အခါလွန်သင်္ကြန်

နွေပိတောက်တို့သည် မိုးစက်များအကြိုထောက်ခေါ်ဆောင်မှုဖြင့်သင်္ကြန်ကာလအတွင်းလောကတခွင်အလှဆင်နေကြပြီ။ ခါသင်္ကြန်ဆိုရင်ဖြင့် ပတ်ဝန်းကျင်တခုလုံး လှုပ်လှုပ်ရှားရှားဖြင့် လူတိုင်းလူတိုင်းပျော်ပျော်ပါးပါးနှစ်သစ်ကိုကြိုဆြို ကသည်။ ငယ်ရွယ်စဉ်ဘ၀တုန်းကတော့ သင်္ကြန်ရောက်တိုင်း ကလေးပီပီ
နို့ဆီခွက်နဲ့ရေပက်ရင်းဆယ်စုနှစ်တစ်ခုစာလောက်ပျော်ပါးခဲ့ဖူးတယ် ။ ဒါပေမယ့်လည်း အရွယ်ရောက်လာတဲ့အခါ ရေထိမိတာနဲ့ ပဲကြီးရေတွန့်တဲ့လက်ရယ် ရေစိုအ၀တ်နဲ့အကြာကြီးနေရတာကိုမကြိုက်တာရယ်ကြောင့်ပဲ သူမသင်္ကြန်နဲ့ဝေးခဲ့ပါသည် ။ သင်္ကြန်ရောက်တိုင်း သနပ်ခါးအဖွေးသားလိမ်းကာ ရေလာလောင်းသမျှ အလောင်းမခံဘဲ ရေမစိုအောင်နေတတ်ခဲ့သည် ။ မမပဲလို့ ပတ်ဝန်းကျင်က သမုတ်ကြမလားပဲ ။

သင်္ကြန်ရောက်တိုင်းသူမတို့အိမ်မှာအမြဲရှိတတ်ခဲ့တာက သူမထက် အသက်နည်းနည်းပိုကြီးတဲ့ အိပ်မက်ညဆက်ရောက်ရောက်လာတတ်တဲ့ ရင်ဘတ်ထဲက တစ်ယောက်သောသူ ။ ရင်ခုန်သံကိုသိနားလည်တယ်ပြောရလောက်အောင်လည်း ရင်ဘတ်ချင်းပွင့်လင်းခဲ့ကြသူတွေမဟုတ်သလို နားမလည်ဘူး ပြောရအောင်လည်း ရင်ဘတ်ချင်းဝေးကွာခဲ့ကြသူတွေမဟုတ်ဘူး ။ မာနလို့ပဲ အမည်တပ်ရမလား လူတိုင်း ကိုယ်ရဲ့တစ်ယောက်သောသူကို မေတ္တာရေလေးလောင်းကြရင်း နှလုံးသားချင်းအပေးအယူမျှတတ်တဲ့သင်္ကြန်မှာ သူမတို့နှစ်ယောက်က အင်းမလှုပ် ၊ အဲမလှုပ် ။ ရေအစိုမခံပါဘူးလို့ ကြေငြာထားတဲ့ သူမကို သူ့ကိုရေပက်မလားလို့ အရိပ်အယောင်ပြစကားတွေကိုလည်းသူမနားမလည်ခဲ့ ။ သင်္ကြန်ရေကိုကိုယ်နဲ့မဆိုင်ဘူးလို့ခံယူထားတဲ့သူပီပီ သူမ သူ့ကိုရေလောင်းဖို့လည်းမကြိုးစားခဲ့မိဘူး ။
လူမသိသူမသိ မာန ကိုယ်စီခံနေတဲ့ သူမတို့နှစ်ယောက်ကြားမှာ မြှားနတ်မောင်လေး ခလောက်ဆန်ဖို့မေ့နေခဲ့သလားပဲ ။

