နှုတ်ဆက်ရွက်ကြွေ(၃)

လွယ်ထားသောဆလင်းဘတ်အိတ်နဲ့ ပါလာသောအထုတ်အပိုးတွေကို စားပွဲခုံပေါ်မှာတင်ပြီး သူမကုတင်ထက်မှာစိတ်လွတ်ကိုယ်လွတ်လှဲချလိုက်မိသည်။ တစ်နေကုန်တစ်နေခမ်းပင်ပန်းလိုက်သည့်ဖြစ်ခြင်း ၊ မသက်မာဆီကို နက်ဖြန်လည်း ခွင့်ယူမယ့်အကြောင်းကို text message လေးပို့လိုက်ပြီး အိပ်ရာပေါ်မှာငြိမ်သက်နေမိသည်။ ဦးငယ်ပြန်ရောက်နေတာမို့ ဆိုင်ကိုမလာဖြစ်မှန်း မသက်မာသိပြီးဖြစ်ပေမယ့် စာမလာအကြောင်းမကြားဘဲပျက်ကွက်နေမိမှာကိုအားနာကြောင့် message ပို့ပြီးအကြောင်းကြားခြင်းဖြစ်သည်။ တကယ်တော့ မသက်မာဆိုတာ ဦးငယ်ရဲ့သူငယ်ချင်းဖြစ်သလို သူမတို့ “သစ္စာ Home Market ” ရဲ့ရှယ်ယာတစ်ဝက်ကိုပိုင်ဆိုင်သောသူဖြစ်သည် ။ ကျန်သောရှယ်ယာတစ်ဝက်ကိုတော့ ဦးငယ်ကပိုင်ဆိုင်ပြီး သူမကျောင်းပြီးတဲ့နောက်ပိုင်းတော့ ဦးငယ်ကဆိုင်မှာ စာရင်းကိုင်အဖြစ်သွင်းပေးထားခြင်းဖြစ်ပါတယ်။ သူမဟာ ဒီနေ့အလုပ်သွားဖို့အစီစဉ်ရှိပေမယ့် မနက်စောစောစီးစီး ဦးငယ်က ဘုရားတက်ချင်လို့လာခေါ်တာကြောင့် အလုပ်မသွားဖြစ်ဘဲ ဦးငယ်နောက်ပါသွားခြင်းပင် ။

အခန်းတံခါးဖွင့်သံဖွဖွလေးကြားလိုက်တော့ ဖြူကျောင်းမှပြန်ရောက်ပြီမှန်းသိလိုက်သည် ။
“ညီမလေး နောက်ကျလှချည်လား”
“ဟုတ်ပ မိချိုသဲရယ်…ဦးငယ်တော့မပြောချင်တော့ပါဘူး ဟဲဟဲဟဲ..”
“ဟယ်…ဒီကောင်မလေး လူကြီးကိုနောက်စရာလား”
“နောက်တာပါ မမရယ်…. ဒီနေ့အတန်းလစ်ပြီးရုပ်ရှင်ကြည့်ကြတာလေ…အပြန်မှာ ဒဂုံစင်တာထဲကိုပတ်ရင်းနဲ့ နောက်ကျသွားတာ…”
“ဟယ်..ဘာလို့ကျောင်းပြေးတာတုန်း ညည်းက”
“အဖော်ကောင်းလို့ပါ မမရာ…”
“ကြပ်ကြပ်ပြေးသိလား…စာလိုက်မမှီဘဲနေဦးမယ်…”
“ဟီးးးးးး ဟုတ်မမ…မပြေးတော့ဘူးနော်… ဒါနဲ့ မနက်က စောစောစီးစီး ဘယ်သူလာခေါ်သွားလဲမှန်း… ဖြူထင်တာမမှားဘူးဆိုရင် ဦးငယ်ပဲဖြစ်ရမယ်..ဟုတ်တယ်မလား … ဖြူ့ဗိုက်ထဲပုဏ္ဏားလေးရှိတယ်သိလား..ဟားဟား”
“အောင်မယ်…တယ်ဆိုတဲ့စာပါလား ညည်း ပြတင်းပေါက်ကချောင်းကြည့်နေတာ မမမြင်လိုက်တယ်ကော…”
“ဟီးဟီးး ဟုတ်လား ဖြူက ဦးငယ်ကိုမြင်ဖူးချင်လို့ပါ ”
ဖြူ ပြတင်းပေါက်ကကြည့်နေမှန်းတကယ်တော့သူမမသိချေ။ သူမအပြင်ပါသွားတော့ အဆောင်သူတို့ထုံးစံ ပြတင်းပေါက်ကနေချောင်းကသူချောင်း ၊ ၀ရန်တာကနေထွက်ကြည့်သူကထွက်ကြည့်နဲ့ စပ်စုနေမယ်မှန်းသိနှင့်ပြီးသားမို့ အသာလေးရွှီးလိုက်ခြင်းသာဖြစ်သည် ။
“လက်ပံကားသွားကြည့်တာမမရယ်.. ဖြူက ဖွေးဖွေးကိုအဲလောက်လုပ်နိုင်မယ်မထင်ဘူး ဒါပေမယ့် ဖွေးဖွေးတော်တော်လုပ်နိုင်တယ် မဆိုးဘူးတော့ ဖြူတောင်သဘောကျသွားပြီ”
“ ဟုတ်လား…. မမလည်းသွားကြည့်ဦးမှပဲ ဒါပေမယ့် မအားတာနဲ့ သွားဖြစ်မယ်မထင်ပါဘူး မိဖြူ ဒါနဲ့ ညည်း ရဲ့ ဖွေးဖွေးအကြောင်းခဏထားလိုက်ဦး ဒီမှာ ညည်းအတွက်”
“ဟယ်..ipod လေးတော့”

