ဆုတောင်း

ဆုတောင်း

နှုတ်ဆက်ရွက်ကြွေ ၀တ္တုရှည်ရဲ့ ဇာတ်သိမ်းပိုင်းကိုရှာမတွေ့ဘူးဆိုပြီးခဏခဏပြောကြတယ် ။ တကယ်တော့ နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းက ရေးလက်စတန်းလန်းရှိသေးတဲ့အပြင် စာရေးတာနဲ့အဆက်ပြတ်သွားလို့ မုဒ်တွေပျောက်ပြီး ဇာတ်သိမ်းပိုင်းကို ရေးတာ သဘောမကျလို့ မတင်ဖြစ်တာပါ ။  နှုတ်ဆက်ရွက်ကြွေ ဇာတ်သိမ်းပိုင်းကို ၂၀၁ရ ကျရင် မုဒ်တွေဈာန်တွေသွင်းပြီး ရေးပေးပါ့မယ်နော်။ လောလောဆယ်တော့ အချိန်မပေးနိုင်လို့မရေးဖြစ်သေးတာ ။ တကယ်တော့အဲဒီ ဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးထားတာပါ ။ တချို့အကြောင်းအရာတွေကလွဲရင် တော်တော်များများက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ ။ သေသေချာချာအာရုံစိုက်ပြီး ရေး၇မှာမို့ စိတ်ရောကိုယ်ပါ အားမယ့် ၂၀၁ရ မှာမှ ရေးတော့မယ်နော် ။ ပြီးတော့ ဇာတ်သိမ်းပိုင်းရှာမတွေ့ဘူးဆိုပြီး facebook ပေါ်မှာရော email , comment တွေမှာပါ ပြောပေးကြတဲ့ စာဖတ်သူတွေကိုလည်းတကယ်ကျေးဇူးတင်ပါတယ် ။ ဇာတ်သိမ်းပိုင်းမှာ တန်ပိုတွေပိုတက်ဦးမှာမို့လို့ ခုတည်းက စောင့်မျှော်ပေးပါလို့ ။

စာရေးတာနဲ့ပက်သက်ပြီးပြောရရင် ငယ်ငယ်လေးတည်းက၀ါသနာပါခဲ့ပါတယ် ။အားရင်လုပ်တာက စာရေးတာနဲ့စာဖတ်တာပဲ ။ ငယ်ရွယ်နုပျိုစဉ်တုန်းကတော့ ခံစားချက်ဟူသမျှကိုကဗျာပြောင်းနိုင်ခဲ့တယ် ။ စာတွေရေးနိုင်ခဲ့တယ်.. အသက် ၂၅ ကျော်လာတဲ့နောက်ပိုင်းမှာတော့ ကဗျာတွေလည်းရင်ထဲမှာမပွင့်တော့တဲ့အပြင် ပြောချင်တာခံစားချက်တွေကိုတောင်မှ ချရေးချင်စိတ်မရှိလောက်အောင် နှလုံးသားတွေမာတင်းလာခဲ့တယ် ။ တကယ်တော့ ကိုယ်က သစ်ပင်လေးတွေ၊ စမ်းချောင်းလေးတွေ ၊ တိမ်ပြာပြာလေးတွေ ကိုချစ်တယ် ။ ကျေးလက်တောတန်းလေးတွေကိုမြင်ရင် ရင်ထဲစာတွေသီလာတယ် ။ စင်ကာပူကနေ အင်ဒိုကိုလှေစီးပြီးသွားတဲ့ နာရီဝက်အချိန်လေးမှာတောင် ပင်လယ်ပြာကိုမြင်ရင် စာတွေရေးချင်လာတယ် ။ ခံစားချက်တွေလတ်ဆတ်လာတယ် ။ ဒါပေမယ့် နိစ္စဓူဝ သုတ်သုတ်သွား သုတ်သုတ်လာ နေရတဲ့ဘ၀မှာ စာဆိုတာဟာလည်း စာကလေးလို ဝေးဝေးကိုပျံပျံသွားတော့တာပါပဲ ။

