Trans Siberian ခရီးစဉ်-၈

Trans Siberian ခရီးစဉ်-၈

အရင်ပိုစ့်တွေမှာပြောခဲ့သလိုပဲ တော်တော်များများက Ulan Ude ကနေ Irkutsk ကို မနက်ရထားနဲ့သွားလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အနက်ဆုံး fresh water lake ဖြစ်တဲ့ Lake Baikal ကိုရထားပေါ်က မြင်ရမှာမို့လို့ပါ ။ အချိန်သိပ်မရတဲ့ ကိုယ်တွေအတွက်ကတော့ ညရထားပဲစီးခွင့်ရတာမို့ …. Lake Baikal ကို ရထားပေါ်ကနေ မမြင်ခဲ့ရပါဘူး ။ ရထားပေါ်မှာလည်းနွေးနွေးထွေးထွေး သက်တောင့်သက်သာမို့ ရထားပေါ်တက်ကတည်းက အိပ်လိုက်တာ ဘယ်ဘူတာတွေမှာ ရပ်မှန်းတောင်သတိမထားမိဘဲ Irkutsk နားရောက်ခါနီးမှာပဲ နိုးလာပါတော့တယ် ။ Hostel ရောက်မှပဲ ရေမိုးချိုး ကိုယ်လက်သန့်စင်တော့မှာမို့ heat tech တစ်စုံအတွင်းထဲခံဝတ်ပြီး အကျီတွေထပ်မလဲတော့ပါဘူး ။ ရထားချိန်ကလည်းတိကျပါတယ် ။ သတ်မှတ်ထားတဲ့ မနက် ရ နာရီ ၂၀ မှာပဲ Irkutsk ကိုရောက်လာပါတယ် ။

Irkutsk (အီရာကွတ်စ်) ဆိုတဲ့ မြို့လေးက ဆိုက်ဘေးရီးယန်းဒေသရဲ့ အရှေ့ဘက်မှာရှိတဲ့  Angara River မြစ်နားမှာ တည်ရှိတဲ့ မြို့လေးပါ ။ ဒါ့အပြင် ဆိုက်ဘေးရီးယန်းဒေသထဲမှာ လူဦးရေ အများဆုံးရှိတဲ့ မြို့ဖြစ်ပြီးတော့ လူဦးရေ ခြောက်သိန်းနီးပါးနေထိုင်ကြပါတယ် ။ ကိုယ်တွေသွားတဲ့ မေလဆန်းပိုင်းမှာတော့ အမြင့်ဆုံး အပူချိန်က ၉ ဒီဂရီထိရှိပြီး အနိမ့်ဆုံးကတော့ -၃ ဒီဂရီထိရှိပါတယ်။ ကံကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလားပဲ ရထားပေါ်က ဆင်းဆင်းချင်းမှာပဲ နှင်းဖွေးဖွေးလေးတွေကျတာနဲ့တိုးပါတယ် ။ Weather App ကို ကြည့်လိုက်တော့ တစ် ဒီဂရီပဲရှိပါတယ် ။ ရထားနဲ့အမှတ်တရဓာတ်ပုံလေးဘာလေးရိုက်ပြီးတော့ ဂိတ်ကိုရှာပြီးထွက်လာကြပါတယ် ။ Irkutsk-Passazhirskiy station က busy ဖြစ်တဲ့ ရထားဂိတ်တစ်ခုပါပဲ ။ လူသွားလူလာများပါတယ် ။ ဆိုးတာလေးတစ်ခုက ရုရှားက ရထားဂိတ်တော်တော်များများမှာ ဓာတ်လှေကား စက်လှေကားတွေမရှိကြတာပါပဲ ။ လှေကားအမြင့်ကြီးတွေကို အိတ်မပြီး တက်ရတာ တော်တော်ပင်ပန်းပါတယ် ။ အထူးသဖြင့် လက်ဆွဲအိတ်တစ်လုံးပါနေတဲ့ ကိုယ့်အတွက် တော်တော်ကသီတာပါ ။ ဒီမြိ့က မထွက်ခင် အိတ်နှစ်လုံးကို တစ်လုံးဖြစ်အောင် ပေါင်းကိုပေါင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။

ရထားဘူတာ အပြင်ဘက်နားလေးမှာပဲ တက်စီ တွေ့တာမို့ တက်စီပေါ်ပြေးတက်ကြပြီး  Hostel 52°17′ ကိုသွားကြပါတယ် ။ ဒီ Hostel လေးက နာမည်ဆန်းတဲ့အပြင် ခရီးသွားတွေ တည်းနေကျနေရာလေး တခါမှ hostel stay မနေဖူးတဲ့ ကိုယ့်အတွက်တော့ အထူးအဆန်းပါပဲ ။ Hostel က ရထားဂိတ်နဲ့သိပ်မဝေးလှပါဘူး ။ ကားနဲ့ ဆယ်မိနစ်ကျော်လောက်ပဲသွားရပြီးတော့ တစ်ညကို စလုံး ၁၅ ကျပ်ပဲ ပေးရတဲ့ အဆောင်လေးပါ ။ ပေးရတာနဲ့ မတန်အောင် အေးချမ်းသာယာတဲ့နေရာလေးပါ ။ သိပ်ချစ်စရာကောင်းပါတယ် ။  အောက်ကပုံပကတော့ lobby ဧည့်ခန်းလေးကို snap ဖမ်းထားတာပါ ။  ဒီနေ့ ပလန်က အီရာကွက်စ် တစ်မြို့လုံးကို ပတ်ကြမှာဆိုတော့ ရာသီဥတုအေးပေမယ့် ရေမိုးချိုး အလှပြင် ပြီး အပြင်ကိုထွက်လာကြပါတော့တယ် ။

