Happy Blog Day!!!
Blog ဆိုတဲ့နေရာလေးတစ်ခုကို ၂၀၀၉ ခုနှစ်က ကျွန်မရောက်ရှိခဲ့ပါတယ် ။ connection ကောင်းတဲ့အရပ်မှာနေသူမို့ သူငယ်ချင်းတွေကို ပိုစ့်တင်ဖို့ကူရင်းကနေ ကိုယ်ပိုင် blog လေးကိုတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ ၂၀၀၉ တုန်းက ကျွန်မအသက်က ၂၁ နှစ်သာသာကလေးရယ်မို့ ကျွန်မရေးဖြစ်ခဲ့တဲ့အကြောင်းအရာတွေက အချစ်အကြောင်း ၊ အလွမ်းအဆွေးတွေအကြောင်း ၊ ရောက်တတ်ရာရာလေးတွေပါပဲ ။ အလယ်တန်းအရွယ်လောက်ကနေ စာရေးခြင်းကိုနှစ်သက်ခဲ့သူမို့ ကျွန်မကတော့ အကြောင်းအရာမယ်မယ်ရရမရှိပေမယ့် blog ပေါ်မှာစာတွေရေးဖြစ်နေခဲ့ပါတယ် ။ စာသာရေးနေပေမယ့် စာဖတ်သူဆိုလို့ တစ်လနေလို့တစ်ယောက်တောင်မရှိခဲ့တဲ့ကျွန်မဘလော့လေးကို စာဖတ်သူတွေရောက်လာအောင်ဆွဲခေါ်ပေးခဲ့သူက မမကွန်။ မမကွန်ရဲ့ blog list ကနေတဆင့် ရောက်လာကြတဲ့ ကိုဇတ်တီ ၊ စင်စင် ၊ တီသက်ဝေ ၊ တီချစ်ကြည်အပါအ၀င် တခြားဘလော့ဂါတွေရဲ့ cbox က စကားသံတွေ၊ comment တွေပေးတဲ့အားနဲ့ ဒီနေ့ဒီအချိန်ထိကျွန်မဘလော့လေးအသက်ရှင်နေခြင်းဖြစ်ပါတယ်။
စာဖတ်သူတစ်ယောက်မှမရှိတဲ့အချိန်ကနေ စာဖတ်သူတွေတစ်စထက်တစ်စပိုလာတော့ ကျွန်မပျော်လိုက်သည့်ဖြစ်ခြင်း ။ ဒါပေမယ့်လည်းfacebook ခေတ်စားလာတဲ့အချိန်မှာ ကျွန်မတို့ဘလော့လောကကြီးတိတ်ဆိတ်သွားခဲ့ပြန်ပါတယ် ။ ကျွန်မကတော့ facebook ထက် blog မှာစာရေးရတာပိုခုံမင်သူမို့ ဘလော့ကလေးမှာစာတွေရေးဖြစ်နေခဲ့ပါတယ် ။ အရိုးသားဆုံးဝန်ခံရရင် ကျွန်မစာရေးခြင်းဟာ ရေးချင်စိတ်တစ်ခုတည်းကြောင့်သာရေးနေတာမို့ စာဖတ်သူမရှိလည်း ကျွန်မစိတ်မပျက်ခဲ့ပါဘူး ။ ပုံမှန်လာဖတ်နေတဲ့သူတွေဟာ ကော့မက်မချန်ပေမယ့်  ခြေရာလေးတွေကို blog status ထဲမှာကြည့်လို့ရတာမို့ တစ်နေ့ ဆယ်ယောက်တောင်မပြည့်ပေမယ့် စာဖတ်သူတွေရှိနေသေးတယ်ဆိုတဲ့အသိကလေးနဲ့ကျွန်မကျေနပ်ခဲ့ပါတယ် ။ ဘလော့ရေးသက်လေးအတော်အသင့်ရလာတဲ့အခါ responsiblity ဆိုတဲ့စိတ်ကလေးကိုစတင်ခံစားမိပါတယ် ။ ကျွန်မဟာ မချော(အစိမ်းရောင်လွင်ပြင်) တို့လိုဗဟုသုတကြွယ်ဝတဲ့သူလည်းမဟုတ် ၊ ကိုနဗန ၊ ကိုဇတ်တီ တို့လို့ ဘ၀အတွေ့အကြုံစုံတဲ့လူလည်းမဟုတ်၊ ကိုလူပျိုကြီး ၊ ကိုကိုဒီဘီ တို့လို sharing လုပ်ပေးနိုင်တဲ့သူလည်းမဟုတ် ၊ မနိုင်းနိုင်းစနေတို့လို စာကောင်းပေကောင်းရေးနိုင်တဲ့သူလည်းမဟုတ် ၊ တီသက်၊ တီချစ်ကြည် ၊ မဒမ်ကိုး ၊ မတန်ခူး (လေနုအေး) တို့လို ဘက်စုံရေးနိုင်တဲ့သူလည်းမဟုတ် ။ ဒီတော့ ကျွန်မစာဖတ်သူတွေကို ဘာပေးနိုင်သလဲလို့စဉ်းစားတော့ ကျွန်မပေးနိုင်တာဘာမှမရှိခဲ့ပါဘူး ။ ဒါပေမယ့် မပေးနိုင်ရင်တောင်မှ ကျွန်မစာဖတ်သူတွေကို အတွေးမှားမပေးဘူးဆိုတဲ့ခံယူချက်နဲ့အတူ ကျွန်မရဲ့နဂိုရွဲ့တတ်တဲ့စိတ်ကလေးကိုအခြေခံတဲ့စာတွေအစား အနှစ်တစ်ခုခုကျန်အောင်ရေးဖို့ကြိုးစားခဲ့ပါတယ် ။
ဒီနှစ်ပိုင်းထဲမှာ ဘလော့ဂါတွေတော်တော်များများကို print media ထဲမှာတွေ့လာရတော့ ဂုဏ်ယူအားကျစိတ်နဲ့အတူ ကျွန်မလည်းဝတ္တု ၊ ဇာတ်လမ်းလေးတွေကိုစတင်ရေးဖြစ်ခဲ့ပါတယ် ။ စိတ်ကူးထဲမှာဇာတ်လမ်းလေးတွေရှိနေပေမယ့် ချမရေးဖြစ်ခဲ့တာမို့ နောက်ပိုင်းမှာအတိုးချပြီး ၀တ္တုတိုကလေးတွေရေးရင်းကနေ ကျွန်မအရင်တုန်းကရေးခဲ့တဲ့ မနူးမနပ်စာကလေးတွေအစား ဘလော့မှာစာသန့်လေးတွေပဲထားမယ်ဆိုတဲ့စိတ်ကူးနဲ့ blog အဟောင်းလေးကိုဖျက်လိုက်ပါတယ်။ blog အသစ်ကလေးတစ်ခုလုပ်ပြီး အဟောင်းထဲကကောင်းနိုးရာရာလေးတွေတင် ၊ ၀တ္တုတိုလေးတွေရေးနေတာ ဒီနေ့အထိပါပဲ ။ ဘလော့လေးရဲ့ကျေးဇူးကြောင့် ချစ်စရာကောင်းတဲ့ဘလော့ဂါအကိုအမတွေအများကြီးရှိခဲ့ပါတယ် ။ ဘလော့ဂါရပ်ဝန်းကိုသံယောဇဉ်ဘယ်လောက်ရှိလဲ ကျွန်မမသိပေမယ့် ၂၀၀၉ တည်းကနေ ဒီနေ့အထိ တစ်ရက်မှ ဘလော့အလည်မပျက်ခဲ့ပါဘူး ။ အသက်လေးတွေကြီးလာတာနဲ့အမျှ တာဝန်တွေပိလာတာကြောင့်စာတွေအရေးကျဲလာခဲ့ပေမယ့် ဘလော့အပေါ်ထားတဲ့သံယောဇဉ်ကတော့ ကြိုးတင်းတင်းနဲ့ကျွန်မကိုတုပ်နှောင်ထားတုန်းပါပဲ ။ blog လေးရဲ့ကျေးဇူးကြောင့် ကျွန်မစာလေးတွေကိုနှစ်သက်တဲ့သူတွေရှိလာတယ် ၊ ကျွန်မချစ်ခင်လေးစားရတဲ့အကိုအမတွေနဲ့တွေ့လာရတယ် ၊  ကျွန်မကိုသိတဲ့သူတွေရှိလာတယ် ၊ ကျွန်မနာမည်ကို print media တချို့မှာမြင်ခွင့်ရလာခဲ့ပါတယ် ။ အမှတ်တရအနေနဲ့ မြန်မာကျူးပစ်ဖိုရမ်မိသားစုဝင်ဖြစ်တဲ့ blogger ကြီးစု (စုချစ်သူ) ရဲ့ဦးဆောင်မှုနဲ့အတူ ဆရာမင်းလူမကွယ်လွန်ခင် မြန်မာကျူးပစ်မိသားစုဝင်တွေစုစည်းပြီးအလှူတစ်ခုလုပ်နိုင်ခဲ့ပါတယ် ။  