Trans Siberian ခရီးစဉ်-၉

Trans Siberian ခရီးစဉ်-၉

Trans Siberian ခရီးစဉ်က စခဲ့တာ အတော်ကြာခဲ့ပြီဆိုပေမယ့် တကယ့် Trans Siberian ရထားစီးတဲ့ အတွေ့အကြုံက အခုမှစတာပါ ။ အခုရောက်နေတဲ့ Irkutsk မြို့ က နေ Europe Asia Border ဘော်ဒါရှိတဲ့ Yekaterinburg ဆိုတဲ့ မြို့ကို ရထားစီးပြီးသွားကြမှာပါ ။ ၅ ၇က်နေ့မနက် ၃ နာရီ ၃၇ မိနစ်ကနေ ထွက်လာတဲ့ ရထားဟာ Yekaterinburg ကို ၇ ရက်နေ့ မနက် ၅ နာရီ ၂၈ မိနစ်မှာ ရောက်လာမှာဖြစ်ပြီး ရထားပေါ်မှာ စုစုပေါင်းကြာချိန်က ၄၈ နာရီကျော်ပါ။ အမှန်အတိုင်းပြောရရင် ဒီအတွေ့အကြုံဟာ ဒီခရီးစဉ်စတည်းက တအားလိုချင်ခဲ့တဲ့ အတွေ့အကြုံပါ ။ ရထားပေါ်ချောချောမောမော ရောက်လာပြီး အိပ်ရာခင်းတွေလဲကာ မနက်လည်းစောသေးတာမို့ ပြန်အိပ်လိုက်ကြပါတော့တယ်။

 

ရထားကလည်း ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ချော့သိပ်နေသလို အိပ်လို့ကောင်းလှတာမို့ ခေါင်းချတာနဲ့ တန်းအိပ်ပျော်သွားတာ ရထားပေါ်လူတွေတက်လာတော့မှပဲ နိုးပါတော့တယ် ။ ရထားဟာ မြို့လေးတစ်မြို့မှာရပ်ပြီး လူတင်လူချလုပ်တာပါ ။ ခရီးသွားရာသီမဟုတ်ပေမယ့် ကိုယ်တွေစီးလာတဲ့ရထားက လိုကယ်ရထားတွေဆိုတော့ လိုကယ်တွေအများကြီးစီးကြတဲ့ရထားပဲဆိုပါတော့ ။ ကံကောင်းချင်တယ်ပြောရမလားပဲ လိုကယ်တွေနဲ့ခရီးသွားချင်တဲ့ ကိုယ့်အတွက် အတွေ့အကြုံကောင်းပါပဲ… ကိုယ့်အိပ်စင်ရဲ့ အပေါ်ထပ်ကို လူတစ်ယောက် ကိုယ့်ခြေရင်းဘက်က အိပ်စင် နှစ်ခုကို အသက် late ၅၀ အရွယ် စုံတွဲတစ်တွဲတက်လာပါတယ် ။ တက်လာတာကိုသိပေမယ့် ကိုယ်ကတော့ အိပ်ကောင်းကောင်းနဲ့ဆက်အိပ်လိုက်တာ မိုးစင်စင်လင်းမှာပဲ နိုးလာပါတော့တယ် ။ရောက်ချင်လှတဲ့ခရီးကို ရောက်လာရပြီ ဘယ်လိုခံစားရသလဲဆိုတော့…. ဂျိုင်းပတ်စော်နံတယ်လို့ခံစားရပါတယ်.. ။

Trans Siberian ရဲ့ ပထမဆုံးအတွေ့အကြုံက ဂျိုင်းပတ်စော်နံရသလဲဆိုတော့ ကိုယ့်အိပ်စင်အပေါ်ထပ်ကလူက အနွေးထည်အထူကြီးကိုချွတ်လိုက်လို့ပါပဲ ။ ရာသီဥတုကလည်းအေးတာမို့ ရေမချိုးကြတော့ အနံ့အသက်မကောင်းတာပါ ။ ဖြစ်ချင်တော့ ကိုယ်ကလည်း အနံ့ဆန်းဆန်းတင့်ဆိုတော့ လိုကယ်တွေနဲ့ စကားပြောကြည့်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းမေ့လိုက်ပါတော့တယ် ။ ရထားပေါ်မှာ ပထမဆုံးနေတဲ့ နေ့ဆိုတော့ ကိုယ့်ပလန်က စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကိုဖတ်မယ် ။ ရွှေဥဒေါင်းစာအုပ်တွေဖတ်မယ် ။လိုင်းမိရင် အင်တာနက်သုံးမယ်ဆိုပြီး စီစဉ်ထားပါတယ် ။ နောက်ပြီး သူငယ်ချင်းတွေနဲ့အတူ ဖဲရိုက်ကြမယ် သီချင်းနားထောင်မယ်စသည်ဖြင့် စီစဉ်ထားပါတယ် ။ ပါလာတဲ့မုန့်တွေနဲ့ မနက်စာစားပြီး ဖဲခဏရိုက်ကြပါတယ်။ ဟိုဟိုဒီဒီလျှောက်ကြည့် ပြတင်းက မြင်ရတဲ့ရှုခင်းတွေကို ဓာတ်ပုံရိုက်မယ် ပြီးရင်စာဖတ်မယ်လို့မှတ်နေတုန်း ကိုယ့်အပေါ်ထပ်က မင်းသားနိုးလာပြီး အောက်ဆင်းလာပါတော့တယ်။

