BPP Challenge Post

ခြောက်ကပ်နေတဲ့ blog လေးကိုရေပြန်လောင်းဖို့နှိုးဆော်သူက မ ဖြူစင်သောစိတ်ကလေး နဲ့ မဗေဒါ ။ မရေးတာနှစ်ပေါက်တော့မှာမို့ ဘာရေးလို့ရေးရမှန်းလဲမသိတော့ပါဘူး ။ အလာပသလာပပြောဖို့လည်း ပြောစရာအကြောင်းမရှိသလိုပါပဲ ။ BPP Challenge အတွက် အချိန်မှီရုံလေးရေးဖြစ်တာဖြစ်တဲ့အပြင် စာမရေးတာကြာလို့ထောင့်နေတဲ့စာရေးဟန်တွေကို လျစ်လျူရှုပြီး  ၂၀၁၄ အတွက် ပထမဆုံးသောပိုစ့်ကိုနှစ်ကုန်ခါနီးရေးလိုက်ပါတယ် ။

ကျန်းမာရေး

နှစ်ရှည်လများဖြစ်ခဲ့တဲ့ အစာအိမ်ရောဂါက လုံးဝပျောက်ကင်းသွားပါပြီ။ သူဂရုစိုက်ပေးကြောင်းကြွားပါရစိ 😛

နှလုံးသားရေး

Facebook celebrity တစ်ယောက်စကားငှားသုံးရရင် အချစ်ရေးက သာယာဝတီမှာ လေတဖြူးဖြူးနဲ့ အေးဆေးပါ။

Social 

Social က zero ထက်ကျော်ပြီး အနှုတ်လက္ခဏာကိုပြတဲ့ကာလပါ ။ အလုပ်နဲ့အိမ်ကလွဲရင် ဘယ်မှကိုမရောက်ဖြစ်ဘူး။ အလုပ်ကဝေးတော့ မနက်မိုးမလင်းခင်သွား ၊ ည မိုးချုပ်မှပြန်ရောက် ၊ ပိတ်ရက်ကျရင် နေ့တစ်ဝက်ကျိုးအောင်အိပ်၊ နိုးရင် သူနဲ့ တွေ့ ။ ရုပ်ရှင်ကြည့် ၊ တစ်ပတ်စာအလုပ်လုပ် ၊ စာအုပ်လေးဘာလေးဖတ် အဲလောက်ပဲလုပ်ဖြစ်ပါတယ် ။ Social မရှိပေမယ့် Social Network ကိုတော့ခဏခဏရောက်ဖြစ်တယ် 😛 ။ Hay Day လေးဘာလေးဆော့ဖြစ်ပါတယ် ။ လယ်ယာစိုက်ပျိုးရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်နေရလို့ ဘလော့ကြီးနဲ့တစ်နှစ်နီးပါးဝေးကွာသွားရတာပါ။ အလုပ်မအားတာလည်းတစ်ကြောင်းပါတာပေါ့ ။

အလုပ်အကိုင် (၁)

အလုပ်သစ်ကိုပြောင်းလိုက်တာ ငါးလနီးပါးရှိပါပြီ ။ အတွေ့အကြုံအများကြီးရတဲ့အလုပ်မဟုတ်ပေမယ့် ထိုက်သင့်တဲ့လခရယ် ၊ အကုန်လုံးအဆင်ပြေမယ့်ပုံရှိတာရယ်ကြောင့် ပြောင်းလိုက်တာပါ ။ မပြောင်းလို့လဲမရဘူး အရင်အလုပ်က branch ဖျက်လိုက်တာဆိုတော့ တခြားနိုင်ငံကိုမသွားနိုင်တာမို့ ပြောင်းလိုက်ရပါတယ် ။ တခြားနိုင်ငံမှာနေပါ…..နေစရိတ်၊စားစရိတ် free လခကလည်း အလုပ်သစ်ထက်တောင် အများကြီးပိုပေးမယ်လို့ပြောပေမယ့် တခြားနိုင်ငံကိုမသွားချင်သူမို့ ထိုက်သင့်တဲ့လစာလေးနဲ့ရတဲ့အလုပ်လေးကိုပြောင်းလိုက်ပါတယ် ။ အဆင်ပြေလားဆိုတော့ အထိုက်အလျောက်အဆင်ပြေပါတယ်။

အလုပ်အကိုင်(၂)

