ချယ်ရီပင်အောက် နောက်တစ်ခေါက်

တကယ်တော့အဲဒီနေ့ဟာ ရန်ကုန်မြို့တော်ရဲ့ ခပ်ပြင်းပြင်းနေရောင်အောက်ကနေ့တစ်နေ့ ။ မြလမ်းထဲက လမ်းသွယ်လေးတစ်ခုထဲကို တရွေ့ရွေ့တိုးဝင်လာရင်း ပြင်းထန်လွန်းတဲ့နေရောင်ကိုသူမ ထီးအပြာရောင်နဲ့အန်တုဖို့ကြိုးစားလိုက်တယ်။

ကိုကိုမြန်မြန်လာပါ ဒီမှာချိန်းထားတာနောက်ကျတော့မယ်

သူမနောက်ကအသော့ကလေးလိုက်လာတဲ့ ချစ်ခင်ပွန်းကိုခဏလောလိုက်ရင်း ရတနာလမ်းနဲ့မြလမ်းထောင့်က သူမတို့ချိန်းထားတဲ့ နှစ်ထပ်တိုက်ကလေးကိုရောက်လာခဲ့ပါတယ်။

အဆင်သင့်စောင့်နေတဲ့ပွဲစားက သူမတို့နှစ်ယောက်ကိုလှမ်းခေါ်ရင်း ဧည့်ခန်းမှာပဲ ထွက်မလာသေးတဲ့အိမ်ရှင်လင်မယားကိုထိုင်စောင့်နေလိုက်ကြတယ်။ သေသပ်လှပသော နှစ်ထပ်တိုက်ကလေး ၊ ကျယ်ကျယ်ဝန်းဝန်းနေရာယူထားတဲ့ဧည့်ခန်းဖွဲ့စည်းပုံလေးက ဒီအိမ်ကအိမ်ရှင်မရဲ့စည်းစနစ်ကျမှုကိုဖော်ပြနေတယ်။ ကြည်ညိုဖွယ်ကောင်းလှတဲ့ ကျောက်စိမ်းဗုဒ္ဓဆင်းတုတော် ၊ ဘုရားမီးအစိမ်းရောင်လေးတွေ ၊ ဂန္ဓမာပန်းအဖြူလေးတွေထိုးထားတဲ့ ဘုရားပန်းအိုး  ဒီအိမ်ရဲ့အိမ်ရှင်မဟာ အလှအပကိုလည်းသဘောကျနှစ်သက်မယ့်သူလို့သူမမှတ်ချက်ချမိတယ် ။ နေအပူပြင်းလွန်းလို့ ခုထက်ထိအမောမပြေနိုင်တဲ့ အိမ်ဦးနတ်ကို သူမပြုံးပြလိုက်ရင်း လက်ထဲက တစ်ရှုးလေးကိုထုတ်ပြီးချွေးသုတ်ပေးလိုက်တယ်။ ဒါကြောင့်ကိုကို့ကိုကားနဲ့ပဲလာပါလို့ပြောတာ ပြောစကားနားမထောင်ဘူးလို့ ဗျစ်တောက်ဗျစ်တောက်ပြောမိပြန်တယ် ။

သုံးဆယ့်ငါးနှစ်ဆိုတာမငယ်တော့တဲ့အရွယ်ပေမယ့် ခုထိငယ်မူငယ်သွေးကြွနေတဲ့သူမတို့နှစ်ယောက်ကို ပွဲစားက အားကျပြုံးလေးနဲ့ကြည့်နေတာကိုမြင်မှ သူမကိုယ်သူမအရှိန်သတ်မိတယ်။
အိမ်ကတော့အတော်ကောင်းတယ် ညီမရယ် ညီမတို့တွေ့တဲ့အတိုင်းပဲ အိမ်ရှင်တွေကလည်းစပယ်ရှယ်လုပ်ထားတာ ခုမှငွေလိုလိုဝိတ်လျော့တာပြောတယ်။ ဘေးပတ်ပတ်လည်ကလည်း ပတ်ဝန်းကျင်ကောင်းကြတယ် ။ ညီမသွားကြည့်လေဆိုတော့ သူမလည်း ပြတင်းပေါက်နားကိုသွားပြီး ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်မိတယ်။ ပြတင်းပေါက်ဘေးနားမှာ စီရရီတင်ထားတဲ့ ဓာတ်ပုံအယ်လ်ဘန်လေးဘက်ကိုတစ်ချက်ကြည့်မိရင်း….. ဟော…သူတို့လာပြီဆိုတဲ့ ပွဲစားအသံကိုကြားတော့ သူမလှည့်ကြည့်လိုက်မိတယ် ။

တကယ့်ကိုရုတ်တရက်သတိမေ့သွားသလိုပဲခံစားရတယ်။ တကယ့်တစ်စက်ကန့်လေးလောက် လောကကြီးတစ်ခုလုံးအမှောင်ကျသွားသလိုပါပဲ ။ ဒီလိုအသဲပုံမျက်နှာ…။ ပန်းခရမ်းရောင်မျက်ခွံ ၊ မကျဉ်းမကျယ်နားကွင်း…….။ မြ………လို့သူမ မခေါ်လိုက်မိခင်…။ မြလေးမလားဟင်….ဆိုပြီးသူမနာမည်ကိုပြန်ခေါ်လိုက်တယ်……။

မြလေး ဟုတ်ပါတယ်နော် ။
ဟုတ်တယ် အမ ညီမမြလေးပါ………။

လွဲမှားခြင်းအစမှ သူမရဲ့နာမည်ကနေစခဲ့ပါတယ်။ မြသက်နွယ်ဆိုသော နာမည်ကိုနှစ်ဦးနှစ်ယောက်စလုံးပိုင်ဆိုင်ပါလျက် သူမက မြလေးဆိုသောနာမည်ကိုပဲရခဲ့ပြီး မြ ဆိုသောနာမည်ကို သူမရှေ့မှာပန်းခရမ်းရောင်မျက်ဝန်းနဲ့အမျိုးသမီးက ပိုင်ဆိုင်သွားပါတယ်။ မြကြောင့် မြလေးဘ၀မှာဆုံးရှုံးမှုတွေ ၊ မပိုင်ဆိုင်လိုက်ရခြင်းတွေ ၊ လျစ်လျူရှုလိုက်ရခြင်းတွေ………….။