မင်းသားက အနံ့တသင်းသင်းနဲ့ဆိုတော့ ကိုယ်တွေမှာ သူ့ကို စကားရဲရဲမပြောဝံ့ပါဘူး ။ အောက်ထပ်က လူရဲ့ထုံးစံ အိပ်ရာသိမ်းပြီးအပေါ်ထပ်ကလူကို နေရာပေးရပါတယ်။ ကိုယ့်အိပ်ရာသိမ်းလိုက်ပြီးတော့ သူ့ကိုနေရာပေးပါတယ် ။ သူကလည်း အိပ်စင်ခြေရင်းခပ်လှမ်းလှမ်းမှာထိုင်ပြီး စကားစမြည်ပြောဖို့လုပ်ပါတယ် ။ ဘာသာစကားမတူ စကားမပေါက်တော့ သူလည်းသိပ်ကြာကြာမနေနိုင်ပါဘူး ။ ပါတာထုတ်စားပြီး ခြေရင်းက စုံတွဲနဲ့ စကားခဏပြောကာ အိပ်စင်ပေါ်ကို ပြန်တက်သွားပါတော့တယ် ။ အိပ်စင်ပေါ်မှာ အနေရကျပ်ပေမယ့် အနံ့က ပြင်းလွန်းတော့ ကိုယ်တွေမှာ နေစရာနေရာမရှိ ။ သူလည်းရိပ်မိတဲ့ပုံပါပဲ ။ အတော်လေးကြာပြီးတဲ့နောက်မှာတော့ အိမ်သာသွားပြီး သန့်ရှင်းရေးတွေ ဘာတွေလုပ်လိုက်တဲ့ပုံပါပဲ ။ အနံ့က ပျောက်သွားပါတယ်။ ညနေပိုင်းရောက်တော့ သူလည်းရထားပေါ်က ဆင်းမှာ ကိုယ်တွေမှာ အသက်ရှုချောင်ပါတော့တယ်။

 

ကိုယ့်ရဲ့ စစ်နဲ့ငြိမ်းချမ်းရေးစာအုပ်ကိုလည်းမဖတ်ဖြစ်တဲ့အပြင် ရထားကလည်းလှုပ်တုပ်လှုပ်တုပ်လို့ စာအုပ်လေးကိုင်ပြီးအိပ်ပျော်သွားတာ မရည်မတွက်နိုင်အောင်ပါပဲ ။ စာဖတ်မယ်ဆိုပြီး နားကျပ်လေးတပ် ဟိုဘက်စောင်းလိုက်ရင် အိပ်ပျော်သွားရော ။ ပုံမှန်အားဖြင့်ကိုယ်ဟာ အအိပ်နည်းတဲ့သူပါ။ ရထားပေါ်မှာ စာစိမ်ပြေနပြေဖတ်ပြီး နားမယ်လို့မှတ်ပေမယ့် စာဖတ်တဲ့အဆင့်ကိုမရောက်၊ ပတ်ဝန်းကျင်ကို မကြည့်အားဘဲ ရောက်တဲ့အရပ်မှာ ခေါင်းထိုးပြီးအိပ်နေပါတော့တယ် ။ ဒီခရီးမသွားခင်တည်းက ခဏခဏပြောဖြစ်တဲ့ စကားရှိပါတယ် ။ ဥရောပနဲ့ အာရှ မတူတဲ့ ပတ်ဝန်းကျင်အလှတရားတွေကို တစိမ့်စိမ့်ခံစားချင်လို့ ဒီခရီးစဉ်ကိုလာခဲ့တာပါ ။ ခုတော့ရထားပေါ်မှာ အိပ်ပဲအိပ်နေလို့ သူငယ်ချင်းတွေတောင်ဟားကြပါသေးတယ်။ ရထားပေါ်မှာ ပထမတစ်ရက်ကတော့ ရှိတာလေးစားပြီး ဂျိုင်းနဲ့ တသင်းသင်းနဲ့ ပြီးသွားခဲ့ပါတော့တယ် ။

ဒုတိယနေ့ကိုမရေးခင် ရထားအနေအထားလေးကိုပြောပြချင်ပါသေးတယ်။ ကိုယ်တွေစီးတဲ့ရထားက 3rd class ဆိုတော့ အခန်းဖွဲ့မထားဘဲ တစ်တွဲလုံးအိပ်စင်တွေအပြည့်ပါပါတယ်။ ရထားရဲ့ ဘယ်ဘယ်အစွန်းမှာ အိမ်သာ ၂ လုံးက နေ ၃ လုံးပါသလို တစ်ချို့အတွဲတွေမှာတော့ အိမ်သာတစ်လုံးက ညာဘက်အစွန်း ရထားတွဲထိန်းအခန်းနားမှာရှိတတ်ပါတယ်။ ရထားတွဲထိန်းအခန်းလေးမှာ တွဲထိန်းနေသလို မုန့်လေးတွေ အာလူးအမှုန့် mash potato ကော်ဖီလက်ဖက်ရည်တွေဝယ်စားလို့ရပါတယ် ။ ဒါ့အပြင် Trans Siberian အမှတ်အသားပါတဲ့ ရေခွက်ကလေးတွေလည်း ငှားလို့ရပါသေးတယ် ။ တွဲထိန်းအခန်းရှေ့မှာလည်း ရေပူစက်ကလေးပါရှိတာမို့ အဆင်ပြေလှပါတယ် ။ တွဲထိန်းက အမှတ်တရလက်ဆောင်ပစ်စည်းတွေလည်းရောင်းပါသေးတယ်။ လက်ဆောင်ပစ်စည်းတွေကို တွဲထိန်းအခန်းထဲမှာဝယ်လို့ရသလို တွဲထိန်းက ဘူတာကြီးတွေမှာအဆင်းအတက်မလုပ်ခင် တစ်တွဲလုံးလှည့်ပြီး လိုက်ရောင်းတတ်ပါသေးတယ်။

