ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

ဘာလို့ခရီးသွားပိုစ့်ရေးသလဲ

စာရေးခြင်းထဲမှာ ကိုယ်မကြိုက်ဆုံးကတော့ ခရီးသွားပိုစ့်ရေးရတာပဲ ။ အရမ်းအလုပ်ရှုပ်အချက်အလက်တွေမမှားရအောင် သတိထားရပါတယ် ။ ဒါပေမယ့် ဒီ Trans Siberian ခရီးစဉ်ကိုတော့ အချိန်ဘယ်လောက်ပဲကြာကြာ ပြီးအောင် ရေးဖို့စဉ်းစားထားပါတယ် ။ ဘာလို့လဲဆိုတော့ ဒီခရီးအကြောင်းကို တချိန်ချိန်မှာ ကိုယ်ပြန်ဖတ်ချင်လို့ရှိရင် ဖတ်လို့ရအောင် ရေးတာပါ ။သူများတွေအကျိုးရှိအောင် ဘာညာနဲ့လျှောက်မရွှီးချင်ဘူး ။ ကိုယ့်ဘ၀ဖြစ်စဉ်တွေထဲက အမှတ်တရတစ်ခုအနေနဲ့ပဲရေးထားတာပါ ။ ဒီတော့လည်း ပိုစ့်တွေဟာသူများခရီးသွားမှတ်တမ်းတွေနဲ့ တူချင်မှတူပါလိမ့်မယ် ။ ဒါပြီးလို့ နောင်ခရီးတွေသွားရင်လည်း ထပ်တင်ချင်မှ တင်မှာပါ ။ ဘာလို့ဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်ခရီးသွားပိုစ့်ရေးရတာ ၀ါသနာမပါပါဘူး ။ ကိုယ့်ဘ၀မှာ ဖြစ်ချင်တဲ့ မှတ်တိုင်လေးတွေရှိတယ် ။ အဲဒီမှတ်တိုင်လေးကိုရောက်ရင် အမှတ်တရအနေနဲ့ ဒီမှာချရေးဖြစ်တယ် ။အဲလောက်ပါပဲ ။

ခရီးသွားပိုစ့်ရေးရတာ ဘာလို့မကြိုက်လဲဆိုတော့ အလုပ်တအားရှုပ်လို့ပါပဲ ။ ဥပမာ ပိုစ့်တစ်ခု ရေးမယ်ဆိုရင် အရင်ဆုံး ဘယ်နေ့အကြောင်းကို ရေးမလဲစဉ်းစားရတယ် ။ ပုံတွေပြန်ကြည့်ပြီး အဲဒီနေ့မှာ ဘာလုပ်ခဲ့လဲ စဉ်းစားရပါတယ် ။ ပုံတွေရွေးပြီး လိုအပ်သလို edit လုပ်ရတယ် ။ ပုံရပြီဆိုတာနဲ့ ပုံတွေကို upload လုပ်ရပါတယ် ။ ကိုယ်ရေးမယ့်အကြောင်းအရာရှည်လေ ပုံတွေများလေပဲ ။ နေ့အလိုက် ပြန်စီပြီး တစ်ပုံချင်း size တွေလိုက်လျော့ရတယ် ။ ပုံတွေကို ခရီးစဉ်အလိုက်ပြန်စီရတယ် ။ ကဲ ပုံတွေရပြီဆိုတာနဲ့ စာရေးဖို့ ပြင်ရပါတယ် ။ စာရေးပြန်ရင်လည်း တစ်နေရာစီက အချက်အလက်တွေကို ပြန်ဖတ်ရတယ် ။ ဥပမာ Hustai National Park အကြောင်းကိုရေးမယ်ဆိုရင် အမှားမရှိအောင် အဲဒီ Hustai National Park နဲ့ ပက်သက်တဲ့ စာတွေရှာဖတ်ရပါတယ် ။ ဒါတောင်အင်တာနက်မြန်ဆန်တဲ့ စင်ကာပူနေလို့ ဒါမျိုး လွယ်လွယ်ကူကူရှာနိုင်ဖွေနိုင်တာပါ ။ ဖတ်ပြီးရင် ကိုယ်လိုချင်တဲ့အချက်လေးတွေကို ကိုယ့်အတွေ့အကြုံနဲ့ပေါင်းပြီးရေးရပါတယ် ။ နေ့ရက် ရာသီဥတု နေရာတွေမှန်အောင် မြေပုံတွေကြည့် သူများပုံတွေလိုက်ကြည့်နဲ့ အလုပ်ရှုပ်လှပါတယ် ။ အဲဒါက ကိုယ့်ရဲ့ရေးနည်းပေါ့ ။ အဲဒီလိုမျိုး ရေးရတော့ စိတ်မရှည်တတ်တဲ့ ကိုယ့်အတွက် မလွယ်ပါဘူး ။

