အချစ်ဦးဒိုင်ယာရီ

ဖုန်တလောင်းလောင်းထနေသောဗီရိုအံဆွဲလေးကိုဖုန်ခါရင်း ရှိနေမှန်းသိလျက်နဲ့ မေ့ချင်ယောင်ဆောင်ထား ဒိုင်ယာရီစာအုပ်လေးကိုတစ်ရွက်ချင်းလှန်လိုက်မိသည်။
“အချစ်ဦး မြေးဦးရရင်တောင်မမေ့ဘူး” တဲ့….. အချစ်ဦးဆီက အမှတ်တရလက်ဆောင်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်လေး ။ အမှတ်တရပေါင်းစုံတို့ရဲ့သိုမှီးရာ ၊ ခံစားချက်တွေရဲ့ဖြစ်တည်ရာ ၊ မျက်ရည်တွေရဲ့စီးဆင်းရာ တကယ်တော့ အချစ်ဦးဆီက ဆိုတဲ့ခံစားချက်လေးတောင်မှ သူမအတွက်အရာရာတိုင်းဖြစ်စေခဲ့ပါသည်။

ဒိုင်ယာရီရဲ့ပထမစာမျက်နှာမှာ “သက်ထားလေးရဲ့ခံစားချက်တွေအကုန်ဖွင့်ဟဖို့” ဆိုတဲ့စာလေးရေးထားမှန်း မကြည့်ပေမယ့် သိနေခဲ့သည်။ လေးထောင့်ဆန်ဆန်လက်ရေးတွေကိုလည်းအခုထိအလွတ်ရနေမြဲ ။

“ကိုကြီးရယ် လက်ပံပွင့်တွေပွင့်နေပြီ အပြင်မှာလည်းတအားပူတယ် ဘယ်ကိုလွမ်းလို့လွမ်းရမှန်းမသိဘူး ကိုကြီးကိုတအားသတိရတယ် ”
နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်ရောက်ရောက်ချင်းပထမဆုံးရေးဖြစ်တဲ့စာသားလေး ။ အလွမ်းတွေနဲ့မယဉ်ပါးသေးတဲ့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ဆောက်တည်ရာမဲ့တဲ့အလွမ်းတွေ  ချစ်တတ်လွမ်းတတ်ခံစားတတ်လွန်းတဲ့ငယ်ပုံရိပ်တွေ ၊ ကြင်နာတတ်တဲ့နှုတ်ခမ်းဖျားက “သက်ထားလေး” ဆိုတဲ့အသံတွေဟာ ဒိုင်ယာရီစာမျက်နှာတွေနဲ့အတူ လှုပ်ခတ်နိုးကြားလာခဲ့ပြန်ပါတယ်။

“နေ့စဉ်ရက်ဆက်လွမ်းနေမိတယ် ကိုကြီးရယ် ကိုကြီးအပြုံးလေးကို အခုမြင်ချင်လိုက်တာ”
အညာနေပူပူ လေပူပူမှာ ချိုမြနေတဲ့အပြုံးအေးအေးလေးတွေကိုမှန်းဆ တမ်းတ လွမ်းမပြေနိုင်တော့တဲ့အခါ ဒိုင်ယာရီစာမျက်နှာဟာ အလွမ်းတွေပွင့် ၊ မျက်ရည်တွေစီးရင်းနဲ့ပဲ အလွမ်းသံသရာရှည်လျားလွန်းခဲ့တယ်။
“ခု သူဘာလုပ်နေလဲမသိဘူး” ဆိုတဲ့အတွေးလေးတစ်ခုကပင် မျက်ရည်စို့ချင်ချင် ။ ကျောင်းမှာနေစဉ်ကအိမ်ကိုလွမ်းလှပေမယ့် တကယ်လည်းအိမ်ကိုရောက်တော့ ကိုကြီးကိုပိုလွမ်းနေလိုပဲ ။အပြင်မှာပူလွန်းသလို ကိုကြီးမရှိတဲ့အညာနွေဟာ ရှည်လျားလွန်းခဲ့တယ် ။

