ပေတံများနှင့်တိုင်းတာခြင်း

ပေတံများနှင့်တိုင်းတာခြင်း

အကြောင်းအရာအဖြစ်အပျက်တွေကို လူတွေဟာ ကိုယ့်ပေတံနဲ့ကိုယ်တိုင်းတာကြတယ်။ ဘယ်ဟာက အမှန်လဲ အမှားလဲ ။ ကိုယ့်ပေတံသာအမှန်ဆိုရင် သူများပေတံတွေက အမှားလား ။ အမှန်နဲ့အမှားဘယ်လိုခွဲခြားကြမလဲ ။ တလောက သူငယ်ချင်းတစ်ယောက်ရဲ့ facebook ပိုစ့် တစ်ခုကို ဖတ်မိတယ် ။ Master တန်း ဆက်တက်တာမကောင်းဘူး အချိန်ကုန် လူပင်ပန်းပြီးအကျိုးမရှိဘူး ၊ ဒေါက်တာ တန်းတက်ချင်တဲ့သူတွေပဲဆက်တက်သင့်တယ်တဲ့ ။ မာစတာဘွဲ့ရပြီး ဘာမှမတတ်ရင် လူအထင်သေးခံရတယ်တဲ့ ။ အနာရှိလို့စပ်တယ်ပဲဆိုပါတော့ မာစတာဘွဲ့ယူထားတဲ့ ကိုယ်ကတော့ သူ့ပိုစ့်ကိုမြင်မြင်ချင်းသဘောမကျမိဘူး ။ ဒါပေမယ့် ကိုယ်တွေးကြည့်လိုက်တယ် ။ ဒါဟာ သူ့ခံယူချက် ထင်မြင်ချက်နဲ့ measure လုပ်တဲ့အရာမို့ သဘောမကျပေမယ့် ကိုယ့်အနေနဲ့ အငြင်းပွားစရာအကြောင်းမရှိပါဘူး။

မာစတာတန်းတက်လက်စ သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် မာစတာတက်တာဘာမှမထူးဘူး အဲဒီပိုက်ဆံတွေကို ရန်ကုန်မှာ အိမ်နဲ့ကားဝယ်လို့ရတယ်တဲ့ ။ ဒါကလည်းသူ့ဘ၀ရဲ့ background အခြေအနေအပေါ်မှာ မူတည်ပြီး သူ့ပေတံနဲ့တိုင်းပြီးပြောပါ ။ ဒီအတွက် အငြင်းပွားစရာမရှိပါဘူး ။ ဒီတော့ မာစတာဘွဲ့အကြောင်းကို ကိုယ့်ပေတံလေးနဲ့ မြင်သလောက်လေးတိုင်းပြချင်ပါတယ် ။ ကိုယ်က စင်ကာပူက NTU မှာ မာစတာဘွဲ့ရထားတယ် ။ပိုက်ဆံပေါလွန်းလို့ တက်တာမဟုတ်ပါဘူး ။ လိုချင်လွန်းလို့ နှစ်ရှည်လများ ပိုက်ဆံစုပြီးတက်ထားတာပါ ။

မာစတာဘွဲ့ရလို့ ဘာသိလာလဲ ဘာတတ်လာလဲဆိုတော့ ပထမဆုံး ကိုယ့်မှာတိုးတက်လာတာက စာဖတ်နည်းတွေသိလာတယ် ၊ ဘယ်လို resource ရှာရမလဲသိလာတယ် ၊ Thesis ဘယ်လို ရေးရမလဲ ၊ Paper ဘယ်လိုရေးရမလဲ ၊Report ဘယ်လိုရေးရမလဲ သိလာတယ် ။ နောက်အရေးကြီးအချက်က ကိုယ်မသိတဲ့ဟာတွေကိုလေ့လာခွင့်ရတယ် ။ ကိုယ်မတွေ့မမြင်ဖူးတဲ့ မကြားဖူးတဲ့အကြောင်းအရာတွေကို လေ့လာခွင့်ရတယ် ။ လွယ်တော့ဘယ်လွယ်မလဲ ၊ မလွယ်တဲ့အရာတွေကို ခက်ခက်ခဲခဲလုပ်ရတာကိုက ဘ၀ရဲ့အရသာလို့ ကိုယ်ကတော့ခံယူထားတာမို့ ကိုယ့်အတွက်တော့ မာစတာတန်းတက်ခွင့်ရတာ အခွင့်ထူးတစ်ရပ်လို့ခံစားရပါတယ် ။ နောက်ပြီးတော့ ကိုယ့်ရဲ့အသိုင်းအ၀ိုင်းက ပိုပြီးကျယ်ပြန့်လာတယ် ၊ ကျောင်းမှာသိတဲ့ မိတ်ဆွေ၊ ပရောဂျတ်အတူလုပ်တဲ့သူငယ်ချင်း ၊ စာဖတ်ဖော်သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းပါတယ်။