တိုက်ဆိုင်လိုက်တာ မြလေးရယ်…မြတို့ဒီအိမ်လေးကိုရောင်းချင်တာ…. အဓိကကတော့ မြလေးသူငယ်ချင်းပေါ့ သူ့စီးပွားရေးထပ်ချဲ့ချင်လို့ မြတို့ စမ်းချောင်းက တိုက်ခန်းမှာပဲသွားနေကြတော့မလို့..။ မြလေးအမျိုးသားနဲ့မိတ်ဆက်ပေးဦးလေ …

ဆွံ့အနေသော သူမကို ပန်းခရမ်းရောင်မျက်ဝန်းတွေက…ဦးဆောင်ပြီးမိတ်ဆက်ခိုင်းနေပြန်ပြီ..။

မြ… သူက မြလေးအမျိုးသား…ကိုကျော်ဇေယျတဲ့ ။ အမတို့နဲ့ရွယ်တူလောက်ပေါ့….။
သူမမိတ်ဆက်ပေးအပြီးမှာ ပန်းခရမ်းရောင်မျက်ဝန်းနဲ့ မြ….. ။ သူမရဲ့ခင်ပွန်းနဲ့အတူ စကားလက်ဆုံကျလို့..။သူမကတော့ ကမ္ဘာလောကကြီးအပြင်ဖက်ကိုခဏရောက်သွားသူပမာ……။
မြရယ် တကယ်တော့ ဒီပွဲမှာမြလေးရှုံးခဲ့ပါတယ် ။ ကိုယ်စီအပြစ်မရှိကြပါဘဲ မြလေးတို့တွေရဲ့တိုက်ပွဲမှာ မြလေးရှုံးခဲ့ပါတယ် ။ မြလေးအရှုံးတွေတပွေ့တပိုက်နဲ့ပြေးထွက်ခဲ့ရပါတယ် ။ ပခုံးကိုတိုးတိုးဖွဖွလေးဖက်လာတဲ့ ခင်ပွန်းသည်ရဲ့လက်ကို အသာလေးဖယ်ရင်း သူမအတိတ်မြက်ခင်းစိမ်းကိုဝေေ၀၀ါးဝါးပြန်လည်ရောက်ရှိသွားပါတယ်..။

“အထီးကျန်မဆန်ပေမယ့် တစ်ယောက်တည်းရှိတဲ့အခါ အတိတ်ပုံပြင်လေးကိုတွေးနေမိတယ်
နုပျိုတဲ့အပြုံးတွေ ပျော်ရွှင်ခဲ့ချိန်တွေ ကွာဝေးခဲ့တဲ့အတိတ်တွေ ကြာညောင်းခဲ့ပြီ
တခါတလေတော့လည်း အမှတ်တမဲ့ စိတ်မှာမင်းအကြောင်းသတိရမိပြန်တယ် အဆင်ပြေရဲ့လားအတွေးနဲ့ စိုးရိမ်ခဲ့မိတယ် ဘယ်အရပ်မှာနင်ရှိမယ်…လှမ်းကြည့်မိတော့အရင်ကလမ်းလေးထဲ ဖြူစင်ခြင်းနဲ့နုပျိုငယ်ရွယ်သော ပျော်ရွှင်သောအတိတ်မှာဘ၀တစ်ခုရှိနေတယ် မှုန်ရီဝါးနေပေမယ့်ကွယ် နွေးထွေးခြင်းနဲ့ချိုသောနုလုံးသားထဲ ရင်ခုန်ရင်းနဲ့ ဘ၀မှာအချိုမြိန်ဆုံးနာရီများတွေးမိတိုင်းလည်းလွမ်းနေတယ် မဆိုချင်ပေမယ့် ဒီရင်မှာတော့ တမျိုးပဲ…” …။

လွမ်းစရာသိပ်မကောင်းတဲ့အတိတ်လို့နာနာကျင်ကျင်ပြောတိုင်း သူမရင်ထဲမှာအမည်မသိသော ခံစားချက်နဲ့အတူ မသက်မသာသောဝေဒနာကိုခံစားရပေမယ့် သူမအပေါ်မှာနားလည်မှုအပြည့်အ၀ပေးတတ်လွန်းတဲ့ ခင်ပွန်းကိုအားနာမိပြန်တယ်။ မြလေး ဆိုသောမိန်းမကလည်း ဘယ်တော့မှအရှုံးမပေးတတ်ခဲ့ပေမယ့် လုံးဝရှုံးနိမ့် ၊ ဘယ်လိုမှပြန်မရနိုင်တော့မှန်းသိလာတဲ့အခါ အရှုံးကြားထဲမှာ အပြုံးနဲ့ဟန်မဆောင်တတ်ခဲ့……။
မောင်……. တချိန်က သိပ်ချစ်ခဲ့ရတဲ့မောင်… ။ ခုတော့ မြရဲ့ကိုပေါ့…။ မြလေးရဲ့ မောင်ကတော့ ပြန်မရနိုင်တော့တဲ့အတိတ်တွေထဲမှာ ရာဇ၀င်ထဲကရွှေမင်းသားလေးတစ်ပါးလို ခမ်းနားနေတုန်း။
၁၆ နှစ်အရွယ်လောက်နုမျစ်အပြစ်ကင်းစင်တဲ့အရွယ်တည်းက တွယ်တာလာခဲ့တဲ့သံယောဇဉ် ၊ စားအတူ သွားအတူ လာအတူ နဲ့ သူမတို့ရဲ့ တက္ကသိုလ်မှာဆိုရင် မိုးထက်ကျော်နဲ့ မြသက်နွယ်ဆိုရင်မသိသူမရှိ။
ဒီလောက်မခွဲတမ်းတွဲလာတဲ့လက်တွေ…..။ ပတ်ဝန်းကျင်တစ်ခုလုံး မိဘအသိုင်းအ၀ိုင်းတစ်ခုလုံးကပါ အသိအမှတ်ပြုခဲ့ရတဲ့.. အပေါင်းအသင်းတွေအားကျရတဲ့ မြလေးနဲ့မောင်တို့ရဲ့သံယောဇဉ် ။ မောင်ရယ် တကယ်တော့ အချစ်ဆိုတာ တတိယလူဝင်လာတဲ့အခါ ရင်နာစရာတွေဖြစ်လာရတော့မောင် ။