ဦးငယ်နဲ့မှာလိုက်သော ipod ပန်းရောင်လေးကို ဖြူ့ကိုပေးလိုက်တော့ ဖြူက ၀မ်းသာအားရ နဲ့လှမ်းယူလိုက်သည် ။ သူမဟာ ဘယ်ဘ၀ရေစက်ကြောင့်ရယ်မသိ သူများဆီက လက်ဆောင်ပစ္စည်းရဖူးတယ်ဆိုတာ လက်ချိုးရေလို့ရတဲ့အထိ ရှားပါးလွန်းခဲ့သည် ။ မိသားစုရင်းချာဖြစ်သည့်အမေကလည်းသူမအတွက်ဆိုပြီးဝယ်ပေးဖူးခဲ့တာ မရှိသလောက် ၊ အဖေကလည်း ယောက်ျားသားမို့ဟိုစပ်စပ်ဒီစပ်စပ်ဝယ်ရတာ ၀ါသနာမပါ ။ ချစ်သူရှိခဲ့ဖူးတုန်းကတော့ နှစ်ပတ်လည်ရက်တွေမှာ ပိုစ့်စကတ်လေးတွေ ၊ ပန်းလေးတွေ လက်ဆောင်ရဖူးပေမယ့် တခြားထူးထူးခြားခြားဘာလက်ဆောင်မှကိုမရခဲ့ဖူးဘူး ။ သူများဆီကလက်ဆောင်ရခဲပေမယ့် ကိုယ်ပိုင်ဝင်ငွေလေးရှိလာတဲ့အခါမှာတော့  ကိုယ်တတ်နိုင်သလောက်လေး လက်ဆောင်လေးတွေ အမှတ်တရလေးတွေပေးတတ်ခဲ့သည် ။  အခုလည်း ဦးငယ်ပြန်လာမည်ဆိုတော့ ချစ်စရာကောင်းတဲ့ ဖြူအတွက် မှတ်မှတ်ရရလက်ဆောင်လေးတစ်ခုပေးချင်တာမို့ မှာလိုက်ခြင်းဖြစ်သည်။

“ကျေးဇူးပါ မမရယ်..ဖြူလေ သိပ်ကြိုက်တာပဲသိလား…. ဈေးကလည်းကြီးမှာပဲနော်..ဦးငယ်တော့အားနာပါတယ်..ဖြူအိမ်ကပိုက်ဆံပို့ရင် မမတို့ကိုမုန့်လိုက်ကျွေးမယ်နော်..”
“ဟယ် မလိုပါဘူး ညီမလေးရယ်..ရပါတယ် မမက လက်ဆောင်ပေးချင်တာသက်သက်ပါ…ဒီမှာမုန့်တွေအများကြီးပဲ ညီမလေး စားချင်ရင်ယူစားနော်”

