အိတ်မှောက်ဖာသွန်

အိတ်မှောက်ဖာသွန်

တီသက် tag တဲ့ပိုစ့်လေးကိုမနေ့ကနေ ရေးချင်နေပေမယ့် အလုပ်မအားတာနဲ့ အခုမှပဲအိတ်မှောက်ဖာသွန်ဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုတော့ အိမ်ကနေရိုက်ယူလာခဲ့တာ ။ ကျွန်မက လက်ကိုင်အိတ်တွေ ၊ ပိုက်ဆံအိတ်တွေကိုင်ရင်သေးသေးမွှားမွှားလေးတွေကြိုက်တတ်ပေမယ့် ကိုယ့်ကိုယ်လုံးကိုယ်ပေါက်ကိုညှာသောအားဖြင့် ခပ်ကြီးကြီးတွေပဲဝယ်ဖြစ်ခဲ့တယ် ။ ကျွန်မလောလောဆယ်သုံးနေတဲ့အိတ်ကတော့ အညိုရောင်ခပ်ကြီးကြီး …။ neverfull ဆိုတဲ့နာမည်နဲ့လိုက်အောင် ဘယ်လောက်ပဲထည့်ထည့်ဆန့်တဲ့အိတ်ကလေးပါ။  တစ်ခါတစ်ခါ ဘယ်လောက်တောင်လေးလဲမသိ ၊ ပခုံးမှာမလွယ်နိုင်လို့ လက်နဲ့ဆွဲယူရတဲ့အဖြစ်လေ။ အရူးမဆွဲခြင်းအလား ပေါက်ကရတွေနဲ့ပြည့်နေတတ်တဲ့ ကျွန်မရဲ့အိတ်ကို အိတ်သွန်ဖာမှောက်ကြည့်ရရင်

၁- carlo rino လက်ကိုင်အိတ်လေးနှစ်လုံး 
 -တစ်လုံးမှာတော့ ဘဏ်ကတ် ၊အိုင်စီကတ် ၊ မန်ဘာကတ် စတဲ့ ကတ်ပေါင်းစုံ ၊ ဓာတ်ပုံ ၊   အန်ပေါင်းအိတ်တွေနဲ့ ပိုက်ဆံအချို့
-နောက်တစ်လုံးကတော့ အကြွေစိထည့်ဖို့သက်သက်
၂-ကြိုးတန်းလန်းနှင့်ဖုန်းကလေးတစ်လုံး ၊ ဘထ္တရီကြိုးတစ်ချောင်း ၊ 
၃- အမြဲတမ်းသုံးဖြစ်တဲ့ အလှပြင်ပစ္စည်းတွေထည့်ထားတဲ့အိတ်တစ်လုံး
၎-body shop ရေမွှေး ၊ body miss ၊ hand cream ၊ roll on နဲ့ အလုပ်ထဲက အမတစ်ယောက်ဆီက ပေးထားတဲ့ ရှုဆေးတစ်ဘူး ၊ မျက်စဉ်းခပ်ဆေးတစ်ဘူး ။
၅- အစိုးမရတဲ့စလုံးမိုးအတွက် ချစ်သူ့လက်ဆောင် Winnie pooh ထီးကလေးတစ်ချောင်း 
၆- ချစ်သူ့လက်ဆောင် Winnie pooh သော့တွဲလေးမှာတော့ ရုံးက drawer သော့ နဲ့အိမ်သော့ ။ 
၇- အမြဲတမ်း allergic ဖြစ်တတ်တာမို့ cetirizine ဆေးဘူးလေး ၊ wet tissue နဲ့ တစ်ရှုးတစ်ထုပ်
၈- ဗိုက်ခဏခဏအောင့်တတ်လို့ omeprazole နဲ့ air-x က မရှိမဖြစ် ။ 
၉-ရုံး access card
၁၀-singtel က ပေးထားတဲ့ မဖောက်ရသေးတဲ့စာအိတ်တစ်အိတ်  
၁၁-ရေးချင်တာလေးပေါ်လာရင်ချရေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စာအုပ်လေးတစ်အုပ်နဲ့  ခဲတံ
၁၂- ဟိုဟိုဒီဒီမှတ်လို့ရတဲ့ note စာအုပ်အ၀ါလေးတစ်အုပ် – ဘာမှမမှတ်ဘဲ ပန်းချီကိုနကန်းမျှမသိတဲ့ကျွန်မ abstract ခဲပန်းချီလေးတစ်ခု (google) အကူအညီနဲ့ဆွဲထားပါသေးတယ် ။
၁၃- ibanking စက်ကလေးတစ်လုံး 
ဘာမှမယ်မယ်ရရမဟုတ်ပေမယ့် ပခုံးညောင်းနေအောင် ဘယ်သွားသွားနေ့စဉ်ထမ်းဖြစ်နေတဲ့ပစ္စည်းတွေပေါ့ ။ အလှအပခုံမင်တဲ့သူမို့ အလှပြင်ပစ္စည်းတွေထည့်တဲ့အိတ်ကလေးမှာလည်းပစ္စည်းတွေမနည်းမနော 
မျက်တောင်တု ၊ ကော် ၊ မျက်တောင်ကော့ဆေးနှစ်ဘူး ၊မျက်တောင်ကော့စက်၊ နှုတ်ခမ်းနီ ၅ တောင့် (အကုန်လုံးပန်းရောင်) ၊ 

