May God Bless You!!

လေပြည်သွေ့သွေ့တိုက်နေတဲ့ ညနေခင်းလေးမှာ လှိုင်းကြက်ခွပ်ကလေးများပြေးလွှားဆော့ကစားနေတဲ့ အင်းလျားကန်ရေပြင်ကြီးကိုငေးမောရတဲ့အရသာကို သူမနှစ်သက်လှပါသည် ။ ရုန်းကန်လှုပ်ရှားနေကြတဲ့လူမှုပတ်ဝန်းကျင်ကနေ ပြေးထွက်ပြီး ဒီနေရာလေးမှာ သူမ အပန်းဖြေစမြဲ ။ ဘ၀အမောတွေကြားက ရုန်းထွက်ဖို့ သူမအတွက်သီးသန့်ရှိနေသော ကမ္ဘာလေးပါပဲ ။ ကန်ဘောင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း တခါတခါရောင်စုံလူတွေကိုသူမငေးမိသေးသည် ။ တဟေးဟေး
တ၀ါးဝါးအော်ဟစ်ပျော်မြူးနေကြတဲ့ ဆယ်ကျော်သက်အုပ်စုလေးတစ်စု ။ ငယ်ရွယ်နုပျိုသော မျက်နှာလေးတွေကိုယ်စီနဲ့ ပေါ့ပါးလွတ်လပ်သောပျော်ရွှင်မှုတွေနဲ့အတူ သူမအားကျသလိုလိုတောင်ဖြစ်မိပါသည်။ထိုအုပ်စုလေးနောက်မှာ လက်ချင်းချိတ်သွားနေကြတဲ့စုံတွဲ ၊ ထီးလေးတစ်ချောင်းရဲ့အောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကမ္ဘာလောကကြီးတစ်ခုလုံးကိုလျစ်လျူရှုထားတဲ့စုံတွဲ ၊ ကလေးငယ်လေးနှစ်ယောက်လက်ကိုဆွဲရင်း အေးအေးလူလူလမ်းလျှောက်လာတဲ့မိခင်တစ်ယောက် ၊ အင်းလျားကန်ရေပြင်ကြီးကိုတောင်မငေးနိုင်လောက်အောင် အသည်းအသန်ဖုန်းပြောနေသောကောင်မလေးတစ်ယောက်  ကို သူမငေးမောရင်း သူမ စိတ်အေးလက်အေး
အတွေးနယ်ချဲ့နေမိပါတော့သည်။

ကန်ရေပြင်ကိုငေးလိုက် ၊ ပတ်ဝန်းကျင်ကိုငေးလိုက်ဖြင့် သူမထိုနေရာမှာပဲအချိန်အတော်ကြာအောင်ထိုင်နေမိသည်။ ငယ်ရွယ်နုပျိုစဉ်အခါက သူမ၏ဘ၀ကန်ရေပြင်ထဲကို လှိုင်းကြက်ခွပ်လေးထအောင် ခဲသေးသေးလေးနဲ့ပစ်ပေါက်ဖူးခဲ့သည့်လူတစ်ယောက်ကိုအမှတ်မထင်သတိရသွားမိပြန်သည် ။ အော်…ဘ၀ဆိုတာဒီလိုပါပဲလား ။ သက်ပြင်းမောတစ်ချက်ချရင်း သူမ အခုအချိန်ထိ ဘာလို့တစ်ယောက်တည်းဖြစ်နေရသလဲဆိုတဲ့ မေးခွန်းကို
သူမကိုယ်သူမ ပြန်မေးကြည့်လိုက်မိသည် ။ သူမဟာ နောင်နှစ် အေပရယ်လရောက်ရင် နှစ်ထိပ်စီးအသက်ကိုနှုတ်ဆက်ရတော့မယ်။ အောင်မြင်သောစီးပွားရေးတစ်ခု ၊ ကိုယ့်ဘေးကရပ်တည်ပေးမယ့် မိသားစုတစ်စု နဲ့အတူ သဘာဝတာဝန်ကိုကျေပွန်သင့်တဲ့အသက်အရွယ်ကိုသူမရောက်ရှိနေပေမယ့် ခုချိန်ထိ သူမတစ်ယောက်တည်းပဲရှိနေတုန်းပါပဲ ။ အတွေးလွန်နေတုန်းမှာပဲ တစစနဲ့ မှောင်လာတဲ့ ပတ်ဝန်းကျင်ကို သူမသတိထားမိလိုက်သည် ။ အိမ်ပြန်ရင်အချိန်တန်လေပြီ။ အင်းလျားရဲ့လေပြည်တွေက သူမကိုအိမ်မပြန်အောင်ဆွဲဆောင်နေပေမယ့် အချိန်တန်ပြီမို့ ထိုင်နေရာမှထရင်း အင်းလျားရဲ့နေ၀င်ဆည်းဆာကိုစွန့်ခွာကာ သူမကားရပ်ထားတဲ့နေရာကို လမ်းလျှောက်လာစဉ် ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခပ်လိုက်မိသည်။ မှောင်စပျိုးနေတဲ့ အင်းလျားရဲ့ညနေခင်းမှာ သူမမှတ်မိနေသေးတဲ့မျက်နှာတစ်ခု အပြင် ထိုမျက်နှာနဲ့ပုံစံတူ မျက်နှာသေးသေးလေးတစ်ခု ၊ ချစ်ခင်နှစ်လိုဖွယ်ရာမျက်နှာပေးလေးနဲ့ အေးချမ်းလှတဲ့ မျက်နှာလှလှလေးတစ်ခုကိုပါ သူမထပ်တွေ့လိုက်ရပါသေးသည်။