အိမ်သာတွေက အများသုံးဆိုပေမယ့် ညစ်ပတ်တဲ့အထဲမပါပါဘူး ။ သုံးလို့အဆင်ပြေပါတယ် ။ ဒါ့အပြင် တစ်ရှုးတွေ၊ တစ်ခါသုံးအိမ်သာကမုတ်ကာဗာလေးတွေပါပါသေးတယ် ။ ဘတ်ထရီလည်းဖြည့်လို့ရတဲ့ ပလတ်ပေါက်လေးတွေလည်းရှိပါတယ်။ လက်ဆေးဆပ်ပြာတွေဘာတွေရှိတာမို့ ကိုယ်လက်သန့်စင်တာတွေပါလုပ်လို့ရပါတယ်။ ပထမတွဲတို့လို ရေချိုးခန်းတွေမပါပေမယ့် လေးဆယ့်ရှစ်နာရီစာနေဖို့အဆင်ပြေပါတယ်။ ရထားအိပ်စင်တွေကလည်း သက်တောင့်သက်သာရှိပြီး လီနင်တွေလျှော်ဖွတ်ထားတာမို့ သန့်သန့်ရှင်းရှင်းပါပဲ ။ တစ်တွဲလုံးလည်းအမှိုက်တွေဘာတွေမရှိတာမို့ အနံ့အသက်လည်းကင်းပါသေးတယ်။ လိုကယ်ရထားမို့ လူမနည်းပေမယ့် ရထားတစ်စီးလုံးပြည့်နေတာမျိုးမဟုတ်ပါဘူး ။ ကိုယ်တွေနဲ့နီးတဲ့ခုံတွေမှာသာ လူပြည့်နေပေမယ့် တစ်တွဲလုံးလူသိပ်မများလှပါဘူး။

ရထားပေါ်မှာဆိုတော့ စားစရာသောက်စရာအနေနဲ့ ပါလာတာလေးတွေကိုပဲစားရပါတယ် ။တွဲထိန်းဆီမှာ မုန့်လေးတွေကလည်းခဏခဏစားရင်ငြီးငွေ့လာပြန်တော့ ရထားရပ်မယ့် အချိန်ကိုစောင့်ကြရပါတယ် ။ ရထားကလည်း လမ်းတစ်လျှောက်ခဏပဲရပ်တာဆိုတော့ စားစရာသောက်စရာဆင်းဝယ်ဖို့အဆင်မပြေပါဘူး ။ ဒီတော့ ထမင်းစားတဲ့အခါ ခါက်ဆွဲပြုတ်တွေနဲ့ပဲ နှစ်ပါးသွားနေကြတဲ့ကိုယ်တွေ သနားစရာကောင်းတဲ့ပုံပေါက်တယ်ထင်ပါတယ် ခြေရင်းကုတင်က အန်တီကြီးလင်မယားက လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးတွေပေးပါတယ်။ သူတို့ကတော့ စားစရာသောက်စရာတွေကို ထုတ်ပိုးလာတာမို့ အစုံအလင်ပါပဲ ။ ဒါ့အပြင် သူ့အမျိုးသားက ဆီးချို သွေးတိုးရှိတော့ အစားဆင်ခြင်ရတယ်လို့ ပြောပြပါသေးတယ်။ အန်ကယ်ကြီးကတော့လစ်ရင်လစ်သလို စားတယ် အစားမဆင်ခြင်ဘူးဆိုပြီး ပြောပြပါတယ်။ သူတို့ကလည်း ရုရှားတစ်ဝက် အင်္ဂလိပ်လိုတစ်ဝက်ကြိုးစားပြီးပြော ကိုယ်တွေလည်း လက်ဟန်ခြေဟန်နဲ့ နားလည်အောင်ကြိုးစားကြရပါတယ်။

အဆင်ပြေသလိုစား ပတ်ဝန်းကျင်ကို ခဏလောက်ငေးပြီး ဓာတ်ပုံတွေဘာတွေမရိုက်နိုင်တော့ဘူး…. အားတာနဲ့ စာအုပ်ကိုင်ပြီး အိပ်တဲ့ဇာတ်လမ်းကိုဆက်ရိုက်နေပါတော့တယ်။ နိုးလာရင် မွန်ဂိုကနေသယ်လာတဲ့ စပျစ်သီးခြောက်ကို ရေနွေးကြမ်းလေးနဲ့ မျှောသောက်ပြီး ခြေရင်းက လင်မယားနဲ့ စကားစမြည်ပြောဖြစ်ပါတယ်။ အိပ်လိုက်စားလိုက် ပတ်ဝန်းကျင်ကိုငေးလိုက်နဲ့ သာယာအေးချမ်းတဲ့ နေ့ရက်တွေပါပဲ။ ညနေပိုင်းလောက်မှာ ကိုယ်အိပ်ပျော်နေတုန်း ရထားဟာ ဘူတာကြီးတစ်ခုမှာထိုးရပ်လိုက်ပါတယ်။ Street Vendor လမ်းဘေးဈေးသည်တွေကို တွေ့တော့ သူငယ်ချင်းတွေ lake baikal မှာစားခဲ့တဲ့ omul ငါးတွေဆင်းဝယ်ပြီး ကိုယ့်ကိုလည်း နှိုးကာ ကျွေးကြပါတယ်။ စားပြီးသောက်ပြီး ခြေဆန့်လက်ဆန့်အောက်ကို ဆင်းပြီး ဓာတ်ပုံလေးဘာလေးရိုက်ကြပါတယ်။ ကိုယ့်ခြေရင်းက အန်ကယ်တို့ စုံတွဲလည်းဆင်းကြတာမို့ နှုတ်တောင်သေချာဆက်ခွင့်မကြုံလိုက်ပါဘူး ။ သူတို့ဓာတ်ပုံလေးတစ်ပုံပဲ အမှတ်တရ snap shot ဖမ်းဖြစ်ခဲ့ပါတယ်။

