ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်

မေလထဲမှာပဲ ကိုယ့်အသက် ၂၉ နှစ်ပြည့်သွားပြီ ။ နောက်နှစ်ဆိုရင် ထိပ်စီးစပြောင်းပြီး ။ ဒီအသက် ၂၀ ကျော်အတွင်း ကိုယ့်ဘ၀ထဲမှာကျေးဇူးတင်ရမယ့်သူတွေကို ရေတွက်ကြည့်ရင်တော်တော်များတာပဲ ။ အဲဒီထဲကမှ ကိုယ်နဲ့အဝေးမှာရှိပေမယ့် စေတနာသက်သက်နဲ့ ကိုယ့်တောင်းတဲ့အကူအညိမှန်သမျှကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးကြတဲ့ ကိုယ့်ဘ၀ထဲက လူတစ်ချို့အကြောင်းကိုရေးပြချင်တယ်။

2014 တည်းက ကျောင်းကိစ္စနဲ့ ပက်သက်သမျှ ဘာမဆို ကူညီပေးခဲ့တဲ့ Grace ဆိုတဲ့ အန်တီတစ်ယောက်ရှိတယ် ။ သူကတော့ ကိုယ်တို့ course ရဲ့ ကျောင်းသားရေးရာကိစ္စဟူသမျှကို တာဝန်ယူပေးတဲ့သူပေါ့ ။  ဒီ course ကို မကြိုက်လို့ မတက်ချင်ဘူးဆိုလို့ တက်လက်စကို ပြီးအောင်တက်ဖို့ နားချပေးဖူးတယ် ။ ကျောင်းတက်တုန်း course add/ drop ကိစ္စတွေ ၊ dissertation အတွက် survey အတွက်၊ ပရော်ဖက်ဆာ ကောင်းကောင်းရွေးဖို့အတွက် အားလုံးကို သူကူညီပေးခဲ့တယ် ။ ကျောင်းပြီးလို့ ခုချိန်ထိတောင် လိုအပ်ရင် အချိန်မရွေးသူ့အကူအညီယူရတုန်းပဲ ။ သူ့ကို အပြင်မှာမမြင်ဖူးဘူး ။ ဖုန်းနဲ့ အီးမေးလ်နဲ့ ကိုယ်ပူဆာသမျှ ကိုယ်တောင်းသမျှအကူအညီကိုပေးတဲ့ Grace ကို ကျေးဇူးတင်ကြောင်း လူကိုယ်တိုင်မပြောဖူးသေးဘူး ။ ဘ၀မှာ ဘယ်လိုအခြေအနေ ဘယ်လိုအခက်အခဲကြုံကြုံ ကိုယ့်အပေါ်ယုံကြည်မှုတစ်ခုထားပြီး ကိုယ့်ကို တန်ဖိုးထား အလေးထားတဲ့ သူတွေရှိတာလည်း ကံကောင်းခြင်းတစ်ခုပဲမလား ။ တာဝန်အရပဲဖြစ်ဖြစ် ၊ သူ့အလုပ်မို့လို့ပဲဖြစ်ဖြစ် ၊ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်သွားတဲ့လမ်း ဖြောင့်ဖြူးအောင် ကူညီပေးတဲ့ Grace ကို အမြဲကျေးဇူးတင်မဆုံးပါဘူး ။

နောက်တစ်ယောက်ကတော့ ကိုယ့်ညီမလေးလို ချစ်ရတဲ့ ကျောင်းတက်ဖော် ညီမလေး ချစ်လင်းဆု ။ အရမ်းကူညီတတ်တဲ့အပြင် project လုပ်တဲ့အချိန်တွေ တဖက်သားအားသာချက် အားနည်းချက်တွေကို နားလည်ပေးပြီး စေတနာအပြည့်နဲ့ကူညီတတ်တဲ့ ညီမလေး ။ ကိုယ် အလုပ် pass ကနေ student pass ကိုပြောင်းတဲ့အချိန်မှာ ကိုယ့်ကို pr sponsor ပေးတဲ့ညီမလေးပေါ့ ။ ဒါတင်ဘယ်ကမလဲ ဘယ်သွားသွားကိုယ့်အတွက် လက်ဆောင်တွေဝယ်လာပေးသေးတာ။ ဘ၀မှာ သူ့လို စိတ်သဘောထားပြည်ဝတဲ့ လူတစ်ယောက်နဲ့ ခင်မင်ရတာလည်း မင်္ဂလာတစ်ပါးပါပဲ ။ သူနဲ့က နီးနီးနားနားပေမယ့် သူ့ကို ဒီ list ထဲမှာ မပါမဖြစ်ထည့်ချင်သေးတယ်။

