မရှိတော့တဲ့နောက်

မောင်ရယ် လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့ မနက်ခင်းအလင်းနုနုကြောင့်  မေနိုးလာခဲ့တယ် ။ နှစ်ညတာမနိုးတမ်းအိပ်စက်ခဲ့ပေမယ့် မေ့ခန္စကိုယ်ဟာ အရင်ရက်တွေကထက် နုံးချိလေးလံနေသလိုပဲ မောင်ရယ်. ……..ပြီးတော့ မေ့ခေါင်းတစ်ခုလုံး တူတစ်လက်နဲ့မနားတမ်းထုရိုက်ထားသလို နာကျင်ကိုက်ခဲလေးလံနေတယ်မောင် ။ ခါတိုင်းမေမြင်နေကျ မြင်ကွင်းမဟုတ်တာကို သတိထားလိုက်မိတော့မှ မေ ၊ မောင်နဲ့မေရဲ့ အိမ်ကလေးကိုရောက်နေမှန်း သတိရမိတော့တယ်မောင်ရယ်..။ မေ ဒီအိမ်လေးထဲကိုရောက်နေတာ နှစ်ရက်ရှိပြီမောင် ။ မေတစ်ယောက်ထဲရှိနေတဲ့ ပန်းနုရောင်အိပ်ရာပေါ်ကနေထလိုက်ပြီး အိမ်ရှေ့ဝရန်တာဘက်ကို ထွက်လာလိုက်တယ် ။ ၀ရန်တာလက်ရန်းနားမှာ မောင်ချစ်တဲ့ငှက်ကလေးတွေ နားနေကြတယ် မောင်…စိုးစီ စိုးစီအသံတွေနဲ့ မေ့ကိုနှုတ်ဆက်နေကြတယ်။

မောင်သာရှိနေခဲ့ရင် ဟောဒီမနက်ခင်းတိုင်းမောင်နဲ့အတူတူ နိုးထပြီး ၀ရန်တာလက်တန်းလေးမှာ မှီပြီးစကားတွေပြောမယ် ။ မနက်စာအတူတူစားပြီး လုပ်ငန်းခွင်ထဲဝင်ကြမယ်။ ပိတ်ရက်ကလေးအားရင် မောင်စားချင်တာလေးတွေဖွယ်ဖွယ်ရာရာချက်ကျွေးမယ် ။ အိမ်ထောင်သက်ကလေးရလာရင် မောင့်နဲ့တူတဲ့သမီးကလေးတစ်ယောက်ယူမယ် ဆိုပြီး မောင်နဲ့မေ စိတ်ကူးတွေယဉ်ပြီးအတူတူပျော်ရွှင်ကြည်နူးခဲ့ကြတယ်နော်။ ဘုရားသွားလည်းအတူတူ ကျောင်းတက်လည်းအတူတူ  ဆံဖြူသွားကျိုးတဲ့အချိန်ထိ တစ်ယောက်နားမှာ တစ်ယောက်မခွဲဘဲအတူနေကြမယ်လို့လည်း ကတိကိုယ်စီရှိခဲ့ကြဖူးနော် မောင် ။