 နှုတ်ခမ်းမခြောက်အောင်လိမ်းတဲ့အဆီ နှစ်ဘူး ၊ မျက်လုံးခြယ်တဲ့ လိုင်နာ ၃ မျိုး၊  မျက်လုံးခြယ်တဲ့ခဲတံ နှစ်ချောင်း ၊  bb cream ဘူးသေးလေးတစ်ဘူး ၊ ခဲတံချွန်စက်တစ်ခု ၊ မျက်လုံးဆိုးတဲ့ဘူးလေးတစ်ဘူးနဲ့ handcream တစ်ခုကတော့ ဓာတ်ပုံရိုက်တဲ့ထဲပါမလာခဲ့ပါဘူး ။ အဲဒီအလှပြင်ပစ္စည်းတွေစုပြုံထည့်ထားတဲ့ ကျွန်မအိတ်ထဲမှာ မှန်ပါမနေတာ သတိထားမိကြမှာပါ ။ ဟုတ်ကဲ့ ကျွန်မအိတ်ထဲမှာ မှန်မပါသလို cream puff ဘူးလေးလည်းမပါပါဘူး ။ ခရမ်ပတ်မကြိုက်တဲ့အတွက် အိမ်မှာရှိနေပေမယ့် တစ်ခါမှမလိမ်းဖြစ်ဘူး ။ မှန်မပါပေမယ့် တခါတခါ washroom ထဲက မှန်မှာသွားကြည့် သလို တခါတခါတော့ ဖုန်းကင်မရာလေးကိုအားကိုးပြီး အလှပြင်တတ်ပါတယ် ။ ပစ္စည်းတွေသာအစဉ်အလာမပျက်ထည့်ထားပေမယ့် မသုံးဖြစ်တဲ့အခါက ခပ်များများ ၊ အိတ်ထဲရှိပစ္စည်းကို ဘယ်တော့မှလည်းထုတ်မကြည့်တတ်သလို ၊ အိတ်ကိုလည်းမရှင်းဖြစ်တာခပ်များများဆိုတော့ အိတ်ထဲကပစ္စည်းတွေက အိတ်ထဲမှာသောင်တင်လျက်ပါပဲ ။ တလောက အိမ်ရှင်းတုန်းအိတ်အဟောင်းတွေပစ်မယ်ဆိုပြီးအိတ်တွေကိုလိုက်စစ်တော့ memory stick တွေ၊ စာရွက်အဟောင်းတွေ ၊ ရုပ်ရှင်လက်မှတ်တွေ ၊ amusement park တွေရဲ့ဝင်ခွင့်လက်မှတ်တွေ အများကြီးထွက်ကျလာတာမို့ သိမ်းတန်တာသိမ်း ၊ ပစ်တန်သာပစ်လိုက်ရပါတယ် ။ အိတ်အဟောင်းမှာတွေ့ခဲ့တဲ့  stick ကိုရှင်းမယ်ဆိုပြီး အိတ်ထဲထည့်လာတာ..stick လေးက ဒီဘက်အိတ်ထဲမှာသောင်တင်နေတာ အခုထိမရှင်းရသေးဘူး ။

အရမ်းကြိုက်တဲ့လက်ကိုင်အိတ် ပန်းရောင်လေးနှစ်လုံး

စာတွေဖတ်ရမယ်ဆိုပြီးအမြဲတမ်းမှတ်ထားပေမယ့် ချောင်ထိုးခံထားရတဲ့စာအုပ်လေး
မယ် allergy အတွက် 
ချစ်သူ့လက်ဆောင်

