နှစ်သစ်စကား

နှစ်သစ်စကား

လူတွေဟာကြောက်စရာကောင်းတယ်။ community နှစ်ခုကြားမှာ ဖြစ်တဲ့ ပြသနာကို ethnic cleansing (လူမျိုးတုန်း သတ်ဖြတ်ခြင်း) ပါလို့ တစာစာအော်ကြတယ်.. ။ ကိုယ့်ဝမ်းတောင်ကိုယ်မဖူလုံတဲ့ တိုင်းပြည်ကို illegal immigrant (ခိုးကူး) တွေအတွက် အမေရိကန် standard နဲ့ host လုပ်စေချင်ကြတယ် ။ အမေရိကန် standard အရဆိုရင် health coverage ။ နေစရာထိုင်စရာ ၊ စားစရာသောက်စရာတွေကို အစိုးရက ခိုးကူတွေအတွက် ထောက်ပံ့ကြရမှာဖြစ်ပေမယ့် မြန်မာလိုဆင်းရဲမွဲတွေနေတဲ့ တိုင်းပြည်က ဘယ်လိုလုပ်ပေးနိုင်မှာလဲ ။ ရှိတဲ့ ပြည်သူ ပြည်သားတွေတောင် ကျောချစရာမရှိအောင် ဆင်းရဲနေကြတာကို ဘာလို့များ ရိုဟင်ဂျာတွေအတွက်ပဲ စဉ်းစားစေချင်နေကြတာလဲ ။
ဒေါ်အောင်ဆန်းစုကြည်လို ကိုယ့်ခံယူချက်အတွက် သမာသမတ်ကျကျလုပ်နေတဲ့လူတွေကိုကျတော့ ..ရိုဟင်ဂျာတွေ သေရတဲ့ သမိုင်းတရားခံလိုလို ပုံဖော်ကြတယ် ။

ပိုက်ဆံရှာရတာ ခက်ခဲတာမှန်ပါတယ် ။ ၀မ်းရေးအတွက် မရှိတာကို ရှိသလိုလုပ်ပြီး တိုင်းပြည်တစ်ခုလုံးရဲ့ image နဲ့ အနာဂတ် ကိုရင်းရဲတဲ့ BBC လို သတင်းဌာနတွေဟာ သိပ်အောက်တန်းကျလွန်းတယ် ။ မီဒီယာ ethic ဆိုတာမရှိတော့ဘူး ။ sponsor ၀မ်းသာရေး တို့အရေးလုပ်ပြီး တစ်ဖက်စောင်းနင်းဆန်ဆန် မေးခွန်းတွေမေး ၊ ဖြတ် ညှပ် ကတ် ပြီးတော့ အန်တီစုဟာ အပြစ်မရှိတဲ့လူကိုသတ်တဲ့ လူသတ်တရားခံလိုလို ဟစ်တလာလိုလို ဇာတ်လမ်းတွေဆင်ကြတယ် ။

အဖြေရှာကြည့်တော့ ကိုယ့်နိုင်ငံသားတွေ ပညာရေးအားနည်းရကနေစတယ် ။ တော်ရုံဆို အင်္ဂလိပ်လို နားလည်ပေမယ့် အင်္ဂလိပ်လိုချရေးဖို့ reply လုပ်ဖို့ကျတော့ ၀န်လေးကြတယ် ။ ဖိလစ်ပိုင် သမ္မတ မူးဆစ်ဆေးသုံးတဲ့သူတွေကို ပစ်သတ်ခွင့်ပေးတော့….. သမ္မတကို ဖိလစ်ပိုင်လူထုတော်တော်များများက အွန်လိုင်းပေါ်က သူ့သမ္မတနဲ့ပက်သက်သမျှသတင်းတိုင်းမှာ သူတို့ ချက်ကျလက်ကျပြန်ပြောကြတယ် ။ (သူ့လုပ်ရပ်မှန်တယ် မှားတယ်ဆိုတာ ခဏဘေးဖယ်ထားလိုက်ဦး) ။ ပြသနာတစ်ခုဖြစ်လာရင် အနည်းဆုံး ဒီဘက်ကအခြေအနေကို ဖိလစ်ပိုင်တွေက ပြန်ပြောနိုင်ကြတယ်။ ကိုယ်တွေမှာကျတော့.. ရိုဟင်ဂျာနဲ့ပက်သက်လာရင် အချင်းချင်းရန်ပတ်ဖြစ်နေရင်းနဲ့ကြနေ…အမှန်တရားဟာ ချောင်ထိုးခံရတယ်။ တစ်ခုခုဆိုရင် ချက်ကျလက်ကျ ပြန်ပြောနိုင်တဲ့သူ အရမ်းနည်းတယ် ။ တချို့ကျတော့ ပြောနိုင်လျက်နဲ့ စိတ်ပျက်လက်ပျက် မပြောကြတော့တဲ့သူတွေရှိတယ်။ ဒီတော့ လက်တွေ့မှာ အပ်ကလေးနဲ့ထိုးပါတယ်ဆိုတဲ့ကိစ္စမျိုးဟာ လူတွေပါးစပ်မှာတင်..ပုဆိန်နဲ့ပေါက်ပါတယ်ဆိုပြီး ချဲ့ကားခံရတယ် ။ ရှုံးပြီးရင်းရှုံးနေ ကြရတော့တာပဲ ။