“နက်ဖြန်ဆိုရင် ကိုကြီးနဲ့တွေ့ရပြီ လွမ်းလှပြီကိုကြီးရယ်”
ကျောင်းတွေပြန်ဖွင့်တဲ့ဒီဇင်ဘာကိုလက်ချိုးရေတွက်ရင်း ကိုကြီးကိုလွမ်းရင်းနဲ့ ကျောင်းပြန်တက်မယ့်အချိန်ကိုရောက်လာခဲ့ပြန်တယ်။ ဆောင်းနှင်းမြူလေးတွေရယ်  ၊ ကျောင်းရှေ့က ဆောင်တော်ကူးပန်းနွယ်တွေရယ် ၊ ကိုကြီးရယ်ကို တပြိုင်နက်တည်းပြန်မြင်ရလိုက်ရတာ ဘယ်လောက်ကြည်နူးဝမ်းသာမိလဲ ကိုယ်တိုင်ပဲသိခဲ့သည်။ နှင်းတွေဖွေးနေအောင်ကျတဲ့မနက်ခင်းမှာ အလွမ်းတွေသင့်နေတဲ့ ဒိုင်ယာရီကို ကိုကြီးယူဖတ်တော့ ရှက်အားပိုနေခဲ့တဲ့ သူမကို “အညာသူတွေထဲမှာ ဒီအညာသူဖြူဖြူဖွေးဖွေးလေးက ချစ်ဖို့အကောင်းဆုံး” တဲ့ ။

“အညာသူဖြစ်ရတာသိပ်ဂုဏ်ယူတာပဲ ဘာလို့လဲသိလား ကိုကြီးက ဒီအညာသူဖြူဖြူဖွေးဖွေးလေးကိုချစ်လို့လေ”
စကားလေးတစ်ခွန်းပေမယ့် အိပ်မက်ရက်ဆက်တဲ့အထိအပျော်တွေလွန်ခဲ့တဲ့အကြောင်း ကိုကြီးသိနိုင်ခဲ့မယ်မထင်ဘူး။ အချစ်တွေနဲ့ရွှန်းလက်နေခဲ့ဖူးတဲ့စာမျက်နှာတွေ ၊ အချစ်တွေနဲ့ပျော်ရွှင်ခဲ့ဖူးတဲ့နေ့ရက်တွေ ၊ အချစ်တွေနဲ့သိမ်မွေ့ခဲ့ဖူးတဲ့အကြောင်းအရာတွေ …တကယ်တော့ သူမဟာ အချစ်ကြောင့်သာထွန်းလင်းတောက်ပလာသော နတ်သမီးလေးတစ်ပါးလိုပါပဲလား ။

“သိပ်အားကျစရာကောင်းတဲ့ချစ်သူတွေတဲ့ ကိုကြီးရယ် သူငယ်ချင်းတွေအားကျကုန်ကြပြီ ”
မြဲမြဲတွဲထားတဲ့လက်နှစ်ဖက်ဟာ ဘယ်လိုအင်အားနဲ့မှနှဲ့လို့မရအောင်သိပ်မြဲမြံခဲ့ကြတယ်နော် ။ ဂရုစိုက်တာကြင်နာတာတွေအပြင် အပြုံးလေးနဲ့ပြောတတ်တဲ့ ဆုံးမစကားတွေ ၊ ပေတတ်တဲ့သူမအတွက် အစစ အရာရာဂရုစိုက်တတ်တာတွေ ၊ တလွဲတွေးတတ်လွန်းတဲ့သူကို လေအေးအေးနဲ့ပြောပြတတ်တာတွေ….ချစ်တယ်ဆိုတာထက်ကိုပိုခဲ့တဲ့ခံစားချက်တွေ ဟောင်းနွမ်းနေခဲ့တဲ့ဒိုင်ယာရီစာမျက်နှာတွေမှာ ဘယ်နှစ်ကြိမ်မှန်းမသိတဲ့မျက်ရည်တွေထပ်ကျလာပြန်ခဲ့ပြီ ။