ဦးငယ်ပေးလိုက်သောအထုတ်ထဲမှ မုန့်တွေကို ထုတ်ကာ ခုံပေါ်မှာတင်ထားလိုက်ကာ ကျန်သောလက်ဆောင်ပစ္စည်းတွေကို အ၀တ်ဘီရိုထဲထည့်ထားလိုက်ပြီး အိပ်ရာပေါ်မှာပြန်လှဲနေလိုက်သည် ။ လူပင်ပန်းခြင်းထက် စိတ်ပင်ပန်းခြင်းက လူကိုပိုနွမ်းနယ်စေလားမသိ ။အလုပ်ထဲမှာဘယ်လောက်ပင်ပန်းပင်ပန်း သူမအပြုံးမပျက်ခံနိုင်ရည်ရှိသည် ။ ဒါပေမယ့်ခုလိုမျိုးစိတ်ရှုပ်စရာကြုံလာတဲ့အခါကျတော့ ဘယ်လောက်ပင်သွေးအေးပါစေ သူမခံနိုင်ရည်မရှိ သူမအပေါ်နားလည်နိုင်စွမ်းရှိမယ့်လူတစ်ယောက်ယောက်ကိုအားကိုးကြီးရင်ဖွင့်တိုင်ပင်လိုက်ချင်သည် ။
“မမလေ ဒီနေ့ ဦးငယ်အမတွေသွားတွေ့တယ်သိလား”
“ဟုတ်လား မမ အဆင်မပြေဘူးလားဟင်”

ညိုးငယ်နေသောသူမမျက်နှာကို ဖြူရိပ်မိဟန်တူပါသည် အဆင်မပြေဘူးလားဟုတန်းမေးလာခဲ့သည်။ သူမမျက်စိထဲမှာနေ့လည်းကအဖြစ်အပျက်တွေတရေးရေးပြန်မြင်ယောင်လာသည် ။ သူမ၏ စေတနာနဲ့ ကျေးဇူးတရားအပေါ်မှာတန်ဖိုးထားသောစိတ်ကို ချနင်းပစ်သလိုခံစားရသည်။ “ပိုက်ဆံရှိလို့ကပ်နေတာ ပိုက်ဆံကုန်ရင်ခါချသွားလိမ့်မယ်” “သဒ္ဒါလွန်တော့ တဏှာကျွံပြီပေါ့ ” “ဘ၀ပျက်ကျန်ခဲ့လိမ့်မယ် စောင့်ကြည့်နေ”  “ပိုင်းလုံးမ” သူမကိုအဲဒီလိုစကားမျိုးတွေနဲ့စွပ်စွဲလိုက်ရင်တောင် သူမဖြေသာနိုင်သည် ။ အခုတော့……။ လူကြီးလူကောင်းတွေ ပညာသားပါပါနဲ့စကားအထေ့အငေါ့လေးတွေနဲ့ ယဉ်ယဉ်ကျေးကျေးရွဲ့စောင်းနေကြတဲ့အပြုံးတွေ ၊ အကြည့်တွေ ၊ အထင်သေးမှုတွေ ၊ မလေးမခန့်မှုတွေ ။ အခန်းကျယ်ကြီးရဲ့အလယ်မှာ ၊ အေးစက်လွန်းတဲ့မျက်နှာထားတွေရဲ့အလယ်မှာ သူမတကယ်ပဲကျရှုံးခဲ့ရသည် ။
“ဖြစ်ပျက်သမျှကိစ္စအ၀၀ အထူးသဖြင့် ကောင်းမွေ ဆိုးမွေကိုလက်ခံယူနိုင်တယ်ဆိုရင် လက်ထပ်ကြ ၊ တစ်ခါတည်းအမွေခွဲပေးလိုက်မယ် တဲ့ ညီမလေးရဲ့”
အားတင်းထားသည့်ကြားက မျက်ရည်တွေတသွင်သွင်စီးကျလာမိသည်။ ဒီလိုအဖြစ်အပျက်မျိုးတွေ တစ်နေ့ဖြစ်လာမယ်မှန်းသိနေလျက် ၊ အကြိမ်ကြိမ်ကြိုတင်ပြင်ဆင်ထားပေမယ့်လည်း တကယ်တမ်းကြုံလာရတော့ သူမရင်ဆိုင်နိုင်စွမ်းနည်းနေတုန်းပါပဲ။

“ဦးငယ်အမကတွေလည်း ပြတ်သားနိုင်ကြတာနော် တစ်ခါတည်းအမွေဖြတ်လိုက်သလိုပဲနော်မမ..တကယ်တော့ မမလိုငယ်ငယ်ချောချောလေးက ဦးငယ်လိုရောဂါသည်ကိုယူမယ်ဆိုတာ သူတို့တောင်ပြန်ကျေးဇူးတင်ရမှာမလား”

