Feeling 30

Feeling 30

မစန်းထွန်းရေးတဲ့ ဘာမှတ်နေလဲ ဆိုတော့ ပိုစ့်ကိုဖတ်ကြည့်ပြီး အတွေးလေးတစ်ခုဝင်လာတယ်…ကိုယ့်အကြောင်းပဲဆိုပါတော့ .. ကိုယ်ဟာ ငယ်ငယ်တည်းက သူတပါးကို အားနာတတ် သည်းခံတတ်တယ် ။ မျက်နှာငယ်လေးနဲ့ ဘယ်သူ့ကိုမဆို အောက်ကျခံပြီးပေါင်းတတ်တယ် ။ ဒါကြောင့်ကိုယ့်မှာချစ်သူခင်သူပေါတယ် ။ သူများကိုလည်းနစ်နာအောင်မပြောတတ်ဘူး ။ ဒါက ကိုယ့်ရဲ့ ဖြူစင်တဲ့ ငယ်ဘ၀ပေါ့…။ အသက် ၁၉ အရွယ် လုပ်ငန်းခွင်ထဲ စ၀င်တော့ တွေ့ပါပြီ လူပေါင်းစုံနဲ့ ။

ကိုယ့်စီနီယာဆိုတဲ့ လူတစ်ယောက်က ကိုယ့်ကို ခွေးမ ဆိုပြီးခေါ်တယ်..။ ဒါက အညာမှာ ခင်လို့ခေါ်တာဆိုပြီး အမြဲတမ်းခွေးမ ခွေးမဆိုပြီး ခေါ်တယ် ။ တော်ရုံဆို ဘာမှမပြောတဲ့ကိုယ်ဟာ…အဲလိုအပြောခံရတာ တကယ်မနှစ်သက်ဘူး ။ ဒီတော့ ကိုယ်လည်း ခွေးထီးဆိုပြီး ပြန်ခေါ်တော့ ရိုင်းတယ်ဆိုပြီး အပြောခံရတယ် ။ ၁၈ -၁၉ အရွယ်ဆိုတော့ ဘယ်ပြောကောင်းမလဲ မျက်နှာတစ်ခုလုံး ၀က်ခြံတွေနဲ့ဆိုတော့ ကိုယ့်ကို….လှောင်ကြပြန်ရော…။ ဒီတော့ ကိုယ်က ပြန်ပြောတယ် … အိုကြီးအိုမတွေက ဘယ်ဝက်ခြံထွက်မလဲလို့ ငယ်ရွယ်နုပျိုလို့ထွက်တာ ဆိုပြီး ပြန်ပက်တော့ ဆုမြတ်ကရိုင်းတယ်ဖြစ်ပြန်ရော ။

စနေ နေ့ နေ့တစ်ဝက်ခွင့်ယူပြီး သင်တန်းသွားတက်တဲ့ ကိုယ့်ကို ရည်းစားနဲ့ သွားချိန်းတယ်ဆိုပြီး စွပ်စွဲကြတယ် ..ကိုယ့်မှာအဲဒီအရွယ်မှာ ရည်းစားဆိုလို့ မူးလို့ရှုစရာမရှိ …။ ကိုယ်တက်တဲ့ သင်တန်းက တကယ် စနေ နေ့တစ်ဝက်တက်ရတာ မိဘလည်းသိ ကြီးတော်လည်းသိ ရုံးကိုလည်းခွင့်တိုင်ပြီးမှသွားတက်တဲ့ဟာကို ခင်လို့စတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွပ်စွပ်စွဲစွဲပြောကြတာ…။ နောက်ပိုင်းမှာတော့ သည်းမခံနိုင်ရင် တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ ကိုယ့်အကြောင်းသိလို့ထင်တယ် သိပ်မစကြတော့ဘူး ကိုယ်ကလည်းကိုယ် ခွေးမလို့ လာခေါ်တာနဲ့ ခွေးထီးလို့ခေါ်ပြီးသားပဲ ။ စီနီယာမကလို့ ဒါရိုက်တာပဲဖြစ်ဖြစ်ပဲ ။

