မေ – ၂၀၁၃

မေရက်တွေက မိုးတစီစီနဲ့လက်ပြနှုတ်ဆက်သွားခဲ့ပါပြီ ။ ကျမက မေ born ဆိုတော့ မေလကိုသိပ်သဘောကျတာပါ ။ မေလမှာ အလုပ်တွေအရမ်းများတယ် ။  ဘလော့ဖက်ကိုခြေဦးလှည့်ဖို့မအားနိုင်လောက်အောင်ပါပဲ ၊ စာတွေကဗျာတွေ တိုးလို့တန်းလန်းကြီးတွေနဲ့ ဘယ်ဟာကိုမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖြစ်ပါဘူး ။ အလုပ်မအားပေမယ့် ၂၆ ရက်နေ့ မွေးနေ့ရောက်ရင်တော့  မွေးနေ့ကိတ်လေးစားပြီး One Raffle Place က ၆၃ ထပ်ကိုသွားဖို့အားခဲထားမိပါတယ် ။ ဒါပေမယ့် ဒါပေမယ့်…….မွေးနေ့မတိုင်ခင် သုံးလေးရက်အလိုက စဖျားပါတယ် ။ ချောင်းတဟွပ်ဟွပ်နဲ့ စကားတောင်မပြောနိုင်ဘူး ။ ကိုယ်ပူကလည်းတက်လိုက်ကျလိုက်နဲ့ နည်းနည်းလေးမှနေလို့မကောင်း ၊ ဒါပေမယ့် ပိတ်ရက်နဲ့ Holiday နဲ့ဆက်သွားလို့ နည်းနည်းတော်ပါသေးတယ် ။ ပိတ်ရက် (သောကြာနေ့)တည်းကနေ ဖျားလိုက်တာ စနေ ၊ တနင်္ဂနွေ (မွေးနေ့) ရောက်တဲ့အချိန်ထိ အဖျားမပျောက်သေးပါဘူး ။ ဒီကြားထဲ လုပ်လက်စလေးတစ်ခုရှိလို့ ဖျားနေလျက်နဲ့ စနေရော ၊ တနင်္ဂနွေပါအလုပ်လုပ်ရပါတယ် ။ တနင်္ဂနွေနေ့မနက်အစောကြီး အဖေ ၊အမေကို ဖုန်းဆက်ကန်တော့ပါတယ် ။ချောင်းတဟွတ်ဟွတ်နဲ့မို့ သူတို့စိတ်ပူသွားကြပါတယ် ။ဒါပေမယ့် မွေးနေ့မှာကန်တော့တဲ့အစဉ်အလာလေးကိုမပျက်ချင်တာမို့ ဖြစ်အောင်ဖုန်းဆက်ကန်တော့ပါတယ် ။ အဲဒီနောက်ပိုင်းကနေ အလုပ်ထိုင်လုပ်ဖြစ်တာ တစ်နေကုန်သွားတဲ့အထိပါပဲ ။  အပြင်လည်းမသွားဖြစ် ၊ ဘုရားလည်းမသွားဖြစ်ဘူး ။ တနလာင်္ ၊ အင်္ဂါ ထိ မသက်သာလို့ ဆေးခွင့်ယူပြီးအိမ်မှာနားပါတယ် ။ ဗုဒဟူးနေ့ကနေ ရုံးပြန်တက်နေပေမယ့် ခုထက်ထိချောင်းဆိုးမပျောက်ချင်သေးဘူးရယ် ။ မှတ်မှတ်ရရမွေးနေ့လို့ပြောရမှာပါပဲ ။ ချစ်သူက မွေးနေ့ကိတ်ဝယ်ကျွေးချင်ပေမယ့် ချောင်းဆိုးပြီးဖျားနေလို့ ကိတ်မုန့်လည်းမစားရပါဘူး ။ အမှတ်တရအနေနဲ့ကတော့…….. မွေးနေ့လက်ဆောင်လှလှလေးတစ်ခုရခဲ့ပါတယ် ။ ကျမရခဲ့ဖူးသမျှမွေးနေ့လက်ဆောင်တွေထဲမှာ အနှစ်သက်ဆုံးလက်ဆောင်တစ်ခုပါပဲ ၊ ချစ်စရာကောင်းလွန်းတဲ့လက်ဆောင်အတွက် ကျေးဇူးပါချစ်သူး)

မွေးနေ့မှာမသွားလိုက်ရတဲ့ ၆၃ ထပ်ကို ပြီးခဲ့တဲ့ပိတ်ရက်တုန်းကသွားဖြစ်ခဲ့ပါတယ် ။ ပြီးတော့ မွေးနေ့ကိတ်မစားနိုင်တဲ့ကျမကို ချစ်သူက seoul garden မှာ hot pot လိုက်ကျွေးပါတယ် ။ နောက်ပြီး မွေးနေ့အထိမ်းအမှတ်အဖြစ် မမ၀ါ (၀ါဝါခိုင်မင်း – အမှတ်တရလေးများ) အကူအညီနဲ့ အာရုံဆွမ်းကျွေးဖြစ်ခဲ့ပါတယ် ။ အမြဲတမ်းအလှူလေးတွေဖြစ်အောင်ကူညီပေးတဲ့ မမ၀ါနဲ့ မမပိုင်တို့ကိုလည်း ကျေးဇူးတင်မိပါတယ် ။ အသက်တော့ ၂၅ နှစ်ပြည့်သွားပါပြီ ၊ မရင့်ကျက်သေး ၊ မတည်ငြိမ်သေး ၊ မလိမ်မာသေးပါဘူး ။ ခေါင်းကလည်းမာမြဲ ၊ သည်းခံတတ်တဲ့စိတ်တွေလည်း အရင်ကထက်ပိုပိုနည်းသွားသလိုပါပဲ ။ ဒါပေမယ့် ဒီအသက်ဒီအရွယ်ရောက်အောင်အထိ နားလည်သည်းခံ မေတ္တာထားကြတဲ့ ကျေးဇူးရှင်မိဘ နှစ်ပါး နဲ့ မောင်ငယ်လေး၊  အမြဲစိတ်ချမ်းသာအောင်ထားပေးတဲ့ချစ်သူ နဲ့ ခင်မင်ရင်းနှီးတဲ့အသိမိတ်ဆွေတွေနဲ့ ကျမဘ၀က အေးချမ်းပါတယ် ။ မေ ၃၁ ရက်နေ့မှာတော့ ထုံးစံအတိုင်း မေ ၃၁ သီချင်းကို ထပ်တလဲလဲနားထောင်ဖြစ်ခဲ့ပါသေးတယ် ။ မေရက်တွေက မိုးတစီစီနဲ့လက်ပြနှုတ်ဆက်သွားခဲ့ပါပြီ ။

