စိတ်ထဲရှိသမျှ အမှတ်တရများ အတွေးတစ်စ

ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေ

မနေ့က နှစ်ဆန်းတစ်ရက်နေ့ ကိုသားငယ်ဆုံးတဲ့ သတင်းတက်လာတော့ စိတ်မကောင်းတော်တော်ဖြစ်ရတယ် ။ ကိုယ်နဲ့တော့အများကြီးမရင်းနှီးပေမယ့် facebook ထဲမှာ မြင်မြင်နေကျ အကိုကြီးဆိုတော့ ဆွေမျိုးရင်းချာတစ်ယောက်ဆုံးပါးသလို စိတ်မကောင်းဖြစ်ရတယ် ။ စိတ်က တစ်နေကုန်မကြည်တော့ လုပ်သမျှအလွဲလွဲအချော်ချော်..လက်ကိုဓားရှ ဟိုပြုတ်ကျ ဒီပြုတ်ကျ အကျီတွေအောက်ပြုတ်ကျနဲ့ တစ်နေကုန်ဖြစ်နေတော့တာ ။ ညနေပိုင်းမှာ ဖေ့ဘုတ်ဖွင့်လိုက်တော့ ကိုယ့်ပိုစ့်တစ်ခုအောက်မှာ ညီမ၀မ်းကွဲက လာရေးတယ် ။ အဖေညီ့မ အဒေါ်မိုးမိုးဆုံးပြီ ။ နှလုံးရောဂါ သွေးတိုးရောဂါနဲ့ မနက်ငါးနာရီမှာ ရုတ်တရက်ဆုံးတယ် ။ ကလေးက ငါးတန်းပဲရှိသေးတယ်ဆိုပြီးလာရေးတယ်..။ ရေးတာနဲ့ မပြီးသေးဘူး အသုဘရှုလို့ရအောင်ဆိုပြီး အလောင်းပြင်ထားတဲ့ပုံကိုပါလာပို့တယ် ။ ဆုံးတယ်လို့ ကြားတုန်းက စိတ်မကောင်းဖြစ်တာပဲရှိသေးတယ် ။ ပုံမြင်တော့ ကိုယ့်မှာရင်ထဲမှာဆို့လို့ ။ တကယ်တော့ အဒေါ်တွေနဲ့ သွေးသားသာတော်ကြတာ အဖေဘက်က ဆိုတော့ သိပ်ရင်းတဲ့ထဲမှမပါဘူး ။ ဒါပေမယ့် မြေးဦး တူမဦးဖြစ်တဲ့ ကိုယ့်ကိုတော့ အဒေါ်တွေ အရမ်းမရင်းပေမယ့် ချစ်ကြတယ် ။

ကိုယ့်ရီးရီးမိုးအကြောင်းကို ပြောရမယ်ဆိုရင်အရှည်ကြီးမှ အရှည်ကြီး ။ အဖေတို့မှာ မောင်နှမတွေအများကြီးရှိတဲ့ထဲက သူဟာ တစ်ဦးတည်းသောအခွင့်ထူးခံသမီး ။ မာနကြီးတဲ့ အဖွားရဲ့ အချစ်ကိုအရမ်းခံရတဲ့ သမီး ။ ဘာလို့လဲဆိုတော့ သူက အဖွားနဲ့အတူနေတဲ့သမီးဖြစ်တဲ့အပြင် ငယ်ငယ်တည်းကနေ နှလုံးရောဂါသည်မို့အချစ်ခံ ဂရုစိုက်ခံရတဲ့သမီး ။ အိုကြီးအိုမ အဖွားဟာ သူ့သမီးကို ငယ်ငယ်တည်းက ထမင်းချက်ကျွေးခဲ့တာ အိမ်ထောင်ပြုကလေးမွေးတဲ့အထိ ထမင်းချက်ကျွေးတုန်း ။ မရှိမရှားမိသားစုထဲကပေမယ့် ရီးရီးမိုးဟာ အဲဒီခေတ်က ဘီးဘဲလ် ထမီကိုရောင်စုံဝတ်နိုင်တာ တစ်မြို့လုံး သူတစ်ယောက်ပဲရှိတယ်တဲ့ ။

