ရင်ထဲက ”ညီ”

ညီ .. တွယ်တာမိသောမျက်ဝန်းတစ်စုံရဲ့အောက်မှာ အရှုံးတွေထွေးပိုက်ခွင့်ရခဲ့တာတို့ပါညီ။ မနိုင်သောတိုက်ပွဲကိုမှ တိုက်ချင်မိတဲ့သူတစ်ယောက်ရဲ့အမှားလို့ပဲဆိုပါတော့။ တကယ်ပဲ အဲဒီတိုက်ပွဲမှာတို့ရှုံးခဲ့တယ်ညီ။ ညီ မသိတဲ့တို့အကြောင်း ၊ ညီမသိချင်တဲ့ တို့ခံစားချက်  … ညီရေ တို့တွေဝေးလာတာခုဆိုရင် ဆယ်စုနှစ်တစ်ခုစာရှိတော့မယ် ။ တို့ရင်ထဲမှာ ညီ့အကြောင်းကို ဟာသလုပ်ပြီးမပြောနိုင်သေးဘူး ။ တို့ဘ၀ရဲ့ ဆူးငြှောင့်ခလုတ်တစ်ခုလို တို့မေ့ပစ်နိုင်စွမ်းမရှိခဲ့ဘူးညီ။

ညီမှတ်မိဦးမလားမသိဘူး….တို့နဲ့ညီ ပထမဆုံးစတွေ့တဲ့နေ့ကပေါ့… ညီက အဲဒီနေ့က ကာကီရောင်အကျီလေးကိုလက်ခေါက်ပြီးဝတ်လို့ ၊ လူတကာဝတ်တဲ့ ဂျင်းဘောင်းဘီက တို့မျက်စိထဲမှာ ညီနဲ့မှ ပိုအဆင်ပြေနေသလိုပဲ ။ မမျှော်လင့်ဘဲ တို့ကိုဝေ့ခနဲတစ်ချက်အကြည့် တို့……ရင်တွေခုန်သွားတယ်ညီရယ်…။ ဒါပေမယ့်တို့မှာ ထိန်းသိမ်းရမယ့်သိက္ခာတရားလေးကရှိနေတော့ တို့ မမြင်ချင်ယောင်ဆောင်ပြီး မသိသလိုလေးနေခဲ့ရတယ်ညီ။

ယုန်ကောင်လေးတစ်ကောင်လိုနူးနူးညံ့ညံ့နဲ့ချစ်စရာကောင်းတဲ့ညီဟာ တို့အိမ်မှာရှိတဲ့ ယုန်ကောင်လေးဖြစ်ရင်ဘယ်လောက်ကောင်းမလဲ တို့ခဏခဏတွေးမိတယ်ညီ။ ညီသာ ယုန်ကောင်လေးဆိုရင် တို့ရင်ထဲမှာပဲ အမြဲထွေးပွေ့ထားမိလိမ့်မယ်။ အကျီအရောင်နုနုလေးတွေကိုမှကြိုက်တတ်တဲ့ တို့ရဲ့ယုန်ကောင်လေး ညီကိုတော့ တို့မှာထွေးပွေ့ခွင့်မရှိပေမယ့် ငေးကြည့်ခွင့်ရှိခဲ့ပါတယ်။ ညီသိပါ့မလား ညီဘောလုံးကန်ပြီးပြန်လာတိုင်း ညီ့ကို စောင့်ကြည့်တတ်တဲ့သူတစ်ယောက်ရှိတယ်ဆိုတာ ။

တစ်နေ့ တို့ရှောပင်ထွက်တုန်း ညီ့ကိုတွေ့လိုက်ရတော့ တို့ဘယ်လောက်ပျော်သွားမှန်းညီမသိဘူးနော် ။ ညီ့နောက်က စက်ဘီးလေးနဲ့လိုက်လာခဲ့တဲ့တို့ကို ညီသိမှာလည်းမဟုတ်ပါဘူး ။ ညီ…. ညီ့ဆီကိုဖုန်းဆက်တဲ့ အမည်မသိသောသူ တစ်ယောက်အတွက် ညီစိတ်အနှောင့်ယှက်ဖြစ်လားဟင်….။ ညီ့အသံလေးကိုကြားချင်ရုံသက်သက်ပါ ညီရယ်……။ တို့ကြောင့်စိတ်ရှုပ်ရရင်တို့တောင်းပန်ပါတယ် ညီ ။
တို့ဖုန်းဆက်လိုက်တိုင်း စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ ညီ့အသံကိုကြားရတာ တို့တော်တော်ဝမ်းနည်းမိတယ်… ။

