သူ့ကိုချစ်ဖို့

စကားပြောလျင် တစ်လုံးပုံမှန်ပြောတတ်ပြီးခပ်တန်းတန်း ခပ်တည်တည်နေတတ်ပေမယ့် ကျမနဲ့ဆိုရင် အမြဲတီးတိုးသဖန်းပိုးလုပ်တတ်တဲ့ တစ်ယောက်သောသူအကြောင်းကိုပြောရမည်ဆိုလျင်….
တစ်ယောက်သောသူကို သူငယ်ချင်းတစ်ယောက်ရဲ့ကောင်းမှုကြောင့်သိခဲ့ပါတယ်။ ပဲများမယ်လို့ထင်ပေမယ့် မထင်မှတ်လောက်အောင်ရိုးသားဖြူစင်တဲ့သူ့စိတ်ဓာတ်၊ ခပ်တည်တည်မျက်နှာပေးရှိပေမယ့် ကျမအတွက်ဆိုရင် အမြဲအဆင်သင့်ရှိတတ်တဲ့သူ့စိတ်နေသဘောထားက ကျမအတွက်ဘယ်အရာနဲ့မှနှိုင်းလို့မရလောက်အောင်ပါပဲ ။ အရပ်မြင်မြင့် ၊ အိုင်တီသမားပီးဗိုက်ကလေးရှေ့ထွက်၊ ကျမစိတ်ထင် မင်းသားရှုံးလောက်အောင်ပဲများထားတဲ့ပုံစံ ၊ ငွေရောင်ဆံပင်တွေအမြောက်အမြားရှိနေတဲ့ ပုံစံကျကျဆံပင်နဲ့အဲဒီလူဟာ….ကျမအတွက်အရေးကြီးဆုံးလူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ကျမဘယ်တုန်းကမှမတွေးထားမိခဲ့ဘူး။ ထူးဆန်းစွာနဲ့သူရဲ့ ဘယ်ဘက်ပါးပြင်မှာ ပါးချိုင့်လေးနှစ်ခုဆက်တိုက်ရှိနေသေးတယ်..။ ပြီးတော့ ကျမမနာလိုချင်စရာကောင်းလောက်အောင်ပုံကျလှပလွန်းတဲ့ ခပ်ထူထူ မျက်ခုံးတစ်စုံကိုလည်းပိုင်ဆိုင်ပြန်သေးတယ်..။ ထပ်ပြီးပြောရရင် ကျမဖေးဘရိတ်…..နားသယ်စပ်က ဆံပင်ကောက်ကောက်လေးတွေသူပိုင်ဆိုင်သေးတယ်လေ..။ ဒါတွေကြောင့်သူ့ကိုချစ်ခဲ့တာလားဆိုရင်….ပရိသတ်ကြီးလုံးဝမှားမှာပေါ့..။ ကျမရဲ့ရင်ထဲကခံစားချက်မှာအဲဒီအချက်တွေလုံးဝမပါခဲ့ပါဘူး ။ သူ့ကိုစတွေ့ခဲ့တဲ့အချိန်က ကျမရင်ထဲမှာတကယ့်ကိုဟာလာဟင်းလင်းခံစားချက်နဲ့ ရှုပ်ထွေးပွေလီလှတဲ့အလုပ်ကိတ်စတွေအပြင် သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေခဲ့တဲ့ကျမ… ပြီးတော့ကျမက ပဲများတဲ့သူတွေကိုသဘောမကျဘူးလေ..။ ဒီလိုနဲ့ဒီလိုနဲ့ပဲ ကျမတို့နှစ်ယောက်တစ်နေ့ထက်တစ်နေ့နီးလာလိုက်တာ..။ နေ့စဉ်နေ့တိုင်းမတွေ့ရမမြင်ရလျင်….အအိပ်အစားပျက်၊ ဖုန်းလေး တစ်ချက်မဆက်လိုက်ရလျင် ခေါင်းမူးသလို၊အန်ချင်သလို ဖြစ်လောက်အောင် ကျမတို့နှစ်ယောက် ပိုခဲ့ကြပါတယ်။ မိုးတွေရွာရင်ကြောက်တတ်တဲ့ မေလဖွားရခိုင်သူကို…မိုးခြိမ်းသံကြားတိုင်း ဖုန်း၊ စကိုက်၊ အိုဗူး ကနေ သီချင်းဆိုပြတတ်တဲ့ မိုးနည်းရပ်ဝန်းက လူတစ်ယောက်ဟာလည်း သူပဲပေါ့…။ ကျမအဖော်မဲ့တဲ့အခါတိုင်း ၊ ကျမအားငယ်တဲ့အခါတိုင်း ၊ ကျမအတွက်လိုအပ်တဲ့အခါတိုင်း ထူးဆန်းစွာနဲ့ကျမဘေးမှာသူရှိနေခဲ့ပါတယ်။ သူ့ကိုကျမလိုအပ်နေခဲ့ပါတယ် ။ ရှားပါးလွန်းလှတဲ့အချိန်ကြားထဲမှာ အလုပ်ပြီးတိုင်းမပျက်မကွက်စောင့်ပြီးအတူတူပြန်ခဲ့ကြတာ ၊ ကျမအတွက်ဆိုရင် အဆင်မပြေတဲ့ကြားကနေ မပျက်မကွက်ရောက်လာတတ်တာ ၊ သူ့အတွက်ဘယ်လောက်အခက်အခဲတွေရှိနေပါစေ ကျမစိတ်ညစ်နေရင် အားပေးတတ်တာ ။ သမီးရည်းစားမဟုတ်ဘဲ အကြောင်းမရှိအကြောင်းရှာပြီး နေ့တိုင်းတွေ့ကြတာ ၊ မမြင်ရမတွေ့ရရင်စိတ်ပူတတ်ကြတာတွေက သူနဲ့ကျမနှစ်ယောက်လုံးထပ်တူကျခဲ့ပါတယ်…။ ဒီလိုနဲ့ ၁၂ လရာသီရဲ့ တစ်ခုတည်းသော ထူးထူးဆန်းဆန်းသူများကို အရူးလုပ်ခွင့်ရှိတဲ့ရက်ကလေးတစ်ရက်မှာ သူနဲ့ကျမ တစ်ယောက်ကိုတစ်ယောက်အရူးမလုပ်ဘဲချစ်သူတွေဖြစ်ခဲ့ကြတယ် ။ ချစ်တယ်ဆိုတဲ့စကားကိုမပြောခင်တည်းကနေ ကျမတို့နှစ်ယောက်ရဲ့နက်ရှိုင်းမှုကိုကျမတို့ကိုယ်တိုင်သိနေခဲ့ပေမယ့်…. ကျမတို့နှစ်ယောက်အချိန်ယူခဲ့ကြတယ်..။ ချစ်သူမဖြစ်ခင်တည်းက သူ့ကိုကျမ ကိုကို လို့ခေါ်ခဲ့သလို သူလည်းကျမကို နာမည်လေးတစ်ခုခေါ်ခဲ့ပါတယ်..။ (ရှက်ထှာ) ချစ်သူတွေမဖြစ်ခင်တည်းကနေ ကျမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်လွမ်းကြောင်းသတိရကြောင်းတွေပြောကြတယ်..။ ကျမတို့မနက်မျက်စိပွင့်တည်းကနေ မျက်စိမှိတ်တဲ့အချိန်ထိ အခန်းဖော်တွေမျက်စိနောက်လောက်အောင် လပေါင်းများစွာ သည်းသည်းလှုပ်ခဲ့ကြပါတယ်။အချစ်ကိုအဓိပာယ်တွေအများကြီးလည်းကျမမဖွင့်ဆိုချင်ပါဘူးလေ ဒါပေမယ့် ကျမအတွက်အလေးနက်ဆုံးသော ၊အရေးကြီးဆုံးသောလူတစ်ယောက်အနေနဲ့သူ ကျမဘေးမှာလပေါင်းမြောက်မြားစွာရှိနေခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ကျမတို့ကိုသိတဲ့သူတိုင်းပြောကြတယ်..ဆုမြတ်နဲ့ဆုမြတ်ကောင်လေးနဲ့ရုပ်တူတယ်တဲ့…… တကယ်လားတကယ်မဟုတ်ဘူးလားကျမတို့ကိုယ်တိုင်မသိပေမယ့် အဲဒီလိုစကားကြားရင်ကျမတို့သိပ်ဝမ်းသာပါတယ်..။ ပြီးတော့ ကျမတို့တွေအချစ်ချင်းလည်းတူကြတယ်..။သဝန်တိုတတ်ပေမယ့် မြုံစီစီနေတဲ့တာချင်းလည်းတူကြတယ်။ ပြီးတော့စိတ်ဓာတ်ချင်းလည်းတော်တော်ဆင်တူကြတဲ့အတွက် တစ်ယောက်စိတ်ကိုတစ်ယောက်နားလည်ကြတယ်..။ ဒီလောက်ကျမအပေါ်နားလည်ပေးတတ်တဲ့ချစ်တတ်လွန်းတဲ့သူတစ်ယောက်ကိုပိုင်ဆိုင်ရတာ ကျမကံကောင်းတယ်နော်…..။ ပြီးတော့ တချိန်က အချစ်တွေနဲ့မကင်းခဲ့ပေမယ့်အခုချိန်မှာတော့ ကျမရဲ့ရပ်တည်ချက်၊ ခံစားချက်၊ ဘဝဟာလည်း..သူ့ကိုချစ်ဖို့ဖြစ်တည်လာခဲ့တယ်ဆိုရင်မှားမယ်မထင်…….