 



7 thoughts on “မေ – ၂၀၁၃”

  • ချစ်သူရှိတာကိုး။
    လက်ကလေးက လှတာနော်။ ညီမလက်လား?
    ခုကော နေကောင်း အားပြည့်သွားပြီလား။

  • ဆုမြတ်မိုးကို ….
    သမီး ဆုမြတ်မိုး လို့ ခေါ်ရင် ကောင်းမလား …
    ညီမလေး ဆုမြတ်မိုး လို့ ခေါ်ရင် ကောင်းမလား … 😛
    ကိုယ် ထက် ၁၅ နှစ်လောက် ငယ်လို့ … ( ဟီး … ဟီး )

    အခုကော နေကောင်းသွားပြီလား …
    အအေးမိ တုပ်ကွေးများလား မသိဘူးနော်။
    အိပ်ရေးဝအောင် အိပ်ပြီး .. ဆေးသောက်၊ နေပူစာလှုံလိုက်ရင် ဒီမှာတော့ တုပ်ကွေး ဗိုင်းရပ်စ်ပိုးက ပြေးတယ်။
    ချောင်းဆိုးတာ vick ဆေးအရည်လည်း သက်သာတယ်။
    ပျားရည်ကို ရေနွေးနွေး နှင့် သံပုရာဖြင့် ဖျော်သောက်လည်းသက်သာပါတယ်။
    ချောင်းဆိုးရင် ဂတ်စ်ပါသော အအေးသံဗူးတွေ မသောက်ရင် ပိုသက်သာတယ်။
    ဂတ်စ်ကြောင့် အစာအိမ် လေပွပြီး ချောင်း ဆိုးတတ်လို့ …
    လည်ချောင်းမနာဘူးမလား။ ဆားရည်ငုံလည်း ရပါတယ်

    ပျော်ရွှင် ချမ်းမြေ့ပါစေနော် …
    Have a great ” June ” Month! 🙂

  • တို့နဲ့တော့ အသက်သိပ်မကွာဘူးရယ်… ၁၃ နှစ်ပဲ ကွာတယ်.. အဟိ

  • လရိပ် – ချစ်သူရှိပါတယ်..း) ဟုတ်ပ ညီမလက်ပဲ… camera360 ကျေးဇူးကြောင့်ပိုလှသွားတာပါ 😀 နေလို့ကောင်းသွားပြီ လာလည်တာကျေးဇူးပါနော်

    မသက်- အဆင်ပြေသလိုခေါ်ပါမသက်ရယ် နေလို့တော့ကောင်းသွားပြီ ဒါပေမယ့်ချောင်းဆိုးမပျောက်သေးဘူး ဗစ်စ်အရည်လေးသောက်ကြည့်ပါဦးမယ် ။ မသက်လည်းပျော်ရွှင်ပါစေနော်။.။လည်လည်လာတာရယ် ကော့မက်ချန်တာရယ် ကျေးဇူးပါ မသက် ။

    စင်စင်- သိုင်းကျူးစင်စင်….. ဟီးးး အမကြီးပေါ့ သာမိးမောင်လေးနဲ့သာမီးနဲ့ ၁၀ နှစ်တိတိကွာတယ်း) အမြဲမန့်တဲ့အတွက်ကျေးဇူးပါစင်စင်ရယ်..

  • ညီမရေ… Happy Belated Birthdayပါနော်… နောက်ကျသွားတယ်… ညီမလေးက အတော်ငယ်သေးတာပဲနော်… လက်ကလေးတော်တော်လှတယ်ညီမရေ… အမလက်လေးတွေနဲ့ များကွာပါ့… လက်ကလေးတောင်အဲလောက်လှနေရင် မျက်နှာလေးက ပြောစရာလိုမယ်မထင်ဘူး…. ဒါကြောင့်လဲ သိပ်ချစ်သိပ်၈ရုစိုက်တဲ့ချစ်သူလေးရှိတာပေါ့နော်

  • အမတန်ခူးရယ်း) မွေးနေ့ဆုတောင်းအတွက်ကျေးဇူးပါနော်..း) ၂၅ ဆိုတော့မငယ်တော့ဘူးလားလို့…း) လက်ကလေးတွေကို camera 360 နဲ့ရိုက်လို့လှသလိုဖြစ်သွားတာပါ..း) မတန်ခူးကမှလူလည်းလှ လက်လည်းလှး) ညီမကလူသိပ်မလှပါဘူး မမရယ်း))) ဟီးးချစ်သူကတော့ ချစ်လို့ချစ်တာပါတဲ့ အမြဲလာလည်ပြီးကော့မက်ချန်ပေးတာ ကျေးဇူးပါ အမရယ်း))))

Leave a Reply

Your email address will not be published.