 ပန်းချီမတတ်သူရဲ့စိတ္တဇပန်းချီ

အိတ်ကြီးတစ်လုံးထဲမှာ မလိုအပ်တဲ့ပစ္စည်းတွေကိုကျွန်မဘယ်လောက်သယ်မိနေလဲမသိဘူး ။ ပုံမှန်ဆိုရင်ထိုပစ္စည်းတွေထဲမှာ ကျွန်မအမြဲထိတွေ့နေတာဆိုလို့ ဖုန်း ၊ wet tissue နဲ့ ပိုက်ဆံအိတ်လောက်ပါပဲ ။ ဒါပေမယ့် အဲဒီအိတ်ထဲက မလိုတဲ့ဟာတွေကိုချန်ထားခဲ့ဆိုရင်….ကျွန်မ …မချန်ထားခဲ့နိုင်ပါဘူး ။ နေ့စဉ်ဘ၀ထဲမှာရော ။ အတ္တတွေ ၊မာနတွေ ၊ စိတ်ဖိစီးမှုတွေ ၊ နားမလည်ပေးနိုင်မှုတွေ ၊ သောကတွေ…. ။ အိတ်ထဲကမလိုတဲ့ဝန်တွေထမ်းရင်းပခုံးညောင်းခံတဲ့ကျွန်မ…. နေ့စဉ်ဘ၀ထဲက မလိုတဲ့ဝန်တွေကိုထမ်းပိုးနေတုန်းပါပဲ ၊ အမှတ်သညာကြီးခြင်း ၊ ခွင့်မလွှတ်တတ်ခြင်းဆိုတဲ့ဝန်တွေက ကျွန်မအပေါ် ၀န်ထုတ်ဝန်ပိုးကြီးတွေအဖြစ်ရှိနေတုန်းပဲ ။  မလိုတဲ့အရာတွေကိုလွှတ်ချဖို့သင်ယူရင်း ကျွန်မ
ခွင့်လွှတ်တတ်ဖို့ ၊ နားလည်ပေးတတ်ဖို့ကြိုးစားရပါဦးမယ် ။ 
ပိုစ့်လေးကိုဖတ်ဖြစ်တဲ့စာရေးဖော်သူငယ်ချင်းတွေ၊ လေးစားရတဲ့အကိုအမတွေကို အိတ်မှောက်ဖာသွန်တဲ့အကြောင်းလေးရေးပေးဖို့ ဆက် tag ပါတယ်ရှင့် ။ ရေးပေးကြပါဦးနော် ။ 



13 thoughts on “အိတ်မှောက်ဖာသွန်”

  • အမ အိတ်လည်း Neverfull အိတ်ပဲ… အခု ပုခုံးနာလို့ စိတ်နာလို့ သူ့ကို သိမ်းပြီး အိတ်သေးသေး ကိုင်နေတာ… ညီမ အိတ်ထဲမှာ အလှပြင်ပစ္စည်းတွေ များကြီးရှိနေတာ ကြည့်ပြီး သဘောတွေကျနေတယ်… အချိန်ပေးပြီး Tag Post လေး ရေးပေးတဲ့ ညီမကို ကျေးဇူးတင်ပါတယ်နော်… <3

  • ဒီ အိတ်ကလေးလည်း လာကြည့်သွားတယ်..
    အဆုံးသတ်က “လူ့ဘ၀ထဲ မလိုတာတွေ ထမ်းပိုးတုန်းပဲ” ဆိုတဲ့ မက်ဆေ့လေး သဘောကျမိတယ်

  • အလှပြင် ပစ္စည်းတွေ ကြည့်ပြီး ဟိုက်…ရှာလပတ်ရည် ဖြစ်သွားတယ်… 🙂
    မလိုတဲ့အရာတွေကိုလွှတ်ချဖို့သင်ယူရင်း ခွင့်လွှတ်တတ်ဖို့ ၊ နားလည်ပေးတတ်ဖို့ကြိုးစားရပါဦးမယ် ..ဆိုတဲ့ အဆုံးသတ်လေးကိုတော့ တကယ်သဘောကျသွားတယ် ညီမရေ..

  • အိတ်တစ်လုံးဟာ လူတစ်ယောက်ရဲ့ စိတ်ပြတင်းပေါက်တွေပဲ အပြင်ကို ကြည့်နိုင်သလို အတွင်းကိုလည်း လှမ်းကြည့်လို့ ရတာကိုး

  • ဆုမြတ်ရဲ့ အိတ်ကလေးကို မလေးကြည့် သွားတယ်နော်။ ညီမပြောတဲ့ မက်ဆေ့လေးကိုတော့ သဘောကျမိတယ်။

  • ပစ္စည်းတွေထည့်ထားတာ တော်တော်များသား။ အလှပြင်ပစ္စည်းအများဆုံးနော်။ ပန်းချီလေးကို စိတ်ဝင်စားသွားသည်။

  • မကြီးအိတ်ကကြီးကြီးဘဲ
    ပစ်သဘောကျလိုက်တာ..
    အလှပြင်ပစ္စည်းတွေလည်း အစုံပါတယ်..