ပြီးခဲ့တဲ့နှစ်တွေကနေစပြီး နှစ်ဘက်မိဘသဘောတူညီချက်နဲ့အတူ မောင်နဲ့မေတို့နှစ်ယောက်တစ်ဘ၀အတွက် အတူတူပျော်ပျော်ပါးပါး ပြင်ဆင်ခဲ့ကြတယ်နော် မောင် ။ မောင့်လက်ကိုမေတွဲရင်း ရန်ကုန်မြို့အနှံ့အိမ်လိုက်ရှာကြတာ နောက်ဆုံး ဒီတစ်ထပ်တိုက်ကလေးကိုတွေ့ခဲ့တယ်နော် ။ မေကတော့ မြင်မြင်ချင်းဒီအိမ်လေးကိုသဘောကျလိုက်တာမောင်ရယ်။ ဈေးတောင်မဆစ်ဘဲမေတို့တွေဝယ်ခဲ့ကြတယ်နော်။ အိမ်တွင်းအပြင်အဆင်ကိုလည်း မေကိုယ်တိုင်အချိန်ယူပြင်ဆင်ခဲ့တယ်။ မေပင်ပန်းတယ်လို့မမှတ်ယူခဲ့ဘူး ။ မေ့အတွက် မောင်ဟာအရာရာတိုင်းပါကွယ် ။ မေတို့နှစ်ယောက်မင်္ဂလာဆောင်မယ့်ရက်ကိုသတ်မှတ်ပြီးတဲ့နောက်မှာ ဟိုတယ်မှာ မင်္ဂလာခန်းမ booking လုပ်တယ် ။ ဖိတ်စာရိုက်တယ်။  သတို့သမီးသတို့သား ၊ အရံ အ၀တ်အစားတွေ ပြင်ဆင်ကြတယ် ။ မေ့ရဲ့ချစ်လှစွာသော မောင်က ပန်းရောင်ကြိုက်တဲ့မေ့ကိုအလိုလိုက်ပြီး သတို့သမီးဝတ်စုံပန်းရောင်လေးကိုဝတ်စေခဲ့တယ်နော် ။ ပန်းအလှပြင်ဆင်စရာတွေ ၊ ဖိတ်စာဝေစရာတွေ ၊ မင်္ဂလာအခမ်းအနားကိစ္စတွေကို မောင်နဲ့မေတို့ မောရမှန်းမသိအောင် အတူတူပြင်ဆင်ခဲ့ကြတယ် ။ မင်္ဂလာဆောင်လာတဲ့သူတွေအတွက် လက်ဆောင်ပြန်ကမ်းပေးမယ့် အမွှေးဖယောင်းတိုင်လေးတွေကိုတောင် မေ့လက်နဲ့လုပ်ခဲ့သေးတယ်နော် ။ မေပင်ပန်းမှာစိုးတဲ့မောင်က ဖယောင်းတိုင်အော်ဒါမှာစေချင်ပေမယ့်  handmade လေးပေးချင်တဲ့ မေ့အလိုကိုလိုက်ပြီး ၀င်ကူခဲ့သေးတယ်။

မင်္ဂလာဦးဆွမ်းကျွေးမယ့်နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာလည်းမေတို့ booking ချိတ်ထားပြီးပြီ။ မောင့်ဖေဖေသူငယ်ချင်းတရားသူကြီးရှေ့မှာ လက်မှတ်ထိုးဖို့မေတို့စီစဉ်ထားပြီးပြီနော် ။ မောင်ရယ်………..
အသွားမတော်တစ်လှမ်းတဲ့ ၊ အစစအရာရာစီစဉ်ထားပြီးသားအချိန်အခါကျမှ ဆိုဒ်ထဲမှာ accident ကြောင့်
die on the spot ဆိုတဲ့စကားတစ်ခွန်းဟာ နောက်တစ်ပတ်တိတိနေရင်လက်မှတ်ထိုးပြီး ရှစ်ရက်မြောက်နေ့မှာ မင်္ဂလာဆောင် ၊ ကိုးရက်မြောက်နေ့မှာမင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သမီးလောင်းကို ကျောက်ရုပ်တစ်ရုပ်ပမာ shock ရသွားစေတယ် ။  ကံကြမ္မာဆိုတာကြီးကို မေသာကြိုသိနိုင်ခဲ့မယ်ဆိုရင် accident ဖြစ်မယ့်အချိန် မောင့်ကိုမေ ဘယ်သွားခိုင်းမလဲ ။ မောင်ရယ် safty first တဲ့ ။  ကားစီးရင် ခါးပတ်ကြိုးမတပ်ချင်တဲ့မောင် ၊ ဦးထုပ်ဆောင်းရင် ကြိုးတပ်ရမှာကို မနှစ်သက်တဲ့မောင် ၊ ဆိုဒ်ထဲသွားရင် safty shoes မစီးချင်တဲ့မောင် ..တကယ်လို့နောက်ဘ၀ဆိုတာရှိခဲ့လို့ မောင်ခုလိုအင်ဂျင်နီယာကြီးဖြစ်ခဲ့မယ်ဆိုရင် safty halmet လေးကို ကြိုးတပ်ပါမောင်ရယ်။