ငယ်ချစ်ဟောင်းနဲ့လမ်းမှာတွေ့ရင် ဘယ်လိုနှုတ်ဆက်မလဲဆိုတဲ့ အတွေးမျိုးကိုသူမ ခဏခဏတွေးဖူးခဲ့သည် ။ အောင်နိုင်သူအပြုံးနဲ့နှုတ်ဆက်ရအောင် သူမဟာအောင်နိုင်ခဲ့တဲ့သူမဟုတ်ဘူး ၊ ချာခနဲနှုတ်မဆက်ဘဲနေရအောင် ဆုံးရှုံးခဲ့တဲ့သူလည်းမဟုတ်။ ရှေ့ဆက်ဖို့မဖြစ်နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို နှစ်ဦးသဘောတူအဆုံးသတ်ခဲ့ကြသည်။ ဟောဒီအင်းလျားရေပြင်ဘေးက ထိုင်ခုံလေးတစ်ခုမှာပဲ အနိုင်အရှုံးမဲ့စွာ လက်ပြနှုတ်ဆက်ခဲ့ကြသည် ။ အသက်ထက်ချစ်ခဲ့ပေမယ့် ဘ၀ရဲ့ငြင်းပယ်မရသော ကံကြမ္မာအတွက် သူမတို့နှစ်ယောက်နားလည်စွာလမ်းခွဲခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုစာ မျက်နှာချင်းမဆိုင်ဖြစ်ကြပေမယ့် သတင်းစကားလေးတွေကြားစမြဲပါပဲ ။ အတတ်နိုင်ဆုံး ပွင့်လင်းဖြူစင်တဲ့ မျက်နှာပေးနဲ့ သူမ သူတို့မိသားစုကိုပြုံးပြနှုတ်ဆက်လိုက်သည်။ချစ်စဖွယ်ကလေးမလေးကတော့ အဖေတူ သမီးလေး ။ တီတီတာတာပြောတတ်တဲ့အရွယ်မို့လို့ မိဘတွေချစ်ခင်မြတ်နိုးလိုက်မယ့်ဖြစ်ခြင်း ။ သူ့ရဲ့အမျိုးသမီးကလည်း သူ့အပေါ်ချစ်ခင်တွယ်တာတဲ့မျက်ဝန်းများနဲ့စိုက်ကြည့်လို့ ။ သူမ ရဲ့မင်္ဂလာသတင်းဘယ်တော့ကြားရမလဲလို့တောင်နောက်လိုက်သေးတယ်။ သူမကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ မကြာမီ ၊ လာမည် ၊ မျှော် လို့ပဲ ပြန်ပြောလိုက်မိပါသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က သူနဲ့သူမ နှစ်ဦးသဘောတူလမ်းခွဲခဲ့တယ်ဆိုပေမယ့် သူမကန်ဘောင်ဘေးမှာပဲရှိုက်ကြီးတငင်ငိုခဲ့ဖူးသည်။ သူမရဲ့ခန္စာကိုယ်အလေးချိန်တစ်ဝက်လောက်ကျသွားအောင်အထိ မစားနိုင်မသောက်နိုင် အသဲကွဲခဲ့ဖူးတယ်။
အချိန်၏ ကုစားမှု အပြင် ဘုရားသခင်ရဲ့အလိုတော်အတိုင်းပဲလို့မှတ်ယူနိုင်ခဲ့လို့ သူမ တဖန်ပြန်လည်ရှင်သန်နိုင်ခဲ့သည် ။ ဘာသာတူတဲ့ သူ တစ်ယောက်နဲ့လက်ထပ်လိုက်ပြီလို့ သတင်းကြားတဲ့အချိန်မှာ သူမ တစ်ခေါက်ထပ်ငိုပြန်သေးသည် ။ မင်္ဂလာဆောင်ဖိတ်စာလေးကိုကြည့်ရင်း မျက်ရည်တသွင်သွင်စီးကျလာသည်။ အဲဒီနေ့ညက မယ်တော်မာရီရှေ့မှာ ဒူးထောက်ထိုင်ရင်း အစစအရာရာအဆင်ပြေစေဖို့ အာရုံမိုးသောက်အချိန်ရောက်အောင်အထိ ဆုတောင်းပေးခဲ့ဖူးသည်။
သူမ အပါအ၀င် မဆုံးရှုံးဖူးတဲ့လူသားဆိုလို့ လောကကြီးထဲမှာတစ်ဦးတစ်ယောက်မျှမရှိ ။ သူမယုံကြည်ရာ ခရစ်တော်တောင်မှာ ဆုံးရှုံးခြင်းကို မလွတ်မြောက်နိုင်ခဲ့ပေ။ သမ္မာကျမ်းစာဖတ်ရင်း ၊ ပုတီးစိတ်ရင်း သူမပြန်လည်တည်ငြိမ်လာခဲ့ရပါသည်။