“ကိုကြီးရယ် မေ့လို့မရဘူး”
အရေအတွက်တွေတိုးလာတဲ့ရည်းစားတွေက ချစ်လားလို့ မေးရင်  “အချစ်ဦးကိုမေ့လို့မရဘူး အချစ်ဦးကိုအချစ်ဆုံးပဲ ” လို့ပြန်ဖြေတတ်ခဲ့လွန်းလို့ ပြသနာတွေတက်ရတာလည်းမနည်းခဲ့ဘူးလေ ။ ဒီဘူတာမှာ အခါအားလျော်စွာရပ်လာတဲ့ရထားတွေဟာ အကြောင်းတိုက်ဆိုင်သလိုထွက်ခွာသွားကြပေမယ့် သွေးအေးအေးနဲ့ကြည့်နေတတ်ခဲ့တာ ကိုကြီးမသိနိုင်ခဲ့ဘူး ။ နောက်ကြောင်းမရှင်းဘဲ ရည်းစားထားချင်တဲ့မိန်းမတစ်ယောက်အဖြစ်ကိုရောက်နေမှန်းသိနေလျက်နဲ့ ဘယ်သူမေးမေး “ရည်းစားဦးကိုအချစ်ဆုံးပဲ” လို့မိုက်မဲစွာဖြေတတ်ခဲ့တယ်။

“ကိုကြီးကလွဲရင်ဘယ်သူ့ကိုမှလက်မထပ်ချင်ဘူး”
အချစ်နဲ့ရေးတဲ့ဒိုင်ယာရီစာမျက်နှာတွေမှာ မသက်ဆိုင်တဲ့သူအတွက်ရေးရတာ သိပ်အကျဉ်းတန်လွန်းတယ် ။ တံခွန်မရှိတဲ့ဘုရား ၊ လင်မရှိတဲ့မိန်းမဟာ တကယ်ပဲမတင့်တယ်တော့ဘူးလား ။ “မျှော်လင့်မနေနဲ့တော့ အိပ်မက်ကနိုးတော့  ဘယ်ရောက်လို့ရောက်မှန်းတောင်မသိတဲ့သူကို” အပြစ်တင်တာလား ၊ ကိုယ်ချင်းစာတာလား ဝေခွဲမနေချင်တော့ဘူး ၊ ဖုန်းကလေးတစ်ချက်မြည်လာတိုင်း ကိုကြီးများလားလို့ အပြေးအလွှားသွားကိုင်တတ်တာ အစဉ်အလာကြီးတစ်ခုလိုဖြစ်လို့ ။

“သက်ထားကို မာယာများတယ်တဲ့ကိုကြီးရယ်”
အစားမထိုးနိုင်တဲ့နေရာတစ်ခုကို အစားထိုးလိုက်ဖို့သတ္တိနည်းတာအပြစ်လား ။ သီးသန့်ရှိနေတဲ့ဖြစ်စဉ်တစ်ခုဟာ တခြားတစ်ခုနဲ့ရောဖို့ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အခါ “မာယာများတယ် ” တဲ့ ။ မလိုချင်ရင်ဘာလို့အစကတည်းက လက်ခံခဲ့လဲ တကယ်မသိပေမယ့် ပတ်ဝန်းကျင်ကပြောကြလွန်းတဲ့အချစ်ဆိုတာ တကယ်အသစ်ပြန်ဖြစ်နိုင်လား၊ တကယ်ပဲ ကိုကြီးအပြင် နောက်တစ်ယောက်ကို ကိုကြီးလိုအရမ်းချစ်နိုင်မလားသိချင်မိတယ် ။ မျှော်လင့်ခြင်းမရှိလောက်အောင်ဝေးကွာခဲ့ကြပြီးတဲ့နောက်မှာ နောက်တစ်ယောက်ကိုအစားထိုးလိုက်ချင်ပေမယ့် အစားထိုးဖို့မဖြစ်နိုင်ခဲ့ဘူး။ အချစ်ဆိုတာ ချစ်သူချန်ရစ်တဲ့အလွမ်းတွေကို ဖြေဖျောက်ရင်းနဲ့ပိုပိုလွမ်းလာသလိုပါပဲ အဝေးရောက် (ဒါမှမဟုတ်) ပျောက်ကွယ်သွားတဲ့ချစ်သူရယ်။

