မင်းနဲ့ကိုယ်သာသိခဲ့တဲ့

မနက်ဖြန် မင်းနဲ့မတွေ့တော့ဘူးလို့ဆုံးဖြတ်ပြီးတဲ့နေ့မှာ ကိုယ်ဘယ်လောက်နာကျင်ခံစားရလဲသိလား ။ မင်းနဲ့ပက်သက်သမျှကိုအဆက်ဖြတ်ပြီး လုံးဝနောက်လှည့်မကြည့်တော့နဲ့တော့ ဆိုပြိးကိုယ့်ကိုကိုယ်အမိန့်ပေးရတာဟာ ကိုယ့်အသဲနှလုံးကို ဓါးထက်ထက်နဲ့နုတ်နုတ်စဉ်းလိုက်သလိုခံစားရတယ် ။ ကိုယ့်ဘ၀ထဲကို မင်းဝင်လာခဲ့တာလား မင်းဘ၀ထဲကို ကိုယ်ပဲဝင်မိသလား ကိုယ်မသိဘူး ။ ဒါပေမယ့် မင်းနဲ့ကိုယ်ဟာ လူမသိသူမသိပက်သက်ခဲ့ကြတဲ့သူတွေမှန်း မင်းနဲ့ကိုယ်နှစ်ယောက်လုံးသိပါတယ်။

လေတဖြူးဖြူးတိုက်နေတဲ့ ချောင်းဘေးက လှေကားထစ်တွေမှာ ကိုယ်ရှက်ပြုံးလေးပြုံးရင်း မင်းနဲ့လိုက်ထိုင်ဖူးတယ်။ မင်းတွဲလာမလားလို့ ကမ်းလိုက်ရတဲ့လက် ၊ ပေးလိုက်ရတဲ့မြောင်းတွေ ။ မင်းကလည်း လက်မကမ်းသလို မြောင်းကလည်းရေမလာခဲ့ဘူး ။ ကိုယ်ကတော့ထင်မိခဲ့တယ် ။ တီတီတာတာပြောတတ်တဲ့ ကိုယ့်ကိုမင်းနှစ်သက်လိမ့်မယ် ။ မင်းကိုဂရုစိုက်တဲ့ကိုယ့်ကိုနှစ်သက်လိမ့်မယ် ။ မင်းကို သ၀န်တိုတတ်တဲ့ကိုယ့်ကို နှစ်သက်ခဲ့လိမ့်မယ်လို့ ။ ကိုယ်ဟာ လူကဲခပ်အရာမှာသိပ်ညံ့မှန်း မင်းသင်ပေးလိုက်သလိုပါပဲလား။

မထင်မှတ်ဘဲ မင်းဖုန်းကိုယူပြီးလျှောက်ကြည့်တဲ့ကိုယ့်ကို မင်းသိပ်ကြောက်သွားသလား ။ ကိုယ်ထင်တဲ့အတိုင်းပါပဲ မင်းဟာ ကိုယ်စစ်တဲ့စာမေးပွဲကို အကြွင်းမရှိကျရှုံးခဲ့သူပါ ။ မြောက်မြားလှစွာသော မင်းဖုန်း contact တွေထဲက နာမည်လေးတွေ ၊ message အ၀င်အထွက်လေးတွေကိုကြည့်ရုံနဲ့ မင်းနဲ့ပက်သက်တဲ့သူတချို့အကြောင်းကို ကိုယ်သိနိုင်ခဲ့တယ် ။ တကယ်တော့မင်းဟာ ကိုယ်ထင်သလောက်မရိုးသားခဲ့တဲ့အပြင် ကိုယ့်ထက်အများကြီးကြောက်စရာကောင်းခဲ့တဲ့သူပါ ။

အကြောင်းမရှိအကြောင်းရှာပြီး ၀င်လာတတ်တဲ့ message တွေ ၊ phone call တွေဟာ ကိုယ့်အတွက်တော့ ဂရုစိုက်မှုသက်သက် (တစ်နည်းအားဖြင့် စိတ်ဝင်စားမှုကိုဖော်ပြတဲ့အကြောင်းအရာ)သာဖြစ်ပေမယ့် မင်းအတွက်တော့ ဂုဏ်ယူစရာတစ်ခုဖြစ်နေမှန်း ကိုယ်အသိနောက်ကျခဲ့တယ် ။ ကိုယ်မင်းအပေါ်သိပ်တွယ်တာပြမိနေလား ။ ကိုယ့်စိတ်ထင် မင်းလည်းကိုယ်နဲ့အတူတူပဲလားလို့ပါ ။

ကိုယ်အိမ်ပြန်နောက်ကျရင် မင်းဖုန်းဆက်တယ် ။ ကိုယ်မင်းကိုစိတ်တိုလို့ပစ်ထားရင် မင်းကိုယ့်ရှေ့ကိုရောက်လာတတ်တယ် ။ ကိုယ်မင်းကို ဂရုမစိုက်ဘဲ ကိုယ့်ကိုသဘောကျတဲ့ကောင်လေးတွေနဲ့လျှောက်သွားရင် မင်းကိုယ့်ကိုစိတ်တိုတယ် ။ ကိုယ်ပျင်းရင် မင်း ကိုယ့်ဆီကိုရောက်လာတယ် ။ ဒါဟာ မင်းရဲ့ မိန်းကလေးတွေအပေါ်မှာဆက်ဆံတဲ့ပုံမှန်စိတ်တစ်ခုလား။