သင်္ကြန်ရက်တွေမှာသူမကတော့ စာလေးဖတ်လိုက် စားလိုက်သောက်လိုက်ဖြင့်တည်ငြိမ်နေတတ်ပေမယ့် သူကတော့ အပြင်လေးထွက်သွားလိုက် ၊ ပြန်လာရင် သူမတို့အိမ်ဘက်ကိုကူးပြီး ဘယ်သူကတော့ သူ့ကိုရေမွှေးလေးထည့်ပြီးရေလောင်းလိုက်တယ် .ဘယ်ဝါကဖြင့်သူ့ကိုသင်္ကြန်ပုတီးလေးလက်ဆောင်ပေးလိုက်တယ်ဆိုပြီး ပြောပြပေမယ့်…. သူမတုပ်တုပ်မျှမလှုပ်ခဲ့တဲ့အပြင် သူ့ကိုပဲ ရေလောင်းတဲ့သူတွေ လက်ဆောင်ပေးတဲ့သူတွေနဲ့ပဲစနေမိခဲ့ပါသည် ။ အမြုံတစ်ယောက်ရဲ့ရင်ဘတ်နောက်ကဝေဒနာကို အမြုံတစ်ယောက်က ဘယ်လိုလုပ်ကုစားပေးနိုင်မှာလဲ..။ လိုချင်တယ်ဆိုရင် ရဲရင့်ခြင်းနဲ့ရှေးတိုးလှမ်းလာပါလား သူ…..။ မခံနိုင်အောင် အပ်ကလေးနဲ့ဆွဆွပေးရင်လည်း မိန်းမသားမာနတွေရင့်သန်နေတဲ့ရင်ဘတ်ကြီးက သွေးစိမ်းရှင်ရှင်ထွက်ရုံပါ ။

မာနတွေနဲ့လွန်ဆွဲရင်း သံစဉ်လွဲတဲ့သီချင်းတစ်ပုဒ်လိုပဲနှလုံးသားချင်းထပ်တူမကျတဲ့သူမတို့တွေ ဘ၀ချင်းခြားခဲ့ကြသည် ။ ကမ္ဘာကြီးရဲ့ရင်ခွင်တစ်ခုတည်းမှာတည်ရှိကြပေမယ့် ဘ၀ကိုယ်စီလျှောက်လှမ်းရင်း ပထမဆုံးပြန်ဆုံဖြစ်တာ လွန်ခဲ့သော ခုနစ်နှစ်က သင်္ကြန်တွင်းမှာ ။ တိုက်ဆိုင်စွာနဲ့ သူ ဟာ သူမတို့ရှိရာသို့ရောက်လာခဲ့သည်။ နဂိုထက်နည်းနည်းလေးရင့်သွားသော်လည်း နဂိုပုံမပျောက်တဲ့သူ နဂိုပုံစံအတိုင်း သွားတက်ကလေးပေါ်အောင်သူမကိုပြုံးပြပါသည် ။ သူရယ် သူမရယ် အပါအ၀င် သူငယ်ချင်းတွေနဲ့ အပြင်ခဏထွက်ရင်း ဟိုဟိုဒီဒီလျှောက်သွားဖြစ်ခဲ့သည် ။ ဒါပေမယ့် သူမတို့ တစ်ယောက်ကိုတစ်ယောက်ရေမလောင်းဖြစ်ခဲ့ကြဘူး ။ အပြုံးတွေကိုယ်စီဆင်ယင်ရင်း….… အမှတ်တမဲ့သူ့မျက်နှာကိုငေးရင်း.…သွားတက်လေးတွေနဲ့အ ပြုံးလေးကိုငေးရင်း သူမ ခံစားချက်တွေ မတည်ငြိမ်နိုင်သေးမှန်း…….သိလိုက်ရသည် ။ ချမ်းနေတဲ့သူမကို မျက်နှာသုတ်ပ၀ါလေးကမ်းပေးမလား သူမ မ၀ံမရဲလေးမျှော်လင့်ခဲ့မိသေးသည်

