ဘ၀စာစီစာကုံး

ဘ၀စာစီစာကုံး

Trans Siberian ခရီးစဉ်အကြောင်းကို ရှေ့ဆက်မရေးနိုင်ဘဲ ဆားချက်ပိုစ့်တွေရေးနေတာ နှစ်ပုဒ် သုံးပုဒ်ဖြစ်နေပြီ ။ ခုလည်းထပ်ပြီးဆားချက်မလို့…။ ဒီရက်ပိုင်းမှာ facebook ကနေ break ယူပြီးတော့ ကိုယ်ဝါသနာပါတာလေးတွေကိုပဲလုပ်ဖြစ်နေတယ် ။ အဓိက လုပ်ဖြစ်တာတော့ podcast တွေနားထောင်တယ် ။ သီချင်းနားထောင်တယ် ၊ photography ကိုဓာတ်ကျနေလို့ ဓာတ်ပုံနဲ့ ပက်သက်တဲ့ video တွေကြည့်တယ် .. edit လုပ်တယ် ။ facebook နဲ့ ဝေးနေရတာခပ်ကောင်းကောင်းပဲ အထူးသဖြင့် ကိုယ့်လို stress management မလုပ်နိုင်တဲ့သူတွေအတွက်ပေါ့ ။

သွေးသံရဲရဲပုံတွေ၊ ဒဏ်ရာရနေတဲ့ပုံတွေ ၊ body ပုံတွေ ရှဲကြတာမြင်ရင် ကိုယ်တကယ် စိတ်မချမ်းသာဘူး ။ အဲဒါတွေကိုမြင်ရင် စိတ်မကောင်းဖြစ်ရတယ် စိတ်ညစ်ညူးရတယ် ။ personal ပြသနာတချို့တွေနဲ့ စိတ်ညစ်ရတဲ့ကြားထဲ facebook တက်လို့ အဲလိုပုံတွေမြင်ရရင် ကိုယ် တကယ်စိတ်မချမ်းသာဘူး ။ အထူးသဖြင့် ဒီလို crisis ကာလမျိုးဆိုပိုဆိုးသေးတယ် ။ ဒေါသတွေ အမုန်းတရားတွေ နာကျင်မှုတွေကို မမြင်ချင်ဘူး ။ ဘ၀ဆိုတာ ပန်းခင်းထားတဲ့ လေတဖြူးဖြူးနဲ့သာယာနေတဲ့ ဥယျဉ်ကြီး မဟုတ်မှန်းသိပေမယ့် တရားမရှိတဲ့လူပဲပြောချင်ပြော…. စိတ်ညစ်စရာတွေနဲ့ ကိုယ်ဝေးဝေးမှာပဲနေချင်တယ် ။ ဒါကြောင့်လဲ facebook ပေါ်ကနေ ခဏ break ယူထားတာပါ ။

ကိုယ့်မှာ facebook ကြောင့် အခုထိဖြေဖျောက်မရတဲ့ အစွဲတစ်ခုရှိတယ် ။ facebook ပေါ်တက်လာတဲ့ video ဆိုရင် ဖွင့်ကြည့်ရမှာသိပ်ကြောက်တဲ့အစွဲပါပဲ ။ အရင်တုန်းကတော့ အမြဲဖွင့်ကြည့်ဖြစ်တယ် ။ ဒီမှာက အင်တာနက်ကလည်းလိုင်းကောင်းတော့ ညဘက် အလုပ်ကအိမ်ပြန်ရောက်ရင် facebook video လေးတွေတန်းစီကြည့်ပြီး နားတာပေါ့နော် ။ အဲလိုကြည့်ရင်းကနေ prank video တွေနဲ့ ခဏခဏတိုးပြီး နောက်ပိုင်းမှာ facebook video ဆို လုံးဝ မကြည့်ဖြစ်တော့ဘူး ။ ကြည့်နေရင်းနဲ့ သရဲရုပ်တွေထွက်လာတဲ့ဗီဒီယိုတွေ ၊ အသံဆိုးကြီးတွေနဲ့လှန့်တဲ့ ဗီဒီယိုတွေကို ကိုယ်တကယ်မခံစားနိုင်ဘူး ။