၂၀၁၃က အတွေ့အကြုံအဆန်းအပြားတွေကိုလက်ဆောင်ပေးခဲ့တော့ ၂၀၁၄ အစမှာ တကယ်ပဲ အလုပ်တွေရှုပ်နေခဲ့ပါတယ်။ အလုပ်ဟောင်းက ပိုင်ဆိုင်သမျှ property ကို ဟောင်ကောင် ကုန်ပနီတစ်ခုနဲ့ stock exchange လုပ်လိုက်တာ ကျမတို့တွေပါ ဟောင်ကောင်သူဌေးလက်အောက်ကိုအရောင်းခံလိုက်ရပါတယ် ။ ဟောင်ကောင်သူဌေးတွေရဲ့ ကပ်စီးနည်းတဲ့ဒဏ် ၊ ဖိလစ်ပိုင်လူမျိုးတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့ဒဏ်ကိုမခံနိုင်ကြ ၊ အဆိုးဆုံးကတော့ transparancy မရှိတဲ့ အုပ်ချုပ်ရေးကိုစိတ်ကုန်ကြတာမို့ တစ်ရုံးလုံးအလုပ်ထွက်ကုန်ကြတာပါ ။ ကျမတို့ pass သမားတွေကျတော့ အလုပ်ကလည်းမလွယ် ဒီကြားထဲမှာ ၃ ယောက်တည်းသာရှိတဲ့ IT Department မှာ အကြီးဆုံးမန်နေဂျာ (စင်ကာပူနိုင်ငံသား) က တစ်လ notice ပေးပြီးထွက်သွားပါလေရော ၊ အလုပ်တွေအကုန်လုံးကို စီနီယာနဲ့ ကျမတို့နှစ်ယောက်ကိုခွဲပေး ၊ တခြားနိုင်ငံမှာရှိတဲ့ branch တွေရဲ့ IT တွေကိုခွဲပေးခဲ့ပါတယ်။ ကျန်ခဲ့တဲ့ စီနီယာက မလေးတရုတ် စိတ်ထားခပ်ပုတ်ပုတ် ၊ ကျမကိုအသိမပေးဘဲ အလုပ်ထွက်ပစ်လိုက်ပြန်ရော ၊ အလုပ်တွေ ၊ တာဝန်တွေတပုံတပင်ကြားထဲမှာ ကျမတစ်ယောက်တည်း Auditor တစ်အုပ်စုနဲ့ ကျန်ခဲ့ရပါတယ် ။ လုပ်သက် ၃ နှစ်နီးပါးပဲရှိတဲ့ ကျမကို IT Audit အတွက် Lead အနေနဲ့ထားပြီး စစ်ကြဆေးကြတယ် ။ လုပ်သက် နှစ်ပေါင်းတစ်ဆယ်ကျော်ရှိတဲ့လူတွေက Audit ကိုရှောင်ပြီးပြေးကြပေမယ့် pass သမားကျမကတော့ မပြေးနိုင်ခဲ့ဘူး ။ ဒီကြားထဲ branch ကို ဖျက်မယ်လို့သာပြောတာ ဘယ်နေ့နောက်ဆုံးလဲဆိုတာကို ဟောင်ကောင်သူဌေးတွေ လုံးဝအတိအကျမပြော ။ ဟိုနေ့လိုလို ဒီနေ့လိုလိုနဲ့ အနည်းအကျဉ်းကျန်နေသေးတဲ့ စလုံးရုံးရဲ့ ၀န်ထမ်းတွေနဲ့အတူ ၊ တတ်နိုင်သမျှလုပ်ပေး တခြားနိုင်ငံက အိုင်တီတွေကို တာဝန်ခွဲပေးပြီး  တစ်လတိတိလုပ်ပေးခဲ့ပါတယ် ။ အလုပ်နောက်ဆုံးနေ့မှာ လစာနဲ့အတူတူ နောက်တစ်လစာ (စုစုပေါင်း လခ နှစ်လစာထက်နည်းနည်းပိုစွန်းတဲ့ငွေ)ကို အပိုအနေနဲ့ရရှိခဲ့ပါတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ တစ်ယောက်တည်းသောအိုင်တီမို့လို့ ခွင့်လည်းယူလို့မရ ၊ အိမ်လည်းပြန်လို့မရဘဲ ခွင့်အစား ပိုက်ဆံတွေပဲရခဲ့ပါတယ်။ အလုပ်သစ်ကိုလည်း အလုပ်ဟောင်းကနေထွက်ပြီး နောက်နှစ်ရက်မှာပဲ ၀င်လိုက်ရပါတယ် ။ တစ်ရက်က public holiday မို့လို့ နားလိုက်ရတာပါ။ အလုပ်ဟောင်းမှာကျန်ခဲ့ရတော့ ပျော်စရာကောင်းတာတစ်ခုက account dept က စာရင်းကိုင်တွေနဲ့ ထမင်းအတူတူစားကြပြီး အလုပ်တွေရှာကြ ၊ တစ်ယောက်ကိုတစ်ယောက် recommend လုပ်ကြ ၊ အင်တာဗျူးတွေသွားကြ ၊ အလုပ်အကြောင်းအတင်းပြောကြနဲ့ အမောတွေကြားထဲပျော်စရာကောင်းခဲ့ပါတယ်။