 

အိပ်စင် – credit . Booking.com

ရာသီဥတုက အေးအေးချမ်းချမ်းမို့ သွားရလာရတာလည်းအဆင်ပြေပါတယ် ။ ဒါပေမယ့် မိုးဖွေးဖွေး နှင်းဖွေးဖွေးလေးတွေ တခါတခါကျချင်တော့ ထီးဆောင်သွားရပါတယ် ။ ဟော်စတယ်နဲ့ မနီးမဝေးမှာတင် ဘုရားကျောင်းတစ်ဆောင်တွေ့တာမို့ ၀င်လည်မလို့ စဉ်းစားပေမယ့် အရင်ဆုံး ဗိုက်ဖြည့်ရမယ် ၊ ကိုယ့်အတွက်လက်အိတ်ရှာရမယ် ၊ ဖုန်း sim card ၀ယ်ရမှာမို့လို့ ရှောပင်းမောဘက်ကိုအရင်သွားကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ် ။ လမ်းမှာ Trans Siberian Cafe ဆိုတဲ့ ဆိုင်ကလေးတွေ့တာမို့ ဆိုင်လေးမှာဝင်ပြီး မနက်စာစားကြပါတယ်။ မြေပုံမှာလိုက်ရှာကြည့်တော့ ရှောပင်းမောလ်တွေ့တာမို့ လာခဲ့တဲ့လမ်းအတိုင်းပြန်လာပြီး ဘုရားကျောင်းဘေးဘက်ကို ဆက်သွားကြပါတယ် ။ ဘုရားကျောင်းဘေးဘက်မှာတော့ Irkutsk ရဲ့ အမှတ်အသား အိမ်လှလှလေးတွေ ၊ Lace house လေးတွေရှိတဲ့ Sedova street ဘက်ကိုလျှောက်လာကြပါတယ် ။ Sedova street ဆိုတာ စင်ကာပူရဲ့ Holland Village လိုပဲ စားသောက်ဆိုင်တွေ ၊ ဘားတွေပေါတဲ့နေရာလေးပါ ။ ဒါ့အပြင်သစ်လုံးအိမ်လှလှလေးတွေနဲ့ တည်းခိုခန်းလေးတွေလည်းရှိပါတယ် ။  အိမ်လှလှလေးတွေနဲ့ အပြေးအလွှားဓာတ်ပုံရိုက်ကြပြီး Modnyy Kvartal shopping center ထဲကို ၀င်လာကြပါတယ် ။ Shopping center မှာ လက်အိတ်လိုက်ရှာပေမယ့် ဈေးအရမ်းကြီးတာမို့ မ၀ယ်ဖြစ်ဘဲ ဖုန်းကတ်ပဲဝယ်လာလိုက်ကြပါတယ် ။ ဖုန်းကတ်ကို အပိုပါလာတဲ့ ကိုယ့်ဖုန်းလေးထဲထည့်ပြီး hotspot ဖွင့်သုံးကြပါတယ် ။ ရှောပင်းမောလ်က အပြန်မှာ နှင်းဖွေးဖွေးလေးတွေပါကျလာတော့ နှင်းမမြင်ဖူးတဲ့အရပ်ကကိုယ်တွေအတွက်သာယာတာပေါ့နော် ။