သရဲဆိုလို့ သရဲကားတွေ လူသတ်ကားတွေကို ကြောက်တာမဟုတ်ပါဘူး… thriller ဇာတ်ကားတွေ သရဲကားတွေကို အရမ်းကြိုက်ပါတယ် ။ အမြဲလိုလိုလည်းကြည့်ဖြစ်တယ်…  အဲလိုဇာတ်ကားတွေကြည့်ရင် အလှန့်ခံရမယ်ဆိုတာ ဦးဏှောက်က သိပြီးသားဆိုတော့ သိပ်မလန့်ဘူး ။ ဒါပေမယ့် facebook video တွေသာသာယာယာကြည့်နေတဲ့အချိန်မှာ အလှန့်ခံရတဲ့ ခံစားချက်က သိပ်ဆိုးတာပဲ ။ တုန်တက်သွားတဲ့အထိ လန့် လန့်သွားဖူးတယ် ။ အဲလိုမျိုးခဏခဏကြုံတော့ လူက facebook video ဆို မဖွင့်ရဲတော့ဘူး။ တအားကြည့်ချင်ရင်တောင် အရင်ဆုံး ဘယ်သူရှဲတာလဲဆိုတာကိုကြည့်တယ် ။ ရှဲတဲ့သူက စိတ်ချရတဲ့သူဆိုမှပဲ ဖွင့်ကြည့်ရဲတယ် ။ ဟာသတွေ prank တွေရှဲတတ်တဲ့သူဆို ဖွင့်ကိုမကြည့်ရဲတာ ။ ဘာလို့အဲလိုတွေ တင်ကြလဲ..ဘာလို့ violence graphic ပုံတွေရှဲကြလဲ ..အဲလိုရှဲလိုက်လို့ ဘယ်သူ့အတွက် အကျိုးရှိသွားလဲ….ကိုယ်တကယ် စဉ်းစားမရတာပါ ။

အဲဒါတွေက လက်ရှိခံစားချက်တချို့ပေါ့နော် …တကယ်တမ်းပြောချင်တာက အခုမှလာမှာ။ ကိုယ့်ရဲ့ အကျင့်ဆိုးတစ်ခုပဲဆိုပါတော့ ။  ကိုယ့်အပေါ်ကို အနိုင်ယူ မကောင်းတဲ့သူတွေကို ကိုယ့်အလှည့်ကျရင် ပြန်လက်စားချေချင်တဲ့စိတ်ပါ ။ ဒီလူငါ့အပေါ်မှာမကောင်းဘူး ငါက သူ့ကိုဘာလို့ပြန်ကောင်းရမှာလဲဆိုတဲ့ စိတ် ။ လူတော်တော်များများမှာလည်းရှိကြမယ်ထင်တယ် ။ ကိုယ့်ဘက်ကအကူညီတောင်းရင် လုပ်ပေးနိုင်လျက်နဲ့ ဘယ်တော့မှ မကူညီပဲနဲ့ အကူညီလိုမှ မျက်နှာချိုလာသွေးတဲ့လူတွေနဲ့ ကြုံဖူးကြမှာပါ။  ကိုယ့်ကိုညစ်ရင် ပြန်ညစ်ချင်စိတ် အပြည့်ရှိတဲ့ ကိုယ်ဟာ  အဲလိုလူမျိုးတွေကို တာဝန်အရ ကူညီရတယ်ဆိုရင်တောင် သူ့အလုပ်ကို နောက်ဆုံးမှ လုပ်ပေးတာမျိုး…မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တာမျိုးတွေရှိခဲ့ဖူးတယ် ။ ကိုယ့်ကို အသုံးချတဲ့သူငယ်ချင်းမျိုးနဲ့ကြုံရင်လည်း ကိုယ့်အလှည့်ဆိုတာပြန်ရှိလာတာနဲ့ ပြန်လက်စားချေတတ်တယ် ။ ကိုယ့်ကို တမင်ခက်ခဲအောင်လုပ်တဲ့သူတွေကိုလည်း ကိုယ်ခွင့်မလွှတ်တတ်ပါဘူး ။