လှပတဲ့ပင်လယ်ကမ်းခြေနောက်ခံမှာ အကျီအဖြူ ဘောင်းဘီအဖြူဝတ်ထားတဲ့တို့ယုန်ကောင်လေး ညီရဲ့ ဓာတ်ပုံလေးတို့မှာရှိတယ်သိလား ။ ညီရဲ့သူငယ်ချင်းတစ်ယောက်ဆီက တို့အတင်းတောင်းထားတဲ့ပုံလေးပေါ့ ။ တို့လေ ကိုယ်နှစ်သစ်တဲ့သူရဲ့ဓာတ်ပုံနဲ့ကိုယ့်ဓာတ်ပုံကို ရင်ချင်းကပ်ပြီး ဓာတ်ဘူးထဲထည့်ထားရင် ချစ်သူဖြစ်တယ်ဆိုပြီးကြားဖူးလို့ ညီဓာတ်ပုံလေးရပြီးတဲ့နေ့မှာ ညီပုံလေးနဲ့တို့ပုံကိုရင်ချင်းအပ်ပြီး ဓာတ်ဘူးထဲထည့်ထားသေးတယ် ။ အချိန်တွေသာကြာပါတယ် တို့ညီကတော့ တို့ကိုရှိတယ်လို့ကိုမှတ်တာမဟုတ်ဘူးလေ ။

တို့သူငယ်ချင်းမလေးကို ညီစိတ်ဝင်စားမှန်း သူငယ်ချင်းတစ်ယောက်ပြောပြလို့တို့သိခဲ့ရတယ် ။ ဒါပေမယ့် မထင်မှတ်ထားတဲ့အဖြစ်မို့ ၀မ်းနည်းမိပေမယ့် တို့စိတ်မပျက်ပါဘူးကွယ် အချစ်ဆိုတာ ပိုင်ဆိုင်ရမှ မှမဟုတ်တာ ။ တို့က ငေးကြည့်ချင်ရုံသက်သက်ပါ ။
တို့သူငယ်ချင်းလေးဆီကိုလာလည်တဲ့အခါတိုင်း တို့ ညီမသိအောင်ရှောင်နေမိခဲ့တယ် ။ ကြည်လင်နေတဲ့ညီ့မျက်နှာလေးကို တို့အဝေးကနေ ငေးကြည့်ခဲ့ရတယ် ။ နောက်ဘ၀ဆိုတာရှိရင် တို့ညီရဲ့ချစ်သူဖြစ်ပါရစေဆိုပြီး ဘုရားမှာအမြဲဆုတောင်းဖြစ်တယ်ညီ ။

မှတ်မှတ်ရရ  ဇွန်လ ၁၄ ရက်နေ့ ညီ့မွေးနေ့မှာ တို့တွေနောက်ဆုံးတွေ့ဖြစ်ခဲ့တယ်နော် ။ တို့နှစ်ယောက်ရဲ့လမ်းခွဲဟာ အဲဒီလိုမျိုးရက်ရက်စက်စက်ပြီးဆုံးသွားမယ်မှန်းတို့တကယ်မသိခဲ့ဘူး ညီ ။ ညီ့မွေးနေ့အတွက်တို့ Birthday Cake လေးယူပြီး အရဲစွန့်ကာ ညီသူငယ်ချင်းတွေနဲ့အတူရှိနေတဲ့ဆိုင်ကိုတို့ရောက်လာခဲ့တယ်..။ တကယ်ဆိုရင် တို့အဲဒီနေ့အတွက်အများကြီးပြင်ဆင်ခဲ့ရတယ်ညီ။ ညီ့အတွက်ကိတ်မုန့်လှလှလေး ရအောင်လို့ မုန့်ဆိုင်ကိုချောင်းပေါက်မတတ်သွားပြီး ဖယောင်းတိုင်လှလှလေးတွေရအောင် တို့လိုချင်တဲ့စာရအောင်တို့အသေချာကိုပြင်ဆင်ခဲ့တာပါ ။ တို့ခံစားချက်တွေကို ညီသိရင်သိပါစေတော့ဆိုပြီး အသဲပုံကိတ်လေးမှာ Happy Birthday <3 Nyi ဆိုပြီး တို့ရေးခဲ့တယ် ။

စိတ်တွေလှုပ်ရှားပေမယ့်တို့မှာညီ့အတွက်ဆိုရင် သတ္တိအပြည့်ရှိတယ်ညီ ။ ညီတို့တွေရှိနေတဲ့ဆိုင်ကိုအရောက်မှာ…တို့ကံကောင်းတယ်ပြောမလား ညီသဘောကျတဲ့ကောင်မလေးလည်းရှိမနေခဲ့ဘူး ။ ညီတို့ကောင်လေးအချင်းချင်းတွေ တ၀ါးဝါး တဟားဟားနဲ့ပွဲကျနေကြတာ အပြင်ကတောင်ကြားနေရတယ်..။ တို့လည်း ရင်ခုန်လို့လားမသိဘူး တကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်ညီ…။ ဒီလိုနဲ့ တို့ညီရှိတဲ့နေရာနားကိုလှမ်းအလာ…….