မနက်က အန်တီစုကို BBC က မေးတဲ့မေးခွန်းတွေကိုကြည့်မိတာ ကိုယ့်အနေနဲ့ဒေါသထွက်ရမှာထက် စိတ်မကောင်းပဲဖြစ်မိတယ် ။ comment တွေဖတ်ပြီးတော့ ပိုဆိုးသွားတယ် ။ အန်တီစုဟာ ၀ဋ်ကြွေး ကြီးလိုက်တာလို့ ..။ ပြည်တွင်းမှာကျတော့လည်း ကုလားမစုကြည်တဲ့…။အဖွားအရွယ် မိန်းမ တစ်ယောက်ကို ယဉ်ကျေးလွန်းတဲ့ မဟာလူမျိုးတွေဆဲနေလိုက်ကြတာ ။ ရိုင်းနေလိုက်ကြတာ ။ ပြည်ပမှာကျတော့ လူသတ်တရားခံ သမိုင်းတရားခံတဲ့ ။ Oxfordမှာ အေးအေးဆေးဆေး စာလေးရေးပြီး ပိုက်ဆံလေးလှိမ့်ယူနေလို့ရတဲ့ဘ၀ကို စွန့်ပစ် ၊ သားတွေ မြေးတွေနားမှာ အဖွားလုပ်ပြီး တရားအားထုတ်နေလို့ရတဲ့ ဘ၀ကို စွန့်ပြီး ..မုန်တိုင်းထန်လွန်းတဲ့တိုင်းပြည်အတွက် ပါးရေနားရေတွေ တွန့်အောင် ဆံပင်
တွေ ဖြူအောင် အန်တီစုဟာ သူတတ်နိုင်တာကိုလုပ်ပေးနေပါတယ် ။ အကောင်းမမြင်နိုင်ရင်နေပါ..အနည်းဆုံးတော့သူလုပ်ပေးနိုင်တာကို လုပ်ပေးနေတဲ့သူကို ဘာလို့အမုန်းတွေပွားအပြစ်တွေရှာနေရမှာလဲ ။ BBC တို့လို ထမင်းစားရေးအတွက် ခုတုံးလုပ်ရတယ်ဆိုရင် လူကြားကောင်းပါသေးတယ် ။ ပြည်တွင်းက တချို့လူတွေကျတော့ ကိုယ်ဟာ အရင်စစ်အစိုးရအသုံးချခံဖြစ်လို့ဖြစ်မှန်းမသိ ။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကိုကျောင်းပြီး အန်တီစုနဲ့ NLD ကို အပြစ်တွင်တွင်ဖို့နေကြတယ်။

စဉ်းစားကြည့်ပါ ။

အန်တီစုကို NLD ကို မထောက်ခံလို့ရပါတယ် ။ ဒါပေမယ့် ကိုယ်နဲ့မတူရင် ရန်သူလို့သတ်မှတ်ပြီး ထထဆဲတိုင်း ကိုယ်ဟာ မတူညီမှု (being different) ကို လက်မခံနိုင်သေးဘူးဆိုတာကို မြင်အောင်ကြည့်စေချင်သေးတယ် ။ ကုလား ကုလားနဲ့ ထထဆဲလို့ရပါတယ် ။ ဒါပေမယ့် ကုလား ဗမာ အားလုံးဟာ လူသားတွေဖြစ်တယ်ဆိုတာကို မမြင်တတ်သေးဘူး.. တရားတွေအားထုတ်နေပြီးတော့… ဒီအဖြူအမဲအသားရောင်အောက်မှာ အားလုံးဟာ ကမဌားန်ရုပ်တွေပါပဲဆိုတဲ့ အနိစ္စ ဒုက္ခ အနတ္တ ကို နားမလည်သေးဘူးဆိုတာကို မမေ့စေချင်ဘူး ။ ကုလားမစုကြည်ဖျက်လို့ ပြည်ပျက်မယ်လို့ ဆဲလို့ရပါတယ် ။ ဒါပေမယ့် နှစ်ပေါင်း ငါးဆယ်ကျော်ဖျက်ဆီးခံရလို့အရိုးပြိုင်းပြိုင်းနဲ့သစ်ပင်အိုကြီးလို တိုင်းပြည်ဟာ သန်းခေါင်ထက်ညည့်မနက်တော့တဲ့ ပျက်စီးပြီးသားတိုင်းပြည်ဆိုတာကို နားလည်စေချင်တယ် ။