ဒီညကရထားပေါ်မှာအိပ်ရတဲ့ နောက်ဆုံးညပါ ။ မနက်ဖြန်မနက်အစောကြီးမှာ Yekaterinburg ကိုရောက်မှာပါ ။ ဒီတစ်ခါရပ်တဲ့ ဘူတာက ကြီးလို့ ထင်ပါတယ် တက်တဲသူ အရမ်းများပါတယ်။ ကိုယ်တွေအတွဲမှာတင် အားကစားသမားတစ်အုပ်စုနဲ့ ကျောင်းသားတွေတစ်အုပ်စု စုစုပေါင်း နှစ်အုပ်စုအပြင် တခြားခရီးသည်းတွေအများကြီးလည်း တက်လာကြပါတယ် ။ ညနေလည်းအတော်စောင်းပြီ ပါဝါဘဏ့်တွေ ဖုန်းဘတ်ထရီတွေလည်း အားကုန်ခါနီးပြီမို့အားသွင်းမယ့် နေရာလိုက်ရှာကြပါတယ်။ တစ်တွဲလုံးမှာ အားသွင်းတဲ့နေရာ သုံးခု ရှိပေမယ့် အရင်ကတော့ ရထားပေါ်လူနည်းတာမို့ တွေ့တဲ့နေရာမှာ ဖြည့်ထားလိုက်ရင်အဆင်ပြေပါတယ်။ ခုတော့ ရထားတစ်တွဲလုံးလူပြည့်တဲ့အပြင် အားလုံးလိုလို ပြည့်နေတာမို့ နေရာလိုက်ရှာရခြင်းပါ ။

ကိုယ်တွေအိပ်စင်ဘေးနားက အားကစားသမားအုပ်စုနားမှာ အားသွင်းတဲ့ နေရာတစ်ခုရှိပါတယ်။ သူတို့က ဖုန်းတစ်လုံးထဲကို အားဖြည့်ထားတာတွေ့တာမို့ ယူနီဗာဆယ် မီးပလပ်နဲ့ရှဲလို့ရလားလို့ ကိုယ်ကမေးလိုက်တော့ သူတို့ကရပါတယ်တဲ့။ ဒါ့အပြင် ကိုယ်ဝတ်ထားတဲ့ Run Against Cancer Shirt လေးကိုမြင်တော့ သူတို့က စိတ်ဝင်စားပြီး ကိုယ့်ကိုအားကစားသမားလားဆိုပြီးမေးပါတယ် ။ ရုံးက စပွန်စာပေးလို့ ပြေးကြတဲ့ပွဲဆိုပြီး ပြောပြလိုက်ပါတယ် ။ ဒါ့အပြင် မြန်မာပြည်အကြောင်းကိုလည်းစိတ်ဝင်စားကြတဲ့အပြင် စင်ကာပူမှာနေတယ်ဆိုတော့ ပိုပြီးစိတ်ဝင်စားကြပြန်ပါရော ။ ၀မ်းနည်းစရာကောင်းတာက စင်ကာပူကိုသူတို့သိပြီး မြန်မာပြည်တို့ ထိုင်းတို့ကိုတော့မသိပါဘူး ။ စင်ကာပူနားက အင်ဒိုကိုသွားလည်ဖို့အစီစဉ်ရှိတယ်ဆိုတော့ ရောက်ရင်ဝင်ခဲ့ဖို့ဖိတ်လိုက်ပါသေးတယ်။ ကိုယ့်ကိုလည်း ဆိုရှယ်မီဒီယာသုံးလားဆိုပြီးတော့ instagram လိပ်စာပေးပြီး connect လုပ်လိုက်ကြပါတယ်။ သူတို့တွေက အင်ဂျင်နီယာတွေဖြစ်ပြီးတော့ ပိတ်ရက်မှာ ရုံးက လိုက်ပို့ပေးလို့ စက်ဘီးစီးတဲ့ ခရီးသွားကြတာပါ။

အားလုံးထဲမှာ Max ဆိုတဲ့တစ်ယောက်က အင်္ဂလိပ်လိုအတော်ပြောနိုင်ပါတယ်။ ဒါပေမယ့် အားလုံးကတော့ ခြေဟန်လက်ဟန်သုံး တတ်သလိုပြောကြပါတယ်။ အမှတ်တရဓာတ်ပုံတွေရိုက်ပြီး ကိုယ့်ကို စာတစ်စောင်ရေးပေးကြပါသေးတယ် ။ ကိုယ်လည်းအားလုံးအတွက်စာလေးတွေလိုက်ရေးပေးပြီး မုန့်တွေလဲစားကြပါတယ်။ ရုရှားလိုရေးထားတဲ့စာမို့ နားမလည်ပေမယ့် ဘယ်အချိန်ဖတ်ဖတ် ရင်ထဲနွေးအောင်ပျော်ရပါတယ်။ ဒါ့အပြင် သူတို့အုပ်စုထဲက လူတစ်ယောက်က For Ladies ဆိုပြီး ဂစ်တာတီးကာ သီချင်းတွေဆိုပြပါသေးတယ်..။ ခဏတာတွေ့ရပေမယ့် ရုရှားလူမျိုးတွေက သာမန်လူတွေလိုပဲ အထူးအဆန်းမြင်ရင် စပ်စုတယ်…သဘောကောင်းတယ် ပျော်ပျော်ပါးပါးနေတတ်ကြပါတယ်။ ရုပ်ရှင်တွေထဲကလည်း ဗော်ဒဂါတွေတချိန်လုံးမော့ပြီး သောင်းကျန်းကြတဲ့လူတွေမဟုတ်ပါဘူး ။ သူသူကိုယ်ကိုယ်သာမန်လူတွေပါပဲ ။ ကိုယ့်အတွက်တော့ သူတို့နဲ့တွေ့ရတာဟာ ဒီခရီးစဉ်အတွက် တန်ဖိုးဖြတ်မရတဲ့ ဆုလာဘ်တစ်ခုပါပဲ ။ ကိုယ့်သူငယ်ချင်းတစ်ယောက်ကလည်း ကျောင်းသားလေးတွေအုပ်စုနဲ့ ဘော်ဒါဖြစ်နေတာမို့ ဒီတစ်ညအတွက်ကတော့ကိုယ်တွေ ၃ ယောက်ဟာ Trans Siberian ရထားနံပါတ် 043Э ပေါ်က Star တွေပါပဲ ။

