Trans Siberian ခရီးစဉ်-၆

Trans Siberian ခရီးစဉ်-၆

မနက်အိပ်ရာကနိုးတာနဲ့ ပစ္စည်းတွေသိမ်းပြီး မနက်စာထွက်စားကြပါတယ် ။ မနက်စာကတော့ ထုံးစံအတိုင်း ပေါင်မုန့် ၊ ကော်ဖီ ၊ ရေနွေးကြမ်းပါပဲ ။ ဒီနေ့ အစီစဉ်ကတော့ တစ်နေကုန် ကားမောင်းပြီး Hustai National Park မှာ မြင်းရိုင်းတွေကြည့်မယ် ။ ပြီးရင် အူလန်ဘာထောကိုပြန်ကြမယ် တစ်နေကုန်နီးပါး ကားပေါ်မှာပဲအချိန်ကုန်ကြမှာပါ ။ မနက်ကိုးနာရီလောက်မှာ tourist camp ကနေထွက်လာကြပြီးတော့ နေ့လည် ၁၂ နာရီကျော်လောက်အထိကို ကားလမ်းပေါ်မှာပါပဲ ။ ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း မြက်ခင်းလွင်ပြင်တွေရယ် ခေါင်းမဖော်တမ်းစားနေကြတဲ့ မြင်းတွေရယ်ပဲရှိပါတယ်။ နေ့စဉ်နဲ့အမျှ ထိုမြင်ကွင်းတွေမြင်လာတော့ ပျင်းလာကြတာ အိပ်တောင်ငိုက်ပါတယ် ။ ခဏနေတော့ အလာတုန်းကသွားခဲ့တဲ့ Elsen Tasarkhai  semi sand dune မှာခဏနားပါတယ်။ သူငယ်ချင်းတွေကတော့ sand dune ကိုထပ်သွားကြပါတယ် ။ ကိုယ်ကတော့ ပျင်းလို့ ကားနားမှာပဲနေပြီး ဂိုက်မလေးနဲ့ စကားပြောပြီးနေခဲ့ပါတယ်။

 

Elsen Tasarkhai  semi sand dune
ကားဒရိုင်ဘာ အန်ကယ် တိုညာကို အဝေးကနေလှမ်းရိုက်ထားတာ

အချိန်အတော်ကြာကားမောင်းပြီးတဲ့နောက်မှာတော့ off road ကို ဆင်းသွားပြီး လွင်ပြင်ကျယ်ကြီးတစ်ခုကိုရောက်လာပါတယ် ။ တကယ်တော့ ထိုနေရာက ဟူစတိုင်း National Park နဲ့ အတော်လေးနီးနေပါပြီ ။ ထိုနေရာမှာ ဂိုက်မလေးက နေ့လည်စာပြင်ပေးဖို့လုပ်တော့ ကိုယ်တွေလည်းကူပေးကြပါတယ် ။ အိုးမွှေရတာ ၀ါသနာပါတယ့် အမွှေစိန်ကိုယ်ကတော့ ဘာထည့်ထည့် ဒိုင်ခံမွှေပါတော့တယ် ။ စပါကတီပြုတ်တော့ ဂိုက်မလေးကို အပူလောင်မှာစိုးလို့ အန်ကယ် တိုညာကလည်းဝင်ကူပေးပါတယ် ။ company မတူတဲ့ သူတို့ ၂ ယောက်လုံးဟာ ဒီခရီးမှ စသိကြတဲ့သူတွေဆိုပေမယ့် အန်ကယ်က ဂိုက်မလေးအော့နောကို ညှာတာပါတယ် ။ သူ့သမီးအရွယ်လေးသာရှိတဲ့ ကောင်မလေးမို့လို့ အော့နော့အခက်အခဲမရှိအောင် အန်ကယ်က အမြဲကူညီပေးပါတယ် ။အရင်ပြောခဲ့သလိုပဲ အော့နော့က ကိုယ်တွေထက်တောင် အများကြီးငယ်ပါတယ် ။သူက ခုမှ အသက် ၂၂ ပဲရှိတဲ့ bio medical engineering ကျောင်းသူလေးပါ ။ မိဘတွေလည်း ပြည့်ပြည့်စုံစုံရှိပေမယ့် ၀ါသနာပါလို့ tourist guide လုပ်နေတဲ့သူလေးပေါ့ ။

Lunch Spot
အမွှေစိန် မွှေနေပုံ
လှပတဲ့ရှုခင်းနဲ့ အရသာရှိလှတဲ့နေ့လည်စာ

ပုံမှန်အားဖြင့် စပါကတီတွေကိုမကြိုက်တဲ့ကိုယ်တောင် အော့နော့လက်ရာ စပါကတီကိုတော်တော်ကြွေသွားပါတယ် ။ တစ်နေကုန်ကားပေါ်မှာ ဗိုက်ဆာနေတာရော ၊ အစားကောင်းသောက်ဖွယ်တွေနဲ့ဝေးနေတာရယ်ကြောင့်လည်းပါမယ်ထင်ပါတယ် ။ ဒီရောက်ပြီးမှာ အဲလိုစတိုင် စပါကတီမျိုးလေးခဏခဏထပ်လုပ်စားဖြစ်ပါသေးတယ် ။ စပါကတီက ရိုးရိုးလေးပါ ။ ခေါက်ဆွဲပြုတ် ၊ ခရမ်းချဉ်သီးအနှစ်ကို သီးစုံဘူးလေးဖောက်ထည့် ပြီးရင် တူနာအကြေလေး ထည့်ပြီးနွှေးရုံပါပဲ ။ လွယ်ကူ ရိုးရှင်းတဲ့နေ့လည်စာလေးပေါ့ ။ နေ့လည်စာစားပြီးတဲ့နောက်မှာတော့ Khustai / Hustai National Park ကို Przewalski မြင်းရိုင်းတွေကြည့်ဖို့သွားကြပါတယ် ။

 