လွန်ခဲ့တဲ့နှစ်ရက် တိတိကျကျပြောရရင် မောင်ရက်လည်နေ့ ၊ မေတို့လက်မှတ်ထိုးမယ့်နေ့မှာ မေဒီအိမ်ကလေးကိုရောက်လာခဲ့တယ် ။ မောင့်မိဘတွေရော ၊ မေ့မိဘတွေပါ မေ့ကိုဝိုင်းဂရုစိုက်ကြပါတယ် မောင်ရယ် ။သူတို့ရင်ထဲက ပူလောင်သောကထက် မေ့ရင်ထဲက ပူပင်သောကကို သူတို့ပိုပြီးနားလည်စိုးရိမ်ခံစားကြတယ် ။ မေ့ကိုသူတို့မျက်စိအောက်ကအပျောက်မခံကြဘူး ။ ဒါပေမယ့် သူတို့သဘောမတူတဲ့ကြားကနေ မေ ဟာ မောင်နဲ့အတူတူနေမယ့်ဒီအိမ်ကိုလာခဲ့တယ် ။ အိမ်ကအမေကတော့ မေနဲ့အတူတူလိုက်အိပ်မယ်ပြောပေမယ့် မေတစ်ယောက်တည်းနေချင်လို့ မောင့်အရိပ်တွေထင်ကျန်နေတဲ့ဒီအိမ်ကလေးကိုလာခဲ့တာပါ မောင်ရယ် ။ ထင်တဲ့အတိုင်းပါပဲမောင်ရယ် ခြံလေးထဲကိုမေ့ကားလေးဝင်လိုက်တာနဲ့ မောင်နဲ့မေ အတူတူစိုက်ခဲ့ကြတဲ့ မေချစ်တဲ့နှင်းဆီပန်းပင်လေးတွေ……ရေလောင်းမယ့်သူမရှိတဲ့ ရက်သတ်တ တစ်ပတ်အတွင်းမှာ ညှိုးနွမ်းနေကြတယ်မောင် ။ မေတို့နောက်ဆုံးအိမ်ကလေးကိုလာခဲ့တုန်းက မောင်နဲ့မေ သောက်ခဲ့တဲ့အအေးခွက်ကလေးတွေ ၀ရန်တာက ခုံလေးပေါ်မှာတင်လျက်ပဲမောင် ။ မောင်ဘန်ကောက်သွားတုန်းက၀ယ်လာခဲ့တဲ့ မစ်ကီ ၊ မီနီ စုံတွဲခွက်ကလေးမှာ ခုတော့ မီနီတစ်ယောက်အဖော်မဲ့ပြီမောင် ။ မောင်နှုတ်ခမ်းနဲ့နောက်ဆုံးထိခဲ့တဲ့ ခွက်ကလေးကို မေ လက်နဲ့ပွတ်သပ်နေမိတယ် ။ မောင့်ကိုယ်သင်းနံ့လေးတောင်ရလာသလိုပါပဲလား မောင်ရယ် ။

ပန်းနုရောင်လွှမ်းနေတဲ့မင်္ဂလာဦးအိပ်ရာထဲမှာ ခုတော့ မေတစ်ယောက်တည်းပဲမောင် ။ မေနဲ့မောင်စိတ်ကြိုက်ရွေးချယ်ထားတဲ့ပန်းရောင်အပြင်အဆင်နဲ့အခန်းထဲမှာ မေလေ..မေတစ်ယောက်တည်းပါလား မောင်ရယ်…။ မှန်တင်ခုံပေါ်မှာ မောင်ကြိုက်တဲ့ wonderstruck ခရမ်းရောင်ရေမွှေးပုလင်းလေး ။ မောင်ရယ် ဘယ်လိုအင်အားမျိုးနဲ့ ဟောဒီလောကကြီးထဲမှာ မေကျန်နေခဲ့ရမှာလဲဟင် ။ ပန်းနုရောင်အိပ်ရာပေါ်မှာ မေတသိမ့်သိမ့်ရှိုက်ငိုရင်း မှောက်လှဲနေမိတယ် မောင်ရယ်…..။ မနက်ဖြန်တွေကိုမေဘယ်လိုရှေ့ဆက်ရမှာလဲ ။ အားပေးစကားသံ ၊ နှစ်သိမ့်တဲ့စကားတွေကို မေမကြားချင်ဘူးမောင်ရယ်…….ခုချိန်မေ အိပ်ပျော်လိုက်ချင်တယ် အိပ်မက်ကလေးထဲ မောင်လာမှာလားဟင် ။

လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့အလင်းနုနုကြောင့် မေ ဒီမနက်နိုးလာခဲ့တယ် မောင် ။ ဖုန်းကိုအသံပိတ်ပြီး နှစ်ညတိတိမေအိပ်ပျော်ခဲ့တယ် ။  မောင်မရှိတော့တဲ့နေ့ကနေ မောင်ရက်လည်တဲ့နေ့အထိ မေတစ်မှေးကလေးမှအိပ်မပျော်ခဲ့ဘူး ။ ငိုရလွန်းလို့ မောင်ချစ်တဲ့မေ့မျက်လုံးတွေ မို့ဖောင်းနေတယ် ။ ဗူးသီးလက်သည်းဆိတ်လေးလို့ မောင်ရှိရင်စဦးမယ်ထင်တယ် ။ ၀ရန်တာကိုထွက်ရင်း မောင်သောက်ခဲ့တဲ့ရေခွက်ကလေးမှာ ရေဖြည့်ရင်း မေ တစ်နေ့က၀ယ်လာခဲ့တဲ့ ဆေးလုံးလေးတွေ တစ်ထုတ်လုံးကို မေမျိုချလိုက်တယ် ။ လည်ချောင်းတစ်ခုလုံးပူလောင်အက်ကွဲတဲ့ဝေဒနာတွေစခံစားရတယ် မောင် ။ လည်ချောင်းကနေ ဆေးလုံးလေးတွေဆင်းသွားလိုက်တာ..မီးခဲကြီးမျိုချလိုက်ရသလိုပဲ မောင်ရယ်… ပြောရင်းဆိုရင်းအူလမ်းကြောင်းတောက်လျှောက်ပူလာပြီမောင်………မောင်ရဲ့…….။
ခပ်ဝေးဝေးမှာဝိုးတိုးဝါးတားနဲ့ မောင့်ပုံကို မေမြင်ရတယ်………..မောင်….မောင်… မေ မောင့်ဆီကိုလိုက်လာခဲ့ပြီ……..
မောင်ရယ်……….ရိုမီယို ဂျူးလိယက်ကိုအားကျလို့မဟုတ်ဘူး မောင့်ရဲ့မေဟာ အချစ်သူရဲကောင်းမကြီးလည်းမဟုတ်ရပါဘူး …….. မောင်မရှိတဲ့မနက်ဖြန်တွေမှာ မေတစ်ယောက်တည်းရှေ့ဆက်ရပ်တည်ဖို့ အင်အားမရှိတော့လို့ပါမောင်ရယ်…….။ မောင်မပါတဲ့ဘ၀ခရီးကိုတစ်ယောက်တည်းလျှောက်ဖို့မဖြစ်နိုင်လို့ပါ ။ မောင်မရှိတဲ့ ကမ္ဘာလောကကြီးထဲမှာ အသက်ရှင်ဖို့ မ၀ံရဲလို့ပါ ။ မောင်မရှိဘဲ လောကအလယ်မှာ တစ်ယောက်တည်းရပ်ကျန်ခဲ့ဖို့ခွန်အားမရှိလို့ပါ ။
မောင်သေရင် မေလိုက်သေမှာလို့ပြောတတ်တဲ့ မေ့ကို အရူးမလေးဆိုပြီးခေါင်းခေါက်ဦးမလားမောင်………………။
မေ့ရင်တွေအရမ်းပူတယ် မောင်ရယ် ……။ မေ့ကိုရေအေးအေးလေးတိုက်ပြီး ထွေးဖက်ပေးပါဦးနော်…မောင် ။ ။



2 thoughts on “မရှိတော့တဲ့နောက်”

  • ကြေကွဲရပါတယ်ညီမရေ. မေ့သောကတွေကို ကိုယ်ချင်းစာမိသလို မေ့ဆုံးဖြတ်ချက်ကိုလဲ အားမလိုအားမရဖြစ်မိတယ်. ရခဲလှတဲ့လူ့ ဘဝကို လွယ်လွယ်ကူကူအရှုံးပေးလိုက်လို့ ပါ

  • ပထမဆုံး- ပိုစ့်အသစ်တင်တိုင်းလာဖတ်တဲ့မတန်ခူးကိုကျေးဇူးတင်ပါတယ်နော် လိုအပ်ချက်တွေအများကြီးရှိနေပေမယ့် ခုလိုအားပေးတဲ့အတွက်အရမ်းပီတိဖြစ်ရပါတယ်။

    ဒီပိုစ့်လေးကိုတင်မလား မတင်ဘူးလားနဲ့ တော်တော်လေးတွေဝေခဲ့ပါတယ် ။ဒါပေမယ့်အနုပညာဆိုတာ စည်းဘောင်မလိုဘူးဆိုပြီး ဖြစ်ချင်တာဖြစ် တင်လိုက်တာပါ ။ မေအရှုံးပေးသွားခဲ့တယ် မတန်ခူးး)

Leave a Reply

Your email address will not be published.