“ဆယ့်ငါးနှစ်ပြည့်ပြီ လွမ်းတယ်ကိုကြီးရယ်”
ပျောက်ကွယ်သွားတဲ့ချစ်သူတစ်ယောက်ဆိုတာထက် အဓိပ္ပာယ်များစွာ ၊ ရင်ဘတ်ထဲကိုနေရာများစွာယူခဲ့ဖူးတဲ့သူတစ်ယောက်ဟာ အကြောင်းမဲ့သက်သက် ပျောက်ဆုံးသွားတာ ဘာလို့လဲ ။ နှုတ်ဆက်လက်ပြခွင့်လေးတောင်မှမရလိုက်တဲ့အဖြစ် ။ အညာသူဖြူဖြူဖွေးလေးဟာ အမည်ခံချစ်သူတွေထည်လဲတွဲရင်း အချစ်နဲ့ဂရုစိုက်မှုတွေကို ပေါပေါများများရယူခဲ့ပေမယ့် အချစ်အပါအ၀င် စေတနာ မေတ္တာ သံယောဇဉ်တွေကို အချစ်ဦးဆီကပဲပိုမျှော်လင့်ခဲ့တာ ကိုကြီးသိနိုင်ခဲ့မှာမဟုတ်ဘူး ။
မြတ်မြတ်နိုးနိုးခေါ်ခဲ့ဖူးတဲ့ “သက်ထားလေး” ဆိုတဲ့အသံလေးပြန်ကြားနိုင်မလားဆိုတဲ့ မဖြစ်နိုင်သောမျှော်လင့်ချက်နဲ့အတူပစ်ခွာရက်လေခြင်းဆိုတဲ့ နာကျဉ်းမှုတွေမရောယှက်နိုင်ခဲ့တဲ့ ချစ်ခြင်းတွေဟာ သူမအတွက်အပျိုကြီးတစ်ယောက်ဖြစ်ဖို့များစွာလုံလောက်ခဲ့တယ်။

PS-   Facebook ပေါ်ကတွေ့မိတဲ့အမတစ်ယောက်ရဲ့ခံစားချက်စာသားလေးတွေကိုဖတ်ပြီး နှလုံးသားနဲ့ခံစားရေးဖွဲ့ပါတယ် ။



2 thoughts on “အချစ်ဦးဒိုင်ယာရီ”

  • ပျောက်သွားတယ်ဆိုတာ အဆက်အသွယ်မလုပ်တော့တာလား… ဒါမှမဟုတ် တကယ်ပဲပျောက်သွားတာလားဆိုတာ တွေးနေမိတယ်… ရှောင်ပုန်းနေတာမဟုတ်ဘူးဆိုရင် တနေနေ့ ပြန်ရောက်လာနိုင်သေးတာပဲနော်…

  • လူတစ်ယောက်ဟာ အဆက်အသွယ်လုံးဝမလုပ်တော့ရင် ၊ ဘယ်ဆီရောက်လို့ရောက်မှန်းမသိခဲ့ရင် ၊ ရှောင်ပုန်းနေတာတော့မဟုတ်ဘူးဆိုရင် ပြန်လာနိုင်ဦးမလား ဆုမြတ်လည်းတွေးနေတုန်းပါပဲ အမတန်ခူးရယ်း)

Leave a Reply

Your email address will not be published.