National Park ထဲကို ၀င်ဝင်ချင်းပထမဆုံးလုပ်ရတာကတော့ လက်မှတ်ဝယ်ပြီး National park ရဲ့ သမိုင်းကြောင်း video နဲ့ လုပ်ရန် ရှောင်ရန်တွေကိုရှင်းပြတဲ့ main building ကိုအရင်သွားကြရပါတယ်။ Main Building ထဲမှာ ပြတိုက်အသေးလေးရှိပြီးတော့ အမှတ်တရလက်ဆောင်တွေရောင်းတဲ့ဆိုင်လေးတွေရှိပါတယ် ။ ဟူစတိုင်းအမျိုးသားဥယျာဉ်က အထူးကာကွယ်စောင့်ရှောက်ထားတဲ့နေရာတစ်ခုပါ။ နိုင်ငံတကာနဲ့ပူးပေါင်းပြီး wild life workshop တွေ research training တွေလုပ်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ် ။ အပင်မြင့် မျိုးစိတ်လေးရာကျော် ၊ moss မျိုးစိတ် ၉၀ ကျော် ၊ ရေမှော်ရေညှိ မျိုးစိတ်ပေါင်း ၈၀ ကျော်နဲ့ မှိုမျိုးစိတ်ပေါင်း ၃၀ ကျော်ရှိပါတယ် ။ ဒါ့အပြင် သမင်နီ ၊ သိုးရိုင်း စတဲ့ နို့တိုက်သတ္တ၀ါမျိုးစိတ်ပေါင်း ၄၀ ကျော်လည်းရှိပါသေးတယ်။

Przewalski  မြင်းရိုင်းတွေကမ္ဘာပေါ်မှာ ရှားပါးတဲ့ မြင်းရိုင်းမျိုးစိတ်တမျိုးပါ ။ ၁၉၆၀ နောက်ပိုင်းမှာတော့ စိုက်ပျိုးမြေတွေချဲု့ထွင်တာရယ် ၊ အမဲလိုက်ကြလို့ရယ်၊ ရာသီဥတုကြောင့်ရယ် မျိုးတုန်းလုနီးပါးဖြစ်လာပြီး နောက်ဆုံးမှာတော့ Munich နဲ့ ပီရူးမှာ ထင်ရှားတဲ့ မျိုးစိတ် ၂ မျိုးသာကျန်ရှိပါတော့တယ် ။ ၁၉၉၂ နောက်ပိုင်းမှာ ထိုမြင်းထဲက ၁၆ ကောင်ကို မွန်ဂိုလီးယားက ဟူစတိုင်းအမျိုးသားဥယျဉ်ထဲမှာ လွှတ်ပေးပြီး မျိုးဆက်ပြန့်ပွားအောင်ပြန်လည်ကြိုးစားကြပါတယ် ။ ပရောဂျတ်အောင်မြင်လို့ ဟူစတိုင်းမှာ လက်ရှိနေထိုင်နေတဲ့ Przewalski  မြင်းရိုင်းပေါင်း ၃၅၀ အထိရှိနေပါပြီ ။

ဟူစတိုင်း National Park ထဲမှာ
အန်ကယ် တော့ညာနဲ့ အော့နော့
တောင်ကုန်းပြေပြေလေးတွေနဲ့ အတူ ခြောက်သွေ့လှတဲ့ Hustai National Park

National Park ထဲကိုဝင်လိုက်တာနဲ့ မြင်ရတာကတော့ off road မှာ ကား လုံးဝ မမောင်းရဆိုတဲ့ ဆိုင်းဘုတ်တွေပါပဲ ။ အပင်မျိုးစိတ်တွေအများကြီးရှိတယ်ဆိုပေမယ့် ကိုယ်တွေဝင်တဲ့ဘက်မှာတော့ အပင်လုံးဝမရှိဘဲ မြေ၀ါရောင်တောင်တန်းတွေ အနိမ့်အမြင့် စီရရီပါပဲ။ တောင်တန်းပြေပြေလေးတွေမှာလည်းကတ္တရာလမ်းမရှိဘဲ wild life ကို support လုပ်တဲ့ national park ပီပီ အားလုံးကို သဘာဝအတိုင်း ထားပါတယ်။ တကယ်တမ်းဆိုရင် Hustai National Park မှာတင် တစ်နေကုန်နေသင့်ပေမယ့် ကိုယ်တွေကတော့ အူလန်ဘထောကိုအပြန် မြင်းရိုင်းဝင်ကြည့်ရုံပဲဆိုတော့ သိပ်ပြီးတော့လည်းအချိန်မရပါဘူး ။ ဒီတော့ မြင်းရိုင်းရှိမယ့်နေရာကိုကားမောင်းရင်းလိုက်ရှာကြပါတယ် ။ Przewalski  မြင်းရိုင်းနဲ့ domestic horse နဲ့ ဘယ်လိုခွဲရမလဲဆိုတာကို ဂိုက်မလေးက ပြောပြပါတယ် ။ မြင်းအကောင် ၂၀ အထက်တစ်စုတည်းရှိနေရင် ထိုမြင်းတွေဟာ domestic ဖြစ်ပြီးတော့ ၂၀ အောက်ဆိုရင် မြင်းရိုင်းတွေဖြစ်ပါတယ်တဲ့ ။ နောက်ပြီးတော့ Przewalski  မြင်းရိုင်းတွေက အကောင်လည်း နည်းနည်းသေးပြီး အရပ်နည်းနည်းပိုပုပါတယ်။ မြင်းရိုင်းတွေလိုက်ရှာရင်းနဲ့ မွန်ဂိုလီးယား ရှည့်လိုမျိုးအကောင်သေးလေးတွေကိုလည်းတွေ့ရပါသေးတယ် ။

