စိတ်ထဲရှိသမျှ (၁)

စိတ်ထဲရှိသမျှ (၁)

စိတ်မှာမတွေ့သမျှအရာအားလုံးကိုချရေးရမယ်ဆိုရင် အရင်ဆုံးကွန်ပျူတာကနေ စရမယ် ။ အခုသုံးနေတဲ့ကွန်ပျူတာက မြန်မာစာရိုက်မရ ။ ဘာကြောင့်မှန်းရယ်မသိရိုက်လို့မရဘူးဖြစ်နေတာမို့ စာရေးချင်ရင် burmese font converter မှာဝင်ဝင်ရိုက်ပြီး ဇော်ဂျီကိုပြောင်းရတယ် ။ ဘလော့မှန်မှန်မရေးဖြစ်တဲ့အကြောင်းအရာထဲမှာအဲဒါလည်းတစ်ခုအပါအဝင်။

(၁) အခုတလောအားယားနေတယ်။ အားတဲ့အကြာင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေလို့ပါပဲ ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့မို့လို့ detail မရေးချင်တော့ဘူး ။ နောက်များမှကြုံရင်ရေးပါဦးမယ် ။အလုပ်ကိုလည်းမယ်မယ်ရရမရှာဖြစ် ၊ ရတဲ့အင်တာဗျူးတစ်ခုစ နှစ်ခုစကလည်းသိပ်မဟန်တော့ ခုထိရှာတုန်းပဲ ။ မနက်ဖြန်အင်တာဗျူးတစ်ခုသွားရဦးမယ် ။ နောက်ပြီးတော့ ခန့်ပါမယ်ဆိုတဲ့အလုပ်ကလည်း spass  လျှောက်ပေးဖို့ quota မရှိတော့ အီးပီလျှောက်ပေးမယ်တဲ့ ။ လခကလည်း စစချင်းလခကို အရင်အလုပ်က လစာပဲပေးတော့ ကိုယ့်အနေနဲ့မကိုက်ဘူး ။ ဘာလို့ဆိုတော့ အလုပ်က လုပ်တာကြာသွားရင်လခတိုးပေးတာကသိပ်နည်းပါတယ် ။ ကိုယ်လုပ်ရမယ့်အလုပ်ကလည်း အများကြီး ၊  Software Engineer ဆိုပေမယ့် development သီးသန့်လုပ်ရမှာမဟုတ်ဘူး ။ ခရီးလည်းသွားရမယ် ၊ ပရောဂျတ်သုံးလေးခုကို တပြိုင်တည်းလုပ်ရမယ်ဆိုတော့ နောက်ဆုံးရတဲ့လခရဲ့ ဆယ်ရာခိုင်နှုန်းတိုးခိုင်းတာ မတိုးပေးချင်တာနဲ့ offer ကို လက်မခံမလိုက်တော့ဘူး ။