ကိုယ်တွေအိပ်ချိန် ညသန်းခေါင်ကျော်မှာတော့ အင်ဂျင်နီယာ့ အုပ်စုလည်း သူတို့ဌာနီကို ရောက်ပြီမို့ ရထားပေါ်ကနေဆင်းသွားကြတာပါတယ် ။ ဒါပေမယ့် မအိပ်ခင်တည်းက ဆင်းတော့မယ်ဆိုပြီးပြောပြထားတာရယ် instagram မှာ သူငယ်ချင်းဖြစ်နေတာမို့ရယ် ခုချိန်ထိ အဆက်သွယ်မပြတ်သေးပါဘူး ။ ရထားပေါ်က ဒုတိယနေ့ကတော့ အမှတ်တရတွေနဲ့ ပြီးသွားပြီး ပတ်ဝန်းကျင်အသစ်ကလူတွေအကြောင်း အကျင့်စရိုက်တွေကိုသိရသလို မိတ်ဆွေအသစ်တွေတိုးတဲ့နေ့ပါပဲ ။ မနက်အာရုံတက် ငါးနာရီခွဲမှာတော့ Yekaterinburg ကို ရောက်လာပါတယ်။ ဒီနေ့အစီစဉ်ကတော့ ဟော်တယ် မှာ လုပ်ပြီး Europe Asia Border နဲ့ နောက်ဆုံးဇာဘုရင်မိသားစုအတွက် ရည်ရွယ်ပြီးလုပ်ထားတဲ့ သစ်သားသီးသန့်နဲ့တည်ဆောက်ထားတဲ့ ကိုသွားလည်ကြမှာပါ ပြီးရင် မြို့ထဲကိုသွားပတ်ကြည့်ကြမယ် ။ အဲဒီည ၂၃ နာရီမှာတင်ပဲ ရထားပေါ် ပြန်တက်ပြီး စိန်ပီတာစဘတ်ကို သွားကြမှာပါ။

Yekaterinburg ဟာ လူဦးရေ တစ်မီလီယံ ကျော်နေထိုင်တဲ့ မြိ့ကြီးဖြစ်ပြီး ရုရှားရဲ့ စတုတ အကြီးဆုံး မြို့တော်ဖြစ်ပြီး Urals တောင်တန်းကြီးတွေရဲ့အရှေ့ဘက်မှာ တည်ရှိတဲ့မြို့ပါ ။ ယူရုပ်နဲ့အေးရှ ဘော်ဒါတည်ရှိရာ မြို့ဖြစ်တာမို့ ဆိုက်ဘေးရီးယန်းခရီးသည်တွေ မဖြစ်မနေ၀င်ကြတဲ့မြို့ပါပဲ ။ Irkutsk တို့လို ဈေးမပေါလှဘဲ ဈေးကြီးတဲ့အထဲပါပါတယ် ။ Iset မြစ်အနီးမှာတည်ထားတဲ့မြို့ မို့လို့ တံတားကြီးတွေရှိသလို ဥရောပမြို့တွေထုံးစံ တစ်မြို့လုံးပတ်လို့ရတဲ့ ထရမ်ရထားလေးတွေရှိပါတယ်။ မြို့ကိုရောက်ရောက်ချင်းဘဲ ရထားဘူတာက ဆိုင်လေးတစ်ဆိုင်မှာ မနက်စာစားကြပါတယ် ။ ပြီးတော့ taxi စီးပြီး Hostel R.E.D. မှာ ခဏနားကြပါတယ် ။ ကိုယ်တွေရောက်တဲ့အချိန်မှာ စောသေးတော့ ဟော်တယ်ချက်ကင်ဝင်လို့မရသေးပါဘူး ။ ရေမိုးချိုးပြင်ဆင် ၊ အ၀တ်လျှော် အ၀တ်လှမ်းကိုပဲ ဦးစားပေးလုပ်ကြရပါတယ်။ အ၀တ်တွေကများတော့ တစ်ကြိမ်တည်းနဲ့မရ နှစ်ကြိမ်လျှော်ရတာမို့ reception က ကောင်မလေးက ကူညီပေးပါတယ်။

အားလုံးပြီးတဲ့အချိန်မှာတော့ တက်စီခေါ်ပြီး နောက်ဆုံးဇာဘုရင်မိသားစုလုပ်ကြံခံရတဲ့အထိမ်းအမှတ်အဖြစ် သစ်သားသီးသန့်နဲ့တည်ထားတဲ့ Guinea Yama အမည်ရ ဘုန်းကြီးကျောင်း ခုနှစ်ကျောင်းရှိတဲ့နေရာကိုသွားလည်ကြပါတယ်။ Holy Ground ဖြစ်တာမို့ ခေါင်းကို ပါလာတဲ့ ပုဝါစလေးတွေနဲ့ အုပ်ရသလို အောက်ပိုင်းကိုလည်း အ၀တ်စလေးနဲ့ပတ်ကြရပါတယ် ။ အ၀တ်စကိုလည်း အ၀င်ဝမှာ ငှားပေးပါတယ် ။ စားသောက်ဆိုင်လေးတွေ၊အမှတ်တရပစ်စည်းဆိုင်လေးတွေရှိပါတယ် ။ဒါ့အပြင် ဇာဘုရင်မိသားစု ငါးဦးနှင့် အိမ်ဖော် နှစ်ဦး ..တစ်ဦးချင်းစီကိုရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ သစ်သား ဘုန်းကြီးကျောင်းလေးတွေဟာ လက်ရာတွေခမ်းနားလှသလို အမွေအနှစ်တွေကိုလည်း ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ် ။ ကိုယ်တွေသွားလည်တဲ့နေ့က တနင်္ဂနွေလည်းဖြစ်တဲ့အပြင် ဘာသာရေးအထိမ်းအမှတ်ပွဲလေးတစ်ခုရှိတာမို့ လူတွေစည်ကားလှပါတယ်။ ကိုယ်တွေလည်း အမည်မသိပွဲလေးကိုဝင်တက်ပြီး ဘုန်းကြီးတွေနဲ့အမှတ်တရဓာတ်ပုံတွေရိုက်ကြပါတယ်။