နာရီဝက်လောက် မောင်းပြီးတဲ့အချိန်မှာတော့ Przewalski မြင်းရိုင်းလေးတွေတွေ့ရပါပြီ ။ သူတို့က ခပ်ဝေးဝေးမှာပဲနေတာမို့လို့ အဝေးကပဲ အမှတ်တရဓာတ်ပုံလေးတွေလှမ်းရိုက်ကြရပါတယ်။ ကိုယ့် ကင်မရာ lens က wide angle lens ဆိုတော့ အနီးကပ် zoom ဆွဲမရလို့ မြင်းအနီးကပ်ပုံတော့မရခဲ့ပါဘူး ။ ဒါကတော့ အဝေးကလှမ်းရိုက်တဲ့ပုံကို ဖြတ်ထားတာ ။ (၀ါးတားတားနဲ့) ။ Hustai က wild life animals တွေကိုလှူချင်တယ်ဆိုရင် ဒီအတိုင်းလှူလို့ရသလို  မြင်းရိုင်းကလေး (foal) လေးတွေ နာမည်ပေးပြီး မွေးလို့ရပါတယ် ။ လစဉ်ထောက်ပံ့ကြေးတော့ပေးရမယ်ထင်ပါတယ် ။ Main Building မှာဆိုရင်လည်း အလှူရှင်တွေနာမည်ကိုရေးပေးထားပါသေးတယ် ။ Netherlands အစိုးရက Hustai National Park ကို အများဆုံးထောက်ပံ့လှူဒါန်းထားတယ်ဆိုပြီးရေးထားတာတွေ့ရပါတယ် ။

Przewalski  မြင်းရိုင်း

Main Building မှာ ဗီဒီယိုကြည့်တုန်းပြီးတော့ May your fortune forever flourish ဆိုပြီး ဆုတောင်းလေးနဲ့ ဗီဒီယိုလေးအဆုံးသတ်ပါတယ် ။ Wild life animals လေးတွေအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာတွေ ၊ National park သတ်မှတ်ပြီး wild life ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးတဲ့ Hustai National Park ရဲ့ fortune ကိုလည်း forever flourish ဖြစ်ပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်လိုက်ရပါတော့တယ် ။ ကီလိုမီတာ တစ်ရာအကွာအဝေးမှာရှိတဲ့ မြို့တော် အူလန်ဘထောကိုသွားရပြန်ပါဦးမယ် ။ခရီးစဉ်အစတုန်းက လေဆိပ်ကနေ day trip တန်းထွက်တာမို့ မြို့တော် အူလန်ဘထောကိုမ၀င်ခဲ့ရပါဘူး ။ ခြောက်သွေ့တဲ့ တောင်ကမူတွေ ၊ မြေပြန့်လွင်ပြင်တွေကို ဖြတ်လာပြီးတဲ့နောက်မှာတော့ မြို့တော် အူလန်ဘထောနားကိုချဉ်းကပ်လာခဲ့ပါပြီ ။ မြို့တော်နဲ့နီးလာတာနဲ့အမျှ လူနေအိမ်တွေပိုများလာသလို တိရိစ္ဆာန်လေးတွေလည်း နည်းသထက်နည်းလာပါတယ် ။ အူလန်ဘထောမြို့ဟာ ဆိုဗီယက်လက်ကျန်အဆောက်အဦးတွေနဲ့ တော်တော်ရုပ်ဆိုးတဲ့မြို့ဆိုပြီး blogger တွေပြောတုန်းကတော့ အဲလောက်ထိဆိုးမယ်မထင်ခဲ့ပါဘူး ။ တကယ်တော့ သူတို့ပြောတာအမှန်ပါ ။ မြို့က တော်တော်ရုပ်ဆိုးပါတယ် ။ အထူးသဖြင့် မြို့ပြင်ဧရိယက အဆောက်အဦးတွေပေါ့ ။ လေးထောင့်စပ်စပ်နဲ့ တကယ့်ဆိုဗီယက်ခေတ်လက်ကျန်အဆောက်အဦးတွေပါပဲ ။ ဒါပေမယ့် မြို့ထဲ cosmopolitan area တွေကတော့ သိပ်မဆိုးပါဘူး ။ ဒီဇိုင်းလှတဲ့ အဆောက်အဦးအမြင့်ကြီးတွေရှိပါတယ် ။

ကီလီမိုတာ တစ်ရာနီးပါးဝေးတယ့်အပြင် traffic လည်းရှိတာမို့ အချိန်အတော်ကြာအောင်မောင်းရပါတယ် ။ Majestic Gobi Guest House ကိုရောက်တော့ ညနေတောင်စောင်းနေပါပြီ။ ပါလာတဲ့အ၀တ်တွေကိုလျှော်ဖွပ်လှမ်း ၊ အဆာပြေ ခေါက်ဆွဲပြုတ်စား၊  ရေချိုးပြီးတော့ guest house နဲ့ မနီးမဝေးမှာရှိတဲ့ Genghis Khan Square ကိုလမ်းလျှောက်ပြီးထွက်လာကြပါတယ် ။  ဂိုက်မလေးနဲ့ အန်ကယ်ကတော့ သူတို့ရဲ့ အိမ်ကိုပြန်သွားကြပါတယ် ။ Majestic Gobi Guest house က apartment ဆန်ဆန် တည်းခိုခန်းသေးသေးလေးပါပဲ ။ စုစုပေါင်းမှ အခန်းပေါင်း ၂ ခန်းပဲရှိပါတယ် ။  ၃ ယောက်စာ တစ်ခန်းကို ၂၀-၃၀ ဒေါ်လာသာပေးရပေမယ့် တကယ့်နေရာကောင်းမှာရှိနေတာပါ ။ ရထားဂိတ် ကားဂိတ်နဲ့လည်းနီးတယ် ။ Cosmopolitan area နဲ့လည်းနီးပါတယ် ။ တကယ်တမ်းဆို ကိုယ်တွေအတွက် ဒီည ညစာပါ သူတို့ စီစဉ်ပေးထားပေမယ့်  မစားချင်တော့တာမို့ အပြင်ထွက်ပြီးစားကြတာပါ ။ ပိုင်ရှင် bataar ကတော့ မရှိပေမယ့် receptionist ကောင်မလေးက အားလုံးကူညီပေးပါတယ် ။ဒါ့အပြင် အ၀တ်လျှော်စက်လည်းအလကားပေးသုံးပါသေးတယ်။