မောင်နဲ့မြလေး တက္ကသိုလ်ပထမနှစ်မှာပဲ သူငယ်ချင်းကောင်မလေးမိတ်ဆက်ပေးလို့သိကျွမ်းခဲ့ပါတယ်..။
မိုးထက်ရယ် ဒါမြသက်နွယ်တဲ့….။ ငါတို့နဲ့ရွယ်တူပဲ…။ မြလို့ခေါ်လို့ရတယ် ဘယ်လိုလဲ မိုးထက် ငါ့သူငယ်ချင်းကချောတယ်နော်။

ချစ်သူငယ်ချင်း ချိုက အရွှန်းဖောက်မိတ်ဆက်ပေးရာကနေစပြီး သူမရယ် ချိုရယ်…မိုးထက်(မောင်)ရယ် မခွဲအတူသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ပထမနှစ်ရဲ့နှစ်တစ်ဝက်လောက်အရောက်မှာ မင်းခယောက်ျား ကမ်းနားသစ်ပင်ဆိုသလို သူငယ်ချင်းချိုက ၀န်ထမ်းမိဘတွေရဲ့နောက်ကိုလိုက်ရင်း ကျောင်းပြောင်းသွားတဲ့အတွက် သူမနဲ့မိုးထက်နဲ့ပဲကျန်ခဲ့ကြတယ်။  စိန်ပန်းပင်နီနီကြီးအောက်က ခုံလေးတွေမှာထိုင်ရင်း သူမတို့နှစ်ယောက်ချို့ကိုလွမ်းကြတယ်။ တခါတခါ စက်ဘီးကိုယ်စီစီးရင်း သူမတို့သွားနေကြနေရာလေးတွေကိုအလွမ်းပြေသွားကြတယ်။ ဒီလိုနဲ့ မခွဲတမ်းတွဲလာတဲ့လက်တွေက မိုးတွေရွာတဲ့တစ်နေ့မှာပဲ ပိုနီးဖို့အကြောင်းဖန်လာသလား…..သူမအသဲကွဲဖို့ဖြစ်လာတယ်ပြောရမလား…။ သူမနဲ့မိုးထက်ချစ်သူတွေဖြစ်သွားခဲ့ကြတယ်။ သူမထက်လပိုင်းလေးငယ်ချင်တဲ့ မိုးထက်က သူ့ကိုမောင်လို့ခေါ်ဖို့ပြောသလို…… သူမကိုလည်း မြ ဆိုတဲ့နာမည်ကနေ မြလေးဆိုပြီးချစ်စနိုးနဲ့ခေါ်ခဲ့တယ်။

သူမနဲ့ မောင်ရဲ့ချစ်သူဘ၀က အရမ်းကိုသာယာခဲ့ပါတယ်။ နားလည်မှုဆိုတဲ့စကားကိုထည့်ပြောစရာမလို ညှိစရာမလိုလောက်အောင်ကို မောင်နဲ့သူမချစ်ခဲ့ကြတယ်။ ဟန်ထူးလွင်သီချင်းတွေကိုချစ်တတ်တဲ့ ၊ ဂစ်တာကိုတစ်ကွက်တောင်ပြည့်အောင်မတီးတတ်တဲ့ ၊ နှုတ်ခမ်းမွှေး နှစ်ပင်သုံးပင်လောက်လေးပေါက်နေတာကို ကြွားမဆုံးတဲ့… အသားခပ်ညိုညို ၊ အရပ်မြင့်မြင့် မျက်မှန်လေးနဲ့ ထိုကောင်လေး…..။ သူမရဲ့နှလုံးသားကိုထာဝရတံဆိပ်ခပ်နိုင်ခဲ့တာ သိပ်တော့မဆန်းပါဘူးရယ် ။ ပေတိပေကုပ်မျက်နှာပေးနဲ့ ပိန်ပိန် ဖြူဖြူကောင်မလေးကကော….. အချစ်ကဗျာလေးတွေ ၊ အချစ်သီချင်းလေးတွေရေးတတ်ခံစားတတ်လာသလို ၊ ထို ခပ်ညိုညိုကောင်လေးကြောင့်ပဲ ထမင်းဟင်းချက်တတ်အောင်သင်ခဲ့သလို ၊ အမေမသိအောင် ထိုကောင်လေးရဲ့ အကျီအစုတ်အပြဲလေးတွေကိုအိမ်ယူပြီးခြုပ်ပေးတတ်သေးတယ်။ နှစ်ဦးသားသာသာယာယာရှိချိန်ဆိုရင် မောင် ငါနင့်ကိုတအားချစ်တာ သိလား ဆိုပြီ ယုန်သူငယ်မလေးလို ချွဲနွဲ့တတ်သေးတယ်လေ…။ နှစ်ယောက်သားအတန်းလစ်ပြီး မြသလွန်ဘုရားကိုသွားလည်တုန်းကဆိုရင် ဘုရားရင်ပြင် ခေါင်းလေးကြီးဘေးနားမှာ…. ဟောဒီလောကကြီးထဲမှာ ကျနော်မိုးထက်အချစ်ဆုံးက မြလေးပါလို့ အသံသေးအသံကြောင်နဲ့ အော်လို့ ဂေါပကလူကြီးတွေ..မျက်စောင်းထိုးတာခံခဲ့ရသေးတယ်လေ။  