  • အိတ်လေးက အရောင်ကိုစုံလို့ လှလိုက်တာ… မိန်းကလေးအိတ်ဆိုတာ ဒါမျိုးဖြစ်ရမှာ… 🙂

  • ညီမစုရေ.့ ဟိုတနေ့ ကဖတ်ပြီးကော်မန့် ပေးလို့ မရလို့  ခုပြန်လာဖတ်တာ. ညီမနဲ့ တူတာက ခရင်းပတ်ဖ်မကြိုက်တာရယ်. Omezဆောင်ထားရတာရယ်တူတယ်. အိတ်ကလေးကတဆင့် အိတ်ပိုင်ရှင်လေးက ချစ်စရာကောင်းနေမယ်ဆိုတာ မှန်းလို့ ရတယ်. ချစ်သူ့ လက်ဆောင်ထီးလေးက ချစ်စရာလေး

  • အလှပြင်ပစ္စည်းတွေ အများကြိးပါတာတွေ့တော့ ဘာမှသိပ်မပါတဲ့ ကိုယ့်အိတ်ကို ကြည့်ပြီး အားငယ်သွားတယ် …:) အိတ်အရောင်လေးက ချစ်စရာလေး… သဘောကျလိုက်တာ..။

  • @ritcivil84singapore – နံပါတ်တစ်အဖြစ် ကော့မက်ချန်ခဲ့တဲ့အတွက်ရော ဘလော့လေးကိုလာလည်တဲ့အတွက်ပါကျေးဇူးပါနော်။

    တီသက်- တခ်ပေးတဲ့အတွက်ရော ၊ ကော့မက်ချန်တဲ့အတွက်ပါကျေးဇူးပါတီသက်နော်…. တီသက်ကိုအမြဲချစ်တဲ့…ဆုမြတ်

    ရိုးမြေကျ- ဟုတ်ပ အိတ်တွေမှောက်ကြတယ်နော်…း) ဘလော့လာလည်တဲ့အတွကကျေးဇူးပါရိုးမြေကျရယ်…

    မသူ – အိတ်ကလေးလာကြည့်တဲ့အတွက်ကျေးဇူးပါမရယ်…

    အမ်တီအမ် – ဟီးး… ၀ါသနာကြီးသူမို့ပါ …. ဘလော့လေးကိုလာအားပေးတဲ့အတွက်ရော…အဆုံးသတ်ကလေးကိုသဘောကျတဲ့အတွက်ပါ
    ကျေးဇူးတင်ပါတယ်နော်။

    ဦးဟန်ကြည်- ဟုတ်ပ….အိတ်တွေကပြောသောပိုင်ရှင်များအကြောင်းလို့တောင်နာမည်တပ်ရမလိုပါပဲနော်.. ။ အမြဲလာလည်တာကျေးဇူးပါနော်။

    မလေး- မလေးရယ်..အိတ်ကလေးလာကြည့်တဲ့အတွက်ကျေးဇူးပါနော်..မလေး

    လရိပ်- ဟုတ်ပ ဆုမြတ်အိတ်လည်းတော်တော်လေးတယ်…။ အမှန်ဆိုအဲဒီနေ့က ပေါင်မုန့်နဲ့ nutella တစ်ဘူးပါသေးတာ..မေ့သွားလို့မရေးလိုက်ရဘူးရယ်..း) အလှကြိုက်သူမို့ပါကွယ်.. 😀

    ပစ်- ဟုတ်ပ ပစ်ရယ်..အစုံပလုံပဲ ..အိတ်ကတော်တော့်ကိုလေးနေပြီး)

    ကြီးစု- ကြီးစုရယ်..အရောင်စုံပေမယ့်မလိုတာတွေအများကြီးပါပဲ..ဟီးးး အလှပြင်ပစ္စည်းတွေစုံနေအောင်ထည့်ထားတာ..ကိုယ့်ဟာကိုယ်တောင်ရယ်ချင်ပါတယ်..

    မတန်ခူး – အိတ်ပိုင်ရှင်လေးကိုချစ်တဲ့အတွက်ကျေးဇူးများကြီးပါ ချစ်မမတန်ခူးရယ်…း) ထီးကလေးကိုဆုမြတ်လည်းအရမ်းသဘောကျပါတယ်..။

    မအိန်ဂျယ်- အမ အိတ်ကလေးကရှင်းရှင်းလေးနဲ့သပ်သပ်ယပ်ယပ်လေးပါ..ဆုမြတ်အိတ်ကရှုပ်ပွထနေတာလေ..လာလည်တဲ့အတွက်ကျေးဇူးပါမရယ်..။

    အားလုံးကိုချစ်ခင်လျက်
    ဆုမြတ်

Leave a Reply

Your email address will not be published.