Sedova street ကနေ အောက်ဖက်ကို ဆင်းချလာပြီး ပထမဆုံးတွေ့ခဲ့တဲ့ Raising of the Cross Church ကို သွားကြပါတယ် ။ ဒီဘုရားကျောင်းက ရုရှားမှာ ကိုယ်တွေအတွက် ပထမဆုံးရောက်ဖူးတဲ့ Orthodox ဘုရားကျောင်းပေါ့ ။ ရုရှားရဲ့ အနုပညာလက်ရာအဆင့်အတန်းကို သိသိသာသာမြင်ရပါတယ် ။ တိတ်ဆိတ်တဲ့ ဘုရားကျောင်းထဲမှာ ငြိမ်သက်စွာဆုတောင်းနေကြတဲ့သူတွေကိုလည်းတွေ့ရပါတယ် ။ တစ်နေကုန်လည်းဆက်သွားကြရဦးမှာဆိုတော့ ကျောင်းထဲမှာ ခဏပဲနေဖြစ်ပါတယ် ။  ဘုရားကျောင်းအပြင်ဘက်မှာ တောင်းရမ်းစားတဲ့သူအချို့ကိုတွေ့ပါတယ် ။ ဘုရားကျောင်းကနေ ထွက် လမ်းလေးဖြတ်ကူးပြီး  မြို့ထဲဘက်ကိုဆက်သွားကြပါတယ် ။ Irkutsk က မြို့သေးသေးလို့သာပြောပေမယ့် busy ဖြစ်တဲ့ မြို့လေးလို့ ပြောလို့ရပါတယ် ။ မနက်ခပ်စောစောပေမယ့် လူသွားလူလာများပါတယ် ။ ဒီနေ့အတွက် ပလန်ကတော့ မြို့ထဲလျှောက်သွားကြမှာဆိုတော့ ဘုရားကျောင်းတွေပေါတဲ့ ဖက်ကို လမ်းဆက်လျှောက်လာကြပါတယ် ။ အပြင်ရောက်ပြီးသိပ်မကြာဘူး နှင်းမိုးတွေလေတွေထန်လာပါတယ် ။

credit – http://thetravellingsquid.com/2013/11/14/irkutsk-around-and-about-a-photo-story/

အအေးဒဏ်ကိုအံတုရင်း ဆက်သွားကြပါတယ်။ ပထမဆုံးတွေ့တဲ့ ဘုရားကျောင်းကတော့  နာမည် ကြီး Church of Our Lady of the Assumption ဆိုတဲ့ ဘုရားကျောင်း Irkutsk မှာ ကိုယ့်အနှစ်သက်ဆုံး ဘုရားကျောင်းဆိုရင်လည်း မမှားပါဘူး ။ အရမ်းခမ်းနားထည်ဝါတဲ့ ဘုရားကျောင်းကြီးပါ။ ပိတ်ထားတာမို့ ၀င်ခွင့်မရခဲ့ပေယ့် အပြင်ဘက်မှာ ဓာတ်ပုံတွေအများကြီးရိုက်ဖြစ်ခဲ့ပါတယ် ။ထိုဘုရားကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာတော့  ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့  Spasskaya (Savior) ဆိုတဲ့ Church ပါပဲ ။ အစိမ်းရောင်ခေါင်မိုးလှလှလေးနဲ့လွမ်းချင့်စဖွယ် ဘုရားကျောင်းလေးတစ်ခုပါပဲ ဒါပေမယ့် ပိတ်ထားတာမို့ဝင်ခွင့်မရခဲ့ပါဘူး ။ ဘုရားကျောင်းနောက်ဘက်ကိုဆက်သွားပြီးတော့  ထပ်တွေ့တဲ့ဘုရားကျောင်းတစ်ခုထဲကိုဝင်ပြီး ဓာတ်ပုံတွေရိုက်ကြပါတယ်။ ဒီဘုရားကျောင်းကကိုယ့်အတွက်တော့ ရုရှားရဲ့ အနုပညာအဆင့်အတန်းကို ထင်ထင်ရှားရှားသိမြင်စေတဲ့နေရာလေးပါပဲ ။ ရွှေရောင်တ၀င်းဝင်းနဲ့အနုစိပ်လှပလွန်းတဲ့ဘုရားခန်းဘုရားဝင်တွေ ဘာသာရေးကိုင်းရှိုင်းတဲ့လူတွေ အစရှိသည်ဖြင့် အံ့မခန်းအနုပညာလက်ရာတွေကို မြင်ရတဲ့နေရာလေးပါပဲ ။

Credit – Wiki

 

 

 

တကယ်တော့ကိုယ်တွေအဓိကသွားချင်တဲ့နေရာက Bogoyavlensky (Epiphany) Cathedral ဆိုတဲ့ နာမည်ကြီး ဘုရားကျောင်းကိုပါပဲ ။ Bogoyavlensky (Epiphany) Cathedral  က Irkutsk  မှာအလှဆုံးဆိုပြီးနာမည်ကြီးပါတယ် ။  Ginger bread အိမ်လေးတွေနဲ့တူတဲ့ဒီဘုရားကျောင်းကတော့ချစ်စရာကောင်းလှပါတယ် ။ ဘုရားဝတ်တက်နေကြတာမို့ အနှောင့်အယှက်မဖြစ်အောင် အပြင်ကနေပြီးတော့ လှည့်ပတ်ဓာတ်ပုံတွေရိုက်ပြီး တခြားနေရာဘက်ကိုပဲထွက်လာခဲ့ကြပါတော့တယ် ။ ရာသီဥတုကလည်းသိပ်အေးတယ် နှင်းမိုးတွေလည်းခပ်သည်းသည်းကျလာတော့ အပြင်မှာမနေနိုင်ကြတော့တာလဲပါပါတယ် ။ ဘုရားကျောင်းရှေ့က ပန်းခြံမှာလည်း စစ်ပွဲအမှတ်တရ ထာဝရမီး (eternal flame) နဲ့လည်းအမှတ်တရဓာတ်ပုံတွေရိုက်ကြပါတယ် ။ အစောင့်စစ်သား စစ်သမီးတွေ ဂျူတီချိန်းနေတာတွေ့လို့လဲ ဓာတ်ပုံတွေလိုက်ရိုက်ကြပါတယ် ။

