ဒီဇင်ဘာအကြောင်း

ဒီဇင်ဘာအကြောင်း

“ကိုယ်နေတဲ့အခန်းရဲ့ ဟိုမနီးမဝေးအပြင်ဖက်ဆီမှာ နှင်းတွေတဖွေးဖွေးကျနေဆဲ ဒီဇင်ဘာရဲ့ လွန်ကဲတဲ့ အအေးဒဏ်ကို အသဲကွဲသူတစ်ယောက် တွန်းလှန်ဖို့ကြိုးစားရင် အခန်းငယ်အတွင်းမှာ”
ကိုယ့်ရဲ့ ပြီးခဲ့သောဒီဇင်ဘာက သီချင်းတွေထဲက ရင်ခုန်လွမ်းဆွတ်စရာမကောင်း ။Dissertation ကို ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့မှာ အပြီးလုပ်မယ်လို့ သတ်မှတ်ထားတာမို့ အသည်းအသန်ခဲမှန် စာရေးနေရတဲ့အချိန်တွေပေါ့။

ကျောင်းသားဘ၀ရဲ့လွတ်လပ်ခြင်းဆိုတာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ ဘွဲ့လွန်ကျောင်းသားတွေအတွက် မပါဘူးလို့ ကိုယ်ကတော့ သတ်မှတ်ချင်ပါတယ် ။ မိဘလုပ်စာစားပြီး ကျောင်းတက်ရတာ ပျော်စရာအကောင်းဆုံးပဲ ။ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတဲ့ဘ၀က ထင်သလောက်ပျော်စရာမကောင်းပါဘူး။ ညအလုပ်က ဆင်းတာနဲ့ ကျောင်းကိုပြေး..စာမေးပွဲအတွင်းခွင့်လိုချင်ရင် မန်နေဂျာကိုမျက်နှာချိုသွေးရ…တခါတခါများ ကိုယ့်ပိုက်ဆံကိုယ်ကျောင်းတက်ရတာ အပြစ်ကြီးတစ်ခုလိုဖြစ်လို့ ။ ပြီးခဲ့သော ဒီဇင်ဘာစာမျက်နှာတွေက ကိုယ့်အတွက်မလှပခဲ့တဲ့ စာမျက်နှာတွေပေါ့ ။

စိတ်ဓာတ်ကျလို့ငို ၊ ကိုယ့်အဖြစ်ကို ၀မ်းနည်းလို့ငို ၊ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ၂၀၁၆ နှစ်ကုန်ပိုင်းကနေ ၂၀၁၇ နှစ်လယ်လောက်ထိ ကိုယ့်ဘ၀မှာ အဆင်မပြေ၀မ်းနည်းနာကျင်စရာတွေချည်းပဲ ။ အခုလည်း ပြေလည်လှတယ်ရယ်မဟုတ်ပါဘူး ရုန်းရင်းကန်ရင်းကြိုးစားရင်းပါပဲ ။ ကောင်းတာလည်းမတည်မြဲ အဆိုးတွေလည်းမတည်မြဲတဲ့ အစိုးမရတဲ့လူ့လောကကြီးပဲမလား ။ ဘာပဲပြောပြော အခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန် ကိုယ့်ကို ဘာပူပင်သောကမှ မပေးတဲ့ မိသားစု ၊ ကိုယ့်အခက်ခဲတွေကိုကူညီနားလည်ပေးတဲ့ ချစ်သူ…ကိုယ်သွားမယ့်လမ်းဖြောင့်ဖြူးအောင်ကူညီပေးတယ့် မိတ်ဆွေတွေနဲ့ ထိုက်သင့်သလောက်တော့ ဘ၀အမောတွေပြေခဲ့ရပါတယ် ။

ဘာပဲပြောပြော ဒီဇင်ဘာကတော့ တစ်ခေါက်ရောက်လာပြန်ပါပြီ ။ လူတိုင်းချစ်ကြတဲ့ဒီဇင်ဘာ ကိုယ်လည်းချစ်တဲ့ ဒီဇင်ဘာ ။ နှင်းတွေမကျပေမယ့် ခရစ်စမတ် Decoration တွေကြောင့် ပျော်ရတဲ့ ဒီဇင်ဘာ ၊ ခရစ်ယာန်မဟုတ်ပေမယ့် ခရစ်စမတ်သီချင်းတွေညည်းမိတဲ့ ဒီဇင်ဘာ ၊ ခရီးတွေသွားကြတဲ့ ဒီဇင်ဘာ ၊ မိသားစုတွေပြန်ဆုံကြတဲ့ ဒီဇင်ဘာ ၊ Sales တွေချတဲ့ ဒီဇင်ဘာ… ခရစ်စမတ်ရုပ်ရှင်ဇာတ်ကားတွေကြည့်တဲ့ ဒီဇင်ဘာ….ဒီဇင်ဘာကတော့ ထုံးစံအတိုင်းချစ်စရာကောင်းဆဲပါပဲ ။