 

အကြီးဆုံးဘုန်းကြီးကျောင်းမှာပွဲကျင်းပတာဖြစ်ပြီးတော့ အကြီးဆုံးဘုန်းတော်ကြီးက ကျောင်းကို တစ်ပတ်လှည့်ပြီး ကောင်းချီးပေးပါတယ်။ ကျောင်းအောက်မှာပြတိုက်ကလေးရှိတဲ့ အပြင် တခြားဘုန်းကြီးကျောင်းလေးတွေမှာလည်း ဆိုင်ရာဆိုင်ရာ ပွဲလေးတွေလည်းရှိပါသေးတယ်။ ဘာသာစကားနားမလည်တာရယ် ဘာသာမတူတာရယ်ကြောင့်သာ ဘာပွဲမှန်းမသိကြပေမယ့် သူတို့ Orthodox ဘာသာဝင်တွေရဲ့အထွဋ်အမြတ်ထားကြတဲ့ပွဲလေးတစ်ပွဲဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ်တွေလည်း သူတို့ရဲ့ ဓလေ့ထုံးစံကိုလေးစားသောအားဖြင့် စည်းကမ်းတကျပါဝင်ဆင်နွှဲခဲ့ကြပါတယ် ။ ဘုန်းကြီးတွေနဲ့အမှတ်တရဓာတ်ပုံရိုက်ကြတော့ ဘုန်းကြီးတွေက ဖုန်းနံပါတ်ကိုပေးပြီး ပြန်ပို့ခိုင်းပါတယ် ။ စင်ကာပူပြန်ရောက်တော့မှ ဘုန်းတော်ကြီးတွေနဲ့ ရိုက်ခဲ့တဲ့ပုံတွေကို ပြန်ပို့ပေးလိုက်ပါတော့တယ်။

Guinea Yama ကိုရောက်တဲ့အချိန်သတိထားမိတဲ့အချက်က ရာသီဥတုပါ ။ Yekaterinburg ရာသီဥတုဟာ သိပ်ကိုအပြောင်းအလဲမြန်လှပါတယ်။ အခုမိုးရွာလိုက် ၊ အခုနှင်းကျလိုက် ၊အခုနေသာလိုက်တဲ့ အချိန်တိုအတွင်းမှာ မျိုးစုံပြောင်းလဲနေတော့တာပါပဲ ။ အချိန်လည်းအတော်ကြာလာပြီမို့ ကိုယ်တွေလည်း ဟော်တယ်ကိုဖုန်းခေါ်ပြီး တက်စီခေါ်ခိုင်းကြပါတယ်။ ခုဆက်သွားကြမှာကတော့ Europe Asia Border အထိမ်းအမှတ်ကျောက်တိုင်ဆီကိုပါ။ တကယ်တော့ Yekaterinburg မှာ ယူရုပ်အေးရှ ဘော်ဒါအထိမ်းအမှတ်ကျောက်တိုင်နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ခုကိုယ်တွေသွားမယ့်နေရာဖြစ်ပြီးတော့ နောက်တစ်ခုကတော့ရထားလမ်းနဲ့ နီးနီးနားနားနေရာတစ်ခုမှာတည်ရှိပါတယ် ။ တကယ့်အစစ်ကတော့ပထမတစ်ခုဖြစ်ပြီး နောက်တစ်ခုကတော့ ခရီးသွားမယ့်လူတွေသွားရလာရအဆင်ပြေအောင် ရထားလမ်းဘေးမှာ ထားပေးတာလို့သိရပါတယ်။

ဘော်ဒါနေရာမှာတော့ ထူးထူးခြားခြားသိပ်မရှိဘဲ ဓာတ်ပုံလေးတချို့ရယ် ၊ အထိမ်းအမှတ်ကျောက်တိုင်ရယ် ၊ ဖဲကြိုးလေးတွေချိတ်၊သော့ခလော်လေးတွေချိတ်ထားတဲ့ နေရာလေးကိုတွေ့ပါတယ်။ ရာသီဥတုကလည်း တဖြေးဖြေး ပိုဆိုးလာတာမို့ အလာတုန်းက တက်စီသမားကိုပဲ ဆယ်မိနစ် စောင့်ခိုင်းလိုက်ပြီးတော့ ဟော်တယ်ကိုပြန်ပို့ခိုင်းဖို့စီစဉ်ထားကြပါတယ် ။ အဓိကကတော့ ဘော်ဒါနဲ့အမှတ်တရ ဓာတ်ပုံတွေရိုက်ဖို့ပါပဲ ။ မိုးတစီစီနဲ့ အမှတ်တရဓာတ်ပုံတွေ အ၀ ရိုက်ကြပါတယ်…ကိုယ်ကတော့ Europe နဲ့ Asia ဘယ်ဘက်ရပ်ရမယ်မှန်းမသိလို့ နှစ်ခုလုံးကိုပဲ ခွခဲ့လိုက်ပါတော့တယ် ။ တရုတ်ခရီးသည် တချို့ကိုလည်းတွေ့ရပါသေးတယ်။ မိုးတွေတအားကြီးလာတော့ ကားပေါ်ကို ပြန်ပြေးပြီး Hostel ကိုပဲပြန်လာခဲ့လိုက်ကြပါတော့တယ် ။