 

ဘုရားကျောင်းကနေထွက်လာပြီးတော့ ခြေဦးတည့်ရာကိုပဲခရီးဆက်လိုက်ကြပါတယ် ။ Angara မြစ်တစ်လျှောက်ဆက်လျှောက်လာကြရင်း irkutsk ရဲ့ လှပတဲ့သစ်သားအိမ်ဟောင်းတွေ အမြောက်အမြားကိုမြင်တွေ့ရပါတယ် ။ ရှောပင်းစင်တာလိုနေရာတစ်ခုမှာ ထမင်းစားကြပြီးနောက် tram စီးရင်းမြို့ထဲကိုလျှောက်ကြည့်ကြပါတယ် ။ ဒီနေ့ ဆက်သွားရမယ့်အဓိကနေရာတော့ Europa House / The Lace House ဆိုတဲ့နေရာလေးပါပဲ ။The Lace House က မြို့ထဲနဲ့နည်းနည်းလှမ်းတော့ ကားစီးပြီးဆက်သွားကြပါတယ် ။ Lace house ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပါပဲ သစ်သားတွေကိုဇာလေးတွေလိုပုံဖော်ထားပြီး အိမ်ကိုအလှဆင်ထားတဲ့ အိပ်မက်ဆန်ဆန်လှပတဲ့ သစ်သားအိမ်လေးတွေစုထားတဲ့နေရာလေးပါပဲ ။ အိုဟောင်းလှတဲ့အိမ်လေးတွေကို ရိုးရာမပျက်ပြုပြင်ထိန်းသိမ်းထားတဲ့ နေရာလေးပေါ့ ။ အိမ်လေးတွေက ပြောမပြတတ်အောင်လှကြပါတယ် ။ အတွင်းမှာလည်း ပြတိုက် နဲ့  ဟော်တယ်ရှိပါသေးတယ် ။ The Lace House မှာနေဖူးတဲ့အတွေ့အကြုံကိုလိုချင်ပေမယ့် ခရီးစဉ်တိုတာမို့ အချိန်မပေးနိုင်ခဲ့ကြတော့ပါဘူး။

 

ညနေကလည်းစောင်းလာပြီမို့ The Lace House ကနေ ရှေ့ဆက်ပြီး Kazan Church ကို လမ်းလျှောက်ပြီးခရီးဆက်ခဲ့ကြပါတယ် ။ Kazan Church က အနီရောင်နဲ့အပြာရောင်ကိုလှလှပပ ရောစပ်ပြီး ထုထည်ကြီးကြီးမားမားနဲ့တည်ဆောင်ထားတဲ့ဘုရားကျောင်းတစ်ခုပါပဲ ။ အပြင်ဘက်က ကြည့်ရင်လှသလိုပဲ အတွင်းဖက်မှာလည်းအင်မတန်လက်ရာမြောက်လှတဲ့လက်ရာတွေနဲ့ပြည့်နှက်နေပါတယ်။ အီရာကွက်စ်ရဲ့ အလှဆုံးသော ဘုရားကျေင်းဆိုရင်လည်းမမှားပါဘူး ။ ကိုယ့်အတွက်တော့ဒီခရီးစဉ်ထဲက သဘောအကျဆုံးဘုရားကျောင်းလေးပါပဲ ။ ဘုရားကျောင်းထဲ အချိန်အတော်ကြာအောင်နေပြီးတဲ့နောက်မှာတော့ တစ်နေ့တာ လည်ပတ်မှုအစီစဉ်ပြီးဆုံးပြီဖြစ်ပါတယ် ။ လမ်းလျှောက် ထရမ်းစီးပြီးတော့ Hostel နဲ့ နီးတဲ့ ရှောပင်းစင်တာတစ်ခုမှာ ညစာစားကြပါတယ် ။ စားပြီးတာနဲ့တက်စီစီးပြီးတော့Hostel ကိုပြန်လာခဲ့လိုက်ကြပါတော့တယ် ။

 

 

 

မနက်စောစောထပြီးတော့ ကိုယ့်ရဲ့အသွားချင်ဆုံးနေရာ dream destination  ဖြစ်တဲ့ Lake Baikal ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ် ။ Lake Bikal ဆိုတာ World deepest fresh water lake … ဆိုက်ဘေးရီးယန်းဒေသရဲ့ အလှဆုံးသောကန်ကြီး ၊ အဆုံးအစမမြင်ရလောက်အောင် ကျယ်ဝန်းတဲ့ ကန်ကြီး ၊ Trans Siberian ခရီးစဉ်ကိုသွားရင် မဖြစ်မနေ၀င်သင့်တဲ့နေရာဆိုပြီး နာမည်ကြီးပါတယ် ။တချို့ကတော့  Lake Baikal ရဲ့ အလယ်တည့်တည့်မှာရှိတဲ့ Okhkon Island မှာ ညအိပ်လေ့ရှိကြပါတယ်။ ကိုယ်တွေကတော့ ဒီနေ့တစ်နေကုန်ကို Baikal မှာအချိန်ဖြုန်းကြမှာပါ ။