သူ့ကိုသာမန်ဆိုထဲ့အခြေအနေနဲ့တွေ့ရှိခဲ့တယ်
သူ့ကိုသာမန်ခင်မင်မှုဆိုတဲ့အနေအထားနဲ့ခင်မင်ခဲ့တယ်
သူ့ကို သာမန်အသိအမှတ်ပြုမှုဆိုတဲ့ပုံစံနဲ့ရင်းနှီးခဲ့တယ်
သူ့ကိုသာမန်ယုံကြည်မှုတွေနဲ့ပဲ ယုံကြည်ခဲ့တယ်

သူ့ကို ရိုးသားခြင်းဆိုတဲ့အဖြူရောင်နဲ့ရင်ထဲကအသိအမှတ်ပြုခဲ့တယ်
သူ့ကို ဖြူစင်ခြင်းဆိုတဲ့သံယောဇဉ်နဲ့ တွယ်တာခဲ့တယ်
သူ့ကို တွယ်တာခြင်းဆိုတဲ့ စိတ်အလျဉ်နဲ့ ချစ်ခင်ခဲ့တယ်
သူ့ကိုချစ်ခြင်းဆိုတဲ့ နှောင်တွယ်မှုနဲ့ဖွဲ့နှောင်ခဲ့တယ်

သူ့ကိုညနေခင်းလေညှင်းတွေနဲ့အတူတွေ့ရှိခဲ့တယ်
သူ့ကိုသံစဉ်တွေရဲ့နောက်ကွယ်မှာတွေ့ရှိခဲ့တယ်
သူ့ကို အမျှင်တန်းလန်းသံယောဇဉ်တွေနဲ့ရစ်ပတ်ခဲ့တယ်
သူ့ကို ရိုးသားမှုတွေနဲ့ချစ်မြတ်နိုးခဲ့တယ်

သူ့ကို မွေ့လျော်ခြင်းရဲ့အနှစ်သာရပြည့်ပြည့်နဲ့နှစ်သက်ခဲ့တယ်
သူ့ကိုတွယ်တာခြင်းရဲ့အနက်ရှိုင်းဆုံးနဲ့ ချစ်ခင်ခဲ့တယ်
သူ့ကို နှောင်ဖွဲ့ခြင်းရဲ့အဆုံးစွန်နဲ့ တပ်မက်ခဲ့တယ်
သူ့ကို အဆုံးမရှိမေတာတွေနဲ့ ချစ်ခဲ့တယ်

သူ ကျမနှုတ်ခမ်းကိုဖွဖွလေးထိဖူးတယ်
သူ ကျမရင်တစ်ခုလုံးပွင့်ထွက်ဆူဝေအောင်လုပ်နိုင်တယ်
သူနဲ့ကျမအကြိမ်ကြိမ်နမ်းရှိုက်ဖူးတယ်
သူ…ကျမကိုပြုံးစေသလို ကျမသူ့ကြောင့်မျက်ရည်ကျဖူးတယ်
သူ…. တခါတခါများ ကျမကိုရူးသွပ်စေတယ်လေ

မိနစ်တိုင်းကိုသတိရတယ်
နာရီတိုင်းကိုလွမ်းဆွတ်တယ်
နေ့ရက်တိုင်းကိုတမ်းတတယ်
သူကျမကို သိပ်ဖမ်းစားနိုင်လွန်းတယ်

အချစ်ဟာရှင်သန်ခြင်းတစ်ခုဆိုရင်
သူ့ကိုချစ်ဖို့ကျမမွေးဖွားလာခဲ့တယ် ။ ။

ps-ကြီးစုရဲ့မောင့်ချစ်ဖို့မွေးဖွားလာတဲ့ဆိုတဲ့စာလေးကိုဖတ်မိရင်းသဘောကျမိလို့…သူ့ကိုချစ်ဖို့ဆိုတဲ့ခေါင်းစဉ်လေးကိုပေးဖြစ်ခဲ့ပါတယ်..

နိုဝင်ဘာ ၂၉ – ၂၀၁၂ မှာရေးဖူးခဲ့တဲ့ပိုစ့်လေးကို မွေးနေ့အမှတ်တရ ပြန်တင်လိုက်ပါတယ် ။



4 thoughts on “သူ့ကိုချစ်ဖို့”

Leave a Reply

Your email address will not be published.