သင်္ကြန်နောက်ပိုင်းမှာလည်း သူမတို့တွေမဆုံဖြစ်ခဲ့ကြပြန်ဘူး ။ သူမရန်ကုန်မှာရှိရင် သူပျောက်လိုက် သူရှိနေရင် သူမနယ်ကိုရောက်လိုက်နဲ့.. ဝေးမှန်းမသိဝေးခဲ့ကြပြန်သည် ။ ဒီလိုနဲ့ပဲ သူနဲ့သူမ အစီစဉ်မရှိဘဲ တစ်ခုသောသင်္ကြန်ရက်ကလေးတစ်ခုမှာ သုံးမိနစ်လောက် တွေ့ဆုံဖို့ဖြစ်လာခဲ့ပါသည် ။ ခဏလေးတွေ့ကြမယ်ဆိုပေမယ့်…….နိဂုံးတစ်ခုလို့ သူထင်မှတ်ခဲ့သလားမသိ..လက်ထဲမှာ လမ်းက၀ယ်လာပုံရတဲ့ရေသန့်ဘူးအသစ် အေးအေးလေးနဲ့..။ တစ်စုံတစ်ခုသော နားလည်မှုနှင့်အတူ သူမ သူ့ကိုမေးလိုက်မိသည်..။

”ဟာ..ရေလောင်းမလို့လား……နည်းနည်းပဲနော်”

သူရဲ့အကြည့်တွေ ၊ ခံစားချက်တွေကိုသူမ မဖတ်မိခင်အချိန်မှာပဲ သူက

”ဘ၀ တလျှောက်လုံး…..”
လို့ပြောပြီး ဆွံ့အနေခဲ့လေသည် ။ နောက်ထပ်စကားမဆက်သင့်တော့တာကိုသူရော သူမပါနားလည်တော့
သူမ သူ့စကားကိုမကြားဟန်ပြုရင်း

”အေးလိုက်တာနော်” လို့ပဲ ဟန်ဆောင်ပြုံးတစ်ခုနဲ့အတူ ပြောလိုက်မိပါသည်။ ပြီးတော့ သူမကလည်း သူ့ကို ရေပြန်လောင်းသည်..။ သူက ”နည်းနည်းပဲနော်” ဆိုပြီး သူမပြောသလိုလိုက်ပြောသည် ။ မျက်နှာမှာအပြုံးကိုယ်စီနဲ့ သူမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်နားလည်သွားကြသည် ။ အပြုံးတုတွေလည်းအဝေးမှာလွင့်စင်လို့….။ အပြုံးအစစ်ခံစားချက်အစစ်လားဆိုပြန်တော့လည်း မဟုတ်တော့ပြန်…..။အတိတ်တစ်နေရာမှာ လေးနက်ခဲ့တယ်ဆိုပေမယ့်လည်း အပေါ်ယံအရေပြားခံစားချက်ကို ဟိရီဩတ္တပ္ပတရားတွေနဲ့ သူမတို့ထိန်းသိမ်းနိုင်ခဲ့ကြပြီ ။ မဆိုင်တော့ပြီးတဲ့နောက်မှာ မဆိုင်သလိုဘဲနေလိုက်ကြတာ နှစ်ဦးနှစ်ဘက်အတွက်အကောင်းဆုံးသောနိဂုံးမဟုတ်ဘူးလား ။ သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အတွက် ကိုယ့်ကိုယ်ကိုကျေနပ်မိပါသည် ။ ဒါပေမယ့် မစည်းနိုင်သေးတဲ့အခါလွန်မိုးအတွက် သူမစောင့်ရပေဦးမည် ။ သူကတော့ဘယ်လိုရှိနေမလဲ သူမမသိနိုင်ပေမယ့် ဖြစ်ပျက်သဘောတရားတွေကိုဆင်ခြင်ရင်း သူ့ရင်ထဲကအခါလွန်မိုးလည်းစဲသွားပါလိမ့်မယ် ။ ဘ၀တစ်လျောက်လုံးသူမခံစားခဲ့ရခြင်းကို သုံးမိနစ်တာတွေ့ဆုံခြင်းက ဖြေဖျောက်ပေးနိုင်ပါသည်။ ပေါ့ပါးလွတ်လပ်သောနှလုံးသားတစ်စုံနဲ့သူမ ပျော်တယ်ဆိုပေမယ့် အပျော်စစ်မစစ် မဆန်းစစ်ချင်တော့ပါဘူး ။ မငိုချင်ဘဲ ကျကျနေတဲ့မျက်ရည်တွေကို သူမတစ်နေ့ဥပက္ခာပြုနိုင်သွားမှာပါ ။ ။



Leave a Reply

Your email address will not be published.