စင်ကာပူရောက်လာတော့ ကိုယ်နဲ့ခင်တဲ့ အမတစ်ယောက်ရှိတယ် ။ သူက ဖိုရမ်တစ်ခုရဲ့ စီနီယာ …ကိုယ်ကတော့ ဂျူနီယာပေါ့ ။ ကိုယ်က အဲဒီအချိန်က တအားပိန်တယ် အစာအိမ်ကလည်းဖြစ် သွေးအားနည်းတတ်တော့ ပိန်ညောင်နေတာပဲ ။ မေးရိုးတွေငေါထွက်နေတော့ ရုပ်ဆိုးတာပေါ့နော်…။ အဲဒီတော့ အဲဒီအမက ကိုယ့်ကို အဖွားကြီးနဲ့တူတယ်ဆိုပြီး အမြဲလှောင်တတ်တယ် ။ ဖေ့ဘုတ်တွေဘာတွေသုံးခါစဆိုတော့ ပုံတွေဘာတွေတင်ရင် ဖွားကြီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ လာလာပြောတတ်တယ် ။ တကယ်တော့ သူအဲလိုခေါ်တာကို ကိုယ်လည်းစိတ်မဆိုးပါဘူး ။ ကိုယ်က အရိုးငေါငေါနဲ့ ပိန်တာကိုး..။

တစ်နေ့တော့ ကိုယ့်ဖေ့ဘုတ်ဓာတ်ပုံတစ်ခုမှာ သူလာရေးတယ်…ဟယ် ဘယ်က အဖွားကြီးလဲဆိုပြီး ရေးတော့ ကိုယ်စိတ်တိုပြီးပြန်ရေးလိုက်တယ်…။ အနည်းဆုံးတော့ သမီးက ထိပ်မပြောင်ဘူးလေ ဆိုပြီးရေးလိုက်တာ ကိုယ့်ကို မက်စေ့တွေပို့ပြီး ရန်တွေ့…ဖိုရမ်က စီနီယာ မျက်နှာတောင်မထောက်ဘူး.. ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ။ ကိုယ်ကလည်းကိုယ်ပါပဲ …သည်းခံနိုင်တဲ့ ပမာဏရှိတာပေါ့နော်…။ ဖွားကြီးလို့ ၁ ခါက နေ ၁၀ ခါထိခေါ်ရင် ကိုယ်စိတ်မဆိုးဘူး…။ အဲ…အလုပ်ထဲမှာ ဒေါသထွက်နေတဲ့အချိန် အဖွားကြီးလာခေါ်ရင်တော့ ထိပ်ပြောင်တဲ့အဲ့အမကို အနည်းဆုံး သမီးက ထိပ်မပြောင်ဘူးလို့ပြောလိုက်မိတာပေါ့နော်…။ဆုမြတ်က အရမ်းရိုင်းတယ်တဲ့။

အဲအမက ကိုယ့်ကို စိတ်ဆိုးတာ ခုထိမခေါ်နိုင်မပြောနိုင်..။ သူက ဖိုရမ်ထဲမှာ ၀ါရင့်မန်ဘာဆိုတော့ သူနဲ့ပြသနာဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဖိုရမ်နဲ့လည်းကိုယ်အဆက်သွယ်ဖြတ်လိုက်တော့တယ် ။ ကိုယ့်အသက် ၂၅ ကို ကျော်လာပြီးတဲ့နောက်မှာတော့ ကိုယ့်စိတ်တွေ တစထက်တစ ပြောင်းလဲလာခဲ့တယ်ပြောရတယ် ။ ဘယ်သူဘာထင်ထင်ဂရုမစိုက်တဲ့စိတ် ၊ ကိုယ့်ကိုကိုယ်ကာကွယ်တတ်တဲ့စိတ်တွေပိုများလာတယ် ။ အရင်တုန်းက ဆိုရင် သူများဆီမှာ အပြောခံရလည်း မျက်နှာငယ်လေးနဲ့ ။ ခုတော့ ကိုယ်မှန်တယ်ထင်ရင် ဘယ်အရာမဆို ပြန်ပြောရဲတယ် ။ သူများကိုလည်း အရင်ကရော ခုရော ဘယ်တုန်းကမှ မတရားမလုပ်ဘူး ။ မလုပ်သင့်တာမလုပ်ဘူး မပြောသင့်တာမပြောဘူး.. ဒါပေမယ့် သည်းမခံနိုင်ရင်တော့ ပြန်ပြောတတ်တယ် ။