အဖေနဲ့အမေ အိမ်ထောင်ကျတော့ အဖွားအိမ်မှာခဏနေကြသေးတဲ့အချိန်..အမေက ကိုယ့်ကို ကိုယ်ဝန်ရတယ် ။ ကိုယ်တို့မြို့က တအားရေရှားတော့ ရေကိုတဝေးတလံက ခပ်ယူရတယ်။ အဲဒီလိုအချိန်မျိုးမှာ အဖွားဟာ ကိုယ်ဝန်သည် ကိုယ့်အမေကိုရေခပ်ခိုင်းတယ်…ဘာလို့လဲဆိုတော့ သူ့သမီးမိုးမိုးက နှလုံးရောဂါသည် သူကတော့ အသက်ကြီးပြီ အဖိုးကလည်းအလေးအပင်မထမ်းနိုင်တော့ အမေကပဲတစ်အိမ်လုံးသုံးဖို့ရေကို ကိုယ်ဝန်ကြီးနဲ့ ခပ်ရလို့ အဖွားနဲ့ အဖေနဲ့ ပြသနာတက်ကြတယ် ။ ကိုယ်ကြီးပြင်းခဲ့တဲ့ အိမ်ကို အဲဒီအချိန်မှာပြောင်းကြတယ်ဆိုပြီး အမေကပြောပြဖူးတယ်။

ရီးရီးမိုးဟာ အဲလောက်အချစ်ခံ အယုယခံရတယ် သမီး။ သူ့အောက်မှာ ညီမတစ်ယောက်ရှိပေမယ့် အဲဒီညီမ အဝေးမှာ အကိုတွေမောင်တွေကလည်းအိမ်ထောင်ကိုယ်စီနဲ့ဆိုတော့ အဖွားနဲ့အတူနေတာ ရီးရီးမိုးတစ်ယောက်ပဲရှိတဲ့အပြင် ငယ်ငယ်တည်းက မကျန်းမာတော့ အဖွားဟာ မေတ္တာပိုရှာတာ ။ ရီးရီးမိုးက အဲဒီအချိန်တုန်းကတော့ လ၀ကမှာ စာရေးမလုပ်တယ် ။ သူရတဲ့ လခကို အမေတွေအဖေတွေကိုပေးတာမဟုတ်ဘူး ။ သူက အဖွားရဲ့ နှစ်ထပ်အိမ်က အကောင်းဆုံးအခန်းမှာ တစ်ယောက်တည်းနေတာ ။ အဖွားတို့ကတော့ အောက်ထပ်မှာနေတယ် ။ ဖိနပ်ရောင်စုံ ၊ ထမီရောင်စုံ နဲ့ ကွန်းရိုးစင်း တီရှပ်ကိုကြိုက်လို့ ဘီဘဲလ် ထမီနဲ့ ၀မ်းဆတ်ဝယ်ထားတယ်တဲ့ ။ အလှပြင်ပစ္စည်းအစုံအလင်နဲ့ ရသမျှလခကို သူ့အတွက်ပဲသူသုံးတာ ။ လမင်းမိုမို နေနွယ်ဇင်မြင့် စုလှဖြူ ၀တ္တုတွေကို အသစ်ထွက်တာနဲ့ သူအရင်ဆုံးဖတ်လို့ရအောင် စာအုပ်ဆိုင်ကို အိတ်ထဲထည့်ထားသေးတာ ။ (စာအုပ်ဆိုင်ပိုင်ရှင်က သူ့ကိုပိုးတာကိုး) ။ အိမ်မှာအဖွားချက်တဲ့ ထမင်းကိုစား ရုံးလေးတက်လိုက် ၊ ထမီလှလှ ၊ ဖိနပ်လှလှစီးပြီး သူ့ကိုယ်သူ ဘယ်သူနဲ့မှတူတယ် တန်တယ်မထင်ဘဲ အပျိုကြီးလုပ်နေတာ တော်တော်ကြာတယ်။ အဖွားတို့ကတော့ အိမ်အောက်ထပ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ပြီး တခြားသားသမီးပေးတာတွေကိုစားရင်းနဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းကြတယ် ။

