စောင့်စားသူ

ချစ်သူကိုချစ်တယ်လို့မပြောရဲတဲ့သူအတွက် အနှစ်တစ်ထောင်စာ စကားမဲ့စေဆိုတဲ့ စကားစုလေးကို နေရာတစ်ခုမှာ ကျွန်မဖတ်ဖူးခဲ့ပြီးခုထက်ထိ စွဲလမ်းအမှတ်ရနေတဲ့စကားလေးတစ်ခွန်းပေါ့ ။ သူဟာ ကျွန်မကိုချစ်လားမချစ်လား ဆိုတဲ့ဝေခွဲမှုကိုအရင်မလုပ်နိုင်ခင် ကျွန်မသူ့အပေါ်တွယ်တာခဲ့ရသည် ။ မြတ်နိုးခဲ့ရတယ် ။ နှောင်တွယ်ခဲ့ရသည်။
ဘယ်သူသိနိုင်မလဲ ခေါင်းမာမာနဲ့မိန်းကလေးတစ်ယောက်ရဲ့တခြားတစ်ဘက်မှာ ဘယ်လောက်ယုယကြင်နာတတ်နေခဲ့လဲဆိုတာ ။ လှည့်ထွက်မရတဲ့လမ်းတစ်ခုရဲ့ နှလုံးသားဘာသာဗေဒကို တွေဝေတတ်တဲ့သူတစ်ယောက်ဆီက ညှစ်ထုတ်တတ်ဖို့ ကျွန်မဟာ ကျိန်စာတစ်ခုမရွတ်ဆိုမိအောင် စိတ်ရှည်ရှည်ထားရင်း တော်တော်လေးကိုလေ့ကျင့်သင်ယူခဲ့ရသည်။ တစ်နည်းအားဖြင့် သူ့အပေါ်နားလည်မှုတွေရှိခဲ့ရသည်။

သံယောဇဉ်အရိပ်ထင်လာတိုင်း အချစ်များလားလို့ သံသယစိတ်ကလေးဝင်ရင်း တိုးတိုးတိတ်တိတ်ရင်ခုန်ခဲ့ရတဲ့ညတွေ ၊ ဖွဲ့နှောင်မှုတစ်စုံတစ်ရာမပါတဲ့ စကားသံတချို့ကိုမှ နှောင်တွယ်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်း ရှောင်ဖယ်ထွက်သွားလိုက် ၊ ပြန်တွယ်ငြိလိုက်နဲ့ လွန်းကလေးလိုကျွန်မရယ်ပေါ့ ။
သူ့ကိုအရမ်းအမြင်ကတ်တယ် ….. သမီးကိုအိမ်လိုက်ပို့ချင်တဲ့တစ်ယောက်နဲ့ပဲ အပြင်သွားတော့မယ်ဆိုပြီး အခန်းဖော်ကိုတိုင်တည်ပြီးငို…… ၊ တခါတခါများစိတ်ကောင်းဝင်လို့သူဆိုပြတဲ့ ပန်းချစ်သူ ဆိုတဲ့သီချင်းဟာ ဘာအဓိပ္ပာယ်လဲသိချင်လို့ လူတကာကိုလျှောက်မေးဖူးလေရဲ့ ။ တကယ်တော့ ကျွန်မဟာ သူ့ကွန်ယက်ထဲမှာတိုးဝင်မိနေတဲ့ ပင့်ကူငယ်သာသာ ။

ပန်းစည်းကိုယ်စီကိုင်ရင်းလက်တွဲလမ်းလျှောက်နေကြတဲ့ချစ်သူတွေကိုမြင်တော့ သူ့ဆီက နှင်းဆီတစ်ပွင့်လောက်ရတန်ကောင်းပါရဲ့ဆိုတဲ့အတွေးနဲ့ ကျွန်မ ထိုနေ့ကို မျှော်လင့်တကြီးစောင့်စားခဲ့ရသည်။ ရုံးကို delivery နဲ့ပဲ ရောက်လာမလား ၊ ဒါမှမဟုတ် ညနေရုံးဆင်းရင် ပန်းစည်းလေးနဲ့ကြိုနေမလားဆိုတဲ့မျှော်လင့််ခြင်းနဲ့ကျွန်မသာမော….စိတ်ချဉ်ပေါက်လို့ဖုန်းမကိုင်ဘဲ ပစ်ထားတော့မှ ပန်းစည်းပေးရအောင် ဘာဆိုင်လို့လဲဆိုတဲ့ စကားလေးတစ်ခွန်းသာ ထိုနေ့၏လက်ဆောင်အဖြစ် အမှတ်တရရရှိခဲ့ဖူးသည် ။ တကယ်တော့ကျွန်မက မျှော်လင့်ရသူသက်သက်ပါ။