အလုပ်အကိုင်(၃)

အလုပ်သစ်က သဘောင်္အသေးတွေထုတ်တဲ့ကုန်ပနီ ။ အိုင်တီဌာနက လူ ခြောက်ယောက်တိတိရှိပြီး လူမျိုးဘာသာမတူကြတဲ့သူတွေချည်းပါပဲ။ မန်နေဂျာနဲ့နောက်တစ်ယောက်က စလုံးတရုတ် ၊ ကျန်တဲ့နှစ်ယောက်က မလေးတရုတ် ၊ နောက်နှစ်ယောက်က ဖိလစ်ပိုင် ဆိုတော့ ဘာသာမဲ့တွေရော ၊ ခရစ်ယာန်တွေနဲ့အတူ ဗုဒဘာသာကတော့ ကျမတစ်ယောက်တည်း ။ ပြီးတော့ အကုန်လုံးက ဘာသာစကားနှစ်မျိုးသုံးမျိုးလောက်အသာလေးတတ်တဲ့သူတွေချည်းပဲဆိုတော့ တရုတ်လိုပြောလိုက်၊ မလေးလိုပြောလိုက် ၊ အင်ဒိုလိုလည်းပြောတတ်တဲ့သူပါသေးတယ် ။ တခါတခါ ဂျပန်လိုတွေထထပြောလိုက် ပြင်သစ်လိုပြောလိုပြောနဲ့ရယ်ရပါတယ်။ အလုပ်က သိပ်စိတ်ဖိစီးမှုမရှိတဲ့အပြင် စက်မှုဇုန်ထဲမှာလုပ်ရတာမို့ အိုတီလည်းမဆင်းရပါဘူး ။ အလုပ်သစ်ထဲကိုကျမရောက်ပြီး နောက်တစ်လမှာ အကောင့် assistance မြန်မာအမတစ်ယောက်ရောက်လာပါတယ်။ မြန်မာရောက်လာလို့ပျော်ပေမယ့် တစ်လအတွင်းမှာ သိပ်အပူအပင်များပြီး ကျမကိုသူ့ရင်ဖွင့်ရာမှတ်သူမို့ ခုတော့ ခပ်ဝေးဝေးကနေပဲ နေနေရတယ် ။ လူတိုင်းမှာ ပူပင်သောက ကိုယ်စီရှိကြပေမယ့် လူတစ်ချို့က ကိုယ့်အပူမှ အပူလို့မှတ်ကြတယ် ၊ ပြီးတော့ သူပြောသမျှကိုနားထောင်ပြီး တောက်လျှောက်သူ့ရဲ့ အဆိုးမြင်မှုတွေကို လိုက်ပြီးဖြေသိမ့်ပေးနေရတော့ ကြာရင်စိတ်ညစ်လာတယ် နောက်ပြီးကိုယ်လည်းအဲလို အတ္တကြီးကြီးနဲ့ အဆိုးမြင်ဝါဒီဖြစ်သွားမှာစိုးရိမ်လို့ပါ ။ ပေးသောလက်မို့လို့ ပေးခွင့်ကြုံတာ ၊ နားလည်တတ်သူမို့ ဖြေသိမ့်ပေးနိုင်တာဆိုပေမယ့် မနက် ခုနစ်နာရီကနေ လမ်းပေါ်ကိုရောက်ပြီး ကားပေါ်တက်ကတည်းကနေ သူ့ယောက်ျားနဲ့ relationship အကြောင်း ၊ ဆွေမျိုးမကောင်းကြောင်း ၊ ယောက်ခမ မကောင်းကြောင်း တွေနားထောင်ရတာ ကြာရင်စိတ်ပျက်လာမိပါတယ်။ အလုပ်အသစ်ဆိုတော့ သူက သူနဲ့ရာထူးတူတဲ့တစ်ယောက်လောက် လုပ်ပိုင်ခွင့်မရတာ ကို စိတ်တွေဆိုးနေတာပါ ။ ရာထူးချင်းတူပေမယ့် အသစ်ဝင်တဲ့သူနဲ့ နှစ်ဆွေးအောင်လုပ်နေတဲ့သူနဲ့ ဘယ်သူ့ကိုပိုပြီးယုံကြည်စိတ်ချမလဲဆိုတာ ကလေးကအစ သိကြတဲ့ကိစ္စပါ (ဥပမာ- အဲဒီတစ်ယောက်ရဲ့ လက်မှတ်ပါရင် ဘဏ်ကငွေထုတ်လို့ရတယ်…ငါ့လက်မှတ်ကျဘာလို့မရတာလဲ ဆိုတဲ့ကိစ္စမျိုးတွေပေါ့) ။ သူက ဒီမှာနေတာ ရှစ်နှစ်လောက်ရှိပြီ ။ နေ့စဉ်နေ့တိုင်းထိုအပူတွေ ၊ ယောက်ျားကိုစိတ်မချတဲ့အပူတွေကိုနားထောင်နေရတာ ကျမတော်တော်စိတ်ညစ်မိပါတယ် ။ ပြီးတော့ သူက စကားပြန်ပြောရင် သူစိတ်ကရောက်ချင်တဲ့နေရာရောက်နေတာ ။ သူပြောတာကိုနားထောင်ပြီး  ပြန် follow လုပ်ရင် ဖုန်းကြည့်ချင်ကြည့်နေတာမျိုး ၊ ဘာမှပြန်မပြောဘဲတိတ်သွားတာမျိုးဆို သိပ်အာရုံနောက်စရာကောင်းတာပဲ ။ တစ်လကျော် နှစ်လနီးပါးဒဏ်ခံလိုက်ရပါတယ် ။ နောက်တော့ ကျမရှောင်တာကိုရိပ်မိသွားပုံရပါတယ် ။ တခြားကားကိုပြောင်းစီးသွားလို့ ခုမှစိတ်ချမ်းသာရတာပါ။

