတ်နဲ့အတူ စွန့်ပစ်ခဲ့ပေမယ့် ဇာတိမြို့လေးက အရင်အတိုင်း ။ ဖေဖေ့မိတ်ဆွေတွေနဲ့ဆွေမျိုးနီးစပ်တွေရဲ့ကူညီမှု ၊ ဦးငယ်မိတ်ဆွေအပေါင်းအသင်းတွေရဲ့အားပေးမှုကြောင့်သူတို့မိသားစုလုပ်ကိုင်ဖူးတဲ့ ဆန်ပွဲရုံအလုပ်ကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၊ ဆွေမျိုးသားချင်းတွေက သူမအတွက်ဝမ်းသာပေးကြသည်။ တည်ငြိမ်အေးချမ်းသောအိမ်ရှင်မအဖြစ်နဲ့ ဦးငယ်အနားမှာနေရင်းနဲ့ သူမတတ်နိုင်သလောက်ပံ့ပိုးကူညီပေးခဲ့သည် ။အိမ်ထောင်သက်ရလာတာနဲ့အမျှ ဦးငယ်၏စေတနာ မေတ္တာအရိပ်မှာ သူမဘ၀လုံခြုံအေးချမ်းလှသည်။ ရောဂါသည်မို့ ကိုယ်ကပဲပြုစုရမလားမှတ်တယ် ဦးငယ်တစ်ယောက်ဒေါင်ဒေါင်မြည်ကျန်းမာရုံသာမက မိသားစုစီပွားရေးကလည်း ဒီရေအလားတရိပ်ရိပ်တိုးလို့ ။ ပွဲရုံတစ်ရုံကနေ နှစ်ရုံသုံးရုံထိတိုးလာနိုင်ရုံမက လာခြင်းကောင်းသော သမီးလေးတစ်ယောက်ပါရှိလာခဲ့ပြီဖြစ်သည်။ တချိန်ကရှိခဲ့ဖူးသော ဒဏ်ရာဒဏ်ချက်တချို့ကလည်း အကြောင်းတိုက်ဆိုင်လျင်တောင်မှ သူမနဲ့မဆိုင်သလို တစိမ်းသက်သက်။ ပြုခဲ့ဖူးသော ဖြစ်ခဲ့ဖူးသောဝဋ်ကြွေးတချို့ဟာ သူမအတွက်ထိုနေရာမှာပင်အဆုံးသတ်သွားခဲ့ပုံရပါသည်။
ရင်မှဖြစ်သောသမီးလေးနဲ့ ဦးငယ်သာရှိတော့တဲ့ သူမရဲ့ကမ္ဘာမှာ သူမကိုစွန့်ပစ်ခဲ့သောအမေဆိုတာလည်းမရှိတော့သလို သူမကိုနာကျင်စေခဲ့သော ကောင်းဇင်ဆိုတာလည်းမရှိတော့ ။ ဒီအဖေ ၊ ဒီသမီးအတွက်ပဲ သူမဘ၀ကဖြစ်တည်လို့ ။