ပညာသင်နှစ်ငါးနှစ်တာအရောက်မှာ နှစ်ဘက်မိဘတွေသဘောတူညီမှုနဲ့သူမတို့နှစ်ယောက် စေ့စပ်ကြောင်းလမ်းခဲ့ကြတယ်။ မောင် မောင်းတဲ့ဆိုင်ကယ်နောက်မှာ သူ့ခါးကိုဖက်ရင်း မကွေးမြို့မှာ သူမတို့မရောက်တဲ့နေရာမရှိ ။ မကြာခင်မှာဆရာဝန်တွေဖြစ်တော့မယ့် သူမတို့နှစ်ယောက်ကို သူငယ်ချင်းအပေါင်းအသင်းတွေက အထင်ကြီးကြသလို ၊ အချစ်ရေးမှာကော ကံကောင်းတဲ့သူတွေအဖြစ်အားကျကြတယ်။ ဒါပေမယ့်လည်း သူမတို့လောကီလူသားတွေက ကံဇာတ်ဆရာရဲ့အလိုကျ သရုပ်ဆောင်ကြရတဲ့သူတွေဆိုတော့လည်း ဇာတ်ကားအပြောင်းအလဲကိုအရှုံးများစွာနဲ့သူမသရုပ်ဆောင်ခဲ့ရတယ်။

တက္ကသိုလ်နောက်ဆုံးနှစ်အရောက်မှာ မထင်မှတ်ဘဲ…သူမတို့ကျောင်းကို ပန်းခရမ်းရောင်မျက်ဝန်းပိုင်ရှင်ပြောင်းလာခဲ့တယ်။ ပန်းခရမ်းရောင်တောက်တောက်ကိုအမြဲခြယ်ထားတဲ့ မျက်ဝန်း ၊ နားကွင်းအမြဲဝတ်ပြီး ဆံပင်ကိုအခွေအလိပ်လေးတွေလုပ်ထားတဲ့ ဘော်ဒီတောင့်တောင့်နဲ့ကောင်မလေး…တကယ်တော့ သူမတို့ထက် နှစ်နှစ်လောက်ကြီးတဲ့ အမ….သူကလည်း မြသက်နွယ်ပါတဲ့…။ ဒီတော့လည်းအသက်ငယ်တဲ့သူမ…မြ က… မောင်ခေါ်သလို မြလေး အဖြစ်အော်တိုမက်တစ်ပြောင်းလိုက်ရပြီး….. မြဆိုတဲ့နာမည်ကိုတော့ ပန်းခရမ်းရောင်မြကပဲ အပိုင်ယူသွားခဲ့ပါတယ်။ နာမည်ကိုပဲအပိုင်ယူရုံတင်မက တချိန်မှာသူမရဲ့နှလုံးသည်းအူကိုပါအပိုင်ယူမယ့်သူမှန်း…….။ ကျိန်စာသင့်တယ်လို့ပဲပြောရမလား……သူမနဲ့မောင် အသိနောက်ကျခဲ့ကြတယ်..။

ဆိုင်ကယ်စီးမကျွမ်းကျင်တဲ့မြလေး….။ အမြဲတမ်းမောင့်နောက်ကလိုက်ခဲ့ပေမယ့် ဆိုင်ကယ်လုံးဝမစီးတတ်တဲ့သူနဲ့ကျတော့ မြလေးနေရာဖယ်ပေးခဲ့ရတယ် ။ ဟုတ်တယ်လေ မြလေးက တစ်ယောက်တည်းမောင်းတတ်ပါသေးတယ် ။ မောင့်ဆိုင်ကယ်နောက်ကလိုက်ရင်း မောင့်ခါးကိုဖက်လိုက်တာကို မြလေးမြင်လိုက်ပေမယ့် မြရဲ့သိက္ခာ ပြီးတော့ မောင့်ရဲ့စောင့်စည်းနိုင်မှုတို့ကိုယုံကြည်လို့ … ကံကြမ္မာကိုယုံကြည်လို့ မြလေးလျစ်လျူရှုနိုင်ခဲ့တယ်။ မြလေးနဲ့မောင်က ဖုန်းမကိုင်နိုင်ပေမယ့် ဖုန်းကိုင်နိုင်တဲ့မြကတော့ တချိန်လုံးမောင့်အိမ်ဖုန်းကိုဆက်နေခဲ့တာတွေ ၊ မောင့်အိမ်ကိုချောင်းပေါက်နေခဲ့တာတွေ….. စေ့စပ်လက်စွပ်လေးကိုကိုင်ရင်း မြလေးအကြိမ်ကြိမ်ငိုခဲ့ရတယ် ။

ဒါပေမယ့် မောင့်အပေါ်ထားတဲ့မေတ္တာ ၊ မောင့်ကိုယုံကြည်တဲ့စိတ်နဲ့ မြလေးဖြေသာခဲ့တယ် ။ ဒါပေမယ့် ငါးနှစ်တိုင်တိုင်မပျက်မကွက်အမြဲရှိခဲ့တဲ့ အမှတ်တရတစ်ခုခုလုပ်ဖြစ်ခဲ့တဲ့ Valentine ကို ခြောက်နှစ်မြောက်မှာ မောင်ပျက်ကွက်ခဲ့တဲ့အချိန်ကစပြီး သူမ မောင့်ကိုအပြီးဆုံးရှုံးရတော့မယ်ဆိုတာကိုနားလည်လက်ခံမိသွားပါတယ်။ တကယ်တော့ မောင်နဲ့သူမ ဗယ်လင်တိုင်းနေ့မှာ ထုံးစံအတိုင်း မြသလွန်ဘုရားကိုသွားပြီး ဘုရားမှာဆုတောင်းမယ် ပြီးရင် တစ်ခုခုသွားစားပြီး မောင့်အတွက်သူမ၀ယ်ထားတဲ့ ဂျူတီကုတ်အသစ်လေးလက်ဆောင်ပေးမယ်ဆိုပြီး မောင်နဲ့ချိန်းထားတဲ့ဆိုင်မှာထိုင်စောင့်နေမိတယ် ။ ညနေသုံးနာရီချိန်းထားတာ ငါးနာရီထိုးတဲ့အချိန်အထိ ရောက်မလာတဲ့မောင်….။ သူငယ်ချင်းတစ်ယောက်က စိုးရီမ်တကြီးနဲ့ လာပြောတော့မှ မောင်ဟာ မြနဲ့အတူ ရန်ကုန်ကိုသွားမယ်ဆိုတာကို သိလိုက်ရတယ် ။ သူမတစ်ယောက်တည်းစောင့်နေခဲ့တာတွေ ပြီးတော့ ဒီလိုဗယ်လင်တိုင်းနေ့မျိုးမှာ စေ့စပ်ထားတဲ့သူအတွက်အချိန်မပေးဘဲ မြနဲ့အတူ ရန်ကုန်လိုက်သွားခဲ့တဲ့ မောင်……။ သူမတကယ့်ကိုနားမလည်နိုင်တော့ဘဲ ဆိုင်ကယ်ကိုပဲ အရှုးတစ်ယောက်လို ခြေဦးတည့်ရာလျှောက်မောင်းနေမိတော့တယ်…။ ပြီးတော့ မောင်က မြနဲ့အကျီဆင်တူလေးဝတ်ထားသေးတယ်တဲ့..။