(၂) မောင်လေးက မနှစ်က ဆယ်တန်းအောင်တော့ ဂုဏ်ထူး ၃ ခုနဲ့ အမှတ်ပေါင်း ၄၈၀ ကျော်ရပါတယ်။ ဒါပေမယ့် အမှတ်က ဇကောဇကနဲ့ ဟိုမမှီဒီမမှီ ။ ဒီကြားထဲသူက အင်ဂျင်နီယာကျောင်းတက်ချင်တယ် ။ မန်းဒလေးအဆင့်မြင့် အင်ဂျင်နီယာမှီပေမယ့် မန်းဒလေးမှာမတက်ချင်ဘူး ရန်ကုန်မှာပဲ အနောက်ပိုင်းမှာတက်မယ်ဆိုလားပြောတော့ မိသားစုတွေက သဘောမတူ ။ ကိုယ်ဦးဆောင်ပြီးတော့  UFL ဂျပန်စာတက်ခိုင်းလိုက်မိတယ် ။ အသည်းအသန်ပြသနာတွေလုပ်ပြီး တငိုငိုတရီရီဆန်ဒပြပေမယ့် နောက်ဆုံးမှာတော့ အိမ်ကဆုံးဖြတ်တာကိုလက်ခံလိုက်ရတယ် ။ သူ့ကိုဂျပန်စကော်လာရအောင်လျှောက်ပြီး အင်ဂျင်နီယာရင်းကျောင်းပို့မယ်ပေါ့နော် ။ ဒီကြားထဲမှာ စကော်လာတစ်ခုဖြေတာအဆင့်ဆင့်အောင်ပြီးတော့ နောက်ဆုံးအဆင့်ကျမှ ၁၂ တန်းပညာထိမရှိသေးလို့ ကျန်ခဲ့ရတယ် ။ သူတက်ချင်တဲ့ အင်ဂျင်နီယာကျောင်းကို တက်ခိုင်းချင်တယ်..။ UFLဟာ သက်မွေးဝမ်းကျောင်းတကသိုလ်တွေလောက်အလုပ်အကိုင်အခွင့်အလမ်းမများမှန်းသိပါတယ်..။ ဒါပေမယ့် သူ့ကိုရန်ကုန်မှာနေပြီး လိုအပ်တဲ့သင်တန်းလေးတွေတက်ခွင့်၇အောင် အိမ်ကစီစဉ်ပေးကြတာကို သူက နည်းနည်းလေးမှမကျေနပ်ဘဲနဲ့ စိတ်ဆိုးတိုင်းကို အဲဒီအကြောင်းကို ခဏခဏရန်လုပ်တယ်.. ။သူ့ဘဝဟာ မိသားစုနဲ့ အစ်မစိတ်ကြိုက်ပဲလုပ်နေရတယ်တဲ့ ။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မလုပ်ရဘူးဆိုပြီးအမြဲ ကလန်ကဆန်ပြသနာလုပ်တယ် ။ မေမေတို့ဘက်ကကြည့်ရင်လည်းသူ့ကို အစ်မလို နိုင်ငံခြားမှာပညာတွေသွားသင်စေချင်တယ် ။ သူ့ကျတော့လည်းသူ့အသိ အင်ဂျင်နီယာအကိုတွေလို အင်ဂျင်နီယာလုပ်ချင်တယ် ။ နောက်ဆုံးသည်းမခံနိုင်တော့လို့ တစ်နှစ်အောက်ခံပြီးပြောင်းချင်ရင်ပြောင်းလိုက်တော့လို့ပြောလိုက်ရတယ်..။ အဲလိုဆိုတော့လည်းသူကလက်မခံဘူးဗျ ။ ပြောင်းချင်တိုင်းထပြောင်းရအောင်သူအရူးမဟုတ်ဘူးတဲ့ ။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စိတ်မငြိမ်မသက်တဲ့ကိတ်စဟာ ကိုယ့်လို ၂၈ နှစ်အရွယ်လူတစ်ယောက်အတွက်တော့ တခါတခါတော်တော်ခေါင်းနောက်စရာကောင်းတယ်..။ သူကလည်းအငယ်ဆုံးဆိုတော့ တအားဆိုးတယ်။ မေမေတို့မှာ သားကလေးတစ်ယောက်ကိုသမီးဆယ်နှစ်အရွယ်မှာမှရတော့ တအားအလိုလိုက်ပြီးဂရုစိုက်တာ ။ ဆယ်တန်းတုန်းက ဆိုရင် သိန်းငါးဆယ်ကျော်အကုန်ခံပြီး ဘော်ဒါထားတာ ။အဲဒါကို ဘော်ဒါကျောင်းမှာမပျော်ဘူး ၊ သူ့ဆရာရှိတဲ့ ကော့သောင်းမှာပဲကျောင်းတက်တော့မယ်ဆိုလို့ ကော့သောင်းကိုပို့ပေးရတယ် ။ ခုလည်းစိတ်အလိုမကျတိုင်းထထရိတော့ ဆယ်နှစ်ကြီးတဲ့အမက တော်တော်စိတ်အနှောင့်အယှက်ဖြစ်ရတယ် ။