ကျွန်မ blog မှာရေးထားတာကိုနှစ်သက်တဲ့အယ်ဒီတာအမတစ်ယောက်က blog က စာမူလေးတွေကို ဂျာနယ်မှာဖော်ပြပြီးတိုင်းမှာ စာမူခလေးတွေကိုတခုတ်တရသိမ်းထားပေးတာမို့ ထိုစာမူခတွေကိုစုပြီး ဆရာမင်းလူအတွက်အလှူထည့်ဝင်နိုင်ခဲ့ပါတယ် ။ ဘလော့ကပေးတဲ့စာမူခတွေကို ကိုယ်လေးစားရတဲ့ဆရာ့ဆေးကုသစရိတ်ပါဝင်နိုင်ခဲ့တာမို့ ဂုဏ်ယူစိတ်နဲ့အတူ နောက်ဆုံးအနေနဲ့လှူလိုက်ရတဲ့အတွက်ဝမ်းနည်းမိပြန်ပါတယ် ။ blog နဲ့ပက်သက်ပြီးအမှတ်တရတွေအများကြီးရှိနေတဲ့ ၊ ဘလော့လေးကိုသံယောဇဉ်ကြီးတဲ့ ၊ ဘလော့ဂါရပ်ဝန်းကအကိုအမတွေကိုလေးစားအားကျတဲ့ ကျွန်မကတော့ ဘလော့ဂါဖြစ်ရတာကို အမြဲတမ်းဂုဏ်ယူနေမှာပါ ။
ချစ်ခင်ရတဲ့အကို ၊ အမ ၊ မောင်လေး ၊ ညီမလေးတွေလည်း blog day အမှတ်တရလေးတွေရေးပေးပါဦးနော် ။
18 thoughts on “Happy Blog Day!!!”
  • နောက်ဆုံးပိတ်ကို အိတ်နဲ့လွယ်သွားတာပဲ…း)
    ပျော်ရွှင်ငြိမ်းချမ်းသော ဘလော့ဒေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အားပါးတရ ဘလော့ဂင်းကြပါစို့ရဲ့…
  • ညီမ ဘလော့ဂ်ကို အစ်မ မရောက်ဖူးသေးတာထင်တယ်
    လင့်ယူသွားတယ် ညီမလေး
    ဘလော့ဂ်ဒေးအမှတ်တရ ဖြတ်သန်းမှုလေးလည်း ဖတ်သွားတယ်
    ပျော်ပျော်ရွှင်ရွှင် စာတွေအများကြီးရေးနိုင်ပါစေ 🙂
    ချစ်သော
  • ဘယ်သူမဆို တစ်နေ့ ကျရင် ကိုယ့်ရဲ့ စာရေးပုံပာန် နဲ့ စတိုင်လ်ကို တဖြေးဖြေး အများနှင့်မတူဘဲ တစ်မူထူးခြားစွာ ပုံမှန် စိတ်အားထက်သန်စွာနဲ့ လေ့ကျင့်ရင် အောင်မြင်နိုင်ပါတယ်
  • ရေးဖြစ်တဲ့အတွက် ကျေးဇူးပါ မဆုမြတ်မိုးရေ. ဒီပို့စ်လေးကို Blog Digest Fan Page လေးမှာ Share ပေးလိုက်ပါတယ်..
    Y.
  • Happy Blog Day sis…
    ညီမလေးရဲ့ဘလော့လင့်လေးယူသွားပါတယ်နော်…
    စာတွေအမြဲတမ်းရေးနိုင်ပါစေ
    နှင်းနဲ့မာယာ
  • ဆုမြတ်ရေ happy blog day ပါ ။ အမြဲတမ်းပျော်ရွှင်ပြီး အောင်မြင်တဲ့ စာရေးတဲ့သူ ဖြစ်ပါစေလို့ မလေး ဆုတောင်းပေးတယ်နော် 🙂
  • ကိုရန် ဖဘမှာ ရှယ်ထားတဲ့ လင်ခ်လေးကနေဆစ်ဆင့် ကိုဏီ ရောက်ခဲ့တယ် ညီမလေး။
    ၀ါသနာပါတဲ့ စာတွေအများကြီး ရေးသွားနိုင်ပါစေဗျာ..