စာမလာ သတင်းမကြားနဲ့ သုံးရက်မြောက်နေ့မှာ မောင့်အိမ်ကိုဖုန်းဆက်မိတော့ မောင့်မေမေက သူမနဲ့မောင် ရန်ကုန်ကိုအတူတူသွားကြတယ်ပဲမှတ်နေခဲ့တာ..ပြီးတော့ မောင်ကိုယ်တိုင်က မြနဲ့အတူတူသွားမှာလို့ပြောခဲ့တယ်တဲ့…။ မြက မြလေးဖြစ်သွားတာကို မောင့်မေမေ ကသိမှမသိတာ ။ သမီးနဲ့မဟုတ်ဘူး မေမေရဲ့လို့ သူမရှိုက်ကြီးတငင်ငိုပြီးပြောတော့ မောင့်မေမေမခမျာစိတ်ပူပြီး အန်တီရန်ကုန်ကိုဖုန်းဆက်ပေးမယ် ၊ သမီးမငိုနဲ့နော်ဆိုပြီး သူမကိုချော့မော့ဖျောင်းဖျပြီး ရန်ကုန်ကိုဖုန်းဆက်ပေးပါတယ် ။ သူမတို့မြို့ကျဉ်းကျဉ်းလေးမှာ တစ်ပတ်တိတိ ပျောက်ဆုံးသွားတဲ့ မောင်နဲ့မြအကြောင်း ဟိုးလေးတကျော်နာမည်ကြီးသလို မြသက်နွယ်နှစ်ယောက်တည်းက ဘယ်တစ်ယောက်က မောင့်မိဖုရားဖြစ်မလဲဆိုပြီး လူတွေစိတ်ဝင်စားကြတယ်။ ပြီးတော့…… စေ့စပ်ထားပါတယ်ဆိုတော့ သူမကို သနားသလိုအကြည့်မျိုးနဲ့ (သူမစိတ်ထင်တာလည်းဖြစ်နိုင်ပါတယ်လေ)ကြည့်ကြတော့ သူမရူးမတတ်ခံစားခဲ့ရတယ်..။

မောင်နဲ့မြနဲ့ခရီးကနေပြန်လာခဲ့တဲ့အချိန်မှာ မောင် သူမကိုလာခေါ်ပြီး စကားပြောချင်ပါတယ်တဲ့..။ သူမလည်း အပူရုပ်ကိုဟန်လုပ်ပြီး မောင့်နောက်ကဆိုင်ကယ်တစ်စီးနဲ့လိုက်ခဲ့တယ်။ သူမ မြထိုင်တဲ့နေရာကမထိုင်ချင်ဘူးလေ ။ သူမနဲ့မောင် မြစ်ကမ်းဘေးနားက ဆိုင်လေးမှာထိုင်ရင်း တစ်ယောက်ကိုတစ်ယောက်ဟန်လုပ်ပြုံးပြကြတယ်။

မောင် ခရီးလမ်းအဆင်ပြေရဲ့လား ၊ ပျော်ခဲ့လား …..

တကယ်တော့ သူမဒီထက်အဆင်ချောတဲ့စကားမျိုးပြောသင့်ပေမယ့် သူမရင်ထဲက ခံစားချက်တွေပါတဲ့စကားတွေထွက်မိပြန်ပြီ..။

ပုံမှန်ပါပဲမြလေး… မြလေးမှာမေးစရာမရှိဘူးလား..။
ခပ်အက်အက်နဲ့သူ့အသံကိုမြလေးနားမထောင်ရဲဘူး သူစိတ်ညစ်တာကိုမမြင်ချင်လောက်အောင် မြလေးသူ့ကိုချစ်တာလေ ။
မြလေး မမေးတော့ဘူးမောင်..။ မောင့်အတွက်အရမ်းအကြပ်အတည်းတွေဖြစ်နေရင် မြလေးတို့စေ့စပ်ထားတာဖျက်သိမ်းရအောင်လေ ။ မောင့်ကိုမြလေးနားလည်ပါတယ် ။ ဒါပေမယ့် မြလေးတစ်ခုသိချင်တာ….မြလေးမှာဘာအပြစ်ရှိလို့လဲဟင် ???

သူမနားထဲမှာ taylor swift ရဲ့ the story of us သီချင်းကိုပဲ ထပ်ကာတလဲလဲကြားယောင်နေမိတယ်..

Oh I’m scared to see the ending
Why are we pretending this is nothing?
I’d tell you I miss you, but I don’t know how
I’ve never heard silence quite this loud

ဘာလို့ဒီလောက်တောင်တိတ်ဆိတ်နေရတာလဲမောင်ရယ်…..။ ပြသနာကိုအစဆွဲထုတ်ချင်စိတ်သူမမှာမရှိတော့ပေမယ့် မောင်နဲ့မြကြားအဖြစ်အပျက်တွေကိုသူမသိချင်မိတယ်။ အဖြေရှာရန်ခက်ခဲလှတဲ့ပြသနာတွေကို မောင် မြလေးကို စွန့်ခွာခြင်းနဲ့ဖြေရှင်းတော့မှာလား မောင်..။ ငါးနှစ်ကျော်တိုင်အောင်တွဲခဲ့တဲ့လက်တွေကို မောင်ဖြုတ်ပစ်လိုက်တော့မှာလား ။

မောင်… မြသက်နွယ်ကိုလက်ထပ်ယူမှဖြစ်တော့မယ် မြလေး…။
တကယ်တော့ မြသက်နွယ်က သူမမဟုတ်တဲ့ တခြားတစ်ယောက်မှန်းသူမသိပေမယ့်…အရူးတစ်ယောက်လိုပဲ…..သူမအော်နေမိတယ်။