Genghis Khan Square ကို တည်းခိုခန်းကနေ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်တော့လမ်းလျှောက်ရပါတယ် ။ လမ်းတစ်လျှောက်မှာလည်း စည်စည်ကားကားနဲ့ ၀တ်ကောင်းစားလှဝတ်ထားတဲ့ ကောင်မလေး ကောင်လေးတွေအများကြီးပါပဲ ။ အူလန်ဘထောက tourist scam ရယ် ခါးပိုက်နှိုက်ရယ်နာမည်ကြီးတာမို့ သတိလေးထားပြီးသွားရပါတယ် ။ မွန်ဂိုလို့ဆိုလိုက်ရင်လူတွေက မျက်နှာကြီးကြီး ပါးနီနီနဲ့ လူတွေနဲ့ မြင်ကြမှာပါ ။ ဒါပေမယ့် တကယ်တမ်းမှာတော့ မြို့တော် အူလန်ဘာထောက လူတွေတော်တော်များများက ကိုးရီးယား တရုတ်ဆန်ဆန်နဲ့ မျက်နှာတွေလည်းသိပ်မကြီးကြဘဲ အားလုံး ခေတ်ဆန်ဆန်ချောချောမောမော လှလှပပတွေပါပဲ ။

Genghis Khan Square

Genghis Khan Square မှာ အမှတ်တရဓာတ်ပုံတွေရိုက်ပြီး ခုံလေးတွေမှာခဏထိုင်ပြီးတဲ့ နောက်မှာတော့ လာလမ်းအတိုင်းပြန်လှည့်လာကာ ညစာစားဖို့လိုက်ရှာကြပါတယ် ။ အသွားလမ်းမှာ KFC ဆိုင်လေးတွေ့ခဲ့တာမို့ မွန်ဂိုလီးယားကြက်ကြော်စားကြမယ်ဆိုပြီး ၀င်စားကြပါတယ် ။ ကြက်ကျော်က အရသာလည်းရှိတဲ့အပြင် Friend’s meal ကို ၃ ယောက်အ၀စားကြရပါတယ် ။ ဒါအပြင် wifi လည်းရတာမို့ ပျော်ပျော်ပါးပါး အွန်လိုင်းတက်ကြပါသေးတယ် ။ မနက်ဖြန်ဆိုရင် ကမ္ဘာအကြီးဆုံး Genghis Khan မြင်းစီးရုပ်နဲ့ ပြတိုက်ကိုသွားလည်ကြမယ် ။ ပြီးရင် မွန်ဂိုရိုးရာအ၀တ်အစားတွေဝတ်ကြမယ် ။ ပြီးရင် Terelj National Park ကိုသွားလည်ကြမယ် ။ Hiking နည်းနည်းလုပ်ရမှာမို့ သက်တော့သက်သာရှိတဲ့ဖိနပ်တွေစီးခဲ့ဖို့ ဂိုက်မလေးမှာထားပါသေးတယ် ။ Guest house ကိုရောက်တော့ အတော်လေးအချိန်လင့်နေပြီမို့ တစ်နေတာအဆုံးသတ်ပြီး နားလိုက်ကြပါတော့တယ် ။

Mongolia KFC
မနက်ခင်း ကော်ဖီ

မနက်နိုးလာတာနဲ့ ရေမိုးချိုးပြင်ဆင်ပြီး မနက်စာစားပြီး ဂိုက်မလေးနဲ့ အန်ကယ်တိုညာ တို့နဲ့ အတူ မွန်ဂိုလီးယား နောက်ဆုံးနေ့ခရီးကိုစတင်လိုက်ကြပါတယ် ။ မနက်ပိုင်းခပ်စောစောမို့ traffic က သိပ်မရှိပါဘူး ။ ပထမဆုံးအနေနဲ့ အူလန်ဘာထောရဲ့ မြို့ပြင်ဘက်မှာရှိတဲ့ Zaisan Memorial ကျောက်တိုင်ကိုသွားကြပါတယ် ။ ဒုတိယကမ္ဘာစစ်မှာဆုံးသွားကြတဲ့ ဆိုဗီယက်စစ်သားတွေအတွက်အမှတ်တရ တည်ထားတဲ့ ကျောက်တိုင်ပါ ။ ထိုကျောက်တိုင်တည်ရှိတဲ့ တောင်ကုန်းလေးပေါ်ကနေပြီး  မြို့တော် အူလန်ဘာထော ရဲ့ မလင်းတလင်းမနက်ခင်း panorama view ကတော့ မြင်တဲ့အတိုင်းပါပဲ ။ Spring လိုရာသီဥတုမျိုးမှာတောင် မြူထူသယောင်ယောင်ပါ ။ ရာသီဥတုကတော့ အနည်းငယ် အေးပါသေးတယ် ။ ဒါပေမယ့် တောင်တက်လိုက်တာရယ် နေမြင့်လာတာရယ်ကြောင့်သာ နေသာထိုင်သာရှိတာပါ အနွေးထည်တော့ဝတ်ထားရဆဲပါပဲ ။


မြို့တော် အူလန်ဘာထောရဲ့ မနက်ခင်း
Zaisan Memorial

တောင်ပေါ်ကနေဆင်းလာပြီး နာရီဝက်ကျော်လောက်ကားမောင်းပြီးတဲ့နောက်မှာတော့ စတီးနဲ့ပြုလုပ်ထားတဲ့  Majestic Genghis Khan  မြင်းစီးရုပ်ထုကိုရောက်လာပါတယ် ။ ဂျင်ဂျစ်ခန် မြင်းစီးရုပ်ထုကြီးကို  ၂၀၀၈ ခုနှစ် – မွန်ဂိုအင်ပါယာကို တည်ထောင်တဲ့ နှစ် ၈၀၀ အထိမ်းအမှတ် အနေနဲ့ တည်ထားခဲ့တာပါ ။ မီတာ လေးဆယ် အမြင့်ရှိပြီးတော့ စတီးတန်ပေါင်း ၂၅၀ တန် အလေးချိန်ရှိပါတယ် ။ ထိုရုပ်ထုဟာလည်းကမ္ဘာအကြီးဆုံး မြင်းစီးရုပ်ထုတစ်ခုဖြစ်ပါတယ် ။ ပထမဆုံးအနေနဲ့ ပြတိုက်ထဲကိုဝင်ပြီး history ဗီဒီယိုကိုကြည့်ကြပါတယ် ။ ကြည့်ပြီးတာနဲ့ ပြတိုက်ကိုလှည့်ပတ်ကြည့်ပြီး အမှတ်တရာဓာတ်ပုံရိုက်လို့ရတဲ့နေရာမှာ ဓာတ်ပုံတွေရိုက်ကြပါတယ် ။