Lake Baikal ကိုသွားမယ်ဆိုရင်  Irkutsk မြို့ထဲ ကားဂိတ်ကနေ Listvyanka မြို့လေးကို ကားအသေး နံပါတ် ၅၂၄ ကို စီးပြီးသွားရပါတယ် ။ တစ်နေ့ကိုလေးကြိမ်စီရှိပြီးတော့ အစောဆုံး ရ နာရီကနေ နောက်အကျဆုံး ၆ နာရီအထိရှိပါတယ် ။ တစ်နာရီခန့်ကြာပါတယ် ။  အသွားချင်ဆုံးနေရာကိုသွားရမယ်ဆိုတော့ တက်ကြွပြီးအစောကြီးထကြပါတယ် ။ ပါလာတဲ့မုန့်တွေကိုစား..ပြင်ဆင်ပြီး  Hostel ကနေထွက်လာကြပါတယ် ။ Hostel နဲ့ ကားဂိတ်နဲ့က သိပ်မဝေးတော့ လမ်းလျှောက်ရုံနဲ့ ကားဂိတ်ကိုရောက်လာပါတော့တယ် ။ ကားဂိတ်အနီးကဈေးမှာ ကိုယ်ကတော့လက်အိတ်ဝင်ဝယ်လိုက်ပါသေးတယ် ။ မနက်အစောဆုံးကားနဲ့ Lake Baikal ကိုထွက်လာကြပါတယ်။ တစ်နာရီခန့်ကြာတဲ့အခါမှာတော့  ရောက်လာပါပြီ အရမ်းသွားချင်တဲ့နေရာလေး ။

အဆုံးအစမရှိတဲ့ပင်လယ်ကြီးလိုကျယ်ပြောလှတဲ့ ကမာ့ အနက်ရှိုင်းဆုံးကန်ကြီး သွားချင်လှတဲ့ ကန်ကြီး…. ရေခဲတောင်တွေနောက်ခံနဲ့ စိမ်းပြာနေတဲ့ရေပြင်ကြီး…ရေကလည်းစိမ်းသလို လေကလည်းထန်လှပါတယ် ။ချမ်းလွန်းလို့ ခဏလေးတောင်မှမနေနိုင်လောက်အောင်ပါပဲ ။ အမှတ်တရဓာတ်ပုံလေးတွေရိုက်ပြီးတာနဲ့ အနီးဆုံးကော်ဖီဆိုင်တစ်ခုထဲကို ၀င်ပြေးရပါတော့တယ် ။ အနွေးထည်တွေအထပ်ထပ်ဝတ်ထားပေမယ့် အပြင်ကိုထွက်တာနဲ့ အရိုးခိုက်အောင်အေးလှပါတယ် ။ ဒါပေမယ့်လည်း ခရီးကဆက်ရဦးမှာဆိုတော့အပြင်ကိုထွက်လာပြီး Baikal Fish Market ဈေးတန်းကိုပတ်ကြပါတယ် ။ ဈေးတန်းထဲမှာ ရုရှားအမှတ်တရလက်ဆောင်လေးတွေရမယ်.. Lake Baikal မှာပဲရှိတဲ့ omul ဆိုတဲ့ ငါးအစို အခြောက်တွေရမယ် ရိုးရာစားသောက်ဆိုင်လေးတွေရှိပါတယ် ။ ချစ်စရာကောင်းတဲ့ဈေးလေးမှာ ဓာတ်ပုံတ၀ကြီးရိုက်မယ်မှတ်တော့မှ ကင်မရာကအေးလွန်းလို့ အလုပ်မလုပ်တော့ ဖုန်းနဲ့ပဲရိုက်ခဲ့ရတယ် ။ ဖုန်းထဲက ဓာတ်ပုံတွေကလည်း ဖုန်းအသစ်လဲတုန်း အထားမှားတာ ရှာမတွေ့ဘဲ ပျောက်ကုန်လို့ ကိုယ့်မှာအတော်စိတ်မကောင်းဖြစ်ရတယ် ဒီတော့ရှိတာလဲပဲတင်လိုက်ပါတော့တယ် ။ Baikal မကျေပွဲထပ်နွဲဖို့စဉ်းစားတုန်းပါပဲ ။

 

 