ကိုယ့်အိပ်မက်ထဲက ဒီဇင်ဘာကတော့ သိပ်ကဗျာဆန်ပါတယ် ။ ခရစ်စမတ်ရုပ်ရှင်ကားတွေထဲကလို နှင်းတွေဖွေးဆွတ်နေအောင်ကျတဲ့ ဒေသတစ်ခုက သစ်လုံးအိမ်လေးထဲမှာ ခရစ်စမတ်ကို …. ချစ်တဲ့သူတွေနဲ့ ဖြတ်သန်းချင်တယ် ။ ရွှေမှင်ငွေမှင်တွေတလက်လက်ထနေခဲ့ ခရစ်စမတ်ကတ်နဲ့အတူ ချစ်တဲ့သူတွေနှစ်သက်မယ့် လက်ဆောင်လေးတွေကို ပေးချင်တယ်။ မနက်စောစောထပြီး ကော်ဖီပူပူလေးသောက်ကာ နှင်းတွေဖွေးနေတဲ့ ပတ်ဝန်းကျင်ကို မှန်ပြတင်းပေါက်ကနေငေးချင်တယ်။ တခါတခါ နှင်းတောထဲကိုထွက်ပြီး  Ed Sheeran ရဲ့ Perfect အမ်တီဗွီထဲကလို Christmas Angel တွေလုပ်ပြီးဆော့ချင်တယ်။အရမ်းချမ်းလာရင် သစ်လုံးအိမ်ထဲပြန်ဝင်ပြေးရမှာပေါ့…ပြီးရင် ချစ်သူဆိုပြတဲ့ သီချင်းတွေကို နားထောင်မယ်..။ ညဖက်ရောက်လာရင် ၀ိုင်နွေးနွေးလေးသောက်ပြီး Christmas Story နဲ့ Home Alone ရုပ်ရှင်တွေကြည့်မယ်….ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော် ။

တကယ်တမ်းတော့ နှင်းဖြူဖြူတွေကျတဲ့ရက်တွေဆိုတာ ပိုစ့်စကတ်တွေထဲ ၊ ရုပ်ရှင်တွေထဲမှာသာကြည့်လို့ကောင်းတာပါ အပြင်မှာတော့ နေရထိုင်ရတော်တော်ခက်တယ်လို့ကြားဖူးပါတယ်။  Tans Siberian  ခရီးသွားတုန်းက အရမ်းချမ်းတဲ့ရာသီဥတုနဲ့ ကြုံလည်းကြုံခဲ့ဖူးတယ် ။ ဒါပေမယ့် ဘာပဲပြောပြော ကိုယ်တွေအပူပိုင်းမှာနေတဲ့သူတွေကတော့ ဒီဇင်ဘာဆိုတာနဲ့ နှင်းထူထူတွေဖုံးတွေ အိမ်ခေါင်မိုးဖြူဖြူဖွေးဖွေးတွေ ၊ထိုးထိုးထောင်ထောင် ခရစ်စမတ်သစ်ပင်ကြီးတွေ ၊ အဝေးကပျံ့လွင့်လာတဲ့  Christmas Carol တွေ ၊ ရွှေမှင်ငွေမှင်တလက်လက်နဲ့ ခရစ်စမတ်ကတ်တွေ ၊ လက်ဆောင်ထုပ်ကြီးတွေသယ်လာတဲ့ Santa Claus ရယ် ၊ မီးရောင်စုံတွေရယ်ပဲ ပြေးမြင်ကြတော့ ခရစ်စမတ်ဆီဇင်ဟာလည်း ဘယ်လောက်ချမ်းချမ်း လှပသာယာနေတော့တာပါပဲ ။

ဘာပဲပြောပြော တနေ့နေ့မှာတော့ ကိုယ်အိပ်မက်ထဲက သစ်လုံးအိမ်လေးထဲမှာ ခရစ်စမတ်ကို ချစ်သူနဲ့အတူတူ ဖြတ်သန်းဖို့ စိတ်ကူးထားတယ် ။ ဘယ်တော့လဲမသိတဲ့ တစ်နေ့နေ့ပေါ့နော် ။ အားလုံးပဲ သာယာချမ်းမြေ့သော Sweet December လေးကို ပိုင်ဆိုင်နိုင်ကြပြီးတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ။

ချစ်ခင်လျက်
ဆုမြတ်

 

photo credit- HD Wallpaper

 



Leave a Reply

Your email address will not be published.