အထူးသဖြင့် သူများနဲ့အခန်းတွေရှဲနေရတဲ့အခါ မတူညီနဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့ လူတွေ တစ်အိမ်တည်းနေရတဲ့အခါ … ပြသနာပေါင်းတစ်သောင်းခြောက်ထောင်ပါပဲ ။ သည်းခံနိုင်တဲ့အခါ သည်းခံလိုက် .. သည်းမခံနိုင်ရင် ပြောလိုက်နဲ့ သံသရာလည်….ခုတော့ ဘယ်လောက်သေးသေး သူများနဲ့ရှဲမနေရတဲ့နေရာမှာပဲနေချင်တော့တယ် ။ စင်ကာပူမှာက သိတဲ့အတိုင်း အစစအရာရာက ဈေးကြီး .. ဖေဖော်ဝါရီလကုန်ရင် အိမ်ပြောင်းရတော့မယ်..ဘယ်ဆီရောက်လို့ ဘယ်လွင့်မယ်မှန်းမသိ ။

အသက်က ၃၀ ပြည့်ခါနီးမှာ ကိုယ့်အတွက် တိုးတက်လာတဲ့အရာက မလိုချင်တာ မလုပ်ချင်တာကို ငြင်းရဲတဲ့စိတ်ဓာတ်လေးပဲ ။ လူတိုင်းအလိုကိုမလိုက်နိုင်ဘူး ကိုယ့်ယုံကြည်ချက်အတွက် ကိုယ်ရှင်သန်ရမယ်ဆိုတာကို ပိုပြီးသဘောပေါက်လာတယ် ။ မပေးနိုင်တဲ့အကူညီတွေကိုတောင်းတဲ့သူတွေကိုလည်း ခေါင်းမာမာနဲ့ငြင်းတတ်လာတယ် ။ မကြိုက်တာတွေ့ရင် ငယ်ငယ်တုန်းကလို ကြိတ်မှိတ်မခံတော့ဘူး မကျေနပ်ရင် ဒဲ့ပြော ၊ အနိုင်ကျင့်သလိုခံစားရရင် ဒဲ့ပြော အချိန်တွေတိုက်စားရင်းနှလုံးသားတွေ မာကျောလာတယ်ဆိုပါတော့ ။ ဘာပဲပြောပြော ကိုယ့်အတွက် အဆင်မပြေတဲ့ကိစ္စတွေကို အပင်ပန်းခံပြီးမလုပ်တော့တဲ့အတွက် စိတ်လက်ချမ်းသာရတယ် ။ လူ့ဘ၀က တိုတိုလေး ကိုယ်လုပ်နိုင်တာ နဲ့ လုပ်သင့်တာကိုလုပ်မယ် ။ ကိုယ့်ကိုကိုယ်ကောင်းအောင်နေမယ် ။ ပျော်အောင်နေမယ်…။ ရိုင်းတယ်ထင်ထင် ဘာထင်ထင် သူများမထင်ဟာ သူများနဲ့သာ သက်ဆိုင်တာမို့ ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ့်လက်ထဲမှာပဲထားမယ့် ၃၀ အတွက် ကိုယ်ဟာအဆင်သင့်ဖြစ်နေပါပြီ ။

 



2 thoughts on “Feeling 30”

  • ကိုယ့်အကြောင်းကိုယ်ဖတ်နေရသလိုပဲ။ ဖတ်လို့ ကောင်းတယ် ညီမလေး ☺️

  • ကျေးဇူးပါ မရယ်..တိုက်စားလွန်းလို့ မာကျောသွားတဲ့ နှလုံးသားများအကြောင်းပေါ့

Leave a Reply

Your email address will not be published.