ရိုးရာစားသောက်ဆိုင်လေးတစ်ခုထဲကို ၀င်လိုက်တော့ အရင်ပိုစ့်တွေမှာရေးဖူးတဲ့ ခါခိုရင်းမှာတွေ့ခဲ့တဲ့ အာရှသူနဲ့ သူ့အဖော် ၂ ယောက်…. ဘော်ဒါမှာကြုံလို့ထမင်းကျွေးဖြစ်ခဲ့တဲ့သူတို့ နဲ့ထပ်တွေ့ပါတယ် ။ သူတို့ကတော့ Okhkon Island မှာညအိပ်ပြီး ထုံးစံအတိုင်း မော်စကိုကို ဆက်ကြမှာပါ ။ ကိုယ်တွေကတော့ကြားထဲမှာ နှစ်မြို့ဝင်ဦးမယ် ဒါ့အပြင်ကိုယ်တွေသွားမယ့် route က standard route မဟုတ်တော့….ထပ်တွေ့မှာမဟုတ်တော့တာ သေချာပါတယ် ။ ခဏတာရယ်မောနှုတ်ဆက်ပြီးတော့ စားစရာသောက်စရာတွေမှာကြပါတယ် ။ ဈေးတန်းလေးက ၀ယ်လာတဲ့ omul ငါးတွေကို တ၀ကြီးစားကြပါတယ် ။ ကိုယ်ကတော့အပျော်ဆုံးပေါ့ … ။ စားပြီးတာနဲ့လက်ဆေးပြီး ငါးခြောက်လေးကိုင်ပြီး baikal ကန်စပ်ကိုသွားပြီး selfie ရိုက်ပါတော့တယ် ။ ကိုယ့်ရဲ့  mission တစ်ခု accomplish ဖြစ်တဲ့အမှတ်တရပေါ့။ လေတ၀ူးဝူးတိုက်နေပေမယ့် ကိုယ်ကတော့ သိပ်ပျော်ပါတယ်။ ဘ၀မှာလုပ်ချင်တာလုပ်ရတာ ကျေနပ်စရာအကောင်းဆုံးပဲမဟုတ်ဘူးလား ။

Baikal Station က ကားနံပါတ် ၅၂၄ ရဲ့နောက်ဆုံးမှတ်တိုင်ပါ Listvyanka ရွာလေးကတော့ အဲဒီမတိုင်ခင်မှတ်တိုင်ဆိုတော့ ရွာလေးဘက်ကို uber ငှားပြီးသွားကြပါတယ် ။ တစ်မှတ်တိုင်ဆိုပေမယ့် အတော်လေးသွားကြရပါတယ် ။ သိပ်မကြာခင်မှာတော့ Baikal Museum ကိုရောက်လာကြပါတယ် ။ ပြတိုက်ထဲဝင်ကြည့်ကြပြီး Baikal သမိုင်း ဗီဒီယိုတွေကြည့်ရပါတယ် ။ ထို့နောက်မှာတော့ ပြတိုက်ဘေးက လူသွားလမ်းကနေ cable car ရှိတဲ့တောင်ကိုတက်ကြပါတော့တယ် ။ တောင်က သိပ်မမတ်လှပါဘူး ဒါပေမယ့် မိနစ် ၂၀ လောက်နီးနီးတက်ပြီးတဲ့နောက်မှာတော့ တောင်ထိပ်ကိုတက်တဲ့ cableawy ကိုတွေ့ရပါတော့တယ် ။ မေလမို့ နှင်းတွေအများကြီးမရှိပေမယ့် နှင်းချောစီးလို့ရပါသေးတယ် ။ စီးတဲ့သူတွေလည်းရှိပါတယ် ။ ဒါပေမယ့် ကိုယ်တွေကတော့ တောင်ပေါ်တက်ပြီး Baikal နဲ့Angara River ဆုံတဲ့အလှကိုဝအောင်ကြည့်မယ်ဆိုပြီး စီစဉ်ထားတာမို့ နှင်းချောမစီးဖြစ်တော့ပါဘူး ။ လက်မှတ်ဝယ်ပြီး cable car နဲ့တောင်ပေါ်ကိုတက်လာကြပါတော့တယ် ။ ဘေးပတ်ပတ်လည်မှာတောင်တန်းကြီးတွေအဝေးကိုကြည့်ရင် ရေခဲတောင်ကြီးတွေနဲ့ အတော်လေးသာယာအေးချမ်းလှပါတယ်။

 

 


