ဖတ်မိသမျှ

ဖတ်မိသမျှ

စင်ကာပူမှာနေတာကြာပြီ ခုထိ ကိုယ့်မှာ စာကြည့်တိုက် ကတ်ပြားမရှိသေးဘူး ။ ကျောင်းတက်တုန်းကတော့ ကျောင်းစာကြည့်တိုက်မှာ စာအုပ်ငှားဖူးပေမယ့်  အမျိုးသားစာကြည့်တိုက် National Library တွေမှာတော့ တစ်ခါမှ စာအုပ် မငှားဖူးသေးသလို အသင်းဝင်ကတ်လည်း မလုပ်ဖြစ်သေးဘူး ။အချိန်ရရင် စာကြည့်တိုက်သွားပြီး အသင်းဝင်ရဦးမယ်။ ဒီတစ်ပတ်အတွင်း စာအုပ်ဖတ်ဖြစ်တာ ၃ အုပ်ရှိပြီ ။ ၂ အုပ်ကတော့ ပြီးသွားပြီ နောက်တစ်အုပ်ကတော့ ဖတ်လက်စ ။ ပထမဆုံးဖတ်ဖြစ်တဲ့ စာအုပ်က ခေါက်ထီးကလေး မလုံ့တလုံ (ဆရာမ စမ်းစမ်းနွဲ့ – သာယာဝတီ) ။ အရမ်းနာမည်ကြီးပြီး ဂျပန်ပြည်ထိပေါက်တဲ့ စာအုပ် ။ စာအုပ်ကအရမ်းကောင်းပေမယ့် သဘာဝနဲ့ မနီးစပ်တဲ့ မင်းသားရဲ့ဇာတ်ကောင်စရိုက်ကိုသဘောမကျစိတ်နဲ့ပဲ စာအုပ်ကိုမကြိုက်ဘူးလို့ပဲပြောရတော့မယ် ထင်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင်တော့ hero မင်းသားတွေကိုကြိုက်ကောင်းကြိုက်နိုင်ပေမယ့် အသက် ၃၀ နားနီးလာတဲ့အခါမှာတော့ ဇာတ်ကောင်စရိုက်ဆိုရင် လူထဲကလူ ၊ လူသားဆန်တဲ့ဇာတ်ကောင်တွေကိုပဲ ရင်ထဲရောက်တော့တယ် ။

ထိုဇာတ်လမ်းကိုရုပ်ရှင်ရိုက်တယ်လို့ကြားဖူးနေလို့ မင်းသား မင်းသမီးဘယ်သူလဲရှာကြည့်လိုက်တော့ ခေါင်းမာပြီး ပင်ကိုယ်စိတ်ရင်းကောင်းတဲ့ တရားသူကြီး (အဖွဲ့ဝင်) ကိုခင်ဇော်ဦးနေရာမှာသရုပ်ဆောင်တာက မင်းမော်ကွန်း ၊ အစိုးရ ရှေ့နေမလေး ရွှေစင်မွန် နေရာမှာ မင်းသမီးက စိုးပြည့်သဇင် ၊ပြည့်တန်ဆာမလေး ကြွေအဖြစ်သရုပ်ဆောင်တာက မင်းသမီး အေးမြတ်သူဆိုတော့ ကိုယ့်မှာရယ်ရမလိုလို ငိုရမလိုလို ကြောင်တောင်တောင်ခံစားချက်ကြီး ။ ဇာတ်လမ်းထဲက မင်းသားကိုမကြိုက်ပေမယ့် ကိုယ်ပုံဖော်ထားတဲ့မင်းသားက မင်းမော်ကွန်းနဲ့ လုံးဝမတူတာ အမှန်ပါ ။ မင်းသားက ခပ်ရိုးရိုး ယုံကြည်ရာကိုဇွတ်လုပ်တတ်တဲ့သူ ၊ အေးမြတ်သူနဲ့ကြွေဇာတ်ရုပ်နဲ့လိုက်ပေမယ့် စိုးပြည့်သဇင်ကတော့ အမွန်ဇာတ်ရုပ်နဲ့မလိုက်တာ အသေအချာပါ ။ အမွန်က စိတ်သဘောထားကောင်းပြီး ဘ၀ကိုတုန်းတိုက်တိုက်ကျားကိုက်ကိုက်ရုန်းကန်တတ်တဲ့ မငိုတတ်တဲ့ စိတ်ဓာတ်ခိုင်မာသူလေး ….ရုပ်ရှင်ပိုစတာမှာတော့ အမွန်နေရာမှ သရုပ်ဆောင်တဲ့ စိုးပြည့်သဇင် ငိုနေတဲ့ပုံကြီးနဲ့ ။ Spoiler ဖြစ်မှာစိုးလို့ ဇာတ်လမ်းကိုမပြောတော့ပါဘူးနော် ။ စာအုပ်ကတော့ ရုပ်ရှင်ထက်အများကြီးသာမှာသေချာပြီးတော့ ဖတ်ပြီးတဲ့အချိန်ရင်ထဲတစ်ခုခုကျန်ခဲ့မှာတော့အသေအချာပါပဲ ။