အပြီးအပိုင်စွန့်လွှတ်လိုက်တော့မယ်ဆိုတဲ့အတွေးနဲ့ ညနက်နက်တွေကိုရူးရူးမိုက်မိုက်ဖြတ်သန်း ၊ ဆက်သွယ်မှုဧရိယာရဲ့ပြင်ပတစ်နေရာမှာ တစ်ယောက်တည်းအတွေးပေါင်းစုံနဲ့ချာချာလည်ရင်း သူ့ဘက်က ကျွန်မမသိနိုင်တဲ့ ဘာအဆင်မပြေတာများရှိနေမလဲ ။ ပူမှုဆယ်ကုဋေရှိနိုင်တဲ့ လူသားတစ်ယောက်ပါလားဆိုတဲ့ နားလည်မှုနဲ့အတူ အချိန်တန်တော့လဲ ဆက်သွယ်မှုဧရိယာထဲ ကိုယ့်ဟာကိုယ်ပြန်ဝင်ရင်း ၊ ကိုယ်စီစဉ်တဲ့ဇာတ်ကိုကိုယ်တိုင်ဖျက်သိမ်းကာ ဘာမှမဖြစ်တဲ့ပုံစံနဲ့ ဟန်ဆောင်ပန်ဆောင်နေတတ်ခဲ့တယ်။ တကယ်တော့ ကျွန်မဟာ ခွင့်လွှတ်တတ်သူတစ်ယောက်ပါ ။

ဖုန်းတစ်လုံးရှေ့မှာ စကားအပြန်အလှန်ပြောရင်းအလုပ်ရှုပ်နေတာ ဘာကြောင့်လဲဆိုတဲ့အတွေးနဲ့အိပ်ပျက်ရက်တွေများတတ်ခဲ့တယ်။ ဘာကြောင့်လဲ (အထူးသဖြင့် ဘယ်သူနဲ့လဲ)ဆိုတာကိုသိချင်ခဲ့ပေမယ့် ခံစားချက်တွေကိုမျိုမျိုချရင်း ရင်ဘတ်ကြီးတစ်ခုလုံးဟာလှိုက်လှိုက်စားလို့ ။ ဖုန်းတစ်လုံးကိုကျစ်ကျစ်ပါအောင် ဆုတ်ရင်း မျက်ရည်တစမ်းစမ်းနဲ့ ရထားစီးဖူးခဲ့တယ်။ မလိုအပ်တဲ့ဖြေရှင်းချက်ကိုမှ ပက်ပက်သက်သက်လိုအပ်ချင်နေမိတာ ဘာကြောင့်လဲလို့ သူလည်းမမေးခဲ့သလို ကျွန်မလည်းမဖြေခဲ့ဘူး ။ တကယ်တော့ ကျွန်မဟာ သ၀န်တိုတတ်တဲ့သူတစ်ယောက်ပါ ။

ကဗျာနုနုလေးတွေ ၊ သီချင်းနုနုလေးတွေ ၊ လေညှင်းနုနုလေးတွေသယ်ဆောင်လာတာ အချစ်ကြောင့်လို့ သေချာသွားတဲ့တစ်နေ့မှာ သူ့ကိုကျွန်မ မေးခဲ့ဖူးသည် ။ ဘယ်လောက်ထိချစ်လဲလို့ ။ ညင်ညင်သာသာနဲ့ မိုးလောက်ကြီးချစ်တယ်လို့ပြန်ပြောတဲ့အချိန် အဲဒီတစ်ထိုင်တည်းမှာပါ ကျွန်မမှာ သူ့အတွက်အဖြေစကားရှိနေခဲ့သည်။ အသက်တမျှချစ်ခဲ့ရပါသည်။ နှလုံးသားကိုလှစ်ဟပြဖို့တွန့်တိုတတ်ခဲ့တဲ့လူတစ်ယောက်ရဲ့ တွေဝေမှု ၊ ဖုံးကွယ်မှု ၊ ရှက်ရွံ့မှု ၊ မသေချာမှု  ၊ စိုးရိမ်မှု တို့အပေါ်မှာ စစ်မှတ်သောချစ်ခြင်းတစ်ခုတည်းနဲ့ ကျွန်မဖြည့်စွက်ခဲ့ပါသည်။ တကယ်တော့ ကျွန်မဟာ စောင့်စားနိုင်သူတစ်ယောက်ပါ ။



4 thoughts on “စောင့်စားသူ”

Leave a Reply

Your email address will not be published.