“အပေါ်ယံကြည့်ရင်တော့ သူတို့ဘက်ကအသာချည်းပဲပေါ့နော် ဒါပေမယ့် မမလို မိမရှိ ၊ ဖမရှိ တစ်ကောင်ကြွက် ပြီးရင် ဦးငယ်ရဲ့အထောက်အပံ့ကိုယူရတဲမိန်းမတစ်ယောက် ပြီးတော့ သူတို့မောင်ထက်အသက်နှစ်ဆလောက်ငယ်တဲ့မမကို ပိုက်ဆံမက်လို့ အမွေမက်လို့ယူတယ်ထင်တာပေါ့ ညီမလေးရယ်”

“အို..မမကလဲ ပိုက်ဆံမက်ချင်းမက်စတမ်းဆိုရင် ရောဂါသည်ဆီက ပိုက်ဆံမက်မလား ပြီးရင် လက်ထပ်ပါ့မလား တကယ်ချူတတ်တဲ့သူဆိုရင် မမရယ်..ကိုယ့်ကိုကိုယ် မုဆိုးမအဖြစ်ခံပြီးဘယ်ယူမလဲ မသိမသာကပ်ချူမှာပေါ့”

ဇိုးဇိုးဇတ်ဇတ်ပြန်ပြောသောဖြူ့ကိုကြည့်ပြီး သူမငိုနေလျက်နဲ့တောင်ရယ်ချင်သွားသည်။
“စကားမစပ် မမကရော..ဦးငယ်အပေါ်ဘယ်လိုသဘောထားလဲဟင်”
မထင်မှတ်သောဖြူ့မေးခွန်းကြောင့် သူမခဏမျှတွေဝေသွားခဲ့ပြန်သည်။
“ဦးငယ်အပေါ်မှာထားတဲ့သူမ သဘောထားတဲ့လား”  အခုအချိန်ထိသူမမတွေးဖြစ်ခဲ့သောအကြောင်းအရာတစ်ခုဖြစ်သည်။သံယောဇဉ်တို့ မေတ္တာတို့ကို သူမနဲ့မဆိုင်သောအရာတစ်ခုလိုသတ်မှတ်ခဲ့ပြီးခပ်ဝေးဝေးနေခဲ့တာလည်းကြာပြီ ။ ပြီးတော့ ဦးငယ်နဲ့သူမအကြောင်းကိုသိလိုက်တာနဲ့ရှောင်သွားကြတဲ့သူတွေလည်း ဒုနဲ့ဒေး ၊ ယောက်ျားသားတွေရဲ့ မေတ္တာတရားဟာ ဒီလောက်တိမ်ကောသွားပြီလားလို့ သူမ မကြာမကြာတွေးမိခဲ့ဖူးသည် ။ ချစ်တယ်ဆိုတဲ့စကားကိုဖောဖောသီသီပြောတတ်ကြတဲ့ ကောင်းဇင်အပါအ၀င် တခြားယောက်ျားတချို့ကိုတွေ့ဖူးပေမယ့် မေတ္တာနဲ့စေတနာအရာမှာ ဦးငယ်ကိုဘယ်သူမှမမှီခဲ့ဘူး ။ မျှော်လင့်ခြင်းတစုံတရာမပါဝင်ဘဲ မေတ္တာတရားသက်သက်နဲ့ သူမစိတ်သဘောကျဖြစ်အောင် အစစအရာရာမှာ နားလည်ဂရုစိုက်တတ်တဲ့ ဦးငယ်ရယ်လေ…။