“ဟေ့ကောင် ညီမင်း..မင်းဟိုတစ်ယောက်ကိုဖိတ်ထားသေးလား”
“ဘယ်သူ့ကိုလဲက မွန်မွန်တို့ကိုလား..”
“မဟုတ်ဘူးလေကွာ…….မင်းကို ရှိတ်ရှိတ်နေတဲ့ မွန်မွန့်သူငယ်ချင်း မိုးမြင့်အာကာလား.. အာကာမိုးမြင့် ဆိုလား ပိန်ပိန်ရှည်ရှည်နဲ့တစ်ယောက်လေကွာ…”

ညီတို့သူငယ်ချင်းတွေအကုန်လုံးတို့အကြောင်းကိုပြောနေလို့ တို့ ပန်းအိုးအကွယ်မှာအသာလေးရပ်ရင်းနားထောင်နေမိတယ်..။ တို့ကို သူတို့ဘယ်လိုသဘောထားမလဲ တို့သိပ်သိချင်တယ်ညီ .. ပြီးတော့ ညီကရော……တို့အပေါ်မှာ…

“ဟာကွာ..မင်းတို့ကလည်း”

သူငယ်ချင်းတွေဝိုင်းနောက်လို့ တို့ညီရှက်သွားမှန်းတို့သိတယ်…။ အဲဒီရှက်နေတဲ့မျက်နှာလေးကို တို့ငေးကြည့်ချင်တယ်ညီ..။

“ဘာလဲကွ…မင်းကကြိုက်လို့လား..”
ညီသူငယ်ချင်းတွေကလည်းသိပ်စတာပဲနော်…။ ညီသနားပါတယ်… ဒီလောက်ဆို ညီတစ်ယောက် မျက်နှာလေးတွေ နှာသီးဖျားလေးတွေနီနေတော့မှာပဲ..။

“ထွီ…ကြိုက်စရာလားကွ…မင်းတို့ပဲယူလိုက်ကြ…ငါ့ကိုအဲဒီအခြောက်မနဲ့ တွဲတွဲမစပါနဲ့လို့ ငါဘယ်နှစ်ခါပြောရမှာလဲကွာ…”

တို့နားတွေထူပူသွားတယ်ညီ… “အဲဒီအခြောက်မနဲ့တွဲမစနဲ့…….” တို့လက်ထဲက ကိတ်မုန့်ဘူးရော ညီ့အတွက်ဝယ်လာတဲ့ ကာကီရောင်အကျီ M size လေးပါ  ပြုတ်ကျသွားတယ်ညီ….။ ၀ုန်းခနဲပြုတ်ကျသံကြားလို့ညီတို့လှည့်မကြည့်ခင် တို့ပြေးထွက်လာခဲ့တယ် ညီ..။ တို့ကို ရက်ရက်စက်စက်ပြောထွက်တဲ့ညီ့ကို တို့ဘ၀ထဲကအပြီးအပိုင်ထုတ်ဖို့ကြိုးစားမိတော့တယ်..။ ကြိုးစားလေလေ မမေ့နိုင်လေလေပါပဲညီရယ်.. ။ စိတ်နာကျည်းလို့မရတဲ့အပြင် ပိုပိုသတိရလာလို့ တို့ ညီနဲ့ဝေးရာကိုပြေးရင်းပြေးရင်း.. အခုဆိုရင် ဆယ်စုနှစ်တစ်ခုစာတောင်ရှိတော့မယ် ။ ဘ၀ရဲ့ဆူးငြှောင့်ခလုတ်တစ်ခုလိုတို့နှုတ်ပစ်ချင်ပေမယ့် ခုချိန်ထိ တို့ အသိခေါက်ခေါက်အ၀င်နက်နေတုန်းပဲညီ ။ အရှုံးတွေထွေးပိုက်ရင်း နာကျင်စွာနဲ့အဝေးကနေပဲ လွမ်းနေတယ်ညီ ။

ps- အလုပ်မအားတဲ့ကြားကနေ စာရေးချင်လွန်းလို့ နာရီဝက်နဲ့အပြီးရေးထားတဲ့ဝတ္တုတိုလေးပါ..။ လိုတာပိုတာရှိလည်း နားလည်ပေးကြပါလို့..



4 thoughts on “ရင်ထဲက ”ညီ””

  • မကူးရယ် ကျေးဇူးပါနော်..ညီချစ်သူထဲက တစ်ယောက်ပေါ့း)

    ကိုစိုးရွှေ- ကောင်းရင်ပြီးရော..းP

    စင်စင်- သူလည်းညီချစ်သူပါလားနော်း)

    အားလုံးပဲ လာအားပေးတာကျေးဇူးပါနော်

Leave a Reply

Your email address will not be published.