    ခင်မင်ခြင်းအားဖြင့်…
    ဏီလင်းညို
  • စာတွေ ချစ်တဲ့ ညီမလေး စာတွေ ဆက်ရေးသွားပါ.. အောင်မြင်ပျော်ရွှင်တဲ့ စာရေးသူတစ်ယောက်ဖြစ်ပါစေ…
  • အသူရယ်..ဟုတ်ပ နောက်တောင်ကျနေပြီနော်..း)
    ဦးဟန်ကြည်- ဟီးးးးဟုတ်..အိတ်နဲ့လွယ်ခွင့်ရတာဝမ်းသာပါတယ်ရှင် ။ happy blog day ပါနော်
    မသူ- ဟုတ် မသူပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်..။ လင့်လေးယူသွားတာကျေးဇူးပါမ ။
    ကိုရန်အောင် – ဘလော့လေးလာလည်တဲ့အတွက်ေ၇ာ လင့်လေးရှဲပေးတဲ့အတွက်ပါကျေးဇူးပါနော် ။
    မဖြိုး – လာလည်တဲ့အတွက်ကော ဆုတောင်းလေးတွေအတွက်ပါကျေးဇူးပါမဖြိုးရှင့်
    မနှင်း – ပေးတဲ့ဆုနဲ့ပြည့်ပါစေမနှင်းရယ်…း) လင့်ချိတ်ပေးတာကျေးဇူးပါနော်။
    မအိန်ဂျယ်..ဟုတ်..အမြဲတူတူဒေးရအောင်နော်း)
    မလေး… ကျေးဇူးပါချစ်သောမလေးရယ် <3 ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့်
    ကိုဏီ- ပေးတဲ့ဆုနဲ့တလုံးတ၀တည်းပြည့်ခွင့်ရချင်ပါတယ်ကိုဏီ။ လာလည်တာကျေးဇူးပါနော်
    အမ်တီအမ် – အမြဲလာလည်တဲ့အတွက်ရော ဆုတောင်းပေးတဲ့အတွက်ပါကျေးဇူးတင်ပါတယ်ရှင့်
    လရိပ်- နေမကောင်းတဲ့ကြားကလာလည်တဲ့အတွက်ရော စာလာဖတ်တဲ့အတွက်ပါကျေးဇူးတင်ပါတယ်နော်..။ take care 🙁
    မမီး- မြန်မာစာတွေမမြင်ရပေမယ့်လာဖတ်ပေးတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်မမီးရယ်..း) i love u too <3
    မိုးသက်- လာလည်တာကျေးဇူးပါမိုးသက်ရယ်..ဟုတ်ပ သူနောက်အကျဆုံးပဲ ။
    လာလည်တဲ့သူတွေရော ကော့မက်ပေးသွားကြတဲ့ချစ်သောအကိုအမ မောင်လေးညီမလေးတွေကို ကျေးဇူးတင်လျက်
    ဆုမြတ်
  • အရမ်းနောက်ကျနေပြီနော်၊ 🙂 (အမ လာခဲ့တာပြောတာပါ) အမ Blog က ဟက်ကာဆိုတာ ပို့စ်ကနေတဆင့် ညီမ blog လေးကို ရောက်ရှိခဲ့တာပါ၊ ရိုးရှင်းတဲ့စိတ်လေးနဲ့ ဘလော့ဒေးကိုရေးထားတာ သဘောကျမိပါတယ် ညီမငယ် 🙂
  • Hsu Myat ကို စာဖတ်သူ ဘလော့မရေးဘူးထင်နေတာ… ဆုမြတ်ဘလော့လေး ဒီနေ့မှရောက်ဖြစ်တယ်… Happy Blog Day နော်… ၂၀၁၃ အောက်တိုဘာပိုစ့်က နောက်ဆုံးပဲ… ဆက်မရေးတော့ဘူးလား…ရေးပါ… ဘလော့လေးက ဖေ့ဘွတ်ထက် ပိုကောင်းပါတယ်..
Leave a Reply
Your email address will not be published.