ထုံးစံအတိုင်း ပြတိုက်ထဲမှာတော့ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး ။ ပြတိုက်ကိုကြည့်ပြီးတာနဲ့ မြင်းစီးရုပ်ထုရဲ့ အပေါ်ကိုတက်ကြပါတယ် ။ အတွင်းဖက်ကနေ ဓါတ်လှေကား မြင်းရုပ်ရဲ့ ရင်ဘတ်အထိတက်ပြီးတော့ လည်ပင်းကိုဖြတ်လျှောက်လာပြီးတော့ viewing area ရှိတဲ့ မြင်းခေါင်းကိုရောက်လာပါတယ် ။ viewing area ကနေ ရုပ်ထုတည်ရှိတဲ့ Tuul  မြစ်ကမ်း ပတ်ဝန်းကျင်တစ်ခုလုံးကို panorama view  မြင်ရပါတယ် ။ သာသာယာယာရှိလှပေမယ့် လေတအားထန်လို့ ခဏပဲနေနိုင်ပါတယ် ။ အောက်ကိုပြန်ဆင်းလာတဲ့အခါမှာတော့  မွန်ဂိုရိုးရာဝတ်စုံငှားဝတ်ပြီး အမှတ်တရာဓာတ်ပုံရိုက်ကြပါတယ် ။ ၀တ်စုံဝတ်ပြီး ဖိနပ်ကြီးနားမှာ ရပ်ပြီး ဓာတ်ပုံအရိုက်ခံပါတယ် ။ ရိုးရာဝတ်စုံဝတ်ပြီး ဓာတ်ပုံအရိုက်ခံနေတဲ့ ကိုယ်တွေကို တခြားဧည့်သည်တွေကလည်း သဘောတကျကျနဲ့ အမှတ်တရာဓာတ်ပုံတွေဘာတွေဝင်ရိုက်သွားကြပါသေးတယ် ။ ပြီးရင် souvenir ဆိုင်မှာ အမှတ်တရလက်ဆောင်လေးတွေဝယ်ကြပါတယ် ။

Genghis Khan မြင်းစီးရုပ်ထု


မွန်ဂိုရိုးရာဖိနပ်အကြီးကြီး

 

အပေါ်က ပုံက မြင်းခေါင်းကနေ ဂျင်ဂျစ်ခန်ရုပ်ထုကိုလှမ်းရိုက်ထားတာ .. ဒီပုံကတော့ မြင်းခေါင်းကနေ မြင်ရတဲ့ view

နေကလည်းအတော်မြင့်လာပြီမို့ Genghis Khan ရုပ်ထုကြီးကိုနှုတ်ဆက်ပြီး Terelj National Park ကိုသွားဖို့ပြင်ဆင်ကြပါတယ် ။ Terelj National Park ကလည်း ရုပ်ထုနဲ့ မနီးမဝေးမှာရှိတာမို့ နာရီဝက်လောက်ပဲသွားရပါတယ် ။ Gorkhi-Terelj National Park  အမျိုးသားဥယျဉ်က တော်တော်လေးလှတဲ့ ဥယျဉ်ကြီးတစ်ခုပါ ။ ကောင်းကင်ပြာပြာကြီးအောက်မှာ ကျောက်တုံးကြီးတွေ တောင်တန်းကြီးတွေ မြေ၀ါဝါကြီးတွေ ger ဖြူဖြူလေးတွေနဲ့ တော်တော်လှတာပါ ။ ဒါပေမယ့် ဆိုးတာတစ်ခုက ပြီးအောင်မဆောက်ထားတဲ့ အဆောက်အဦးရုပ်ဆိုးဆိုးကြီးတွေ နေရာအနှံအပြားရှိနေတာပါပဲ ။ အရင်သွားခဲ့တဲ့  National park တွေက မြို့ပြနဲ့ နည်းနည်းဝေးလို့ အဆောက်အဦးရုပ်ဆိုးဆိုးတွေမရှိပါဘူး ။ Terelj ဥယျဉ်ကတော့ မြို့ပြနဲ့ နီးပြီး လူအသွားများလို့ tourist တွေအတွက်အဆောက်အဦးတွေဆောက်.. မပြီးသေးဘဲ ပစ်ထားကြနဲ့ National park ရဲ့ အလှကို အကျည်းတန်စေတာပါ ။

ဥယျဉ်ရဲ့ တောင်ဘက်ပိုင်းတွေကပဲ tourist တွေအတွက် ဆိုင်တွေ ger တွေရှိပါတယ် ။ National park ရဲ့ တခြားနေရာတွေကတော့ အခုအချိန်ထိ သွားရလာရခက်ခဲတုန်းပါပဲ ။ လမ်းတွေဆိုရင်လည်းမြေသားလမ်းတွေပဲရှိပါတယ် ။ နာမည်ကြီး  turtle rock ၊ Khagiin Khar ကန် ၊ Yestii ရေပူစမ်း ၊ မြင်း ၊ ကုလားအုတ်စီးတဲ့နေရာတွေ ၊ သိမ်းငှက်တွေကြည့်လို့ရတဲ့နေရာ အစရှိတဲ့ တခြားနေရာတွေလည်းအများကြီးရှိပါတယ် ။ ကိုယ်တွေကတော့ အချိန်လည်းသိပ်မရတာကြောင့် တိဗက်ဘုရားရှိခိုးကျောင်းလေးဆီကိုပဲသွားကြတာပါ။ တချို့ဆိုရင် ဒီဥယျဉ်ထဲမှာ ညအိပ်ညနေနေကြပါသေးတယ် ။ နဂိုပလန်အရဆိုတာ ဒီမှာ တစ်ညအိပ်ပြီးတော့ နောက်ရက် ညဘက်ထွက်မယ့်ရထားကိုစီးပြီး ရုရှားကိုသွားကြမှာပါ ။ ခုတော့ အချိန်ပိုရအောင် ကားစီးမှာဆိုတော့ ခဏပဲလည်နိုင်တာပါ ။