(၃) နောက်တစ်ခုကိုပြောရလို့ရှိရင် ကျောင်းကသူငယ်ချင်းတစ်ယောက်အကြောင်းပေါ့နော် ။ သူက အိမ်ထောင်သည်ကလေးနှစ်ယောက်အမေ ။  ကျောင်းတက်စတုန်းက လူလွတ်ဖြစ်တဲ့ကိုယ်ရယ် နောက်ကလေးတစ်ယောက်အမေသူငယ်ချင်းတစ်ယောက်ရယ်က ၂ နှစ်ပဲတက်မယ်ဆိုပြီးစီစဉ်ထားကြတယ်။ ဒီလိုနဲ့တကယ်တန်းဘာသာရပ်တွေညှိပြီးလုပ်တဲ့အချိန်မှာ ကိုယ်တို့နှစ်ယောက်က ၂ နှစ်ခွဲတက်ဖို့ဆုံးဖြတ်လိုက်ကြတယ် ။ သူလည်းအဲလိုပဲပေါ့နော်..။ ဒါပေမယ့်တကယ်တမ်း ဘာသာရပ်တွေယူပြီးတက်လိုက်တော့ သူက semester တစ်ခုကို ၃ ဘာသာစီယူချလိုက်ပြီးတော့ ၂ နှစ်ပဲတက်မယ်ဆိုပြီး လုပ်ချလိုက်တယ်..။ အဲဒီအချိန်မှာ ကိုယ်တို့နှစ်ယောက်က တစ်နှစ်တက်ပြီးတော့မှ ၃ ဘာသာပဲပြီးကြသေးတာ ။ ၇ ဘာသာယူဖို့ကျန်သေးတော့ တစ်နှစ်မှာ ခြောက်ဘာသာပဲယူခွင့်ရှိတာမို့ ၂ နှစ်ခွဲတက်ကိုတက်ရဖို့အကြောင်းဖန်သွားရော ။ စုစုပေါင်းက ဆယ်ဘာသာယူရတာပါ ။ အဲလိုလေးတွေ စပြီး ပြသနာလေးတွေရှိခဲ့ကြတယ်။ ဒါပေမယ့် ဒါဟာလည်း သူ့ဆုံးဖြတ်ချက်နဲ့သူ ကိုယ့်ဆုံးဖြတ်နဲ့ကိုယ်မို့လို့ နောင်တမရကြေးပေါ့နော်..။ အပြောတမျိုးအလုပ်တမျိုးလုပ်သွားတာတော့ သူ့သမိုင်းပါပဲ ။ နောက်ပိုင်းမှာပြသနာအသေးအမွှားလေးတွေအများကြီးပေါ့နော်…။ ဒါပေမယ့်လည်း အရွယ်ရောက်ပြီးသားလူကြီးတွေဆိုတော့လည်းေ၇လိုက်ငါးလိုက်နေကြရပြန်တာပေါ့နော် ။ ဒီလိုနဲ့ ဒီနှစ်မှာသူလည်းကျောင်းပြီးသွားတယ် ။ ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်ပဲ အဆင်မပြေတာလေးတွေရှိရင်လည်းအားလုံးမေ့လိုက်ပြီးတော့ ချစ်ချစ်ခင်ခင်ပဲနေတော့တယ်..။