ဝါတွင်း ဥပုပ်နေ့တွေဆိုရင် အဖိုးတွေအဖွားတွေက ဥပုပ်စောင့်တော့ ရီးရီးမိုးပျင်းမှာစိုးလို့ ကိုယ်က အဖွားအိမ်ကိုသွားလည်တာမျိုးရှိတယ် ။ အဲဒီအခါကျရင် သူက ကိုယ့်ကိုတော့ ထမင်းချက်ကျွေးတယ် ။ သူ့စာအုပ်တွေလည်း ကိုယ့်ကိုယ်ပေးဖတ်တယ် ။ ဒါပေမယ့် သူ့အခန်းကိုတော့ ဘယ်တော့မှပေးမ၀င်ဘူး ။ ကလေးတွေဝင်ရင် သူ့အခန်းပွမှာစိုးလို့တဲ့ ။ ဘယ်သူမှမ၀င်ရဘူး သူစိတ်ပါရင် သူ့မိတ်ကပ်တွေဘာတွေလိမ်းပေးသေးတယ် ။ သူနဲ့ကိုယ်နဲ့ ရင်းနှီးမှုက မှတ်မိသလောက်တော့ အဲလောက်လေးပဲ ။ အဖေရဲ့
သွေးကြီးကြီး ညီမ ဆိုတာပဲမှတ်မိတယ် ။ ကိုယ်လည်းအ၇မ်းငယ်သေးတဲ့အချိန်မို့ဖြစ်ပါလိမ့်မယ် ။ နောက်ပိုင်းမှာ ကိုယ်တို့ စစ်တွေကိုပြောင်းသွားတယ် ။ တယ်လီဖုန်းတွေကလည်းဈေးကြီးတယ် ကိုယ့်တွေကလည်း ကလေးသာသာဆိုတော့ ဘယ်သူမှလည်းအဖက်မလုပ်ကြတော့ အဖေဘက်က အမျိုးတွေနဲ့ ဝေးဝေး ဝေးသွားကြတယ် ။