ဒုတိယဖတ်ဖြစ်တဲ့စာအုပ်က အမ မယ့်ကိုးရဲ့မကျွမ်းဝင်တဲ့ဝေါဟာရက သူငယ်ချင်း ဆိုတဲ့စာအုပ်လေး ။ အမ ဘလော့ထဲမှာပိုစ့်အတိုလေးကို အရင်တည်းကဖတ်ဖူြး့ပီးသား ဇာတ်လမ်းသိပြီးသားပေမယ့် ပေမယ့် စာအုပ်လေးက ရင်ကိုထိလှပါတယ် ။ စာလုံးတစ်လုံးချင်း ၊ ၀ါကျတစ်ကြောင်းချင်း ၊ တစ်ပိုဒ်ချင်းစီက ကဗျာလေးတွေဖတ်ရလို ၊ ပြင်းပြင်းထန်ထန် ထိထိရှရှ နဲ့ အကြိုက်တွေ့တဲ့စာအုပ်လေး ။ ၀မ်းနည်းစရာကောင်းတာတစ်ခုက ကိုယ့်စာအုပ်မှာ ဇာတ်သိမ်းခါနီးမှာ စာမျက်နှာ ၂၀ လောက် ပါမလာတာမို့ တိုးလို့တန်းလန်းကြီး ဒီအတိုင်းထားလိုက်ရတယ် ။ နောက်မှ အသစ်တစ်အုပ်ဝယ်ပြီး အစအဆုံးပြန်ဖတ်မလို့ ။ ဒီစာအုပ်လေးဝယ်ဖြစ်ခဲ့ရင် စာအုပ်ပြီးခါနီးမှာ စာရွက်တွေကျော်မကျော်သေချာစစ်ကြည့်ဖို့ အကြံပေးချင်ပါတယ် ။ ဇာတ်လမ်းကိုတော့ Spoiler ဖြစ်မှာစိုးလို့ မပြောတော့ဘူးနော် ။ အကြောင်းအရာကတော့ မလှပတဲ့ဘ၀ စာမျက်နှာတွေထဲက လှပတဲ့ချစ်ခြင်းတစ်ခုနဲ့တွေ့ဆုံခြင်းလေးပါပဲ ။

လောလောဆယ် ဖတ်နေတဲ့ စာအုပ်ကတော့ ဆရာသော်တာဆွေရဲ့ ဘ၀ထိုထို ။ မြင်းလှည်းသမားဘ၀အတွေ့အကြုံအကြောင်းတွေကို ဆရာ့ထုံးစံအတိုင်း ရေးဟန်သွက်သွက်နဲ့ လက်ကမချချင်လောက်အောင်ကောင်းတဲ့စာအုပ်လေးပါပဲ ။ ဖတ်ရင်းနဲ့ ပြည့်သူ့မေတ္တာ မြင်းနပ်ကြီးအကြောင်းကိုလည်းရောက်ရော…ရထားပေါ်မှာ ဟန်မဆောင်နိုင်လောက်အောင် တခွီးခွီးနဲ့ထရယ်မိပါတော့တယ်။ အွန်လိုင်းမှာလည်း E-book ရှိတာမို့ အချိန်ရရင် မဖြစ်ဖြစ်အောင် ဖတ်ကြည့်စေချင်တဲ့စာအုပ်လေးပေါ့ ။ခုလောလောဆယ်တော့ အင်္ဂလိပ်စာအုပ်တွေအများကြီးဖတ်ချင်တယ် ၊ဒါပေမယ့် ဖတ်ကျင့်မရှိတော့ အရသာမတွေ့ ။ ဘယ်လိုကြိုးစားပြီးဖတ်ရမလဲမသိတော့ဘူး ။ Beginner တွေအတွက် လွယ်လွယ်ကူကူဖတ်နိုင်မယ့် စာအုပ်ကောင်းလေးတွေ သိရင်ညွှန်းပေးကြပါဦးလို့…။ ဒီနေ့အဖို့တော့ ဒီလောက်ပါပဲ….နောက်တစ်ပိုစ့်မှာတွေ့မယ်နော် ။



Leave a Reply

Your email address will not be published.