ရောက်တတ်ရာရာ ထိုသောကြာ (၂)

ရောက်တတ်ရာရာ ထိုသောကြာ (၂)

ဧပရယ်လတုန်းက အဒေါ်ဆုံးလို့ ကောင်းရာဘုံမှာငြိမ်းချမ်းကြပါစေဆိုတဲ့ပိုစ့်လေးကိုရေးဖြစ်ခဲ့တယ်။ ခု နိုဝင်ဘာမှာ တစ်ခေါက်ထပ်ရေးရပြန်ဦးမယ် ။ ခုတစ်ခေါက်ဆုံးတာက ကိုယ်နဲ့သက်တူရွယ်တူသူငယ်ချင်း ။ အထက်တန်းကျောင်းမတူလို့ အရမ်းမရင်းနှီးပေမယ့် အဂ်လိပ်စကားပြောသင်တန်း အတူတူတက်ခဲ့တဲ့သူငယ်ချင်းလေးဆိုပါတော့ ။ သဘောကောင်း ဖော်ရွေတဲ့သူငယ်ချင်း ၊ ကျောင်းမှာ ကိုးတန်း ဆယ်တန်းစာတွေ အသည်းအသန်လုပ်ကြတဲ့အချိန်ဆိုတော့….ကျောင်းကလိုအပ်တဲ့ လူမှုရေးကိစ္စတွေဆို ဘယ်သူမှ မလုပ်ချင်ကြဘူး ။ ဒါပေမယ့် သူကတော့ ဆိုကရေးတီးအတွက် လူလိုရင် အမြဲကူညီနေကျ ။ ကျောင်းအငြိမ့် မင်းသမီးလေး…သူများမလုပ်ချင်တဲ့ လှုမှုရေးမှန်သမျှ အမြဲကူညီနေကျ သူငယ်ချင်းလေး ၊ ခုတော့ အသဲ နဲ့ ကျောက်ကပ် ပျက်စီးသွားလို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဆုံးသွားတယ်တဲ့…အသက်ကတော့ ကိုယ်နဲ့အတူတူ ၂၉ ပဲရှိသေးတယ် ။ ကလေးခပ်ငယ်ငယ်လေးတစ်ယောက်ကျန်ခဲ့တယ် ။

အရင်တည်းက သေခြင်းတရားကို နီးနီးကပ်ကပ်ရှိတယ်လို့ သိပေမယ့် ခု သူငယ်ချင်းလေးဆုံးတဲ့အချိန်မှာတော့ မှန်တာကိုပြောရရင် ကိုယ်သိပ်တုန်လှုပ်မိတယ် ။ သေခြင်းတရားဟာ ထင်တာထက် ပိုနီးကပ်လာသလိုပဲ ။ လူဆိုတာ သေမျိုး အချိန်မရွေးသေနိုင်တယ် သေတစ်နေ့ မွေးတစ်နေ့ဆိုတာကို ဆင်ခြင်မိပေမယ့် ခုနေ ငေါက်ခနဲ သေသွားမယ်ဆိုရင် သေဖို့ အဆင်သင့်ဖြစ်နေပြီလား…သေချာတာကတော့ အဆင်သင့်မဖြစ်သေးဘူးဆိုတာပဲ ။ ကိုယ့်မိဘတွေအတွက် ကိုယ်တာဝန်မကျေသေးဘူး ။ ကိုယ့်မောင်လေးအတွက် တာဝန်မကျေသေးဘူး ။ ကိုယ်ချစ်တဲ့သူတွေအတွက် တာဝန်မကျေသေးဘူး ။ ကိုယ့်အတွက်လည်း ကိုယ် တာဝန်မကျေသေးဘူး…။ဟူးးးးးးးးတွေးလိုက်ရင် ရင်မောစရာတွေချည်းပဲ ။ ကောင်းရာဘုံမှာငြိမ်းချမ်းပါစေ သူငယ်ချင်းလေးရယ် ။

ဒီရက်ပိုင်းမှာ အားမနာရမယ့်လူကြုံက သယ်လာပေးတာမို့ ကိုယ့်လက်ထဲမှာ မြန်မာစာအုပ်တွေအများကြီး ။ အချိန်မရလို့မဖတ်ရသေးဘူး။ ဖေ့ဘုတ်ခဏပိတ်ပြီးစာပဲအာရုံစိုက်ဖတ်ရင်ကောင်းမလားစဉ်းစားနေတယ် ။ စာအုပ်တွေကတော့