မှတ်မှတ်ရရ ကိုယ်ကိုးတန်းတက်ခါနီး (၂၀၀၃) အေပရယ်လမှာ ကိုယ်တို့စစ်တွေအိမ်ကို မလာစဖူးအဖွားက ပေါက်ချလာတယ် ။ အဲဒီအချိန်က တကယ်တော့ ကိုယ်တို့မိသားစုရဲ့ အခက်ခဲဆုံးကာလ ၊ စီးပွားရေမပြေလည် ၊ ကိုယ့်ကျူရှင်စရိတ်ကြီး ၊ မောင်အငယ်လေးက ၄ နှစ်သားအရွယ်ပဲရှိသေးတယ် ။ နွမ်းပါးတဲ့ ကိုယ့်အမေရဲ့ ညီမ နဲ့ သား ၂ ယောက် (divorced) မိသားစုကို လစဉ်တာဝန်ယူထားရဲ့အချိန် ၊ အခုနက အသုဘပုံလာပို့တဲ့ ညီမ၀မ်းကွဲက ၇ တန်း.. သူ့အတွက်ပါ ကိုယ်တို့မိသားစုက တာဝန်ယူထားတဲ့အချိန် ။ အဖေက အရာရှိဘ၀က စီးပွားရေးဖက်ကိုပြောင်းတဲ့အချိန် ၊ ရှိမဲ့စုပိုက်ဆံနဲ့ မောင်တောကို ဆန်ပို့တဲ့ ကိုယ်တို့ရဲ့ လှေတစ်စီးလုံး မှောက်သွားတဲ့အချိန် ..တစ်မိသားစုလုံး ပူပင်သောကဝေတဲ့အချိန်မှာ အဖွားက အိမ်ကိုလာပြီး သူတို့မိုးတွင်းမှာ စားဖို့ ပိုက်ဆံလိုတယ်ဆိုပြီးလာတောင်းတယ် ။ အိမ်တွင်းရေး ပြသနာကို သိသိကြီးနဲ့ မသိသလိုလုပ်ပြီး ဂရုမစိုက် အဖက်မလုပ်တဲ့ အဖွား ၊ အိမ်ကိုပိုက်ဆံလာတောင်းတာ မြေးတွေအတွက် ဘီစကစ်မုန့်လေးတောင် ပါမလာတဲ့အဖွားကို အမေတော့ ခုထိခွင့်မလွှတ်နိုင်ဘူး ။ ကိုယ်တို့မှာလည်း မပြေလည်တဲ့ကြားကနေပဲ..အမေက သူဝတ်ထားတဲ့ အခေါက်လက်ကောက် ၂ ကျပ်သားကို ချွတ်ပြီးအဖွားကိုပေးလိုက်တယ် ။

မိုးတွင်းအတွက်လိုတယ်ဆိုတော့လည်း ဘယ်တတ်နိုင်မျာလည်းဆိုပြီးပေးလိုက်တော့ သိပ်မကြာဘူး ..ရီးရီးမိုး မင်္ဂလာဆောင်တော့မယ်ဆိုပြီး သတင်းကြားရတယ် ။ ကိုယ်တို့မိသားစုကိုတော့ အဖွားတို့တွေ မဖိတ်ခဲ့ဘူး ။ ရပ်ကွက်သတင်းအရကြားတာကတော့ ကိုယ်တို့ပေးတဲ့ လက်ကောက်ကိုရောင်းပြီး အဖွားက ရီးရီးမိုးကို မင်္ဂလာဆောင်ပေးတယ်ဆိုပြီးကြားတယ်..။ ကိုယ့်အမေကတော့ မရှိတဲ့ကြားက ပေးလိုက်ရတဲ့ သူ့လက်ကောက်ကို နှမြောတယ် ။ အဖွားက သူ့သမီးအတွက်ဆိုရင် သူနဲ့မတည့်တဲ့ချွေးမဆီကတော့ သူ့မာန ကို ဘေးဖယ်ပြီးတော့ တောင်းပေးတတ်ခဲ့သေးတာ (ကျန်တဲ့အချိန်အိမ်ကို ခြေဦးတောင်လှည့်တာမဟုတ်ခဲ့ဘူး) ။