နောက်ပြီးတော့ အလုပ်အချိန်ပြည့်လုပ်ရင်းနဲ့ မာစတာ အချိန်ပိုင်း ၂ နှစ်ခွဲတက်ရတာ အချိန်သိပ်ကုန်ပြီး လူပင်ပန်းလှပါတယ် ။တချို့ကအချိန်ပေးနိုင်လို့ ကြိုးစားလို့  smart ဖြစ်လို့အမှတ်ကောင်းကောင်းရကြတယ် ။ တချို့ကျတော့ ကိုယ့်လို ယက်ကန်ယက်ကန် ၊ တချို့ကျတော့ အချိန်မပေးနိုင်တော့လို့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းကနေထွက်သွားကြရတယ် ။ ဒါပေမယ့် ကိုယ်ဟာ အလုပ်အချိန်ပြည့်လုပ်ရင်းနဲ့ ကျောင်းတက်နိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက် ၊ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်ဆိုတဲ့ ခံစားချက်၊ ငါလုပ်နိုင်တယ်ဆိုတဲ့  confidence ဟာ ပိုက်ဆံနဲ့ပေးဝယ်လို့မရတဲ့ပျော်ရွှင်ခြင်း…. ပိုက်ဆံနဲ့ဝယ်လို့မရနိုင်တဲ့ ဘ၀ရဲ့မှတ်တိုင်တစ်ခုပါ ။

နောက်ပြီးတော့ ကျောင်းသားတစ်ယောက်ရဲ့ခံစားခွင့်ကိုအပြည့်အ၀ခံစားရပါတယ် ။ ကျောင်းရဲ့ကြီးမားလှတဲ့ စာကြည့်တိုက်ကိုသုံးခွင့်ရတယ် ၊ ကျောင်း student portal တွေကို သုံးခွင့်ရတယ် ၊ ကျောင်းအီးမေးလ် နဲ့ Microsoft Office ကိုရာသက်ပန်သုံးခွင့်ရတယ် ။ ကျောင်းသားကတ်နဲ့ ဘယ်သွားသွား discount ရပါတယ် ။ ရုရှားမှာတောင် ကျောင်းသားကတ်နဲ့  Peterhof မှာ ၀င်ကြေး  discount ရခဲ့ပါတယ် ။ ဒါက အသေးအမွှားကိစ္စ ၊ အရေးကြီးဆုံးက ကျောင်းပြီးတာနဲ့ အရင်တုန်းကလို PR မရတော့ပေမယ့် အလုပ်လုပ်တာနဲ့ EP ရပါတယ် ။ နောက်ပြီးတော့ ကျောင်းသားတစ်ယောက်ရဲ့ ခံစားခွင့်အနေနဲ့ စင်ကာပူမှာ long term visit pass  ၁ နှစ်ရပါတယ် ။ ကျောင်းတက်နေတုန်းလည်းအချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိသေးတယ် ။ သူများတွေအနေနဲ့ ဘယ်လိုသတ်မှတ်လဲတော့မသိဘူး ၊ ကိုယ့်ကတော့ ကိုယ်ကြုံတွေ့သမျှ အရာရာတိုင်းက အခွင့်အရေး အတွေ့အကြုံအနေနဲ့သတ်မှတ်တာမို့ ကျောင်းတက်ခွင့်ရတာ သိပ်ကျေနပ်ပါတယ် ။

ကျောင်းတက်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်အတွက်တိုးတက်လာတာအများကြီးပါ၊ လူမှုဆက်ဆံရေးလည်းပိုကောင်းလာတယ် ၊ ဘ၀ကို သတ်သတ်မှတ်မှတ် target ထားပြီး ပိုကြိုးစားတတ်လာတယ် ။ ဘာအခက်အခဲကြုံကြုံ ငါလုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုပိုရလာတယ် ။ ကျောင်းတက်နေစဉ်မှာ ကိုယ့်ဘ၀မှ အနိမ့်အမြင့် အတက်အကျတွေကြောင့် ၀မ်းနည်းနာကျင်စွာငိုခဲ့ရတဲ့အချိန်တွေ ၊ အားတင်းရင်းမပီပြင်တဲ့အပြုံးတွေနဲ့ကြိုးစားခဲ့ရတာတွေ ၊ ပိုက်ဆံမရှိတော့လို့ ချွေတာခဲ့ရတာတွေ အားလုံးဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ ဘ၀ရဲ့သင်ခန်းစာတွေပါပဲ ။ ကိုယ်ကတော့ ကံကောင်းထောက်မစွာနဲ့ တစ်ခါမှ စာမေးပွဲမကျခဲ့ပါဘူး။