မောင် မြသက်နွယ်ဆိုတာ မြလေးကိုပြောတာလားဟင်…မြလေးလဲ မြသက်နွယ်ပဲလေ မောင်…မြလေးမှာဘာအပြစ်ရှိလို့လဲမောင်…။ မြလေးကိုပဲလက်ထပ်မှာမလားဟင်…။

တိတ်ဆိတ်နေသောပတ်ဝန်းကျင်မှာ သူမအသံအနည်းငယ်ကျယ်သွားပေမယ့် သူမပတ်ဝန်းကျင်ကိုဂရုမစိုက်အား… မောင့်လက်ကိုတင်းတင်းဆွဲပြီး မောင်လက်ထပ်မယ့်မြသက်နွယ်ဟာ သူမမလားလို့ထပ်ကာတလဲလဲမေးနေမိတယ်။

မောင့်ကိုခွင့်လွှတ်ပါလို့မပြောလိုပါဘူး မြလေး..။ မောင်တို့တွေအခြေအနေတွေလွန်ကုန်ပြီ….။
ဘာပြောတယ်မောင်…အခြေအနေလွန်ကုန်ပြီ..။ မောင်နဲ့မြနဲ့က ခုမှတွေ့တာပါ..။ မြလေးနဲ့မောင်နဲ့ တွဲလာတာ ငါးနှစ်ကျော်ပြီမောင် ။ စေ့စပ်ပြီးခါမှ မြလေးကို တံထွေးခွက်ထဲပက်လက်မျောအောင်လုပ်တာလား မောင်…။ မြလေးမှာဘာအားနည်းချက်ရှိလို့လဲ မြလေးပြင်ပါ့မယ်မောင်..။ မြလေးကိုထားမသွားပါနဲ့နော်…။

သူမအကြီမ်ကြိမ်တောင်းပန်ပေမယ့် သူမချစ်သောမောင်ကတော့ ခေါင်းတွင်တွင်ခါရင်း…. သူမအဖြေမသိသောပြသနာအတွက် သူမကိုထားရစ်ခဲ့တယ်။ စေ့စပ်လက်စွပ်လေးကိုလည်းချွတ်ပေးခဲ့တယ်..။ နှစ်ပတ်ခန့်အကြာမှာ မကွေးမြို့တော်ကနေ ဖိုင်နယ် part 2 ကျောင်းသူ မြသက်နွယ်တစ်ယောက် ပျောက်ခြင်းမလှပျောက်ဆုံးသွားပြီး…. သတင်းစာမှာလည်း မိုးထက်ကျော်နဲ့မြသက်နွယ်(မြလေး)တို့ နှစ်ဦးသဘောတူ စေ့စပ်ကြောင်းလမ်းဖျက်သိမ်းခြင်းကြေငြာပါလာပါတော့တယ်…။

——————-===================================——————

ပန်းခရမ်းရောင်မျက်ဝန်းနဲ့ မြကတော့ကျောင်းတုန်းကလို လှနေတုန်းပါပဲ … ။

မြလေးဘယ်တုန်းကလက်ထပ်လိုက်တာလဲ…။ မြတို့လည်းဘာမှမသိလိုက်ပါလား ။
ဟုတ်တယ် အမ…အော်….မြလို့ပဲခေါ်ဖို့ မောင်ကမှာထားတယ်လေ…(သူမထပ်ခေါ်မိပြန်ပြီ) ဟုတ်တယ်  မြလေးတို့ အိမ်ထောင်သက် ရ နှစ်တောင်ရှိပြီ မြရဲ့ မြကကော… ။

အလိုက်ကမ်းဆိုးမသိ သူမမေးမိပြန်တယ်။ မြ ကြိုက်ကောကြိုက်ပါ့မလား…..။ မောင်…အော်..မိုးထက်တစ်ယောက်ကကော ဘာတွေလုပ်နေပါလိမ့်..။ သူမ သိချင်နေမိပြန်တယ်။

မြတို့က ဟောက်ဆာဂျင်မဆင်းခင်ဘဲလက်ထပ်လိုက်ကြတာလေ…။ မြလေး သူငယ်ချင်း(ဘာလို့သူငယ်ချင်းဆိုပြီးထပ်ကာတလဲလဲသုံးနေရတာလည်းမသိဘူး) ကတော့ ဆမ မတက်ဘဲ မြလေးမှတ်မိလားမသိဘူး မကွေးကျောင်းကပဲလေ…။ အောင်မြင့်ခိုင်တို့နဲ့ construction လုပ်နေတယ်။ မြကတော့ ဆရာဝန်ဘ၀ကိုပဲခုံမင်တာလေ .. ကလေးအထူးကုလုပ်နေတယ်..။ နေပါဦးကလေးအထူးကုဆိုလို့ ကလေးကောမရှိဘူးလား ။ဒီမှာတော့ဟေ့ သမီးတစ်ယောက်ရှိပြီ ၁၃ နှစ်တောင်ရှိပြီလေ အပျိုပေါက်လေးဆိုတော့ မနည်းလိုက်ထိန်းနေရတယ် ။

သူမစိတ်ထဲမှာ အမေတူသမီးနေမှာပေါ့လို့ လွှတ်ခနဲ့ပြောမိပေမယ့်…. တကယ်တော့ခုအချိန်မှာအငြိုးအာဃာတတွေမရှိသင့်တော့ပါဘူးလေ… ပြီးတော့ သူမအတွက်ထိုက်တန်တဲ့အိမ်ထောင်ဖက်တစ်ယောက်ရှိနေခဲ့ပြီးပြီလေ….။

မြလေးမှာ သားလေးတစ်ယောက်ရှိတယ် ငါးနှစ်ပေါ့ အိမ်မှာကျန်ခဲ့လေရဲ့

သူမ ခပ်တိုးတိုးပြောနေပေမယ့် သူမရင်ထဲကဒဏ်ရာတချို့အတွက် သူမမှာနာကျင်ခွင့်ရှိပါတယ်လေ။ ခပ်တိမ်တိမ်ရခဲ့တဲ့ဒဏ်ရာတွေမှမဟုတ်တာ ။ သူမတစ်ဘ၀လုံးအတွက် အမည်းစက်ကြီးသဖွယ်ကျန်ခဲ့တဲ့ဒီဒဏ်ရာ အလွယ်တကူ….ခုချိန်ထိ သူမမေ့လို့မှမရခဲ့တာ ။ တော်သေးတယ် ချစ်သောကိုကိုက သူမကို ညီမတစ်ယောက်လိုကော ၊ သမီးတစ်ယောက်လိုပါ (အသက်အားဖြင့်မကွာဟလှပေမယ့်) နားလည်စောင့်ရှောက်ပေးခဲ့လို့ ။