ခုတလောရာသီဥတုကမသာယာ။ မိုးတစီစီရွာနေတာ ဒီနေ့နဲ့ဆိုလျင် ငါးရက်တိတိရှိခဲ့ပြီ ။ ကောင်းကင်တစ်ခုလုံးမဲမှောင်ပြီး လေတ၀ူးဝူးတိုက်နေတာမို့ အသဲငယ်သောသမီးငယ်လေးကလည်း သူမကိုမျက်စိအောက်ကအပျောက်မခံ ။ ဦးငယ်တစ်ယောက်ကလည်း လေကြီးလို့ပွဲရုံကိုမသွားပါနဲ့လို့တားသည့်ကြားကနေ မဖြစ်ဖြစ်အောင်ထွက်သွားသည်။ သမီးငယ်လေးကိုခါးထစ်ခွင်ချီရင်း ပြတင်းပေါက်ကနေ ဦးငယ်လာရာလမ်းကိုမျှော်နေမိသည် ။ သူမတို့ဒေသက ပုံမှန်အားဖြင့်မိုးသိပ်မကြီးတတ်ပေမယ့် ခုလိုမျိုးလေရော မိုးရောပါလာပြီဆိုရင်ဖြင့် မြစ်ကမ်းဘေးမှာတည်ရှိနေတဲ့ဒေသမို့ အန္တရာယ်များတတ်ပါသည်။ ရေကြီးခြင်း ၊ ကမ်းပြိုခြင်းတွေကြောင့် နှစ်စဉ်နှစ်တိုင်းဆုံးရှုံးရတဲ့အသက်အိုးအိမ်စည်းစိမ်တွေမနည်းမနော ။ မြစ်ကမ်းဘေးမှာနေကြတဲ့မိသားစုတွေအဆင်ပြေကြပါစေဆိုပြီး သူမတိတ်တိတ်ကလေးဆုတောင်းနေမိသည်။ မိုးကလည်းသည်းသထက်သည်းလာသည်မို့ အခန်းထဲဝင်ကာ မအိပ်ချင်ဘဲဂျီကျနေသော ဖအေတူသမီးလေး မြတ်နိုးမောင် ကိုချော့သိပ်နေလိုက်သည် ။ သမီးလေးဟာ ရုပ်သာမက ခေါင်းမာသည့်နေရာမှာရော ၊ စကားတတ်သည့်နေရမှာပါမှာ ဦးငယ်နဲ့တော်တော်လေးကိုတူသည် ။ ရာသီဥတုက တစ်စထက်တစ်စဆိုးလွန်းလာတာမို့ ခုထိပြန်မလာသေးသောဦးငယ်ကိုသူမစိတ်ပူလှသည်။ လူခွဲတွေ ၊ မန်နေဂျာတွေရှိနေပေမယ့် ဦးငယ်က ပွဲရုံကိုစိတ်မချ ၊ မိုးယိုနေလျင် ဆန်တွေစိုကုန်မှာစိုးလို့ ကိုယ်တိုင်ပဲထွက်သွားရှာသည်။

ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံလေသံဖြင့်ဝုန်းဒိုင်းကြဲနေသည်။ သစ်ပင်ကျိုးကျသံတွေကြားသဖြင့် အိပ်နေသောသမီးလေးကို စောင်ခြုံပေးကာအပြင်ကိုထွက်ကြည့်လိုက်တော့ အိမ်ရှေ့က နှစ်ချို့သရက်ပင်ကြီးအမြစ်ကနေကျွတ်ထွက်နေသည်။ ဒီလောက်ဆိုးရွားသည့်ရာသီဥတုမှာတောင်အိမ်ပြန်မလာသေးသောဦးငယ်ကို သူမတော်တော်လေးစိတ်တိုကာ တယ်လီဖုန်းကိုကောက်ကိုင်ပြီးဖုန်းဆက်လိုက်သည်။
“တီ တီ တီ”
ဖုန်းခေါ်နေပေမယ့် ဦးငယ်က မကိုင် ။ သူမအခါခါခေါ်နေမိသည်။ မြစ်နဲ့နီးသောပွဲရုံမှာ ဦးငယ်တစ်ယောက်ဘာဖြစ်လို့ဖြစ်မှန်းမသိ ။ ဦးငယ်ရဲ့မန်နေဂျာကိုဖုန်းခေါ်တော့လည်းမကိုင်ပြန် ။ သူမစိတ်ပူခြင်းဒီဂရီတော်တော်လေးမြင့်သောအချိန်ကျမှ ဖုန်းကမြည်လာသည်။
“ဦးငယ်ဘယ်ရောက်နေတာလဲ..ဒီမှာစိတ်ပူလို့သေတော့ မယ်… အိမ်ရှေ့ကသရက်ပင်လည်းအမြစ်ကနေကျွတ်သွားပြီ… ပွဲရုံဘာကြီးပဲဖြစ်ဖြစ် လူကိုယ်တိုင်အရောက်လာခဲ့ပါ…”
“ဖြေးဖြေးပြောပါ မိန်းမရယ်..အခု ကိုယ်တို့ပြန်လာနေပြီ..ကိုအောင်ကျော်ရော ကိုယ်ပါပြန်လာတာ.. မိုးတွေကြီးနေလို့ဖုန်းသံမကြားလို့မကိုင်တာ..”
“အင်းပါ ဘာပဲဖြစ်ဖြစ် အမြန်ဆုံးပြန်လာပါ…. ဒီလောက်ရာသီဥတုမကောင်းရတဲ့ကြားထဲ လောဘဇောတယ်တက်တာပဲနော် ဦးငယ်…”
“ဟား ဟား ဟား”
စိတ်တိုတိုဖြင့်ဆူနေသော သူမကို ဦးငယ်က တဟားဟားရယ်ရင်းနဲ့ စိတ်မပူဖို့ပြောကာဖုန်းချသွားသည် ။ ဘာပဲပြောပြော အသံလေးကြားလိုက်ရသဖြင့်သူမစိတ်ချမ်းသာရပါသည်။ မိုးတွေလေတွေကြီးရတဲ့အထဲ ဖုန်းကခေါ်လို့မရတော့ ဘယ်လောက်စိတ်ပူရလဲ သူမကိုယ်သူမပဲသိပါသည် ။