ခုတလော အဲဒီစိတ်အကြောင်းကို ခဏခဏတွေးဖြစ်တယ် ။ သေချာစဉ်းစားကြည့်ရင် လူ့ဘ၀က တိုတိုလေး… ဘ၀ဆိုတာ unseen စာစီစာကုံးတစ်ပုဒ်ပဲထားပါတော့ ။တချို့တွေက ပါရမီကောင်းလို့ ဒါမှမဟုတ် ၊ ရေးပေးမယ့်သူရှိလို့ ဘ၀ စာစီစာကုံးကို လွယ်လွယ်ကူကူရေးနိုင်ပေမယ့် 99% သောလူတွေအတွက် unseen စာစီစာကုံး တစ်ပုဒ်လုံးကို အမှားမပါအောင်  ခြစ်ရာမပါအောင်  ရေးဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ ။ စာမရေးတတ်တဲ့သူတွေ ၊ ရေးတတ်ပေမယ့် ဘာဆက်ရေးရမှန်းမသိ…content ရှာမရတဲ့သူတွေ၊ ရေးရင်းနဲ့ မထင်မှတ်ဘဲ သတ်ပုံမှားတဲ့သူတွေ ၊ ရေးရင်းနဲ့ စာရွက်ကုန်တဲ့သူတွေ ဘောပန်မှင်ကုန်တဲ့သူတွေ…ပြသနာမျိုးစုံ အကြောင်းအရာမျိုးစုံပါပဲ ။

လူတိုင်းကတော့ အမှားမပါဘဲ ဒီစာစီစာကုံးကို ရေးချင်ကြတဲ့သူတွေချည်းပါပဲ ။ ဒါပေမယ့် တစ်ယောက်ချင်းစီရဲ့ ဘ၀ဖြတ်သန်းမှု ၊ လူနေမှု အခက်အခဲ မျိုးစုံကြောင့် တချို့အလေ့အကျင့်လေးတွေက ဗီဇဖြစ်လာကြတယ် ။ ညစ်တတ်တယ်..ပြန်ညစ်တတ်တယ် အစရှိတဲ့ အကျင့်ဆိုးလေးတွေဖြစ်လာကြတယ် ။ တကယ်တမ်းမှာတော့ သူသူကိုယ်ကိုယ် အမှားမကင်းကြတဲ့ လူတွေအချင်းချင်း ဘာလို့ သူ့အပြစ် ငါ့အပြစ်လုပ်နေကြမှာလဲ ။ ငါ့ကိုညစ်လို့ ငါပြန်ညစ်မယ်ဆိုတာ လူညံ့တွေရဲ့အလုပ်ပါပဲ ။ သူမကောင်းတာ သူ့ကိစ္စနဲ့သူ…ကိုယ့်ဘက်က လုပ်စရာရှိတာကိုလုပ်ပေးပြီးရင် လိပ်ပြာသန့်သန့်နဲ့နေရမှာက ကိုယ့်တာဝန်မဟုတ်ဘူးလား ။ ငါ့ကို အဆင်ပြေအောင်မလုပ်ပေးလို့ ငါ့ဘက်က အဆင်ပြေအောင်မလုပ်ပေးနိုင်ဘူးဆိုပြီး ညစ်နေမယ်ဆိုရင် သူညစ်ကိုယ်ညစ်နဲ့သံသရာကရှည်နေဦးမှာပါပဲ ။