 

ဒီတစ်ခေါက်ပြန်ရောက်တော့ Hostel မှာ ချက်ကင်ဝင်လို့ရနေပါပြီ ။ reception ကောင်မလေးကူလျှော်ထားပေးတဲ့အ၀တ်တွေကို အဆင်ပြေသလိုလှမ်း ၊ ခဏနားပြီးတော့အပြင်ကို ပြန်ထွက်ကြပြန်ပါတယ် ။ ဟော်စတယ်နဲ့ မနီးမဝေးမှာရှိတဲ့ The Church on the Blood / Church of All Saints ကိုသွားလည်ကြပါတယ် ။ ထုထည်ကြီးမားလှတဲ့ ဘုရားကျောင်းကြီးဖြစ်သလို အပြင်သာမက အတွင်းမှာပါ အနုစိတ်ပြုပြင်မွမ်းမံထားတဲ့ဘုရားကျောင်းကြီးပါ ။ မြို့ရဲ့အထိမ်းအမှတ်နေရာမို့ ဘုရားဖူးတွေလည်းများလှပါတယ်။ ဘုရားဝတ်ပြုနေကြတဲ့သူတွေ၊ ကိုယ်တွေလို လှည့်ပတ်ကြည့်နေတဲ့ခရီးသွားတွေအပြင် ဘုန်းတော်ကြီး ၊ သီလရှင်တွေ အမြောက်အမြားပါပဲ ။ ဘုရားကျောင်းထဲအတော်ကြာအောင်နေပြီးတော့ မြို့ထဲဘက်ကို ဆက်သွားပြီး မြို့ပတ်ထရမ်လေးစီးကြပါတယ်။ မြို့တစ်မြို့အကြောင်းကိုသိချင်ရင် မြို့ပတ်ရထားကိုစီးရတယ်လို့ ကြားဖူးတာ အမှန်ပါပဲ ။ တက်လိုက်ဆင်းလိုက် လူတွေကိုငေးရင်း ၊ ခုမိုးရွာလိုက်ခုနှင်းကျလိုက်ရာသီဥတုကို ငေးကာ ထရမ်ဂိတ်ဆုံးထိရောက်အောင် စီးခဲ့ကြပါတယ်။

 

ထရမ်ဂိတ်ဆုံးမှာတော့ ရှောပင်းစင်တာ တစ်ခုကိုတွေ့တာမို့ အဲဒီဘက်ကိုထွက်လာခဲ့ကြပါတယ်။ ဗိုက်ကလည်းဆာတာမို့ food court မှာဝင်စားပြီးရှောပင်းပတ်ကြပါတယ်။ ဖိနပ်ဆိုင်ကောင်းကောင်းလေးတွေ့တာမို့ဝယ်ချင်ပေမယ့် သယ်ဖို့အခက်အခဲရှိတာမို့ မ၀ယ်ဖြစ်ခဲ့တော့ပါဘူး ။ အချိန်ကလည်းအတော်လင့်လာပြီ ညဘက် ၂၃ နာရီမှာ စိန်ပီတာစဘက်ကိုသွားမယ့်ရထားပေါ်တက်ကြရဦးမှာမို့ uber ခေါ်ကြပါတယ် ။ ဖြစ်ချင်တော့ အူဘာ ဒရိုင်ဘာက ကိုယ်တွေကို ရှာမတွေ့ ကိုယ်တွေကလည်းသူ့ကိုရှာမတွေ့နဲ့ ကားပါကင်မှာ ကိုယ်တွေသုံးယောက် လည်နေကြပါတယ်။ တခြားကားတွေလည်းမမြင်မိသလို ဘာသာစကားအခက်အခဲကြောင့် တက်စီခေါ်ဖို့လည်းမလွယ်ပါဘူး ။ အူဘာကျတော့သွားချင်တဲ့နေရာကိုရိုက်လိုက်ရုံပဲ ဆိုပြီး အူဘာအားကိုးနဲ့သွားလာနေကြတာပါ။

ညကလည်းမှောင်သထက်မှောင်လာပြီ ကားပါကင်ထဲမှာ တခြားလူလည်းမတွေ့ ကားကလည်းရှာမတွေ့တော့ ကိုယ်ဟာ အတော်လေးကိုစိတ်ပူပြီး လောနေမိပါပြီ။ ဟော်စတယ်မှာ အထုတ်တွေလည်းမပြင်ကြရသေးဘူး ၊ အ၀တ်တွေလည်းမခြောက်သေးဘူး ၊ စားစရာတွေလည်းကုန်ခါနီးပြီ…ဒီတစ်ခါ ရထားပေါ်ကိုပြန်တက်မှလို့ စားစရာပါမသွားရင် ရထားပေါ်မှာ နာရီလေးဆယ်လောက် ငတ်တော့မှာကို တွေးပူပြီး လောနေတာပါ ။ ကံကောင်းတာတစ်ခုက ကားသမားက cancel လုပ်မသွားတာပါပဲ ။ ဖုန်းထဲမှာအကြာကြီး ကိုယ်ပြောတာကိုသူနားမလည် သူပြောတာ ကိုယ်မသိနဲ့တိုင်တွေပတ်နေကြပါတယ် ။ ကားပါကင်ထဲလျှောက်သွားရင်း ပါကင်အရှေ့ဘက်ခြမ်းမှာ KFC ဆိုင်တွေ့တော့ ကိုယ်ဟာ ဖြစ်ချင်ရာဖြစ် KFC ဆိုင်ကိုပြေးဝင်ပြီး အင်္ဂလိပ်စကားပြောတတ်သူကိုလိုက်ရှာမလို့လုပ်ပါတယ် ။ ဒါပေမယ့်ဆိုင်တံခါးဝနားမှာ ရပ်နေတဲ့ security ကိုမြင်တော့ ကိုယ်အကြံရပြီး သူ့ကိုဖုန်းထိုးပေးပါတယ်..။ Uber can’t find KFC, please tell him to come here လို့ပြောလိုက်ပါတော့တယ်။