တောင်ပေါ်ကိုရောက်လာတော့ရေခဲတောင်နောက်ခံနဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ပြီး တောင်စွန်းဘက်ကိုခရီးဆက်ကြပါတယ် ။ cable car ရပ်တဲ့နေရာကနေ ဆယ်မိနစ်လောက်ဆက်သွားရင်ပဲ တွေ့ပါပြီ ….. အရမ်းလှတဲ့နေရာလေး…စာဖွဲ့လို့မကုန်နိုင်လောက်အောင်လှပတဲ့နေရာလေးပါ ။ ပုံလေးတွေသာကြည့်လိုက်ပါတော့ ။ အရမ်းလှလွန်းလို့ ပတ်ဝန်းကျင်ကိုအငေးလွန်… အပြန်မှာတော့ ကိုယ့်ရဲ့အသစ်စက်စက်လက်အိတ်တစ်ဖက်ကျကျန်ခဲ့ပါတော့တယ် ။ တောင်ပေါ်ကနေ ပြန်ဆင်းမှ သတိရပါတော့တယ် ။ တောင်စွန်းနားကပြန်လာပြီးတော့ ဆိုင်လေးတစ်ဆိုင်ထဲဝင်ပြီး မုန့်စားကြပါတယ် …ဘာမုန့်လဲဆိုတော့ရေခဲမုန့် ။ ရာသီဥတုချမ်းချမ်းစီးစီးမှာရေခဲမုန့်စားရတာလည်း အရသာတမျိုးပါပဲ ။ တောင်ပေါ်မှာ အချိန်အတော်ကြာအောင်နေခဲ့ပြီးတော့ cable car နဲ့ ပြန်ဆင်းလာပြီး လာရာလမ်းအတိုင်းပဲ ပြန်လှည့်လာခဲ့ကြပါတော့တယ် ။ ခရီးစဉ်ရဲ့အကောင်းဆုံး အမှတ်တရအဖြစ်ဆုံးနေ့တစ်ခုဆိုရင် မမှားပါဘူး။ အမြဲအမှတ်ရနေမှာပါ ။

Listvyanka ရွာကလေးမှာ ကား  Museum Retro Park လည်းရှိသေးတာမို့ လမ်းလျှောက်ပြီးရွာကလေးဘက်ကိုသွားကြပါတယ် ။ ရွာဘေးမှာစမ်းချောင်းလေးတစ်ခု ညင်ညင်သာသာစီးဆင်းနေပြီး ချစ်စရာကောင်းလှပါတယ် ။ သစ်သားအိမ်လေးတွေ မွန်ဂိုလီးယားဆန်ဆန် ဂါ အိမ်လေးတွေကိုလည်းတွေ့ရပါသေးတယ် ။  Museum Retro Park ကိုတွေ့ပေမယ့် သိပ်စိတ်မ၀င်စားလှတာနဲ့စမ်းချောင်းလေးဘက်ကိုထွက်လာကြပါတယ် ။ ရွာအပြင်ဘက်လေးကိုရောက်တော့ စမ်းချောင်းလေးဘေးနားမှာဆောက်ထားတဲ့ဘုရားကျောင်းလေးကိုတွေ့ပါတော့တယ် ။ စမ်းချောင်းလေး နဲ့ဘုရာကျောင်းလေးက သိပ်ပဏာရလှပါတယ် ။ ဘုရားကျောင်းထဲခဏ၀င်ကြည့်ပြီး ခြံဝင်းလေးထဲမှာ ခဏနားပြီး အမှတ်တရာဓာတ်ပုံတွေရိုက်ကြပါတယ် ။ ဘုရားကျောင်းဝင်းအလှအပကိုခဏတာခံစားကြပြီးတော့ နေလည်းစောင်းလာတာနဲ့ လာရာလမ်းအတိုင်းပြန်လှည့်လာခဲ့ကြပါတယ်။

ပြတိုက်ဘက်ကိုလမ်းပြန်လျှောက်လာပြီး Irkutsk ကိုပြန်မယ့်ကားကိုစောင့်ကြပါတယ် ။ အချိန်အတော်ကြာအောင်စောင့်ပေမယ့် ကားတစ်စီးမှမလာတာမို့ baikal မှတ်တိုင်ထိ လမ်းပြန်လျှောက်ကြပါတယ် ။ စကားတပြောပြောနဲ့သဘာဝအလှကိုခံစားရင် အေးအေးချမ်းချမ်းလမ်းလျှောက်ရတာ အချိန်ကုန်လို့ကုန်မှန်းမသိပါဘူး။ ဒီလိုနဲ့ ကန်ရေပြင်ကိုငေးရင် ရေခဲတောင်ကိုငေးရင်းနဲ့ပဲ Baikal Station ကိုရောက်လာပါတော့တယ် ။ မြို့ထဲကိုပြန်မယ့်ကားလည်းအဆင်သင့်တွေတာနဲ့ ကားပေါ်ကိုတက်လိုက်လာပါတော့တယ်။ အပြန်ကျတော့အသွားတုန်းကလိုနေရာမရဘဲ ပြောင်းပြန်လှည့်ထားတဲ့ ခုံမှာပဲနေရာရပါတယ် ။ ကိုယ့်ရှေ့မှာတော့ရုရှားသူအမျိုးသမီးနှစ်ဦး ။ ကိုယ်လည်းအိပ်ငိုက်လိုက် ပတ်ဝန်းကျင်ကိုငေးလိုက်နေရင်းကနေ ထိုအမျိုးသမီးက ကိုယ့်ကိုလက်တို့ပြီး ကိုယ့်လက်အိတ်ကို လက်ညှိုးထိုးပြပါတယ် ။ လက်ဟန်ခြေဟန်နဲ့ ပြောပြီးတော့  I saw it ဆိုပြီး တဟားဟားရယ်ပါတော့တယ် ။ အဲဒီတော့မှ ကိုယ်သဘောပေါက်တာက သူဟာ ကိုယ့်ရဲ့ကျကျန်ခဲ့တဲ့လက်အိတ်တစ်ဖက်ကို တောင်ပေါ်မှာ တွေ့ခဲ့တယ်လို့ပြောတာပါ .. တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်လက်အိတ်ကခဲရောင်လေးကိုမြင်တော့သူက မှတ်မိနေတာပါ…သူနဲ့ကိုယ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်ကြတာ အတောမသတ်ပါပဲ ။