အရိုးရှင်းဆုံး ဥပမာပေးရရင် အသံကျယ်ကြီးနဲ့ အော်တတ်တဲ့သူ တော်တော်များများမှာ နားလေးတဲ့ပြသနာရှိကြပါတယ် ။ အသံကျယ်ကြီးနဲ့အော်တတ်တဲ့ တစ်ယောက်ကို အာပြဲလိုက်တာလို့ စဉ်းစားမယ့်အစား သူနားလေးလို့ အော်ပြောတာဆိုပြီး ဖြည့်တွေးလိုက်တာက ပိုပြီးစိတ်ချမ်းသာစရာကောင်းပါတယ် ။  ညစ်တတ်တဲ့သူမှာလည်း ကိုယ်မသိတဲ့ပြသနာတွေရှိနိုင်တာမို့ သူ့ဘက်က ညစ်တာသူ့ကိစ္စ ကိုယ့်ဘက်က လုပ်ပေးနိုင်တာကို လုပ်ပေးပြီး မလုပ်ပေးနိုင်တဲ့ကိစ္စကို ဘာကြောင့်မလုပ်ပေးနိုင်ဘူးလဲ စိတ်ရှင်းရှင်းနဲ့ပြောပြလိုက်ရင် နှစ်ဦးနှစ်ဘက်ပိုအကျိုးရှိမှာပါ ။ ဒီတော့ ပြသနာလေးတစ်ခုရှိလာရင် သူညစ်ကိုယ်ညစ်နဲ့ မဆုံးတဲ့ပန်းချီကိုဆက်ဆွဲကြမလား….သူလုပ်တာ သူ့ကိစ္စ..ကိုယ့်ဘက်က စိတ်ရှင်းဖို့က ကိုယ့်ကိစ္စဆိုပြီးတွေးမလားကတော့ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်ခံယူချက်ပါပဲ ။

Guided Meditation Podcast တစ်ခုမှာ instructor က ပြောပြပါတယ် ။ ကိုယ့်ပြသနာတွေကို လွှတ်ချပြီး ကိုယ့်ကိုယ်ကို တိမ်တွေပေါ်ရောက်နေတယ်လို့ စဉ်းစားလိုက်ပါတဲ့ ။ ဝေးလာတာနဲ့အမျှ ပြသနာက သေးလာတယ် ။ တိမ်တွေက တဆင့် ဟိုး စကြာဝဠာထဲကိုရောက်လာလေလေ ပြသနာဟာ ပိုသေးလာလေလေ…ပြသနာတောင်မကဘူး  တာဝန်တွေ စိတ်ဖိစီးမှု stress တွေကိုခံစားနေရတဲ့လူတွေကိုတောင် အမှုန်လေးတစ်ခုလောက်မှ မမြင်ရတော့ပါဘူးတဲ့ ။ စကြာဝဠာ ကြီးနဲ့ယှဉ်ရင် လူတွေ ပြသနာတွေဟာအမှုန်လေးတစ်ခုစာပမာဏတောင် မရှိတာမို့ ဘာလို့ စိတ်ညစ်နေရမှာလဲ ။  ရင်ဆိုင်နေရတဲ့ ပြသနာအခက်အခဲတွေကို စိတ်မညစ်ဘဲ ရတဲ့အချိန်မှာ ပျော်အောင်နေဖို့ ပြောပြပါတယ် ။

Instructor ပြောသလိုပဲ ကိုယ်ဆိုတာ စကြာဝဠာကြီးထဲက အမှုန်အမွှားတောင်မရှိတဲ့သူမို့ ကိုယ်ပိုင်ဆိုင်တဲ့ အချိန်သေးသေးလေးမှာ ဘာအတွက် ပူလောင်နေမှာလဲ…ပူလောင်မယ့်အချိန်ကိုလျော့ပြီး…၀ါသနာပါတာကိုလုပ်မယ် ပျော်ရွှင်အောင်…အေးချမ်းအောင်…ခွင့်လွှတ်တတ်အောင်….စိတ်ချမ်းသာအောင်နေမယ်ဆိုပြီး…….ညစ်ရင်ပြန်ညစ်မယ်ဆိုတဲ့ အကျင့်ဆိုးကြီးကို ဖျောက်ဖို့ကြိုးစားလေ့ကျင့်နေပါတယ်ဗျို့..။



Leave a Reply

Your email address will not be published.