“ဘာလဲ…မမက ဦးငယ်ကိုသံယောဇဉ်ရှိနေတာလား”
“သံယောဇဉ်ရှိလားမရှိလား ကိုယ့်ကိုကိုယ်တောင်မသိမလိုပါပဲဟာ ဒါပေမယ့် အဆိုးတွေအများကြီးရင်ဆိုင်ရမှာကိုသိလျက်နဲ့ မခွာနိုင်တဲ့ ကိုယ့်ကိုကိုယ်လည်းသိပ်အံ့သြမိတယ်သိလား”
“သံယောဇဉ်ဆိုတာမထားသင့်တဲ့သူအပေါ်မထားတာအကောင်းဆုံးပဲလို့ဖြူထင်တာပဲ မမရယ်”
“ဟုတ်တယ်နော် ညီမလေး………. ဦးငယ်အမတွေက မမအမေရဲ့နောက်ကြောင်းတွေရယ် မမရဲ့တစ်ကောင်ကြွက်အခြေအနေရယ်တွေကိုသဘောမကျဘူးလေ မမစိတ်ကိုကြိုပြင်ထားပေမယ့် တကယ်တမ်းတွေ့ရတော့ခံနိုင်ရည်မရှိဘူးညီမလေးရယ်… ဘယ်မိန်းမကမှ ကိုယ့်ကိုသဘောမကျတဲ့ ယောင်းမတွေကိုလိုချင်မှာလဲနော်..”
“ဟုတ်တာပေါ့ မမရယ်..”
“ဦးငယ်က မမမှာသူ့ကြောင့် ချစ်သူလည်းဆုံး ၊ လူပြောသူပြောလည်းခံရတာကိုသိနေတော့ သနားရာကစတယ်ထင်ပါတယ်…မမကိုလက်ထပ်ချင်တယ်လို့ပြောတယ်လေ… သူ့စိတ်ထဲဘယ်လိုရှိလဲမမလည်းသေချာမသိဘူး…ဒါပေမယ့် မမခေါင်းမညိတ်ခင်ပဲ သူ့မှာရောဂါရှိတာကိုသိလိုက်ရတာ.. မမအနေနဲ့ကလည်းကျေးဇူးရှင်လည်းဖြစ်တယ် ရောဂါသည်လည်းဖြစ်နေတော့ စေတနာပိုပြီးခေါင်းညိတ်လိုက်တာ..သူကတော့ မမကိုသေချာစဉ်းစားဖို့ပြောပါတယ်….ဒါပေမယ့်ဘာကြောင့်မှန်းမသိ မမမှာ သတ္တိတွေရှိနေတယ် ညီမလေး ပြီးတော့ မမအပေါ်ဦးငယ်လောက်ကောင်းတဲ့သူ ဘယ်သူမှမရှိဘူးလေ..”

“ဟုတ်တယ်နော်…မမအပေါ်ဦးငယ်ကတော်တော်ကောင်းတာပဲ…ဒါပေမယ့် ခုလောလောဆယ်တော့ နားလိုက်ဦး စိတ်ညစ်စရာတွေမတွေးနဲ့ မမလည်းပင်ပန်းနေပြီ .ညစာတော့စားပြီးပြီမလား”
“စားပြီးပြီညီမလေး..အပြင်မှာပဲစားခဲ့တယ်”
“အင်း…မမ လေရူးသုန်သုန်ထဲက မင်းသမီးကိုသိတယ်မလား…”
“ စကားလက်ကိုပြောတာလား….သိတာပေါ့ ဘာဖြစ်လို့လဲ..”
“ ဟုတ်ပ မမရယ်..သူဆိုရင် ခေါင်းအရမ်းရှုပ်လာပြီး စဉ်းစားရခက်လာပြီဆိုရင် I’ll think about that tomorrow ဆိုပြီး ပြောတတ်တယ်လေ မမလည်း ခုတော့ခေါင်းအေးအေးထားပြီးနားလိုက်..နက်ဖြန်မှစဉ်းစားတော့နော်..ဖြူအခန်းမီးပိတ်ပေးခဲ့မယ်”

ချစ်စရာကောင်းသောဖြူက သူမကိုတတ်နိုင်သလောက်နှစ်သိမ့်ပေးပြီး စာအုပ်ထူကြီးတစ်အုပ်ကိုင်ကာ ဧည့်ခန်းထဲသွားပြီးစာသွားကျက်နေတော့သည်  ။ ရှုပ်ထွေးလွန်းသောအခြေအနေတွေ ၊ စဉ်းစားရကျပ်လွန်းသောအနှောင်အဖွဲ့တွေကို စကားလက်လို မနက်ဖြန်မှပဲစဉ်းစားတော့မယ်ဟု စိတ်ဒုံးဒုံးချကာ အိပ်စက်လိုက်ပါတော့သည်။