ဒီလိုနဲ့အားယားနေတဲ့ကိုယ်ဟာ မနေ့က သူ့ရဲ့ linkedin ထဲကိုမထင်မှတ်ဘဲ အလည်ရောက်သွားခဲ့တယ်။ အဲဒီမှာ စိတ်ပျက်စရာတစ်ခုထပ်တွေ့တော့တာပဲ ။ တတိယ Semester မှာ Introducation to Game Design ဆိုတဲ့ ဘာသာရပ်တစ်ခုကိုသင်ရပါတယ် ။ အဆိုင်းမင့်အနေနဲ့ ခြောက်ယောက် (ခုနှစ်ယောက်)တစ်အုပ်စုကိုဂိမ်းတစ်ခုစီလုပ်ကြရပါတယ် ။ ကိုယ်တွေအဖွဲ့မှာတော့ အဖြူတစ်ယောက် ၊ တရုတ်တစ်ယောက် ၊  မြန်မာ ၂ ယောက် ၊ စလုံးတစ်ယောက် ၊ အိန်ဒယ တစ်ယောက်ပါတယ် ။ သုံးလအတွင်းဂိမ်းတစ်ခု လုပ်ရတာလွယ်တော့မလွယ်ဘူး ။ ဒါပေမယ့်ကံကောင်းတာတစ်ခုက အုပ်စုထဲက အဖြူဟာ ဂိမ်းကိုအစဆုံးလုပ်ဖူးတဲ့အပြင် သူက ဂျာမဏီက တကယ့် အေ တန်းဝင်ကျောင်းသားဆိုတော့ တအား Smart ဖြစ်တယ် ။ သူ့ဆီက ကိုယ်တွေသင်ယူရတာတွေအများကြီးပဲ ။ သူဦးဆောင်ပြီးတော့ အစအဆုံးလုပ်တယ် ။ ဒါ့အပြင် စလုံးတစ်ယောက်ဟာဆိုရင်လည်းတော်တော်ကို Smart ဖြစ်တဲ့သူပါ ။ အိမ်ထောင်သည် ကလေးနှစ်ယောက်အဖေ ၊ Full Time အလုပ်ရှိတဲ့သူပေမယ့် Total CGPA ကို 4.56 ရအောင်လုပ်နိုင်တဲ့သူဟာ ဘယ်လောက်တော်မလဲစဉ်းစားသာကြည့်ပေတော့ ။ ဒီလိုနဲ့ အုပ်စုရှစ်စုထဲက သုံးစုဟာ ဆုရပါတယ်.. ။ TOB (Try Our Best)လို့အမည်ပေးထားတဲ့ကိုယ်တို့အုပ်စုက ဒုတိယဆုရတယ် ။ 3D Game ဟာ ရှစ်စုထဲမှာမှ ကိုယ်တွေတစ်အုပ်စုပဲပါပါတယ် ။ ကျန်တာတွေက 2D ဂိမ်းတွေချည်းပဲ ။

http://magic.ntu.edu.sg/news/1-latest-news/372-gamechallenge2015

အဲဒီထဲမှာ ဒုတိယရတဲ့  “Sky Walk” Game ဟာ ကိုယ်တွေရဲ့ ပရောဂျတ်ပေါ့ ။ ဓာတ်ပုံထဲမှာတော့ ကိုယ်မပါဘူး ။ အဲဒီနေ့က ရုံးတက်ရတာမို့ အချိန်မှီမရောက်နိုင်ခဲ့တော့ ပုံထဲမပါလိုက်ဘူးရယ် ။  အဲဒီမှာ မထင်မှတ်ဘဲ ဟိုတစ်ယောက်၇ဲ့ linkedin ကိုရောက်သွားတဲ့ကိုယ်ဟာ အဲဒီထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာကိုတွေ့တော့တာပဲ ။ သူရေးထားတာက  သူဟာ အဲဒီ Magic Game Challenge မှာ အကောင်းဆုံးဆုကိုရတယ်လို့ရေးထားပြီးတော့ သူတို့လုပ်တဲ့ဂိမ်းဟာ 3D Game  ဖြစ်တယ်ဆိုတာကိုရေးထားပါတယ် ။ တကယ်တော့  သူတို့အုပ်စုဟာ တတိယပဲရပြီး သူတို့လုပ်တာဟာလည်း 2D ဂိမ်းပါ  ..  ပြီးတော့ 2D နဲ့ 3D ဂိမ်းရဲ့အလုပ်လုပ်ပုံဟာ တော်တော်ကွာတယ်။အဲဒီ အုပ်စုရှစ်စုထဲမှာ ကိုယ်တွေရဲ့ Sky Walk ပဲ 3D Game ပါ ။ ကျန်တာတွေက အားလုံး 2D ပဲ ။ presentation နေ့မှာကြည့်ရတဲ့အပြင် UbiSoft လို ဂိမ်း Company တွေကပါလာပြီး  judge လုပ်တာမို့ အားလုံးစိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတာပါ ။ နောက်ပြီးတော့ သူနဲ့အတူ တခြားဘာသာရပ်တစ်ခုမှာလည်း Animation တစ်ခုတွဲလုပ်ဖူးတယ် ။ ဒါပေမယ့်   တွဲလုပ်လို့အဆင်မပြေလို့ ကိုယ့်ဟာကိုယ်တစ်ယောက်တည်းပဲလုပ်တော့ သူက story ကို ဆက်သုံးပါတယ် ။ ဇာတ်လမ်းက မပုကြွယ်နဲ့ ခရုငယ်ကို အခြေခံပြီးလုပ်တာဆိုတော့ ဇာတ်လမ်းကို Myanmar folk  tales လို့ credit ပေးပါလို့တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် သူက credit မပေးတဲ့အပြင် linkedin ထဲမှာ ဇတ်လမ်းလည်းသူ့ဟာသူရေးတယ်ဆိုပြီးလုပ်ထားပြန်ရော ။ လူကိုခင်ပါတယ်… ဒါပေမယ့်ယုံကြည်ရတဲ့စာရင်းထဲ မထည့်ချင်တော့ဘူး ။