ကိုယ့်ဆီကိုမင်းလာတဲ့တစ်ရက်က မင်းပြောဖူးခဲ့တယ် ။ ခြေလှမ်းနှစ်ဆယ်စာအကွာအဝေးကို “အိမ်ကောင်းကောင်းပြန်တဲ့” ။ ကိုယ်ကတော့ မင်းကိုယ့်အပေါ်ပစ်ကျနေပြီလို့ပဲမှတ်နေခဲ့တာ ။ ကိုယ် မင်းရင်ဘတ်ကိုဘာသာပြန်လွဲခဲ့တယ် ။ ကိုယ့်ရဲ့စောင်းစားနိုင်မှု ၊ နားလည်နိုင်မှု ကုန်ဆုံးခဲ့တဲ့နေ့က မင်းရဲ့အနည်ကျလွန်းတဲ့စိတ်ကို ကိုယ် complain တက်ခဲ့တယ် ။ မင်းပြောသမျှစကားတိုင်းဟာ ကိုယ့်အတွက် နာကျင်စရာတွေချည်းပါပဲလား ။ အဲဒီနေ့ဟာ ကိုယ်နဲ့မင်းရဲ့တကယ့်နောက်ဆုံးနေ့ဖြစ်ခဲ့တာပါပဲ ။

အပေါင်းအသင်းတွေလာခေါ်တိုင်း မင်းပါရင်မလိုက်ဘူးလို့ ကိုယ်တရားဝင်ငြင်းဆိုတတ်တယ်။ မင်းဖုန်းဆက်လည်းမကိုင်ဖို့ ဆုံးဖြတ်လိုက်ပြီး မင်းရဲ့ နံပါတ်ကို reject စာရင်းထဲသွင်းခဲ့တယ် ။ ကိုယ့်မှာ မင်းကိုခယဦးညွတ်ချင်စိတ်မရှိတော့ဘူး ။ ကိုယ်ဘာသာပြန်လွဲခဲ့တဲ့တာလား မင်းပညာတတ်လွန်းတာလား ကိုယ်မသိပေမယ့် မင်းနဲ့ဆက်ပက်သက်ဖို့ ကိုယ့်မာနတရားကခွင့်မပြုခဲ့တော့တဲ့အခါ ကိုယ်ဟာမင်းဘေးက တိတ်ဆိတ်စွာပျောက်ကွယ်သွားခဲ့တယ် ။

ကိုယ်သိပ်မာနကြီးတယ်လို့မင်းကိုပြောဖူးခဲ့တယ်ထင်ပါရဲ့ ။ မာနတရားရဲ့နောက်ကွယ်က ကိုယ့်မျက်ရည်တွေ ၊ ကိုယ့်အိပ်မက်ဆိုးတွေ ၊ ကိုယ့်နာကျင်မှုတွေ နဲ့ ကိုယ့်ခံစားချက်တွေကို အလှဲအလှယ်လုပ်ရင်း ကိုယ်အကြိမ်ကြိမ်ပြိုလဲခဲ့တယ် ။ ကိုယ်အကြိမ်ကြိမ်ငိုကြွေးခဲ့တယ် ။ ခံစားချက်တွေ မှောက်မှားရင်း ကိုယ်ချိနဲ့ခဲ့တယ်။ မာနကြီးတဲ့ မိန်းမတစ်ယောက်ရဲ့ရွေးချယ်မှုအတွက် ဘယ်သူဘယ်ဝါထိခိုက်ခံစားခဲ့ရမှန်း ဘယ်သူမှမသိလိုက်ပေမယ့်  မင်းနဲ့ကိုယ်သာသိခဲ့တဲ့ဇာတ်လမ်းကတော့ တိတ်တိတ်ဆိတ်ဆိတ်ပြီးဆုံးသွားခဲ့တယ် ။



4 thoughts on “မင်းနဲ့ကိုယ်သာသိခဲ့တဲ့”

  • ဒီလိုလူမျိုးက ဒီလိုမာနနဲ့ သာထိုက်တန်ပါတယ်. သူ့ မှာအချစ်မရှိဘူး. သာယာမှုအတွက် နှလုံးသားတွေကို ကစားနေသူလေ.

  • ဟုတ်ပ မတန်ခူးရယ်း) ညီမရေးချင်သလို ရေးတတ်သလိုရေးတာလေးတွေကိုအမြဲလာဖတ်ပေးတဲ့အတွက်ကျေးဇူးပါနော် အမး)

  • ၀ိုးးးးးးးးးးး သိပ်လှတဲ့ အက်ဆေးလေးတစ်ပုဒ်ပဲ 🙂
    ဆုမြတ်ရေးထားတာ အတွေးတစ်စ ၀တ္ထုတိုတစ်ပုဒ်ထက်
    ပိုနေသလိုပဲ ကြိုက်စ် :))))))
    ခင်တဲ့ …. မိုးနတ်

Leave a Reply

Your email address will not be published.