မှန်တံခါးကိုအသာအယာတွန်းရင်းအခန်းထဲကိုဝင်လိုက်သည်နှင့် အေးစိမ့်သောအငွေ့အသက်တွေကိုခံစားလိုက်ရသည်။ ဒီနေ့ မသက်မာလွှတ်လိုက်သောအလုပ်ကိစ္စတစ်ခုနှင့် သူမ ဆာကူရာတာဝါအပေါ်ထပ်ရှိရုံးခန်းတစ်ခုကိုရောက်နေခြင်းပင်။ သူမနှင့်အလုပ်ကိစ္စအကြောင်းကိုဆွေးနွေးသော မန်နေဂျာအမျိုးသမီးက တော်တော်လေးဖော်ရွေသည့်အပြင် သူမတို့လိုချင်သော service တွေအပြင် ၀ယ်ယူထားသော software အတွက် တစ်နှစ်စာ free service ပါပေးမည့်အကြောင်းကိုပါ ပြောသဖြင့် သူမတော်တော်လေးစိတ်ကျေနပ်လျက်ရှိပြီး လိုအပ်သောစာချုပ်စာတမ်းတွေအတွက်ပြင်ဆင်နေတုန်းမှာ “ဒေါက် ဒေါက် ဒေါက်” ဟုမှန်တံခါးကိုခေါက်သံကြားသဖြင့် ၀န်ထမ်းတစ်ယောက်အပြေးအလွှားရောက်လာကာ တံခါးဖွင့်ပေးလိုက်သည် ။ သင်းပျံ့သောအမျိုးသားသုံးရေမွှေးနံ့တစ်ခုက သူမအပါးကိုရုတ်ချည်းရောက်လာပြီး လူတစ်ယောက်သူမဘေးနားက ခုံမှာဝင်ထိုင်သံကြားသဖြင့် လှည့်ကြည့်လိုက်မိသည်။ ပျောက်သွားသူကိုရှာလျင် တွေ့ရခဲလှသော ကမ္ဘာကြီးဟာ မတွေ့ချင်သောသူကိုကျတော့ တိုက်တိုက်ဆိုင်ဆိုင် ။ အနည်းငယ်ရင့်ထော်သွားသည့်မျက်နှာနဲ့အတူ ကောင်းဇင် ဆိုသောလူတစ်ယောက်ဟာ သူမဘေးမှာ ။ အိုးတို့အမ်းတမ်းနဲ့ နှုတ်ဆက်ရင်ကောင်းမလားမကောင်းဘူးလားဆိုသောအတွေးနဲ့အတူ ထုံးစံအတိုင်းသူမကပဲ အပြုံးတစ်ပွင့်စတင်မွေးဖွားလိုက်တော့ ကောင်းဇင်က
“လက်ထပ်ပြီးပြီလား”
ချစ်သူဟောင်းတစ်ယောက်ကို လက်ထပ်ပြီးပြီလား ဟူသောစကားနဲ့နှုတ်ဆက်တာဟာ နည်းနည်းအူကြောင်ကြောင်နိုင်ပေမယ့်သူမအတွက်ကတော့ မထူးဆန်းသလိုလိုပင် ။ ကောင်းဇင်၏ ကြောင်တောင်တောင်နိုင်မှု ၊ အတွေးခေါင်မှုတွေဟာ သူမနဲ့ယဉ်ပါးခဲ့ဖူးသော အကြောင်းအရာတွေပဲမလား။
“ဟင်းအင်း..မထပ်ရသေးဘူး..ဒါပေမယ့် လက်ထပ်တော့မှာ”
“အော…”
မပီပြင်သောအပြုံးတစ်ခုနဲ့အတူ ကောင်းဇင်ကိုဟန်လုပ်ပြုံးပြနေပေမယ့် တကယ်တော့သူမဟာ ဟန်ဆောင်ခြင်းအရာမှာကျွမ်းကျင်လှသူမဟုတ် ။
“အရင်အဆောင်မှာပဲလား”
“ဟုတ်တယ်..”
ချစ်ခဲ့ဖူးသူတစ်ယောက်အတွက် နှလုံးသားမှာရှိခဲ့ဖူးသောအရိပ်အယောင်တို့သည် တစစီပြန်ဆွဲထုတ်သောအခါ မပီပြင်သော်လည်းမပျောက်ကွယ်ဘဲရှိနေဆဲပါလား ။ သွားတက်ကလေးနောက်က အပြုံးနုနုတချို့ဟာ စံပယ်ပွင့်လေးတွေလိုလတ်ဆတ်နေတုန်းပေမယ့် ပျံ့လွင့်လာသော ရေမွှေးနံ့တစ်ခုရဲ့အနံ့ယောင်အောက်မှာ သူမအပါအ၀င် အရာခပ်သိမ်းပြောင်းလဲသွားခဲ့သည် ။ ကောင်းဇင်ဟာ တချိန်က ရေမွှေးကိုကြိုက်တတ်ခဲ့သူမှမဟုတ်ဘဲ ။
“ဖုန်းရှိလား”
“မရှိဘူး”
မုသားကိုမုန်းတီးသောသူမဟာ ဒီတစ်ခါတော့ မုသားတစ်ခွန်းသုံးလိုက်နိုင်သည်အတွက်ကျေနပ်သွားသည်။ မသက်ဆိုင်ချင်တော့လို့ လမ်းခွဲထွက်သွားသူအတွက် “ဆက်ချင်ရင်ဆက်ပါလို့” ဖုန်းနံပါတ်ပေးရလောက်အောင် သူမနှလုံးသားဟာ မျှော်လင့်ခြင်းတွေနဲ့အသားမကျခဲ့တာကြာပြီ ။ “နင်ဘာလာလုပ်တာလဲ” ဆိုတဲ့စကားကိုမေးချင်ပေမယ့် ပါးစပ်ကမထွက်နိုင်ခဲ့ ။ စာချုပ်ချုပ်ပြီးတာနဲ့ ပိုက်ဆံအိတ်ကိုကောက်ကိုင်ပြီးထထွက်လာလိုက်တော့ ပေါင်ပေါ်မှာတင်ထားတဲ့ဖုန်းက ဂွမ်းခနဲအောက်ကိုပြုတ်ကျသွားသည်။ ဖုန်းမရှိဘူးလို့ပြောပြီး ဖုန်းကိုမျက်ဝါးထင်ထင်မြင်လိုက်ရသောကောင်းဇင် ကတော့ သူမကိုဘယ်လိုမှတ်မယ်မသိ ။ ထင်ချင်သလိုထင်ပါစေလေ..သံယောဇဉ်အရိပ်အယောင်ကို ဆုပ်ကိုင်ပုံဖော်ဖို့ နှလုံးသားကတောင် ငြင်းဆန်ပြီးမှာတော့ သူတပါးထင်မြင်ချက်ကိုစာဖွဲ့မနေတော့ပါဘူးလေ ။ ဒီနေ့အတွက်တော့ဖြူ့ကိုပြောပြစရာအကြောင်းအရာအသစ်တစ်ခုထပ်ရပြန်တာပေါ့ ။