Democracy icon ဆိုပေမယ့် အန်တီစုဟာလည်း လူသားဆန်စွာပဲ ပြီးပြည့်စုံတဲ့လူမဟုတ်ပါဘူး ။ ဒါပေမယ့် သူ့အိမ်ထောင်ဖက်ဟာ နိုင်ငံခြားသားဖြစ်တယ်ဆိုတာ တစ်ခုတည်းနဲ့ သူဟာ တိုင်းပြည်ကို ဖျက်မယ့်သူလို့ တသမတ်တည်းသတ်မှတ်နေလို့မရဘူး ။ အမျိုးကိုချစ်တယ်ဆိုတာဟာ လူမျိုးခြားနဲ့ သွေးမရောရုံ တစ်ခုတည်းမဟုတ်ဘူး ။ တခြားအကြောင်းအရာတွေ အများကြီးရှိပါသေးတယ် ။ ဒါဝင်သီအိုရီအရလူတွေဟာ မျောက်ကနေဆင်းသက်လာတယ်ဆိုတာသာမှန်ရင် မျောက်မျိုးဆက်တွေအချင်းချင်းပဲလေ… ဘာလို့များ မျောက်ချမ်းသာ မျောက်ဆင်းရဲ မျောက်ဖြူ မျောက်မဲ ခွဲနေဦးမှာလဲ ။ ငါတို့သည် မျောက်များသာ ပဲပေါ့ ။

ဒီမိုကရေစီခရီးက ရှည်ပါတယ် ။မုန်တိုင်းထန်ပါတယ် ။ ကိုယ်တွေလို နိုင်ငံရေးဝါသနာမပါတဲ့သူတွေ ဘေးထွက်ထိုင်နေတဲ့သူတွေ အများကြီးရှိပါတယ် ။ ရဲရဲတောက်တွေရှိပါတယ် ။ ဘေးထိုင် ဘုပြောတွေရှိပါတယ် ။ ဒါတွေအားလုံးဟာလည်း သဘာဝပါပဲ ။ ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်မလာသေးခင် ပေးဆပ်ကြရတာ သဘောဝကျပါတယ် ။ ဒါပေမယ့် ရိုဟင်ဂျာပြသနာဟာ အရင်စစ်အစိုးရကြောင့် ဖြစ်ရတာကို သိနေကြတဲ့လူအချင်းချင်း… နိုင်ငံတကာကိုပတ်ပြီးရှင်းမပြခင်…ဒီ NLD အစိုးရအပေါ်မှာ အမုန်းမျက်မှန်စိမ်းတွေခဏလောက်ချွတ်ပြီးတော့ ကောင်းဟယ်ဆိုးဟယ်မဝေဖန်ဘဲ ခဏလောက် နားလည်အောင် လေ့လာကြည့်စေချင်တယ်..။ တကယ်တော့ လူတိုင်းဟာ နတ်ရေကန်ထဲခုန်ဆင်းသလားမှတ်ရအောင် ဟတ်ချလောင်းဆိုပြီး ပြောင်းလဲစေချင်ကြတဲ့သူတွေချည်းပဲလေ။ ကိုယ်တွေလို သာမန်လူတွေတောင် ဒီလောက်ပြောင်းလဲစေချင်ရင်
ပြသနာတွေကို ဒိုင်ခံဖြေရှင်းနေရတဲ့သူတွေရော မပြောင်းလဲချင်ပဲနေမလားနော်…။ မကြာခင် နှစ်သစ်လည်းရောက်တော့မယ်ဆိုတော့ အာဃာတတွေဟူသမျှ နှစ်ဟောင်းမှာထားပြီး နှစ်သစ်ကို အချစ်တွေနဲ့ပဲ ဖြတ်သန်းကြမယ်လေ ။



Leave a Reply

Your email address will not be published.