သူကတော့ ကိုယ်ပြောတာ နားလည်လားမလည်လားမသိ ဒါပေမယ့် ဖုန်းထဲက ကားသမားနဲ့သူနဲ့အချေအတင်ပြောကြပြီး အတော်ကြာတော့ သူက ကိုယ့်ကို အိုခေလို့ပြောပြီးဖုန်းပြန်ပေးပါတယ် ။ ခဏနေတော့ ရောက်လာပါပြီ အူဘာ ကားသမား ။ စားထားတဲ့ညစာတွေ အစာအိမ်ဘယ်ချောင်ကပ်သွားလဲမသိ ဗိုက်ဆာတာကိုလည်း သတိမရဘဲအထုတ်ပြင်ကြပါတော့တယ်။ အ၀တ်တွေမခြောက်လို့ ကိုယ်ကတော့ အ၀တ်တစ်ထည် စက်ကန့် ၃၀ နှုန်းနဲ့ မီးပူတိုက်ပစ်လိုက်ပါတယ် (အဲလိုပစ်စလတ်ခတ်နိုင်တဲ့ ဆုမြတ်ပေါ့) ၊ ခုလိုအနေအထားမှာ ကိုယ့်အတွက်အရေးကြီးဆုံးက ရထားပေါ်အချိန်မှန်ရောက်သွားဖို့ပဲ ။ ပြန်ရောက်တည်းက check out လုပ်ထားတာမို့ အားလုံးပြီးတဲ့အချိန်အောက်ဆင်းပြီး အူဘာထပ်ခေါ်ကြပြန်ပါတယ်။ တကယ်တော့ ဟော်စတယ်နေရာက အတွင်းထဲကိုရောက်တာမို့ ကိုယ်က reception ကိုပဲ ကား ခေါ်ခိုင်းချင်ပေမယ့် ကိုယ့်သူငယ်ချင်းတွေက အူဘာ နဲ့ အဆင်ပြေလောက်တယ်ဆိုလို့ အူဘာပဲ ခေါ်လိုက်ကြပါတယ်။

ထုံးစံအတိုင်းပဲ ကားသမားဟာ ဟော်စတယ်ကိုရှာမတွေ့ ရာသီဥတုက အေးကအေး ၊အထုတ်တွေအပိုးတွေနဲ့ ကားလိုက်ရှာရတာ သိပ်ကသီလင်တနိုင်ပါတယ်။ ည ၁၁နာရီ သုံးမိနစ်မှာထွက်မယ့်ရထားနဲ့လိုက်မယ့်ကိုယ်တွေဟာ ည ၁၀ နာရီခွဲလုနီးပါးထိ တက်စီပေါ်ကို မရောက်သေးပါဘူး။ ဒါပေမယ့် ဟော်စတယ်နဲ့ ရထားဂိတ်နဲ့ နီးတာရယ် ၊ ရထားစီးလာတာ ၂ ကြောင်းတောင်ရှိပြီဆိုတော့ ဘယ်လိုသွားရမလဲသိနေလို့သာ ရထားပေါ်ကိုချောချောမောမောရောက်သွားတာပါ ။ ရထားပေါ်ကိုရောက်တော့နေရာရှာ အထုတ်တွေပစ်တင်ပြီး သူငယ်ချင်းတွေက စားစရာသောက်စရာပြေးဝယ်ကြပါတယ်။ ရထားပလက်ဖောင်းမှာ ဆိုင်လေးရှိပါတယ် ။ ကိုယ်ကတော့ ရထားတွဲထိန်းတွေရပ်တဲ့နားမှာ ရပ်နေပြီး My friends are coming , my friends are coming ဆိုပြီး သူငယ်ချင်းတွေမလာမချင်းတွဲထိန်းနားမှာပေကပ်ပြီးရပ်နေပါတော့တယ်။ သူငယ်ချင်းတွေလည်း ရထားပေါ်ရောက်ပြီး ဘယ်နှစ်မိနစ်မှမကြာဘူး ရထားလည်းထွက်ပါတော့တယ်။ ခုမှပဲ ကိုယ်လည်းစိတ်ကိုဒုန်းဒုန်းချနိုင်ပြီး နောက်တစ်ခါရထားစီးရင် last minute ရောက်မှအသည်းအသန်မပြေးတော့ဘူး ။ ကြိုပြီးစီစဉ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ် ။

နောက်အပိုင်းမှာတော့ စိန်ပီတာစဘတ်ကိုသွားတဲ့ရထားပေါ်ကအကြောင်း ၊ စိန်ပီတာစဘတ်မှာလျှောက်လည်ကြတဲ့အကြောင်းအပြင် ရထားစီးရင်ကြိုပြင်မယ်ဆိုတဲ့ကိုယ့်ဆုံးဖြတ်ချက်ကြောင့် ဘယ်လိုအတွေ့အကြုံတွေကြုံခဲ့ရသလဲဆိုတဲ့အကြောင်းတွေ ရေးပြဦးမှာမို့ စောင့်မျှော်အားပေးကြပါဦး ။

 

ချစ်ခင်လျက်
ဆုမြတ်



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.