နောက်ပြီးသူတို့ လုပ်တဲ့ ဆိုတဲ့ဂိမ်းထဲမှာ နှစ်ယောက်ကပဲ contribute လုပ်ပြီး ကျန်တဲ့သူတွေမလုပ်လို့ သူတို့ကိုပဲအမှတ်ပိုပေးပါဆိုပြီး တိုင်လို့ ဆရာက မရတော့ဘူး အားလုံအမှတ်တူတူရမှာပဲ နင်တို့အုပ်စု teamwork မရှိဘူး  ဆိုပြီး ဆရာကဆူတယ်လို့  သူတို့  team ထဲကတစ်ယောက် ပြောပြဖူးတယ် ။ တကယ်တော့ teamwork ဆိုတာ နိုင်တဲ့ဝန်ကိုအတူတူထမ်းကြရတာပါ ။ နင် အများကြီးမလုပ် ငါအများကြီးမလုပ်ဆိုတာထက်  ကိုယ်ကျရာတာဝန်ကိုထမ်းမှအဆင်ပြေတာလေ ။ ကိုယ့်အုပ်စုထဲမှာဆိုရင်လေ အိန်ဒိယက တစ်ယောက်ဆိုရင် contribute လုပ်ဖို့နေနေသာသာ meeting တောင်တက်တာမဟုတ်ဘူး ။ ဒါမျိုးကို အဲတစ်ယောက်က ဘာမှမလုပ်လို့အမှတ်မပေးပါနဲ့ ဆိုပြီးသွားတိုင်လို့မရဘူးလေ ။ ကိုယ်တို့ထဲမှာအကျွမ်းကျင်ဆုံးဖြစ်တဲ့ အဖြူနဲ့ စလုံးက ဒိုင်ခံလုပ်တယ် ။ ကိုယ်ကတော့  Game Design Document,  owntuned music နဲ့     တခြားအတိုအစလေးတွေနိုင်တာလေးတွေကူတယ် ။ မြန်မာကောင်လေး ၊ တရုတ်လေးရယ် ကတော့ အများကြီး  contribute မလုပ်ပေမယ့် အနည်းဆုံး meeting   တော့ လာကြတယ် ။ အဲဒီအိန်ဒိယဆိုရင် meeting လာကိုမလာတာ ။  presentation နေ့မတိုင်ခင် final meeting ကျမှသူ့မျက်နှာကိုမြင်ရတယ် ဒါပေမယ့် သူ့ကို  အမှတ် မပေးပါနဲ့လို့တောင်းဆိုလို့မရဘူးလေ ။ ကိုယ်တွေကြည်ဖြူလို့  group ထဲရောက်နေပြီးမှာတော့  contribute လုပ်လုပ်မလုပ်လုပ် အချိုးကျကျအမှတ်ကိုရရမှာပဲလေ ။ အဲဒါတွေမြင်ရတော့ စိတ်ထဲမှာသူ့ကိုအစာမကြေဘူး ဒါပေမယ့်လည်း လူဆိုတာကလည်း အကောင်းဆုံးပဲလိုချင်ပြီး ငါလုပ်တယ်ဆိုတဲ့ နာမည်ပြီးခံယူချင်ကြတာမို့ လူသားထဲကလူသားဆန်တဲ့သူပါပဲလေဆိုပြီးမှတ်ထားပါတယ်။ အပေါ်ကပြောခဲ့သလိုပေါ့နော် ယုံကြည်ရတဲ့စာရင်းထဲသူ့ကိုတော့မထည့်တော့ဘူးရယ်  ။