ဒီတော့ မာစတာတန်းတက်တာ ကောင်းမကောင်းဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ကိစ္စပါ ။ အချိန်ရှိ ၊ ပိုက်ဆံတတ်နိုင်ရင် ဘာကျောင်း ဘယ်ပညာရပ်မဆို တက်သင့်ပါတယ်…တက်ဖို့ အားပေးပါတယ် ။ အပြင်မှာအလုပ်လုပ်ရင်းရတဲ့ပညာနဲ့ စာသင်ခန်းထဲမှာရတဲ့ပညာက မတူပါဘူး ။ အလုပ်လုပ်တတ်ဖို့ လုပ်နိုင်ဖို့အရေးကြီးပေမယ့် ပညာသင်ဖို့အခွင့်အလမ်းရှိတာက ကံကောင်းခြင်းပဲမလား ။ Harvard Dropout , Facebook ပိုင်ရှင် Mark Zuckerberg လည်း ကျောင်းမတက်ခဲ့ဘူး ဒါပေမယ့် အောင်မြင်နေတာပဲလို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ် ။

ဘ၀အောင်မြင်မှုဟာ ပညာရေးနဲ့တိုက်ရိုက်အချိုးမကျပါဘူး ။ ဒါပေမယ့် Mark Zuckerberg က ဟားဘတ် dropout ပါ…။ ဆိုလိုတာက သူ့မှာသူများထက်သာတဲ့ အတွေးအခေါ် နဲ့ အရည်အချင်း ရှိပါတယ် ။အဲလိုရှိလို့ ပဲ Harvard လို တက္ကသိုလ်မျိုးကို ၀င်ခွင့်ရခဲ့တာပါ ။ သူက Harvard မှာ တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ကျောင်းပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ အောင်ကို အောင်မြင်မယ့် အရည်အချင်းရှိသူမို့ အောင်မြင်တာပါ ။ ဒီထဲမှာ တခြားထည့်မစဉ်းစားတဲ့ ဖတ်တာတွေအများကြီးပါ (မိဘ ပံ့ပိုးမှု … ပညာရေးစနစ်ကောင်းမွန်မှု… အချိန်အခါသင့်မှုတွေကို ထည့်မစဉ်းစားထားပါဘူး) ။

ကိုယ့်အနေနဲ့ဆိုရင်တော့ မာစတာဘွဲ့ယူရတာဟာ ဘ၀မှတ်တိုင်တစ်ခုစိုက်ချင်လို့ယူတာပါ ။ နောက်ပြီးတော့ မြန်မာပြည်မှာပဲ ပညာသင်ဖူးသူမို့ နိုင်ငံခြားကျောင်းတစ်ခုမှာ ပညာသင်ဖူးချင်လို့ ၊ ကိုယ်လက်ရှိအလုပ်လုပ်နေတဲ့  career မှာ ဒီ မာစတာဘွဲ့က အသုံးဝင်တာမို့ တက်တာပါ ။ ခုလောလောဆယ်တော့ ယူထားတဲ့ဘွဲ့ကိုအသုံးချပြီး အချိန်ကုန် ၊ ငွေကုန်ခံခဲ့တာတွေကို ပြန်ပေးဆပ်ရဦးမှာမို့ ကျောင်းထပ်တက်ဖို့အစီစဉ်မရှိသေးပါဘူး ။ ဒါပေမယ့် အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ အခွင့်အရေးရလာလို့ရှိရင် ထပ်ပြီး မာစတာ ဖြစ်ဖြစ် ဒေါက်တာဖြစ်ဖြစ်တက်ခွင့်ရမယ်ဆိုရင် တက်ဦးမှာပါ ။

အပေါ်မှာ ပြောခဲ့တာတွေကတော့ ကိုယ်ပေတံလေးနဲ့ တိုင်းတာတဲ့ ကိုယ့်ရဲက မာစတာ ဘွဲ့ အပေါ်မှာ ထင်မြင်ချက်ကလေးပေါ့ ။ စာလာဖတ်တဲ့သူငယ်ချင်းတွေလည်း ကျောင်းဆက်တက်ဖို့အစီစဉ်ရှိရင် ကိုယ့်အခြေအနေ အချိန်အခါ နဲ့ ကိုယ့်အတွက်အသုံးဝင်မ၀င်သေသေချာချာစဉ်းစားပြီး ဆုံးဖြတ်ကြဖို့အကြံပေးချင်ပါတယ် ။ ဒီတော့ Master ဆက်တက်သင့်သလား မတက်သင့်ဘူးလားဆိုတာကတော့ အမှားအမှန်မရှိတဲ့ မေးခွန်း….ကိုယ်တိုင်ဆုံးဖြတ်ရမယ့် မေးခွန်းမျိုး….The choice is yours ပါပဲ ။

photo- Education Banner Stock Image



Leave a Reply

Your email address will not be published.