 

တောင်တန်းလှလှလေးတွေဆီကနေထွက်လာပြီးတော့ ger လေးတွေအများကြီးရှိတဲ့ တောင်ဘက်စွန်းမှာ ဂိုက်မလေးက နေ့လည်စာလိုက်ကျွေးပါတယ် ။ နေ့လည်းစာကတော့ ထုံးစံအတိုင် မွန်ဂိုရိုးရာစားစရာနဲ့ ရေနွေးကြမ်းပါပဲ ။ ဂိုက်မလေးစားတဲ့အမဲသားဟင်းက စားကောင်းမယ့် ပုံပေါ်လို့ သူငယ်ချင်းတွေက အမဲသားဟင်းပါ ထပ်စားကြပါသေးတယ်။ သူတို့အမဲသားက အရမ်းစားကောင်းတယ်လို့ပြောကြပါတယ် ။ လတ်လတ်ဆတ်ဆတ်နဲ့ တော်တော်အရသာရှိပါတယ်တဲ့ ..။ တစ်ဆောင်းတွင်းလုံး မီးလင်းဖိုနားမှာ dehydrate လုပ်ထားတဲ့အမဲသားခြောက်တော့ မတွေ့လို့ မစားခဲ့ရပါဘူး …။ ကိုယ်ကတော့ သစ္စာရှိရှိ ကြက်သားဟင်းပဲ ။ ဒီနေ့လည်စာဟာ မွန်ဂိုမှာစားမယ့် နောက်ဆုံးနေ့လည်စာပါ ။ မနက်ဖြန်ဆိုရင် ရုရှားကိုသွားရပြီလေ ။

နောက်ဆုံးနေ့လည်စာ

 

ချစ်စရာဂိုက်မလေး..အချောလေး

 

အရပ်အရှည်ကြီးနဲ့သိပ်ခန့်တဲ့ အန်ကယ် ဒရိုင်ဘာ

 

တိဗက်ဘုန်းကြီးကျောင်းကိုသွားရာလမ်း

တိဗက်ဘုန်းကြီးကျောင်းလေးက အရမ်းကိုသာယာလှပါတယ် ။ သွားရာလမ်းတစ်လျှောက်မှာလည်း buddha ရဲ့ ဆိုဆုံးမစကားတွေကို ဆိုင်းဘုတ်လေးနဲ့ရေးထားပါတယ် ။  ကျောင်းဆောင်လေးမှာလည်း ဗေဒင်ဟောတဲ့ ပုံစံမျိုး prayer wheel လေးရှိပါတယ် ။ အပေါ်မှာဂဏန်းလေးတွေရှိပါတယ် ။ ဆုတောင်းပြီးတော့ wheel ကိုလှည့် wheel ရပ်သွားတဲ့ ဂဏန်းဟာ ကိုယ့်ရဲ့ ဒီနှစ်အတွက်ကံကြမ္မာပါပဲ ။ အဲဒီဂဏန်းကိုမှတ်ပြီး ထိုနားက board မှာလိုက်ရှာပြီး ကံကြမ္မာကိုဖတ်ရပါတယ် ။ တောင်ကုန်းပြေပြေလေးတွေကို ၁၀ မိနစ်လောက်လျှောက်လာပြီးတာနဲ့ နာမည်ကြီး တိဗက်ဘုန်းကြီးကျောင်းကို တက်မယ့်လှေကားကိုရောက်လာပါပြီ ။ လှေကားက နည်းနည်းတော့ မတ်စောက်ပါတယ် ။ ဒါ့အပြင် မွန်ဂို scale  ကြည့်ရင် လူထူထပ်တယ်လို့လည်းပြောလို့ရပါတယ် ။ ပုံမှန်ဆို လူထက် မြင်းကိုပိုတွေ့ရတဲ့တိုင်းပြည်ပါ ။ မိသားစုတွေအပြင် အုပ်စုလိုက်လာကြတဲ့ ကျောင်းသားလေးတွေအများကြီးပါပဲ ။ tourist ရာသီမဟုတ်သေးလို့ ကိုယ်တွေလို ခရီးသွားတွေတော့နည်းပါသေးတယ်။

ပတ်ဝန်းကျင်က စာဖွဲ့မမှီအောင်သိပ်လှတာပါ ။ ဒါတောင် spring မို့လို့ပဲ ။ သစ်ရွက်တွေအရောင်ပြောင်းတဲ့အချိန်ဆိုရင် တစ်တောလုံးတစ်တောင်လုံး ရွှေဝါရောင်သန်းပြီးသိပ်လှပါတယ်တဲ့ ။ နှင်းကျတဲ့အခါလည်းဖွေးဆွတ်နေတာပါပဲဆိုပြီး ဂိုက်မလေးကပြောပြတာမို့ spring လာမိတာတောင် နောင်တရချင်သလိုလိုပါပဲ ။ ဒါပေမယ့် သိပ်လှပါသေးတယ် ။ ဟိုးအဝေးမှာ စီရရီနေတဲ့ တောင်တန်းကြီးတွေ၊ ကျိုးတိုးကျဲတဲပေါက်နေတဲ့ အပင်နီကြီးတွေနဲ့ ဘယ်လိုလှလို့လှမှန်းမသိပါဘူး ။ လှေကားတွေကိုတက်လာပြီးတဲ့နောက်မှာတော့ တိဗက်ဘုရားကျောင်းထဲကိုဝင် ဘုရားရှိခိုး ၊ ပတ်ဝန်းကျင် အလှအပကိုခံစားပြီး prayer wheel လေးတွေလှည့်ကြပါတယ် ။ ဘုရားကျောင်းဘေးနားမှာရှိတဲ့ နောက်ဘုရားကျောင်းတစ်ဆောင်ကိုသွားကြည့်ပြီးတော့ လာလမ်းအတိုင်းပဲ ပြန်ဆင်းလာကြပါတယ် ။