ငွေရေးကြေးရေး

စုမိဆောင်းမိတစ်ပြားမှမရှိ ။ ပိုက်ဆံတွေရပြီး ဘယ်နားရောက်သွားလဲမသိဘူး  ။ ဖုန်းတောင်အသစ်မလဲနိုင်ဘူး ။ မွဲချက် ။
အဲစုမိဆောင်းမိရှိတာဆိုလို့ ဗိုက်ရယ် အဆီရယ်ပဲရှိတယ်။

လိုချင်နေတာ

အသက်ကြီးလာလို့လားမသိဘူး အလှအပလည်းသိပ်မက်လာတယ် ၊ brand တွေကိုလည်းမက်လာတယ်…ကောင်းတာကိုမှ ကြိုက်ကြိုက်လာတာမျိုးပါ ။ အိတ်အသစ်တွေလည်းအများကြီးလိုချင်တယ် ၊ Sephora တစ်ဆိုင်လုံးပိုင်ချင်တယ် ၊ top shop တစ်ဆိုင်လုံး nichii တစ်ဆိုင်လုံးပိုင်ချင်တာမျိုး ။ ဖိနပ်အကောင်းစား ပျော့ပျော့လေးတွေလည်းအများကြီးလိုချင်တယ် ။ ပိုပြီးလည်းလှချင်တယ် ပိုပြီးလည်းပြင်ချင်တယ် ပိုလည်းနုချင်တယ် ။ဒီထက်အလှတွေပိုပြင်ပြီး စာအုပ်လေးဖတ်လိုက် အပြင်လေးသွားလိုက် ကျော့နေအောင်နေချင်တာ ဘာအလုပ်မှလည်းမလုပ်ချင်ဘူး ။ (ဟမ်…အကောင်းမကြိုက်လိုက်တာနော်) ။ ဒါပေမယ့် တကယ်တမ်း နိစ္စဓူဝ လူနေရတာကတော့ မနက်ခုနစ်နာရီ နှစ်ဆယ် office transport ကိုရောက်ဖို့ စောစောထ ၊ ရေချိုး ၊ မျက်နှာသစ် ၊ အကျီလဲ အပြင်ထွက်ပြီး ပြေးရတာမျိုး ၊ မိတ်ကပ်လား ရုံးရောက်မှာလိမ်း၊  မလိမ်းချင်ရင် မျက်နှာပြောင်နဲ့နေ အဲလောက်ပဲတတ်နိုင်ပါတယ် ။ ကျော့ဖို့မော့ဖို့နေနေသာသာ  ရှောပင်းဆိုတာ ဝေလာဝေး ၊ ရှိတာတွေကိုပဲလှည့်ပတ်ဝတ်နေရတာမျိုး ။

