စာအုပ်နှင့်ရောက်တတ်ရာရာ

စာအုပ်နှင့်ရောက်တတ်ရာရာ

ဒီညကနေစပြီး ၁၅ ရက်လောက် ပျောက်ပြန်ဦးမယ် ။ ဘာလုပ်မလို့လဲဆိုတော့ ခရီးသွားမလို့ ။ ၂ နှစ်၃ နှစ်နီးပါးသွားချင်ခဲ့တဲ့ ခရီးလေးကို အခုမှ အကောင်အထည်ဖော်နိုင်တာ ။ ခရီးသွားနေတုန်းမှာ ဖတ်ဖို့ စာအုပ် ငါးအုပ်သယ်သွားမယ် (၃ အုပ်ကတော့ ebook)။ ပြန်လာရင် စာအုပ် review လေးတွေရေးမယ်..။ ဖြစ်နိုင်ရင် ခရီးစဉ်အကြောင်းကိုလည်းရေးဦးမယ်လေ။ တစ်နှစ်တစ်ကြိမ်တော့ ခရီးသွားဖြစ်ပေမယ့် ဒီတစ်ခါ ခရီးသွားဖြစ်မှာကို နည်းနည်းစိတ်လှုပ်ရှားမိတယ် ။ ကိုယ်သွားနေကျအုပ်စုနဲ့မဟုတ်ဘူး ။ အသိ အမနှစ်ယောက်ရယ် ကိုယ်ရယ် သုံးယောက်ပဲ ..။ ခရီးကလည်း adventure အတွေ့အကြုံတွေကလည်းအများကြီးရမှာဆိုတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ ။ ဒီခရီးလေးသွားချင်နေတာ တော်တော်လေးကိုကြာပြီ ။ အဖော်ကောင်းမယ့်အချိန် အားမယ့်အချိန်ကိုစောင့်ရင်းနဲ့ ဒီအထိကြာသွားတာ ။  ၂လ ၃လ ခေါင်းချင်းဆိုင်တိုင်ပင် အချိန်ကုန်ငွေကုန်ခံပြီးစီစဉ်ထားကြတဲ့ခရီးလေး ။ နောက်မှအသေးစိတ်ရေးတော့မယ်နော် ။

ဆရာမကြီးခင်မျိုးချစ်ကိုသိပေမယ့် သူ့စာအုပ်တွေတစ်အုပ်မှမဖတ်ဖူးဘူး ။ မိုက်ကယ်အန်ဂျယ်လို ကိုကျတော့ တော်တော်လေးညွှန်းကြတာရယ်..ကိုယ်တိုင်လည်းအခုအချိန်မှာ မဆုတ်မတွံ့တဲ့ဇွဲလုံ့လတွေ လိုအပ်နေတယ်လို့ထင်မိလို့ ကိုယ့်ကိုယ်ကိုယ် motivate လုပ်မယ်ဆိုပြီး ဒီစာအုပ်ကိုဖတ်မှာ ။ အဲဒီစာအုပ်ကို ဖတ်မယ်ဆိုပြီးတေးထားတာကြာပြီ ဒါပေမယ့် မေ့နေလို့မဖတ်ဖြစ်ဘူး ။ မနေ့က ကြီးစု (စုချစ်သူ) ဆွဲတဲ့ ပန်းချီကားလေးကိုမြင်မှဖတ်ဖို့သတိရတယ်..။ ကြီးစုဆွဲတဲ့ပုံလေးက ကောင်းလိုက်တာ ။ အရမ်းသဘောကျတာပဲ ။ ဆရာစိုးသိမ်း ညနေခင်းသတင်းလည်း တော်တော်ညွှန်းကြလို့ဖတ်ဖို့စဉ်းစားထားတာ ။ နောက်ဆုံးပေါ်လိမ်နည်း နဲ့ စုံထောက်ဦးစံရှား ပေါင်းချုပ် ၂့  ကတော့..၀တ္တုရှည်တွေဖတ်လို့ ပျင်းရင်ဖတ်မလို့ ။ ဆရာဇ၀န ရဲ့ ဆိုးပေကတော့ စာဖတ်ဝါသနာပါသူတိုင်းဖတ်သင့်တဲ့ စာအုပ်လို့ပြောကြလို့ ဖတ်မှာ ။

၂၀၁၅ လောက်ကနေစပြီး စာဖတ်အားကျသွားလိုက်တာ ကိုယ့်ကိုကိုယ်နည်းနည်းမှအားမရဘူး ။ အင်္ဂလိပ်စာအုပ်ဆို ဝေလာဝေး ။ မနေ့က ဖတ်သင့်တဲ့စာအုပ်တစ်ရာဆိုပြီး မချယ်ရီ (ချစ်ချယ်လေး) ရှဲလို့ ပိုစ့်ကိုဝင်ကြည့်လိုက်တာ..ကိုယ်တစ်အုပ်မှမဖတ်ဖူးဘူးဆိုရင် အံသြကြမလားမသိဘူး ။ ၂၀၁၆ မှာ ကိုယ်ဖတ်ဖြစ်တဲ့အင်္ဂလိပ်စာအုပ်ဟာ Girl on the train ဆိုတဲ့ စာအုပ်တစ်အုပ်ပဲရှိတယ်။ တကယ်မှတ်မှတ်ရရ ပြီးအောင်ဖတ်ဖူးတာဆိုလို့ ဘ၀မှာ အဲဒီစာအုပ်တစ်အုပ်ပဲရှိခဲ့တာ ။ အင်္ဂလိပ်စာဖတ်အားကောင်းအောင် ကြိုးစားရဦးမယ် ။ ဒီနှစ်ထဲမှာတော့ ဘာပဲပြောပြော အောက်က ငါးအုပ်ကို ခရီးသွားရင် အပြီးဖတ်ခဲ့ပြီး review ပြောပြမယ်နော် ။ အားလုံးလဲ စာအုပ်တွေအများကြီးဖတ်ကြပါလို့ ။

ခင်မျိုးချစ် - မိုက်ကယ်အန်ဂျယ်လို
စိုးသိဏ်း - ညနေခင်းသတင်း
စိုးသိဏ်း - နောက်ဆုံးပေါ်လိမ်နည်းနှင့် ဂျက်ဖရီအာချာ လက်ရွေးစင်ဝတ္တုတိုများ
ဇဝန - ဆိုးပေ
ရွှေဥဒေါင်း- စုံထောက်ဦးစံရှား ပေါင်းချုပ် ၂

ကြီးစုလက်ရာ – မိုက်ကယ်အန်ဂျယ်လို


Leave a Reply

Your email address will not be published.