 

 

ဒီနှစ်အတွက်ကံကြမ္မာ
ဆောင်းရာသီအလှ credit : HappyMongolia.net

 

တောပန်းလေးနဲ့အတူ

အပြန်လမ်းမှာတော့ တာပန်းလေးတွေတွေ့လို့ အမှတ်တရာဓာတ်ပုံလေးရိုက်လိုက်ပါသေးတယ် ။ ဒီနေ့ဟာ မွန်ဂိုမှာနေမယ့်နောက်ဆုံးညပဲဆိုတော့ စိတ်ထဲမှာရှေ့ဆက်ရမယ့်အတွက် ပျော်သလိုလို…ခွဲရမယ့်အတွက်ပဲ ၀မ်းနည်းသလိုလိုနဲ့ ခံစားချက်တမျိုးကြီးပါပဲ ။ ကားပေါ်ကိုရောက်တော့ ဂိုက်မလေးက သော့တွဲလေးလက်ဆောင်ပေးပါတယ် ။ ဂိုက်မလေးနဲ့ အန်ကယ်ကိုလည်း ပေးမယ်လို့သတ်မှတ်ထားတဲ့ tips ထက် အများကြီးကိုပိုပေးလိုက်ကြပါတယ် ။ ဒီခရီးလေးဟာ ပိုက်ဆံပေးထားတယ်ဆိုပေမယ့် သူတို့နှစ်ယောက်ရဲ့အကူအညီနဲ့မို့လို့ ချောချောမွတ်မွတ်ပြီးဆုံးရတာပါ ။ မွန်ဂိုကိုလာရတာ အိမ်သာလေးတစ်ခုအဆင်မပြေတာကလွဲရင် အစစအရာရာပြီးပြည့်စုံပါတယ် ။ နောက်တစ်ချိန်ကျရင်လည်း အနည်းဆုံးတစ်ခေါက်လောက်တော့ ဖြစ်အောင်သွားပြီး Gobi တို့ ၊ တောင်ပိုင်း မြောက်ပိုင်းတို့ကိုနှံအောင်လည်ချင်ပါသေးတယ် ။

 

ဂိုက်မလေးပေးတဲ့လက်ဆောင်သော့တွဲလေး

ညနေ မစောင်းခင်ဘဲ Ulaanbaatar ကိုပြန်ရောက်လာပါတယ် ။နောက်ပြီးတော့ ဂိုက်မလေးနဲ့ စကားပြောရင်းကနေ မွန်ဂိုရဲ့ celebrity တွေအကြောင်းရောက်သွားပါတယ် ။ ကိုယ်သိပ်သဘောကျတဲ့ Miss World Mongolia, Bayra Bela အကြောင်းပြောပြတော့ ဂိုက်မလေးက သူနဲ့ Bela နဲ့သိတယ်လို့ပြောပါတယ် ။ သူ့ကို စာရေးပေးလိုက်ပါတဲ့ သူ Bela ကို ပေးပေးမယ်လို့ပြောတော့ ကိုယ့်မှာ မယုံနိုင်လောက်အောင် အံအားသင့်လို့ ။ ဒီလိုနဲ့ ဂိုက်မလေးကို Bela အတွက် စာတိုတစ်စောင်ရေးပေးပြီး  ခဏနားကာ အပြင်ကိုပြန်ထွက်ကြပါတယ်။ဂိုက်မလေးကို ကျေးဇူးတင်ကြောင်းပြောပြီးတော့ Genghis Khan ရုပ်ထုနားက စာတိုက်ကြီးရှေ့မှာလက်ပြနှုတ်ဆက်လမ်းခွဲကြပါတယ်။ဂိုက်မလေးနဲ့က Facebook မှာလည်း သူငယ်ချင်းဖြစ်သွားပြီဆိုတော့ နောက်တစ်ခါလာလည်ရင် ဆက်သွယ်မယ်လို့လည်း ကတိပေးလိုက်ပါသေးတယ် ။

အော့နောနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ စာတိုက်ကြီးထဲကိုဝင်ပြီးတော့ သူငယ်ချင်းတွေဆီကို postcard ပို့ကြပြီး အမှတ်တရလက်ဆောင်သေးသေးလေးတွေဝယ်ကြပါတယ် ။ မနေ့ကတော့ night light တွေနဲ့လှနေတဲ့ Genghis Khan Square က ဒီနေ့တော့ နည်းနည်း ခြောက်ကပ်နေသလိုပါပဲ ။ square ကနေထွက်လာပြီး Choijin Lama Temple Museum ကို လိုက်ရှာကြပါတယ်။ ဒီနေ့က temple က ပိတ်ထားတဲ့အပြင် ဓာတ်ပုံပါ ပေးမရိုက်တာမို့ ခဏလေးနဲ့ပဲ ပြန်ထွက်လာခဲ့ကြပါတယ် ။

နောက်ပြီးတော့ အနီးအနားမှာရှိတဲ့ shopping mall တစ်ခုကိုဝင်ပြီး အဆာပြေစားကြပါတယ် ။ သူငယ်ချင်းရဲ နေကာမျက်မှန်က ခရီးသွားရင်း ကျိုးသွားလို့ မျက်မှန်အသစ်တစ်ခုဝယ်ပါတယ် ။ ပြီးရင် မက်မုန်သီးတွေဝယ်ပြီး ချမ်ချမ်းစီးစီးညနေခင်းမှာ shopping center ဘေးနားက ခုံတန်းလေးမှာထိုင်ပြီး အူလန်ဘာထောရဲ့ ညနေခင်းအလှကိုခံစားကြပါတယ် ။ မြို့ကြီးပြကြီးဆိုတော့ ဘီဇီးဖြစ်ပါတယ် ။ ဒါပေမယ့် ဂျပန်တို့ စင်ကာပူတို့နဲ့ယှဉ်ရင်တော့ တော်တော်လေးကို လူနည်းတယ်ပြောလို့ရပါသေးတယ် ။ ခပ်ဝေးဝေးမှာမြင်ရတဲ့ church တစ်ခုကိုသွားမယ်စဉ်းစားကြပေမယ့် ရုရှားရောက်ရင် church တွေချည်းပဲသွားလည်ကြဦးမှာမို့လို့ တည်းခိုခန်းဘက်ကိုပဲလမ်းလျှောက်လာကြပါတယ် ။ မိနစ် ၂၀ လောက်လမ်းလျှောက်ပြီး ဟိုကြည့်ဒီကြည့်လုပ်ပြီးတဲ့အခါမှာတော့ ဗိုက်က ဆာလာပြန်တာမို့ စားစရာလိုက်ရှာကြပြန်ပါတယ်။