၂၀၀ရ ကိုယ် တက္ကသိုလ် တတိယနှစ် တက်တဲ့နှစ်မှာ အဖွားတို့ မြို့နားမှာရှိတဲ့ ဘဲငါးရာတောင်ကို သူငယ်ချင်းတွေနဲ့တက်ဖြစ်ခဲ့တယ် ။ ပြန်မယ့်ရက်ကျတော့ သီတင်းကျွတ်နဲ့မို့ စစ်တွေကို ပြန်မယ့်ကားမရှိတော့ အဖွားတို့မြို့က သူငယ်ချင်းအိမ်မှာ ကိုယ်တွေတစ်ည အိပ်ကြရသေးတယ် ။ အဲဒီအကြောင်းအသေးစိတ်ကို ဘလော့မှာရေးခဲ့ဖူးသေးတယ် ။ အဲဒီနေ့ က ကိုယ်အဖွားတို့အိမ်ကိုသွားလည်လိုက်သေးတယ် ။မီးမလာတဲ့ မှောင်မှောင်မဲမဲမြို့လေးထဲမှာ ကိုယ့်သူငယ်ချင်းအမေက ကိုယ့်ကို အဖွားအိမ်ကိုလိုက်ပို့တယ် ။ အဖွားက ထမင်းခူးခပ်ကျွေးတယ် ။ သူငယ်ပြန်နေတဲ့အဖိုးကတော့ ဘယ်သူ့ကိုမှ မမှတ်မိတော့ပေမယ့် သူ့မြေးဦး ကိုယ့်ကိုမှတ်မိတော့ကိုယ့်မှာ အရမ်းဝမ်းသာခဲ့ရသေးတယ် ။ သူတို့နဲ့ ညအိပ်ဖို့ခေါ်ပေမယ့် မနက်အစောကြီးကားနဲ့ထပြန်ကြမှာဆိုတော့ ကိုယ်တော့မအိပ်ခဲ့တော့ဘူး ။ အဖိုးနဲ့အဖွားကို ကန်တော့တော့ အဖွားက မုန့်ဖိုး တစ်ထောင်ပေးတယ် ။ ကိုယ်ကတော့ အဲဒီမုန့်ဖိုးတစ်ထောင်ကို အိပ်နေတဲ့ ရီးရီးမိုးသားလေး (အဲဒီတုန်းက တစ်နှစ်ဝန်းကျင်ထင်တယ်..) ကို မုန့်ဖိုး ပြန်ပေးခဲ့တယ် ။

ရီးရီးမို့း တို့ လင်မယားက ကိုယ့်ကို သူငယ်ချင်းအိမ်ကို ပြန်လိုက်ပို့ပေးကြတယ် ။ သီတင်းကျွတ်လရောင်အောက်မှာ ရီးရီးမိုးနဲ့ ကိုယ် စကားတပြောပြောနဲ့ သူငယ်ချင်းအိမ်ကိုရောက်လာခဲ့ကြတယ် ။ ဒါလွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရီးရီးမိုးနဲ့ နောက်ဆုံးတွေ့ဆုံခြင်းပဲ ။ ကိုယ်တွေမိသားစုလည်း ရန်ကုန်ကိုပြောင်း..ကိုယ်လည်းစင်ကာပူကိုလာနဲ့….အဆက်သွယ်တွေပြတ်ကုန်တာ…အေဖွားတို့ မိသားစုတွေပြေလည်ကြတယ်ဆိုတော့လည်း ၀မ်းသာရတယ် ။ စာမလာသတင်းမကြားနဲ့ နှစ်ပေါင်းများစွာကြာမှ…သူ နှလုံးရောဂါနဲ့မနေ့က မနက် ငါးနာရီမှာ ရုတ်တရက်ဆုံးတယ် ။ မဆုံးခင်တစ်ရက်နေ့က ရေတွေဘာတွေပက်နေသေးတယ်တဲ့…။ အသက်က ၄၈ တဲ့ ။ ဒီနေ့ သဂြိုလ်မယ်တဲ့ ။ သားလေးကတော့ ငါးတန်းတဲ့ ။

တကယ်တော့ လူ့ဘ၀က တိုတိုလေး …။ ကောင်းဟယ်ဆိုးဟယ်ထား ဘ၀တစ်ခုမှာ ဆွေမျိုးတော်စပ်ခွင့်ရတာက နည်းတဲ့ ကုသိုလ်ရေစက်လား ။ ဒီတစ်ပတ်အတွက် သူနဲ့ ကိုသားငယ်ကို ရည်စူးပြီးအလှူတစ်ခုလုပ်မယ်လို့ စီစဉ်ထားတယ် ။ ပြုခဲ့ဖူးသောကုသိုလ်တွေအတွက်အမျှပေးဝေပါတယ်..။ ကောင်းရာဘုံမှာ ငြိမ်းချမ်းကြပါစေ ။

Leave a Reply

Your email address will not be published.