နောက်ထပ်ကျေးဇူးတင်ချင်တဲ့ တစ်ယောက်ကတော့ ကိုယ့်သူငယ်ချင်းမြတ်ကြည် ၊ ကိုယ့်ကို အွန်လိုင်းမှာ consult လုပ်ပေးတတ်တဲ့ အွန်လိုင်းဒေါက်တာ သူငယ်ချင်းလေးပေါ့ ။ ဒါတင်မကဘူး တခြားအသုံးဝင်မယ်ထင်တာလေးတွေကိုလည်း အမြဲရှဲပေးတတ်သေးတယ် ။ ခုတော့ ပေါ်တော်မူတစ်ယောက် ဘယ်ရောက်နေလဲမသိ… မင်္ဂလာဆောင်ပြီးတည်းက အွန်လိုင်းကို မတက်တော့ဘူးရယ်..။ 😛

နောက်တစ်ယောက်ကတော့ နယူးဇီလန်မှာနေတဲ့ မ၀င့် ။ ကိုယ့်ဘ၀တစ်ဆစ်ချိုးအရမ်းခက်ခဲတဲ့အချိန်တွေမှာ ဘုရားတရားလုပ်ဖြစ်အောင် တိုက်တွန်းတတ်တဲ့သူပေါ့ ။ နောက်ပြီးတော့ ဓာတ်ကြီးလေးပါးဆွမ်းကပ်ဖို့အတွက် ဘုရားစာအုပ်ထဲက စာရွက်တစ်ရွက်ချင်းကို စိတ်ရှည်လက်ရှည်ဓာတ်ပုံရိုက်ပို့ပေးသေးတာ ။ သူ့အတွက်တော့ သာမန်ကူညီမှုလေးဖြစ်နိုင်ပေမယ့် ကိုယ့်အတွက်တော့ ဓာတ်ကြီးလေးပါးဆွမ်းကပ်မယ်လုပ်တိုင်း မ၀င့်ကို တသသကျေးဇူးတင်နေမိတာ ။

ပြောရမယ်ဆိုရင် တကယ်အများကြီးမှ အများကြီးကျန်သေးတယ် ။ ကိုယ်စင်ကာပူကိုလာစတုန်းက ကူညီပေးတဲ့သူငယ်ချင်းတွေ ၊ မလေးကို စတေးရှောင်တုန်းက ကူညီပေးတဲ့သူငယ်ချင်းတွေ ၊ grading ကတ်မှာ နာမည်မှားနေလို့ ပြန်ပြင်ပေးတဲ့သူငယ်ချင်းတွေ ၊ ကိုယ်လိုသမျှ ဖုန်းကလေးတစ်ချက်ဆက်တာနဲ့ ကူညီပေးတဲ့သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ အများကြီးပါပဲ ။ ဘ၀ဆိုတာ ခရီးတစ်ခုဆိုရင် မိတ်ဆွေကောင်းဆိုတာ အေးမြမှုကိုပေးတဲ့ သစ်ပင်လေးတွေပေါ့ ။ ကိုယ်ကိုယ်တိုင်လည်း မိတ်ဆွေတွေအတွက် ခဏနားဖို့ သစ်ပင်လေးတစ်ပင်ဖြစ်အောင်ကြိုးစားနေဆဲ ကြိုးစားနေမြဲပါပဲ ။ ဘ၀ခရီးမှာ မားမားမတ်မတ်ရပ်တည်ပေးတဲ့ မိဘရယ် ချစ်သူရယ် အပြင် မိတ်ဆွေသစ်ပင်လေးတွေအောက်မှာ ခဏတာနားခိုရတာ ဒီခရီးအတွက် အသက်ရှုအများကြီးချောင်ခဲ့ရပါတယ် ။

 



3 thoughts on “ကျေးဇူးတင်ပါတယ်”

Leave a Reply

Your email address will not be published.