“ညနေပဲစောင်းနေပြီဦးငယ်ရယ်..ခုမှပြန်လာရသလား”
“ယူစရာပိုက်ဆံတွေရှိနေလို့ဝင်ယူနေတာ မိန်းမရယ်…”
မိုးမိလို့တစ်ကိုယ်လုံးရွဲရွဲစိုကာ ဦးငယ်နဲ့ မန်နေဂျာကိုအောင်ကျော်အိမ်ပြန်ရောက်လာကြသည်။ သူမကတော့အချိန်ကြာလို့ဗျစ်တောက်ဗျစ်တောက်ပြောမိတော့ ဦးငယ်က တဟားဟားနဲ့သဘောကျလို့ ။
“ရှင့်ဆရာလည်းကြည့်ပြောဦး ကိုအောင်ကျော်ရယ်…..တယ်လောဘကြီးတာပဲ…ဒီလောက်မိုးထဲလေထဲမှာသွားနေရတယ်လို့..”
“စိတ်မပူပါနဲ့မချိုရယ် ကျွန်တော်ပါပါတယ်..”
သူတို့ဆရာသမားနှစ်ယောက်ကအမြဲတမ်းခပ်အေးအေးပင် ၊ အပေးအယူမျှလွန်းလို့ အခုအချိန်ထိအဆင်တပြေရှိနေကြခြင်းဖြစ်သည် ။ ဦးငယ်ရဲ့အလုပ်အပေါ်မှာစေ့စပ်တိကျတဲ့ဒဏ်ကိုခံနိုင်တဲ့သူခဲယဉ်းပါသည်။ မန်နေဂျာတွေခေါ်ခန့်သည် တစ်လပင်မခံထွက်ကုန်ကြတာ ကိုအောင်ကျော်နဲ့ကျမှ အဆင်ပြေခြင်းဖြစ်သည်။
“ကိုအောင်ကျော်လည်း အိမ်မှာပဲအိပ်လိုက်တော့..ဒီမိုးနဲ့တော့ အိမ်ပြန်မနေနဲ့တော့..”
“ဟုတ်ကဲ့မချို”
အပူအပင်မရှိသောလူပျိုကြီးကိုအောင်ကျော်ကတော့အိမ်မှာအိပ်ဆိုတော့ အသာတကြည်လက်ခံသည်ပင် ။ ဦးငယ်နှင့်ကိုအောင်ကျော်ကို စားဖို့သောက်ဖို့လုပ်ပေးပြီး အပေါ်ထပ်ကိုတက်လာကာ သမီးလေးကိုလာကြည့်တော့ သမီးလေးကအိပ်မောကျတုန်း ။ သမီးလေးဘေးမှာခဏလှဲလိုက်ရင်းနဲ့သူမမှေးခနဲအိပ်ပျော်သွားပါတော့သည် ။