ရင်ဘတ်ကြီးနဲ့ စာရေးနိုင်တဲ့ ကနေဒါက မလေးအိမ့်ချမ်းမြေ့ ၊ စင်ကာပူသူ အချစ်နဲ့ အသက် ၊  သွားသမျှကို သေသေချာချာချရေးတတ်တဲ့ အမေရိကန်သူ မစန်းထွန်း တို့ကိုသိပ်သဘောကျတာပဲ ။ နှလုံးသားတွေနုဖတ်လတ်ဆတ်နေလိုက်ကြတာ ။ တချို့က စာကောင်းသီချင်းကောင်းကိုထွက်အောင်  မူးယစ်ရီဝေစေတဲ့ အရာတွေ ဆေးတွေမှီဝဲပြီးရေးကြတယ်တဲ့ ။ ကိုယ်ကတော့ မူးယစ်စေတဲ့ ၀ိုင်လိုအရည်မျိုး နှစ်ခွက်လောက်ဝင်တာနဲ့ ရောက်ရာအရပ်မှာ ခေါင်းထိုးအိပ်တတ်တဲ့သူဆိုတော့ မူးယစ်ရီဝေစေတဲရာတွေနဲ့အဆင်မပြေဘူးရယ် ။ ဒီကြားထဲ အချိုတွေဘာတွေရှောင်ထားတော့ ဦးဏှောက်မကြည်….စိတ်ဖိစီးရင် ရေခဲမုန့်စားချင်ပေမယ့် စားတာနဲ့မတန်အောင် workout လုပ်ရမှာစိုးလို့ စားကိုမစားဘူး ။ ဒီတော့လည်း မကြည်လင်တဲ့ နှလုံးသား နဲ့ ဦးဏှောက်ပေါ့နော်။

ဘာပဲဖြစ်ဖြစ် ၂၀၁ရ မှာတော့ ဒီထက်စိတ်ကြည်ပြီး ဒီထက်စာရေးချင်ပါတယ် ။ ဖြစ်နိုင်မယ်ဆိုရင် လုပ်တိုင်းအောင် ကြံတိုင်းမြောက်ပြီး တစ်နှစ်မှာ ရ၅ ခါလောက် ခရီးသွားရတဲ့သူဖြစ်ချင်တယ် ။ လေယဉ်ပေါ်မှာအိပ်ရတဲ့အရသာကိုကြိုက်တယ်ဆိုရင် ဟားကြမလားပဲ ။။ ကိုယ်တော့ လေယာဉ်ပျံပေါ်တက်တာနဲ့ နံရံကိုမှီပြီး ခေါင်းထိုးအိပ်တော့တာပဲ ။ မုန့်ကျွေးထမင်းကျွေးမယ်ဆိုရင်တောင် နှိုးယူရတယ် ။ ပါရမီကောင်းတယ်ပြောရမလား ရွေ့လျားနေတဲ့ အရာတွေပေါ်ကို ရောက်ရင်ခေါင်းတွေလေးပြီး ထိုးအိပ်တော့တာပဲ ။ long haul ကားတွေစီးလည်းအဲလိုပဲ ။ မှတ်မှတ်ရရ ရန်ကုန်ကို ကားလမ်းကနေ တစ်ခါမှမသွားဖူးလို့ သွားတုန်းက စစ်တွေကနေ ထွက်ကတည်းက ထိုးအိပ်လာတာ… ရန်ကုန်ရောက်တဲ့အထိပဲ ။ လမ်းမှာရပ်ရင်တော့ ခဏထပြီး အပေါ့သွားတာတို့ ထမင်းစားတာတို့လုပ်တယ် ။ ပြီးရင် ကားပေါ်ပြန်တက်တာ နဲ့အိပ်တော့တာပဲ ။ ဒီတော့လည်း long haul တွေဘာတွေသွားရတာ သိပ်ပြသနာမရှိလို့ခရီးသွားရင် သိပ်မပင်ပန်းဘူး ။ မှတ်မှတ်ရရ ၂၄ နာရီအတွင်း လေယာဉ်နှစ်ဆင့် (၃ နာရီတစ်ဆင့်  ခြောက်နာရီတစ်ဆင့်) စီး ၊ နှစ်ခုကြား transit time က ၈ နာရီ .. ပြီးရင် ကျည်ဆန်ရထား ၃ နာရီ နီးပါး ဆက်စီး တဲ့ ခရီးတစ်ခုသွားဖူးတယ် ။ လေယာဉ်ပေါ်မှာရော ၊ transit အချိန်မှာရော ၊ ရထားပေါ်မှာရော အိပ်ပဲအိပ်နေတာမို့ မပင်ပန်းတဲ့အပြင် ဟိုကိုရောက်တော့ ထိပ်ဆုံးက ဖလန်းလို့ သူငယ်ချင်းတွေပြောယူရတယ် ။

ဒီတော့ ၂၀၁ရ အတွက် ဆုတောင်းက စိတ်ကသွားချင်သမျှနေရာကို သွားခွင့်ရတဲ့သူဖြစ်ချင်တယ် ။ ဒါမှစိတ်ရောကိုယ်ပါလန်းဆန်းပြီး စာနုနုရွရွလေးတွေထွက်မှာ…။

ဒီစာကိုဖတ်တဲ့သူတွေလည်း ၂၀၁ရ အတွက် ဆုတောင်းလေးတွေတင်ပေးကြဦးနော်။ မျှော်နှေမှာ ။

စကားမစပ် https://hololodilolo.wordpress.com/ ဆိုတဲ့ ဘလော့လေး ဖတ်လို့ကောင်းတယ်း)



Leave a Reply

Your email address will not be published.