စိတ်ရှည်လက်ရှည်နဲ့ information စုံစုံလင်လင်ရေးတတ်တဲ့ မဗေဒါတို့ကိုတော်တော်လေးစားတာ ။ ကိုယ်ဆိုသူ့လို မရေးနိုင်တာ ၁၀၁ ရာခိုင်နှုန်းသေချာပါတယ် ။ Trans Siberian အကြောင်းတွေကိုရေးရင်းနဲ့ ရပ်ပစ်လိုက်ရင်ကောင်းမလားစဉ်းစားတာ အခါခါပဲ ။ ဒါပေမယ့် ကိုယ့်ဘ၀မှာ နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရတဲ့ ခရီးလေးတစ်ခုကို accomplishment တစ်ခုအနေနဲ့ ရေးကိုရေးရမယ်ဆိုပြီး ကိုယ့်ကိုကိုယ် မနည်းဆုံးမထားရပါတယ် ။ ဒီကြားထဲ ဖြစ်ချင်တော့ cost sheet တွေ information sheet တွေကို မှားဖျက်လိုက်မိလို့ ဒေတာတွေအကုန်ပျောက်သွားတယ် ။ ဘာပဲဖြစ်ဖြစ် စိတ်ပိုင်းဖြတ်ထားသလို ပြီးအောင်တော့ရေးဦးမှာပါ ။ သူများအတွက်မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်ရေးတဲ့ ပိုစ့်လေးတွေကို စိတ်ဝင်တစားလာဖတ်ကြတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ။ အိပ်မက်တွေမက်တတ်တဲ့ ကိုယ့်အတွက် အိပ်မက်လေးတွေကို အကောင်အထည်ဖော်ရင်း ပိုက်ဆံတွေအများကြီး အကုန်ခံစရာမလိုဘဲ တချိန်က ဒီလို ခရီးတွေသွားခဲ့တယ်ဆိုတာလေးကို ဘ၀အမှတ်တရအနေနဲ့ မှတ်တမ်းတင်ဖို့ ဒီ Trans Siberian Series ကိုရေးရတာပါပဲ ။



2 thoughts on “ဘာလို့ခရီးသွားပိုစ့်ရေးသလဲ”

  • ခရီးသွားပိုစ့်တွေကိုရေးတဲ့အခါ အင်ဖိုပေးတာလဲ ပေးတာပေါ့ ဒါမဲ့ ကိုယ်တိုင်သွားခဲ့တဲ့ အတွေ့အကြုံကို ရေးတာပို သဘောကျတယ်။ အဲ့ဒါကမှ ယုံကြည်လို့ရတယ်လို့ထင်တယ်။ နောက်ပိုင်း ဖေ့ဘွတ်ပေါ်က ခရီးသွားဘလော့ဂါတော်တော်များများက Like and share ရရုံ လူသိများပြီး စပွန်ဆာရရုံလောက် အင်တာနက်က ရှာလို့ရတဲ့ အချက်အလက်တွေလွယ်လွယ်ရေးကြတယ်။ တကယ်တမ်း သူတို့ ရေးတာကို အဟုတ်လုပ်ပြီးသွားကြည့် တိတိကျကျဘယ်အရာမှ မရှိဘူး။ သူတို့ပြောတဲ့ Itinerary မျိုးမှာ သူတို့ရဲ့ ပုံလှလှကို အထင်ကြီးပြီးသွားရင် တကယ်တန်းကျတော့ ဒီလောက် enjoy လုပ်လို့မရတာတို့ ဘာညာတွေဖြစ်လာလိမ့်မယ်။