“၀ုန်း” “ဒုန်း ” ဆိုသောအသံနှင့်အတူ အားခနဲအော်လိုက်သံကိုကြားသဖြင့်သူမလန့်နိုးလာခဲ့သည်။ လေတဖြူးဖြူးတိုက်နေသဖြင့်ဝတ်ထားသော ဆွယ်တာအထူကိုခပ်တင်းတင်းလေးစိကာ သမီးလေးကိုအသာလေးဖက်ရင်း သူမလှမ်းအော်လိုက်သည်။
“ဦးငယ်..ဘာဖြစ်တာလဲ”
ပတ်ဝန်းကျင်တစ်ခုလုံးကလဲ ပိန်းပိတ်မှောင်မည်းကာ မိုးခြိမ်းသံတွေအကျယ်ကြီးကြားလိုက် လျှပ်စီးတွေဖြန်းခနဲလက်လိုက်နဲ့ မိုးကြိုးပစ်သံတွေကိုပါတပြိုင်နက်တည်းကြားလိုက်ရသည် ။
“မိန်းမ….သမီးကိုနှိုးထား..အောက်ကိုဆင်းမလာနဲ့ ကိုယ်တို့လာနေပြီ”
အော်သံနဲ့အတူ ဦးငယ်နဲ့ ကိုအောင်ကျော်တို့အိမ်ပေါ်ကိုတဒုန်းဒုန်းပြေးတက်လာကြသည်။ သူမလည်းကြောက်လန့်စိတ်နဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိ ။ သမီးလေးကိုသာဖက်ထားရင်း အိပ်ရာပေါ်မှာတုန်တုန်ယင်ယင်ကြီးထိုင်နေမိသည် ။
ဓာတ်မီးအရောင်နဲ့အတူ ဦးငယ်နဲ့ကိုအောင်ကျော်တို့သူမရှိရာကိုရောက်လာကြသည် ။ ခုမှနိုးလာသောသမီးလေးက မှောင်မဲနေသဖြင့်ကြောက်လန့်တကြားငိုလိုက်တော့ ကိုအောင်ကျော်က သမီးလေးကိုပွေ့ယူလိုက်ကာ ဓတ်မီးယူပြီး အပေါ်ထပ်ဝရန်တာဘက်ကိုထွက်သွားလိုက်သည် ။ ဦးငယ်က ဘီရိုထဲက သူမရဲ့ရတနာထုတ်လေးကိုယူပြီး သူမလက်ကိုတင်းတင်းဆွဲပြီး အိမ်ရှေ့ကိုထွက်အလာ…….
“ဆရာရယ်..ရှေ့မှာ ရေ….ရေတွေ..ရေတွေ…လှိုင်းလုံးကြီးတွေတက်လာပြီ…..”
ဝုန်းဒိုင်းကြဲနေသော မိုးသံ လေသံ လှိုင်းသံ အပင်ကျိုးကျသံ အဆောက်အဦးတွေ ပြိုလဲသံနဲ့အတူ ကိုအောင်ကျော်ရဲ့ ရင်ကွဲလုမတတ်အော်သံကြီးကိုကြားလိုက်ရသည်။

ဆက်ရန်



4 thoughts on “နှုတ်ဆက်ရွက်ကြွေ(၄)”

  • ဆုမြတ်ရေ မလေးတော့ ဖတ်ရင်းနဲ့ တောင် ရင်တွေတုန်လာပြီ ။ မိသားစုနဲ့ ဖြစ်နေတဲ့  ချိုသဲဘ၀ ကရှေ့ ဆက်ဘာတွေဖြစ်အုံးမလဲစောင့် နေမယ်နော်။

  • မလေးရယ်…. လာဖတ်ပေးတာကျေးဇူးပါနော်…ချိုသဲအကြောင်းကတော့ စောင့်ပါဦးနော်း)…. ရှေ့နှစ်ပိုင်းလောက်ဆိုရင်ဇာတ်သိမ်းတော့မှာပါ ။

  • ညီမရေ… ကောင်းဇင်ရဲ့အတ္တမျိုး အပြင်မှာတကယ်ကိုရှိတယ်ညီမ… ငြိမ်းချမ်းနေတဲ့မိသားစုဘ၀လေးထဲ လှိုင်းကြီးလေထန်လာတာများလားညီမရယ်… ရင်တွေတုန်လိုက်တာ

Leave a Reply

Your email address will not be published.