(၄) နောက်ဆုံးအနေနဲ့အစာမကြေတာကတော့ ကိုယ့်ကိုကိုယ်ပဲပါ…။ အလုပ်ရှာရမယ် စတေးကုန်တော့မယ်ဆိုတာကိုသိလျက်နဲ့  အလှမယ်အကြောင်းတွေ ဆိုရင်လည်း အသိအမတစ်ယောက်နဲ့တွတ်ထိုးလိုက် ၊ ဟိုဟာဆိုလည်းစိတ်ဝင်စားလိုက် ဒီဟာဆိုလည်းစိတ်ပါလိုက်နဲ့ ကောင်းကောင်းအလုပ်မလျှောက်တဲ့ ကိုယ့်ကိုကိုယ်လည်းစိတ်တိုမိတယ်..။ ဒီကြားထဲအားရင် ဘဲဘဲနဲ့လမ်းသလားလိုက် ပြတိုက်သွားလိုက်နဲ့ဟုတ်နေတာပဲ ။ ခြောက်နှစ်ကျော်လောက်နေပြီးတဲ့နောက်မှာ စလုံးမှာမနေချင်တော့ဘူး မပျော်တော့ဘူး ။ အစစအရာရာဈေးကြီးသလို အလုပ်အကိုင်လည်းရှားတယ် ပြီးတော့ သတ်တိခဲကိုယ်ဟာ မလေးဆိုလည်းမသွားဝံ့ အင်ဒိုဆိုလည်းမသွားရဲ ၊ စလုံးမှာပဲသံသရာလည်နေတော့တယ် ..။ ဒါတောင် ဖေဖော်ဝါရီလကမှ ဂျပန်ကို ဆယ်ရက်သွားလည်ထားသေးတာ..း)
ခုတော့လေ စင်ကာပူကလွဲရင် ဘယ်ပဲသွားရသွားရ အဲလိုကိုဖြစ်နေပြီ ။

ပြောချင်တာတွေလည်းအများကြီးရှိတဲ့အပြင် တော်တော်လေးလည်းအားနေတာမို့ ပိုစ့်တွေဆက်တင်ဖြစ်နေမယ်နော်.။ စိတ်နဲ့မတွေ့တာတွေ အစာမကြေတာတွေဒီမှာခဏရပ်လိုက်ဦးမယ်..။

ချစ်ခင်လျက်
ဆုမြတ်

 



3 thoughts on “စိတ်ထဲရှိသမျှ (၁)”

  • မရောက်တာအတော်ကြာပါရောလား… ဂိမ်းအကြောင်းက ဖဘကနေ သိတယ်.. ။ ဒီလောက်တော့ အသေးမစိတ်ပု..။

    • ဟိဟိ အခုမှ တွေ့မိလို့ ဆောဒီးစင်..ဟုတ်တယ်… ဘာလို့အဲလောက်စိတ်တိုပြီးရေးထားလဲမသိဘူး ပြန်ဖတ်ကြည့်တော့ရယ်ချင်တယ်..

Leave a Reply

Your email address will not be published.