ဒီလိုနဲ့ပဲ တစ်နာရီလောက်ခရီးသွားပြီးတဲ့နောက်မှာတော့Irkutsk  မြို့ထဲကိုပြန်ရောက်လာပါတော့တယ် ။ အချိန်ကလည်းသိပ်မလင့်သေးတော့ အဲဒီနားက ဈေးတန်းလေးကိုခဏပတ်ကြည့်ပြီး hostel ကိုပြန်လာကြပါတယ် ။ ပြီးတော့မှ ညစာကို စားသောက်ဆိုင်တစ်ခုမှာ စားဖို့ပြန်ထွက်ကြပါတယ် ။ ခရီးစဉ်တစ်လျှောက်ငတ်တယ်ရယ်မဟုတ်ပေမယ့် ကောင်းကောင်းကန်းကန်းမစားရတာ အတော်ကြာပြီမို့ ညစာကောင်းကောင်းစားကြတာပါ ။ ဈေးလည်းအတော်သက်သာပြီးစားလို့ကောင်းလှတဲ့ညစာမို့ ခုထိအမှတ်ရနေဆဲပါပဲ ။ ညစာစားပြီး hostel ကိုပြန်လာကာ ခရီးဆက်ဖို့ပြန်ကြရပြန်ပါတယ် ။ နောက်နေ့မနက် အာရုဏ် ၃ နာရီမှာ ရထားပေါ်ကိုတက်ကြမယ်။ ရထားပေါ်မှာ နာရီ ၅၀ ကျော်နေပြီးရင် Yekatrinburg ဆိုတဲ့မြို့ကိုသွားကြမှာပါ ။

မနက်စောစောထွက်မှာမို့ ကားလည်းအဆင်သင့်စီစဉ်ထားကြပါတယ် ။ အထုတ်နှစ်ထုပ်ဖြစ်နေတဲ့ကိုယ့်ကို တစ်ထုတ်တည်းဖြစ်အောင်သူငယ်ချင်းက ကူပြီးထုတ်ပေးပါသေးတယ် ။ အားလုံးအဆင်သင့်ပြင်ဆင် ၊ရေမိုးချိုးပြီး နားတည်းက တချိုးတည်းအိပ်ပျော်သွားတာ မနက်သူငယ်ချင်းနှိုးမှပဲ နိုးပါတော့တယ် ။ ခပ်သုတ်သုတ်ပြင်ဆင်ပြီး hostel ကနေထွက်လာ တိတ်ဆိတ်နေတဲ့ Irkutsk မြို့ကလေးကိုနှုတ်ဆက်လိုက်ရပါတော့တယ် ။ သယ်လာတဲ့စားစရာသောက်စရာတွေကျန်သေးတာမို့သိပ်တော့စိတ်ပူစရာမရှိ ရထားပေါ်ကိုချောချောမောမောရောက်လာကြပါတယ်။ လီနင်တွေစောင်တွေလည်းအဆင်သင့်မို့ရထားပေါ်တက် နေရာချပြီး ရှေ့ခရီးအတွက်အားယူကာ တရေးတမောပြန်အိပ်လိုက်ပါတော့တယ် ။

နောက်အပိုင်းမှာတော့ရထားပေါ်မှာ နှစ်ညတာ ၊ သဘောကောင်းတဲ့ရုရှားခရီးသွားတွေအကြောင်း ၊ Europe Asia Border ရှိတဲ့ Yekatrinburg မြို့အကြောင်းတွေကိုပြောပြဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးလို့ ၊ အချိန်တွေကြာသွားတဲ့အတွက်လည်းခွင့်လွှတ်ပေးကြပါဦးနော် ။ ပုံဆိုဒ်တွေတအားကြီးလို့ resoultion ချထားလိုက်ပါတေယ်။

ချစ်ခင်လျက်

ဆုမြတ်



1 thought on “Trans Siberian ခရီးစဉ်-၈”

  • ဆုမြတ်နဲ့ တော်ကလျှောက် လိုက်လည်နေတာ ပျော်စရာကောင်းလိုက်တာ….
    ရာသီဥတု ကြမ်းကြမ်း ခရီးကြမ်းကြမ်းမှာ ကျန်းမာနေခဲ့ကြတာ တကယ့်ကို ဆုလာဘ် တစ်ခုပဲ

Leave a Reply

Your email address will not be published.