“ဟားဟား…ခုမှပဲသုံးပွင့်ဆိုင်ဇာတ်လမ်းစစ်စစ်ဖြစ်တော့မယ် မမရာ… ဖြူတော့မြင်ယောင်နေပါသေးတယ်..ဖုန်းသံတဂွမ်ဂွမ် ကားသံတ၀ီဝီနဲ့ အပြိုင်ပိုးကြတော့မှာ..”
ကောင်းဇင်နှင့် တွေ့ခဲ့သည့်အကြောင်းကိုဖြူ့ကိုပြောပြသဖြင့် ဖြူက သဘောတကျရယ်နေခြင်းဖြစ်သည်။ ဖြူ့စကားမဆုံးခင်ပဲ သူမဖုန်းလေးဟာ တတီတီနဲ့မြည်လာပါတော့သည် ။
“ဟယ်လို..ဦးငယ်…ပြော..”
“ဦးငယ်မဟုတ်ဘူး ငါ ကောင်းဇင်”
ခါတိုင်းဆက်နေကျ ဦးငယ်အထင်ဖြင့် သူမပြောလိုက်ခြင်းဖြစ်သည် ။ ဦးငယ်မဟုတ်ဘူး ကောင်းဇင် ဆိုမှ သူမကြောင်အမ်းအမ်းဖြစ်သွားပြီး အားနာစိတ်ကလေးဖြစ်သွားမိသည်။
“ဆောရီး ကောင်းဇင်..ပြော…”
“နင့်ကိုဖုန်းဆက်မယ့်သူ အဲဒီလူပဲရှိလား…. တစ်ခါလေးဆက်တာနဲ့ပဲတန်းလွဲရတယ်လို့”
“ဒါ ငါ့ ပါဆင်နယ်ကိစ္စလေ..နင်နဲ့မဆိုင်ဘူး..နေပါဦး နင်ငါ့နံပါတ်ကိုဘယ်ကရလဲ”
“ဘယ်ကရရပေါ့ဟာ……နင်စနေနေ့အားလား ငါနဲ့တွေ့ရအောင်လေ..”
“နိုးးးးး မတွေ့ချင်ဘူး ပြီးတော့ ငါအားလည်းမအားဘူး ”
“ဘာလဲ နင်က သူဌေးကတော်ကြီးဖြစ်တော့မယ်ဆိုတော့ သွေးကြီးတာပေါ့ဟုတ်လား”
“နင် ငါ့ကိုမခနဲ့နဲ့….နင်နဲ့ငါနဲ့ကြားမှာ ဘာမှမရှိတော့ဘူး သူငယ်ချင်းစိတ်နဲ့ ဒီလောက်ထိပြောနေတာ”
“အေးပါ ထားလိုက်ပါတော့….လိုရင်းပဲပြောတော့မယ်ဟာ…ငါ့ကိုတစ်ကနေ ပြန်စခွင့်ပြုပါ”