    အမှန်တော့ ခရီးသွားပိုစ့်ကို ကိုယ့်အတွက် ကိုယ်ရေးတာ တကယ်အသုံးဝင်တာ။ ကိုယ့်အတွက်ဆိုတော့ နောက်ပြန်ဖတ်ရင် မှတ်မိအောင် အားလုံးကို သေချာရေးတာလေ။ မဗေဒါဆိုဟောင်ကောင်ခရီးစဉ် သေချာရေးထားပြီး နောက်တစ်ခါ မိသားစုနဲ့သွားတော့ ကိုယ့်ဘလော့ ကိုယ်ပြန်ရှာယုံပဲ ငါရေးထားမိတာ တယ်အသုံးဝင်ပါလားဆိုပြီး ကွကိုယ် သဘောကျမိတာ။

    ဆုမြတ်သွားထားတဲ့ ခရီးစဉ်ကို ဖေ့ဘွတ်မှာတွေ့ကတည်းက သိချင်နေတာ ရေးပေးလို့ကျေးဖူးပါ။ ဒိပိုစ့်အရင်ဆုံးဖတ်ဖြစ်လို့။ ဆုမြတ်က ပုံတွေကို watermark မထည့်လို့ ထည့်ရင်ပိုအလုပ်ရှုပ်သေးတယ်။ ဒါပေမဲ့ ထည့်တာတော့ အားပေးတယ်။ သူတို့ ဟာလိုလို ယူသုံးတာမျိုးတွေရှိလို့။ ကိုယ်က royalty free ပေးတယ်ဆိုရင်တော့လဲ ကိစ္စမရှိဘူး ။ ခရီးစဉ်တွေ သေချာဖတ်လိုက်အုံးမယ်။

    • မှန်တာဝန်ခံရရင် facebook က so called travel blogger တွေကို ဖတ်ကိုမဖတ်ဖြစ်ဘူး ။ မဗေဒါပြောသလို သူတို့က ပိုစ့်ပေါက်ရုံရေးတာ ။ လူတွေကလည်း သေချာမလေ့လာဘဲ မြင်သမျှယုံကြတာများတော့ သူ့အရပ်နဲ့သူ့ဇာတ် ပေါ့ မဗေဒါရယ် ။ ဖတ်ကောင်းရုံ ရေးမယ်ဆိုရင် ခရီးအစအဆုံးကို ပိုစ့်ခပ်ရှည်ရှည် တစ်ခုလောက်နဲ့တင်ပြီးတယ် ။ မဗေဒါလိုပဲ ညီမလည်း general ရေးထားတဲ့ ပိုစ့်တွေကိုမကြိုက်ဘူး ။ သေသေချာချာရေးပြီးတော့ ကောင်းဟယ် ဆိုးဟယ် ဆုံးဖြတ်ပြီး ကြိုက်ရင်သွား… ခရီးစဉ် တစ်ခုလုံးကို စိတ်ကူးနဲ့မှန်းဆ ပြီး မှ ငါ့ကျရင်ဘာလုပ်မလဲ ဆိုတာမျိုးပဲ သဘောကျတယ် ။

      ပုံတွေကို ပျင်းလို့ watermark မထည့်ဖြစ်ဘူး ။ လာမယ့်ပိုစ့်တွေမှာတော့ ထည့်တော့မယ် မဗေဒါ..အကြံပေးလို့ကျေးဇူးပါနော် ။ မဗေဒါလည်း အားရင် ခရီးတွေသွားပြီး ဆက်ရေးပါဦး ။ ကလေးတစ်ဖက်နဲ့ဆိုတော့ မလွယ်မှန်းသိတယ် ။ အချိန်ပေးပြီး ကော့မက်ရေးပေးတဲ့အတွက် ကျေးဇူးပါ မဗေဒါ ။

Leave a Reply

Your email address will not be published.