———————————————– ———————————————–

မကွေးကနေ သူမဆောက်တည်ရာမဲ့ထွက်ပြေးခဲ့ပြီး ရန်ကုန်မှာနေတဲ့သူမအဒေါ်အပျိုကြီးနဲ့အတူတူနေထိုင်ခဲ့တယ်။ မိဘနှစ်ပါးကတော့ ကံမကောင်းရှာတဲ့သူတို့သမီးလေးအတွက် စိတ်မကောင်းဖြစ်ပြီး မိုးထက်ကိုဒေါသထွက်ရုံကလွဲပြီးမတတ်နိုင်ခဲ့ဘူးလေ ။ ပတ်ဝန်းကျင်အလယ်မှာ သူမတခါတုန်းကပြောခဲ့သလို တံတွေးခွက်ထဲပက်လက်မျောခဲ့ပါတယ် ။ part 2 စာမေးပွဲလည်းမဖြေဖြစ်သလို ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘ၀ကိုလည်းသူမစွန့်လွှတ်လိုက်ပြီး…. လူတွေမေ့သွားလောက်တဲ့အချိန်ထိ သူမရှောင်ပုန်းနေမိတယ်။။

“ပုံပြင်တွေရဲ့သမိုင်းထဲက ဒဏ္ဍာရီချစ်ခြင်း ဘယ်သူနဲ့နှိုင်းမလဲ တို့ရှုံးဖို့အကြောင်းရယ်မရှိ သူရည်ရွယ်တဲ့ဘ၀မှာ သူလေပျော်မွေ့ပါစေ ထွက်သက်ထိကိုကိုယ်ချစ်မယ်…သိပ်ချစ်မိသူအမှားလား မေ့မရတဲ့သူအမှားလား နူးညံ့သိမ်မွေ့သော တို့ရင်ခုန်အမှားလား အိပ်မက်မက်သူအမှားလား ရင်ခုန်မိသူကိုယ့်အမှားပါကွာ…မြတ်နိုးနေအချစ်တစ်ခုမှာ အပြန်လမ်းရယ်မရှိပါ ဆက်ချစ်…”

မောင့်ကိုသတိရစိတ်နဲ့ တငိုငိုတရီရီဖြစ်နေတဲ့ သူမကို အဒေါ်က စိတ်ပြေလက်ပျောက် စာရင်းကိုင်သင်တန်းတက်ခိုင်းပြီး သူမသူငယ်ချင်းကုန်ပနီမှာအလုပ်သွင်းပေးခဲ့တယ်။ အတိတ်ဆိုးတွေကိုမေ့ပြီး ဘ၀သစ်မှာနေသားကျအောင် မိဘမောင်ဖွားတွေရဲ့ ဖေးမမှုနဲ့သူမဘ၀ကိုသူမ ပြန်ထူထောင်နိုင်အောင်ကြိုးစားခဲ့တယ် ။မိဘတွေကလည်း မကွေးကနေ ရန်ကုန်ကိုပြောင်းလာကြီး သူမဘ၀ကို သူမမေ့နိုင်အောင်ကြိုးစားပေးခဲ့ကြတယ်။ တခါတခါ မောင်တစ်ယောက် အတွက်စိုးရိမ်စိတ်တွေဝင်မိပေမယ့် သူမကိုမညှာတာခဲ့တဲ့ မောင့်ကိုစိတ်နာမိအောင်ကြိုးစားပေမယ့် ကြိုးစားတာသာအဖတ်တင်ပြီး မေ့ပျောက်မရခဲ့…။ မောင်နဲ့မြနဲ့လက်ထပ်တဲ့သတင်းကိုကြားရပေမယ့် သူမသူငယ်ချင်းအပေါင်းအသင်းတွေကလည်းနားလည်စွာနဲ့ မောင့်အကြောင်းကိုမပြောမိအောင်နေကြတယ်လေ…။ အတိတ်ဆိုးတစ်ခုအတွက် ကျိန်စာသင့်တယ်ဆိုပေမယ့် မောင့်ကိုသူမ မမုန်းခဲ့ပါဘူး

“နံရံတွေရဲ့အခြားတစ်ဘက်မှာအဆင်တွေပြေရဲ့လား ကျန်သူငိုမျက်ရည်များ ပန်းခင်းဖြစ်ချင်တယ်
သူရည်ရွယ်တဲ့ဘ၀မှာ အရာရာဖြောင့်ဖြူးပါစေ အဲသလောက်ထိတောင်ကိုယ်ချစ်တာ
သိပ်ချစ်မိသူအမှားလား မေ့မရတဲ့သူအမှားလား နူးညံ့သိမ်မွေ့သော တို့ရင်ခုန်အမှားလား အိပ်မက်မက်သူအမှားလား ရင်ခုန်မိသူကိုယ့်အမှားပါကွာ…မြတ်နိုးနေအချစ်တစ်ခုမှာ အပြန်လမ်းရယ်မရှိပါ ဆက်ချစ်…”