မမျှော်လင့်သောစကားကြောင့်သူမအကြီးအကျယ်အံအားသင့်သွားမိသည်။ “တစ်ကပြန်စခွင့်” တကယ်ပဲ တစ်ကနေပြန်စချက်တာလား ကောင်းဇင် ….။

“လက်ထပ်တော့မယ်မိန်းမတစ်ယောက်အတွက် နင့်ရဲ့ confession ဟာ သိပ်အသုံးမ၀င်တော့သလိုပဲ..ဆောရီးပါဟာ.. ငါနင်နဲ့ပြန်စချင်စိတ်လည်းမရှိတော့သလို…နင့်ကိုလည်းပက်သက်ချင်စိတ်မရှိတော့ဘူး နင်စွန့်ပစ်ခဲ့တုန်းက ငါ့ဘ၀တစ်ခါပျက်စီးပြီးပြီ ဒီတစ်ခါနေသားကျနေတဲ့ ငါ့ဘ၀ကိုနင်မဖျက်ဆီးပါနဲ့…”

စကားတွေတနင့်တပိုးပြောပြီးဖုန်းကိုတစ်ခါတည်းတန်းပိတ်လိုက်ကာ ခေါင်းအုံးပေါ်ကိုမျက်နှာမှောက်ချလိုက်ပြီး အတွေးသံသရာထဲမှာတ၀ဲဝဲလည်နေမိသည် ။ တည်ငြိမ်နေသာကန်ရေပြင်ဟာ ခဲဒဏ်သင့်လို့ လှိုင်းကြက်ခွပ်တွေအလူးအလဲထပြီး မငြိမ်မသက်ဖြစ်ခဲ့ရပြီးပြီ ။ လွမ်းစရာတွေ ၊ နာစရာတွေ ကင်းတဲ့ဘ၀တစ်ခုအဖြစ်တည်ငြိမ်နေပြီးခါမှ ဘာလို့များ ခဲနဲ့ပစ်ချင်နေရတာလဲ ။
အဆုံးသတ်ထိရောက်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဘာလို့ပြန်စချင်နေရတာလဲ ။ ချစ်ခဲ့ဖူးသောနှလုံးသားကို အခါခါသေဆုံးခွင့်ပေးဖို့သူမမှာအားအင်မရှိတော့ပေ ။ သူမလိုချင်တာ လုံခြုံနွေးထွေးသောမေတ္တာတရားတစ်ခုတည်း ။

ဆက်ရန်



4 thoughts on “နှုတ်ဆက်ရွက်ကြွေ(၃)”

  • ၃ ပွင့်ဆိုင် ဇာတ်လမ်းဖြစ်လာတော့
    စိတ်ဝင်စားဖို့ ပိုကောင်းလာပြီ..။ အမြဲစောင့်ဖတ်နေတဲ့ ပရိသတ်တွေ ရှိတယ်နော် ညီမလေး ..။ တပိုင်းပြီး တပိုင်း မျှော်နေတယ်..။

  • ဆုမြတ်ရေ မလေးတော့အရမ်းသိချင်နေပြီ ကောင်းဇင် ရယ် ဦးငယ်ရယ် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ စောင့်နေမယ်နော်။

  • မတိမ်လွှာ… အမြဲတမ်းစောင့်ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ မရယ်း)

    မလေး .. ဟုတ်..လာဖတ်ပေးတာကျေးဇူးပါနော် မလေး

    မမြတ် – ဟုတ် မမြတ် ကျေးဇူးပါနော်း)

Leave a Reply

Your email address will not be published.