စိတ်မကောင်းဖြစ်နေတာ

ငယ်သူချင်းတစ်ယောက်ကို စိတ်နာနာနဲ့ block လုပ်ပစ်တယ် ။ သူငယ်ချင်းဆိုတဲ့စိတ်နဲ့ နားလည်ပေးခဲ့တာကြာပြီ ။ ဒါပေမယ့်တရားလွန်လာတဲ့အတွက် block လုပ်ပစ်တာ။

တောင်းပန်ချင်တာ

စာမရေးဖြစ်တဲ့လပေါင်းများစွာအတွက် တောင်းပန်ပါတယ်လို့ ။

ချစ်ခင်လျက်
ဆုမြတ်



16 thoughts on “BPP Challenge Post”

  • ညီမလေးရေ Challenge လေးအတွက်ရေးပေးတာ ကျေးဇူးတင်ပါတယ်လို့. အချစ်ရေးက သာယာဝတီမှာ လေတစ်ဖြူးဖြူးနဲ့ ဆိုလို့ သဘောကျသကွဲ့.
    🙂 🙂 🙂
    အားရင် အချိန်ရရင် စာတွေ ပြန်ရေးပါနော်.. ကိုယ်တိုင်လဲ ပျောက်တတ်သူမို့ ပျောက်သွားသောသူများကို လည်း နားလည်ပေးတတ်ပါတယ်လို့ ..

    • ဟုတ် မရယ်… tag လုပ်ပေးတဲ့အတွက်ရော မုဒ်သွင်းပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်ရှင့်…း)

  • စာလာဖတ်သွားတယ် ညီမလေးရေ…
    အလုပ်သစ်မှာ အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်..
    ချမ်းမြေ့ပါစေ…

    • ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကြီးစုရယ်.။

      ချစ်တဲ့
      ဆုမြတ်

  • ဟွန်း သူညားတွေကျတော့အချစ်ရေးကသာယာဝတီတဲ့အဲ့လေ..သာသာယာယာတဲ့..အပျိုကြီးအားကျအောင်သိပ်ပြောတာပဲ
    😛 😛
    လူပင်ပန်းလဲ အဓိကကစိတ်မပင်ပန်းဖို့အရေးကြီးတာပဲ။
    စိတ်ချမ်းသာအောင်နေနော်။အဝေးမှာတစ်ယောက်တည်းနေရတာ(အဲဟုတ်ပါဘူး..သူကကိုကိုနဲ့ 😛 )

    • အသူလည်းတစ်ယောက်ရှာလေ……..သူ့ဖြင့် ဂျီးများနေပြီးတော့ 😛

      သတိရနေတယ်အသူး)

    • ဟုတ်ပါ့မြတ်ကြည်ရယ်…။ မတွေ့တာ တော်တော်ကြာပြီ… ရန်ကုန်မှာပျော်နေတယ်မလားး)

  • ညိမလေးဆုမြတ်ရေ မတွေ.ရတာကြာပြီ မလေးကသတိရလျှက်ပါ။ စာတွေရေးအုံးနော်။ ပျော်ရွင်ပါစေ။
    ချစ်တဲ.မလေးမြတ်

    • သတိရလို့ ကျေးဇူးပါ မလေးရယ်..။

      မလေးကိုလည်းသတိရနေတာ တတ်နိုင်ဆုံးမှန်မှန်ရေးပါ့မယ်ရှင့်

      ချစ်ခင်လျက်
      ဆုမြတ်

  • စုမိဆောင်းမိတာသဘောအကျဆုံး သူများတွေကတော့ မစုမိသေးလို့ မပြန်ကြဘူး စုမိလို့ပြန်ကြတယ်
    ဒီကတော့ တပြားမှမစုမိဘဲ ပြန်တယ် ကဲ ဘာပြောမလဲ ဟိဟိ

    • ကိုရင် ရှိတာပဲ အေးဆေးပါ ချစ်မရာ 😛
      ညီမလည်း ဗိုက်ကလွဲရင် ဘာမှမစုမိဘူး…ဟီးးး ဒါပေမယ့် ပြန်ချင်ရင် ပြန်ပစ်မှာ 😛

      လာလည်တာကျေးဇူးပါ ချစ်မ ။

Leave a Reply

Your email address will not be published.