—————————————————————————————————–

စာရင်းကိုင်ဘ၀နဲ့အသက်မွေးရင်း အဒေါ်ရဲ့မိတ်ဆက်ပေးလို့ ကိုကျော်ဇေယျနဲ့သိကျွမ်းပြီး မိဘတွေသဘောတူညီမှုအရ လွန်ခဲ့တဲ့ခုနှစ်နှစ်ခန့်က သူမတို့လက်ထပ်ဖြစ်ခဲ့တယ် ။  သူမအကြောင်း(သူမနဲ့မောင့်အကြောင်း)ကို အတိအကျသိပြီးနားလည်ခွင့်လွှတ်နိုင်တဲ့ ခင်ပွန်းသည်ကို သူမချစ်ခင်တွယ်တာသံယောဇဉ်ဖြစ်ရပါတယ်။ နားလည်ခွင့်မရခဲ့တဲ့ မောင်…မိုးထက်နဲ့ မြသက်နွယ်တို့ရဲ့ဇာတ်လမ်းကို … သူမဘယ်လိုကောက်ချက်ချရမယ်မှန်းမသိပေမယ့် ရှေးအတိတ်ရေစက်နည်းခဲ့လို့ပဲ သူမမှတ်ယူခဲ့ပါတယ်။ သူမကိုယ်တိုင် ယနေ့အထိမေ့မရခဲ့တဲ့ ပန်းခရမ်းရောင်မျက်ဝန်းတစ်စုံရဲ့ဆွဲအားက…..မောင့်ကိုအပိုင်သိမ်းနိုင်ခဲ့တာ မှားတော့မမှားပါဘူးလေ..။

မြလေးကအရင်လို ပိန်ပိန်ပါးပါးပဲနော်…။ မြကတော့ မနည်းဝိတ်မတက်အောင်ထိန်းနေရတယ် ..။ ပြီးတော့ မြလေးသူငယ်ချင်းက ၀တာမကြိုက်ဘူးရယ်..။ ဒါကြောင့်…ဒါကြောင့်

ပန်းခရမ်းရောင်မျက်ဝန်းနဲ့မြ အပြုံးက သူမရဲ့ခင်ပွန်းမိုးထက်အပေါ်မှာ ချစ်စနိုးရှိမှန်းသိပ်သိသာပါတယ်။ ငယ်စိတ်ကလေးနဲ့ မြ ကိုသူမရဲ့မောင့်ကိုဖြတ်ခုတ်သွားတယ်ဆိုပြီး အမုန်းကြီးမုန်းခဲ့ပေမယ့်  သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းသာမမှန်ရင် သူတို့တွေခုထက်ထိ ဘယ်မြဲလိမ့်မလဲ…။ သူတို့လည်း သူမနားမလည်နိုင်သောအတိုင်းအတာ ပမာဏအထိ… သူမလိုခပ်တုံးတုံးမိန်းမတစ်ယောက်မသိနိုင်တဲ့အချစ်မျိုးနဲ့ ချစ်ခဲ့ကြတယ်နေမှာပါ ..။ ဘယ်သူမှအပြစ်ရှိတယ်လို့ အခုချိန်မှာသတ်မှတ်လို့မရပေမယ့် ပန်းခရမ်းရောင်မျက်ဝန်းတစ်စုံအတွက် သူမရဲ့နုပျိုငယ်ရွယ်သော ငယ်ဘ၀၊ သာယာအေးမြသောချစ်ခရီးလမ်း ပျက်စီးခဲ့ရတယ်။ ၀ဋ်ကြွေးတစ်ခုပေပဲပေါ့..။ ပန်းခရမ်းရောင်မျက်ဝန်းနဲ့ မြကတော့ နှစ်ပေါင်းတစ်ဆယ်ကျော်ကြာမြင့်တဲ့အချိန်အထိ သူမကြောင့်စေ့စပ်ကြောင်းလမ်းဖျက်သိမ်းလိုက်ရသော ၊ ချစ်သူကိုဆုံးရှုံးလိုက်ရသော ကျမကို….. တောင်းပန်စကားလေးတောင်တစ်ခွန်းမှမဆိုခဲ့ဘူး..။

ရန်ကုန်နွေက ကြဲကြဲတောက်ပူလွန်းတယ်..။ မြလမ်းထဲကလမ်းသွယ်လေးကနေ ရှေ့ကိုတရွေ့ရွေ့တိုးထွက်လာရင်း…. သူမ ပြင်းထန်လှတဲ့နေရောင်ကို သူမတို့ထီးအပြာလေးနဲ့အံတုလိုက်ကြတယ်..။ တင်းတင်းဆုပ်ထားတဲ့ချစ်ခင်ပွန်းရဲ့လက်ကို အားကိုးတကြီးပြန်ဆုတ်လိုက်ရင်း အားနာစိတ်နဲ့ပြုံးပြလိုက်တယ်။ ကိုကိုကတော့ နားလည်သလိုနဲ့ပြန်ပြုံးပြရင်း သူမတို့ကားထားခဲ့တဲ့ မင်းလမ်းမုန့်တီဆိုင်နားကို လမ်းလျှောက်လာကြတယ်။

သူမတို့အိမ်ဈေးကိုမမေးမိကြသလို..အဲဒီအိမ်ကိုလည်းမ၀ယ်ဖြစ်ခဲ့ဘူး ။ ။

ကားပေါ်ရောက်လို့ City FM ဖွင့်လိုက်တော့…….

“ချယ်ရီတွေလည်းငုံလာခါစရှိသေးတယ် တွယ်တာစိတ်လည်းရင်ထဲမှာ ပေါ်လာဆဲကွယ်
ချစ်ပန်းကလေးတွေ ဝေဆာပွင့်ဖူးတဲ့အချိန်ကောင်းဝယ်……..ချယ်ရီပင်အောက် နောက်တခေါက်ပြန်မှတွေ့မလားကွယ်
ချယ်ရီကိုတော့ မယုံနိုင်စရာအကြောင်းမရှိဘူးကွယ် ကံကိုတော့လေ မယုံဝံ့လို့ ကိုယ်ဆုတောင်းမယ်
ချစ်တဲ့မင်းတစ်ယောက် ကြင်နာသူမရှိနှင့်စေဖို့ရယ် ချယ်ရီပင်အောက် နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိဝယ်……….”

ချယ်ရီပင်အောက်မှာနောက်တစ်ခေါက်ပြန်ဆုံတဲ့အခါမှာတော့………………………………………..
…………………………………………………………………………………………………………..။

(ပြီးပါပြီ)

သီချင်း-
အတိတ်ပုံပြင် – မဆုမွန် (unreleased)
မှားနေပါစေ – မယဉ်နွေဦး – Hacker Nge(unreleased)
the Story of us – taylor swift
ချယ်ရီပင်အောက်နောက်တစ်ခေါက် – စိုင်းထီးဆိုင်



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.