ကားမောင်းနေရင်းစီးကျလာသော မျက်ရည်တချို့ကိုသူမသုတ်ချင်စိတ်မရှိ ၊ ကားကိုလမ်းဘေးတစ်နေရာမှာထိုးချလိုက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။သူမ  မဆုံနိုင်အောင်ဝေးခဲ့ကြလို့ ရှိုက်ကြီးတငင်ငိုကြွေးမိတာမဟုတ်..သူမကြည်ဖြူစွာလက်ခံရွေးချယ်ခဲ့တဲ့လမ်းအတွက် နောင်တရစရာမရှိဘူးလေ ။ မနာလို ၀န်တိုစိတ်ကြောင့် ငိုကြွေးရခြင်းလည်းလုံးဝမဟုတ်ပါဘူး ။ သူမရင်ဘတ်ထဲမှာ သူနဲ့ (သူတို့မိသားစုနဲ့ပက်သက်ပြီး) မနာလိုခြင်း ၊ သ၀န်တိုခြင်း ၊ အားကျခြင်း ၊ သူမကိုချန်ထားခဲ့လေပြီး တခြားသူကိုရွေးရက်လေခြင်းဆိုတဲ့ ခံစားချက်မျိုးလုံးဝမရှိခဲ့ပေ ။ သူတို့၏မင်္ဂလာသတင်း ၊ သမီးလေးမွေးတယ်ဆိုတဲ့သတင်းတွေကို သူမကြည်နူးဝမ်းသာစွာကြားခဲ့ရသည် ။ နှစ်ကာလ အတော်အတန်ကြာအောင် သူမရဲ့ရင်ထဲမှာရှိနေခဲ့ဖူးတဲ့သူဆိုတဲ့ အတ္တလေးတစ်ခု မရှိတော့ဘူးဆိုပြီး သူမ၀မ်းနည်းကြေကွဲခြင်း ၊ ရှိုက်ကြီးတငင်ငိုကြွေးခြင်းပင်ဖြစ်လေသည်။

အတ္တတစ်ခုနိဂုံးချုပ်ပြီးနောက်မှာ နောက်အတ္တတစ်ခုအစပျိုးဖို့သူမအဆင်သင့်ဖြစ်နေခဲ့သည် ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ သူမမိဘများသဘောတူတဲ့ ကိုအောင်မြင်ဟိန်းဆိုသူနဲ့ ဧမာနွေလဘုရားကျောင်းမှာ သူမလက်ထပ်ခဲ့သည်။
May God Bless You!!!

http://www.youtube.com/watch?v=RbL8IMmm3oo

မကြည်ကြည်ရဲ့ အဝေးကြီးပါပဲ ဆိုတဲ့ပိုစ့်လေးရယ် ရေးလက်စပိုစ့်လေးတစ်ခုရယ်ကိုပေါင်းပြီး May God Bless you ပိုစ့်လေးဖြစ်လာခဲ့ရပါတယ် ။ မကြည်ကြည်ကို credit ပေးပါတယ်နော် ။



3 thoughts on “May God Bless You!!”

  • ချစ်တိုင်းလည်းမဆုံဆည်းနိုင်သလို အချိန်တွေက စကားပြောတဲ့အခါ ဟိုတချိန်ကအချစ်လို့ ထင်တဲ့အရာတွေက အချစ်ဟုတ်မနေတာလဲဖြစ်တတ်ပြန်တယ်. ချစ်သူတွေတိုင်းဆုံဆည်းကြတာတော့ အကောင်းဆုံးပေါ့ညီမရယ်.

  • @မိုးနတ်ရယ် ရေးသမျှကော့မက်လေးတွေချန်ပြီး အမြဲအားပေးတာ…ကျေးဇူးပါနော်

    @မတန်ခူး – အချိန်ဟာ အကောင်းဆုံးသော သမားတော်ပါ အမရယ်… အားပေးတာကျေးဇူးပါနော်

Leave a Reply

Your email address will not be published.