၂၉ မှတ်စု

၂၉ မှတ်စု

ဘ၀ဟာ တချို့လူတွေအတွက် လွယ်ကောင်းလွယ်နိုင်ပေမယ့် ကိုယ့်အတွက်တော့ မလွယ်ကူခဲ့ပါဘူး ။ အသက် ၂၉ မှာ စိုက်ထူခဲ့တဲ့ မှတ်တိုင်သေးသေးလေးတစ်ခုအတွက် ကိုယ်ရင်းနှီးခဲ့ရတာတွေအများကြီးပဲ။ အချိန်ရယ် ၊ ငွေရယ် ၊ ခေါင်းပေါ်က ဆံပင်ဖြူတွေရယ် ၊ ပြန်မရနိုင်တဲ့ နုပျိုခြင်းတွေရယ်ပေါ့။ ၂၀၁၄ သြဂုတ်လ ကျောင်းစတက်တဲ့အချိန်ကနေစလို့ ၂၀၁၆ ဒီဇင်ဘာ dissertation submit လုပ်ပြီးတဲ့အချိန်ထိ ကိုယ့်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေက အများကြီးပဲ ။ ကိုယ့်ဘေးမှာ ယိုင်လဲမသွားအောင် ထိန်းမတ်ပေးမယ့် သူ သာမရှိရင် ကိုယ်မတွေးရဲဘူး ။ အေးအတူပူအမျှ နွေးထွေးမှုပေးတဲ့ ချစ်သူကိုလည်း ကျေးဇူးတင်မဆုံးဘူး ။ ပါရမီဖြည့်ပေးကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်လှပါတယ် ။ ဘာပဲပြောပြော ဘွဲ့တစ်ခုတော့ ရခဲ့ပြီ ။

ဘွဲ့ယူတဲ့နေ့မှာ မြန်မာဝတ်စုံဝတ်ပြီး မိဘတွေနဲ့အတူ ယူချင်တဲ့ ဆန္ဒကတော့ အကြောင်းအမျိုးမျိုးကြောင့် မပြည့်နိုင်ခဲ့ပေမယ့် Graduation bear လေးရယ် ချစ်သူခင်သူတွေဆီက ပေးတဲ့ ပန်းစည်းလေးတွေရယ် အမှတ်တရ လက်ဆောင်ရခဲ့ပါတယ်။ Graduation အကြောင်းပြောရမယ်ဆိုရင် အများကြီး ။ ခမ်းနားတဲ့အခမ်းအနားမှာ ကိုယ်တွေရဲ့ professor တွေ သူငယ်ချင်းတွေနဲ့ အတူ..ပျော်စရာကြီးပါ ။ အမှတ်တရအနေနဲ့ကတော့ ဖျော်ဖြေရေးသီချင်းက ကိုယ့်အကြိုက်ဆုံး Studio Ghibli က kiki delivery service ရဲ့ theme song လေး ။ ကီကီ က အခက်ခဲလေးတွေကို အောင်မြင်အောင်ဖြတ်ကျော်နိုင်ခဲ့သလို graduate တွေရဲ့ ဘ၀လည်း အခက်ခဲတွေကိုကျော်လွှားပြီး အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေလို့ announcer က ဆုတောင်းပေးပါသေးတယ်။ ကိုယ့်ဘ၀ရဲ့အမှတ်တရနေ့လေးကို ကိုယ်ကြိုက်တဲ့သီချင်းလေးနဲ့အတူ ဖြတ်သန်းရတာ မှတ်မှတ်ရရပါပဲ ။

 

ဒီရက်ပိုင်းမှာ မုဒိတာ တရားဆိုတဲ့ဟာလေးနဲ့ out of the box ဆိုတာလေးကို တွေးနေမိတယ် ။ လူတွေဟာ နိမ့်ကျချိန်မှာ မုဒိတာထားနိုင်သလောက် ကိုယ့်ထက်သာသွားမယ်ဆိုတဲ့အတွေးကိုရောက်လာရင် မုဒိတာ တရားမထားနိုင်ကြတော့ဘူး ။ လူတော်တော်များများ အဖြစ်အပျက်တော်တော်များများကို ကိုယ်လေ့လာကြည့်မိပါတယ် ။ ကိုယ်ကရော ? ပုထုစဉ်မို့ ကိုယ်လည်းမဖြူစင်သူပါ ။ ဒါပေမယ့် မုဒိတာတရားအများကြီးထားနိုင်အောင်ကြိုးစားနေဆဲပါ ။ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ အရာတော်တော်များများကို safe ဖြစ်အောင် comfort zone ထဲက မထွက်ဘဲ အမြဲလိုလိုနေခဲ့ဖူးတယ် ။ ခုနောက်ပိုင်းမှာတော့ Out of the box ကို အမြဲတွေးဖြစ်တယ် ။ မလုပ်ချင်ဘူးထင်တဲ့အရာလေးတွေကိုကြိုးစားပြီး လုပ်ကြည့်နေမိတယ်။ မဆိုးပါဘူး လုပ်တော့လုပ်နိုင်သားပဲ ။ထပ်ပြီး ပိုလုပ်နိုင်အောင်လည်းကြိုးစားနေပါတယ်။

ကိုယ့်အတွက် challenging များတဲ့ အသက် ၂၉ နှစ်မှာ ကိုယ့်ကိုယ်ကို ဆုံးမဆဲ့၂၉ မှတ်စု လေးရေးထားတယ် ။ ဖေ့ဘုတ်မှာရေးထားတာလေးကို အမှတ်တရဖြစ်အောင် ပြန်တင်လိုက်ပါတယ်။

သူများဘယ်လိုထင်မလဲဆိုတာ ကိုယ့်အလုပ်မဟုတ်ဘူး .. ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ်နဲ့ပဲတိုက်ရိုက်သက်ဆိုင်တယ် ။ သူတပါး ကိုယ့်အပေါ်မှာ မကောင်းတာ ယုတ်မာတာဟာ သူ့ကိစ္စ .. ငါ့အလှည့်ရောက်ရင် ပြန်လုပ်မယ်ဆိုပြီး ဘယ်တော့မှမတွေးနဲ့ မလုပ်နဲ့..။ ကိုယ်နဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်ရင် ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူဘူးဆိုတာကို သတိရ ။ ဒေါသလျော့ စိတ်ကြီးတာလျော့ ။ ကိုယ့်စိတ်ထဲမှာ ဘာရှိလဲ လူတစ်ဖက်သား မသိနိုင်တော့ မသိရကောင်းလား စိတ်မတိုနဲ့ ။ ပြောလို့ရရင်ပြော မရရင်စိတ်ညစ်ခံပြီး ဒေါသမထွက်နဲ့ သူဟာ ကိုယ်မဟုတ်ဘူး ။ စိတ်ကိုရှင်းအောင်ထား။

 အားလုံးပဲ စိတ်ချမ်းသာတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ ။

 



Leave a Reply

Your email address will not be published.