၁) မင်းလူ- ရယ်မောခြင်းပေါင်းချုပ်
၂) ကြည်အေး -၀တ္တုတိုပေါင်းချုပ်သစ်
၃) မယ့်ကိုး -မကျွမ်းဝင်တဲ့ဝေါဟာရက သူငယ်ချင်း
၎) စမ်းစမ်းနွဲ့ (သာယာဝတီ)- ခေါက်ထီးကလေး မလုံ့တလုံ
၅ ) သော်တာဆွေ -ဘ၀ထိုထို
၆) နုနုရည် (အင်းဝ)- မြစိမ်းပြာ ကမာရွတ်
ရ) ဒဂုန်ခင်ခင်လေး- မှော်ဆရာမှတ်တမ်း ပေါင်းချုပ်
၈) နီကိုရဲ- ၀တ္တုတိုပေါင်းချုပ်
၉) ဂျာနယ်ကျော်မမလေး – ၀တ္တုတိုပေါင်းချုပ်
၁၀) စွဲရိပ်ထင်ထင်-၀တ္တုတိုရာပြည့်အမှတ်တရ
၁၁) သစ္စာနီ – ကမ္ဘာကျော်အိပ်ရာဝင်ပုံပြင်များ

၁၁ အုပ်ကြီးများတောင် ။ ကိုယ်ကြိုက်တဲ့စာအုပ်ဖတ်ရမယ်ဆိုတော့ ဘာပြောကောင်းမလဲပျော်တာပေါ့နော် ။ နောက်ပြီး လူကြုံက မြန်မာအစားအစာတွေပါသယ်လာပေးသေးတာ ။ ဦးကာက လက်ဖက် ၊ မရွှေမိုး ငပိထောင်း ၊ ငပိရည်ထုတ် ၊ ပုဇွန်ခြောက် ၊ ပုဇွန်ခြောက်မှုန့်တွေ ၊ ဂျင်းထညက်တွေ ၊ ငါးရံ့ခြောက်တွေပါ ပါသေးတာ။ အူစိုတာပေါ့နော်..။ ဒါပေမယ့် မအားတာရယ်၊ နေမကောင်းတာ ရယ်နဲ့မို့ မစားရသေးဘူး ။ ပိတ်ရက်မှပဲ ရှယ်ချက်စားတော့မယ် ။

Taylor Swift ခွေအသစ်ထွက်တာ Leak  ဖြစ်ပြီးလက်ထဲရောက်နေပြီ ။ နားထောင်ချင်တာ တပိုင်းသေနေပြီ ဒါပေမယ့် အလုပ်ထဲမှာ presentation ရှိလို့ ပြီးမှပဲနားထောင်ရတော့မယ် ။ ခုနောက်ပိုင်း တေလာ သီချင်းတွေကိုသိပ်မကြိုက်တော့ပေမယ့် သံယောဇဉ်ကြီးတဲ့ကိုယ်ကတော့ နားထောင်ကြည့်ဦးမယ် ကြိုက်ကြိုက်မကြိုက်ကြိုက် ဖုန်းထဲထည့်ထားဦးမယ် ။ အဲလို အဲလို ။

အလုပ်နဲ့ အိမ်ဝေးတာ အရမ်းပင်ပန်းတာပဲ ။အိပ်မရေးမ၀ လူထိပြီးတော့ နေမကောင်းချင်ဘူး ။ ဒါပေမယ့် ဒါဟာ ဘ၀ပဲလေ ညည်းမနေချင်တော့ပါဘူး ။ အရာအားလုံးဟာ ကောင်းဖို့ဖြစ်လာတယ်လို့ပဲ ယူဆပါတယ် ။ Trans Siberian ခရီးအကြောင်းလည်းဆက်ရဦးမယ် ။ ဒီတစ်ပတ်မှာ အချိန်လေးရရင် ခရီးအကြောင်း ဆက်ရေးပြီးပိုစ့်တင်ဖို့ ကြိုးစားလိုက်ပါဦးမယ် ။ နောက်တစ်ပတ်တွေ့မယ်နော် ။



Leave a Reply

Your email address will not be published.