သွားရင်းလာရင်းတွေ့တဲ့ ချယ်ရီတွေ …သိပ်လှတာပဲ

ခပ်လှမ်းလှမ်းမှာ စားသောက်တန်းလေးတွေ့တာမို့ စားသောက်တန်းဖက်ကိုရောက်သွားကြပါတယ် ။ မွန်ဂိုအစားအစာတွေက အစပ်မပါသလောက်အဖြူထည်မို့လို့ ရာသီဥတုအေးအေးမှာ ပူပူစပ်စပ်စားရအောင် တရုတ် hot pot ဆိုင်ထဲကိုရောက်သွားကြပါတယ် ။ ဆိုင်ကတော်တော်ကြီးခမ်းနားပါတယ် ။ ကိုယ်တွေလက်ထဲမှာလည်း မွန်ဂိုပိုက်ဆံက တော်တော်နည်းနေပြီမို့ လောက်ပါ့မလားတောင်စိုးရိမ်မိကြပါသေးတယ် ။ စားကြမယ်လုပ်တော့ မာလ hot pot တစ်အိုး ၊ ရိုးရိုး beef / pork based soup တစ်အိုးမှာလိုက်ကြပါတယ် ။ Menu ကြည့်ပြီး စားစရာတွေမှာ ထွက်လည်းလာရော ပွဲတွေကြီးလိုက်တယ့်ဖြစ်ခြင်း ၊ မွန်ဂိုရဲ့ဟင်း portion တွေအရမ်းကြီးတာကို မေ့ပြီးတော့ ဟင်းပွဲတွေအများကြီးမှာလိုက်ကြတာ ၃ ယောက်သား နင့်နေအောင်စားကြတာတောင် မကုန်ပါဘူး ။ ဘယ်လိုမှဗိုက်မဆန့်လို့ တ၀က်တပျက်နဲ့ ထားခဲ့လိုက်ရပါတယ် ။ ပိုက်ဆံရှင်းတော့လည်း sgd နဲ့ တွက်ရင် ၃၀ လား ၄၀ လားပဲကျပါတယ် ။ (သေချာမမှတ်မိ ဒါပေမယ့် တော်တော်ဈေးတန်ပါတယ်)

အရွက်စုံ
မာလ
၃ ယောက်သား အပီတွယ်ခဲ့ကြတယ့် ဟင်းတွေပေါ့

 

စားသောက်ပြီးလို့ တည်းခိုခန်းကိုပြန်လာတော့ တည်းခိုခန်းမှာ Baatar အပါအ၀င် ဧည့်သည်တွေအများကြီးရောက်နေပါတယ် ။ သူတို့က road trip ထွက်ပြီး ပြန်လာပြီး ဒီမှာခဏနားကာ နောက်နေ့ရထားနဲ့ ရုရှားကို ကူးကြမယ့်သူလား ဒါမှမဟုတ် တရုတ်ပြည်ကိုကူးကြမယ့်သူတွေလားမသေချာပါဘူး ။ အားလုံးအဆင်ပြေအောင် စီစဉ်ပေးတဲ့ Baatar ကို ကျေးဇူးတင်ကြောင်းပြောပြီး တခြားဧည့်သည်တွေကိုကိုယ်တွေလည်းဂရုမစိုက်အားပါဘူး ။ မနက်ဖြန်မနက် 7:30 ထွက်ရမယ့် ခရီးအတွက် အထုတ်တွေပြင် ၊ လျှော်ထားတဲ့အ၀တ်တွေသိမ်းကြရပါတယ် ။ မနက်ဖြန်အတွက်စိတ်လှုပ်ရှားပြီး ညကျတော့ တော်တော်နဲ့အိပ်မပျော်ပါဘူး ။

ဒီကြားထဲပြသနာလေးတစ်ခုရှိတာက Baatar က ကားလက်မှတ်ဝယ်ပေးထားပေမယ့် သူငယ်ချင်း ၂ ယောက်ရဲ့လက်မှတ်တွေမှာ နာမည်နဲ့ passport နံပါတ်လေးတွေလွဲနေပါတယ် ။ Baatar ကိုပြန်ပြင်ပေးဖို့အကူညီတောင်းပေမယ့် ပြင်လို့မရနိုင်ဘူး မှားရင်လည်း  ပြသနာမရှိဘူးဆိုပြီးပြောလို့ သူငယ်ချင်းတွေက စိတ်တောင်တိုကြပါသေးတယ်။ မှန်တာကိုဝန်ခံရရင် ကိုယ့်လက်မှတ်ကတော့ ပြသနာမရှိပေမယ့် သူငယ်ချင်းတွေအတွက်စိတ်ပူမိတယ် ။ ရုရှားက တင်းကျပ်တဲ့တိုင်းပြည်ဆိုတော့ အလွဲအချော်လေးတွေမဖြစ်စေချင်ဘူးလေ ။ ရထားပေါ်မှာစားမယ့် အစားအစာ ၊ လိုအပ်တဲ့ တစ်ရှုးတွေကို road trip က ပြန်လာတဲ့နေ့တည်းက ၀င်ဝယ်ခဲ့တာမို့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ ။

အရင်ပိုစ့်တွေမှာပြောခဲ့သလိုပဲ ရထားနဲ့မသွားဘဲ ကားနဲ့သွားတာ risk များပါတယ် ။ ဘာ risk  တွေရှိလဲဆိုတော့ ကားပျက်တာဖြစ်နိုင်တယ် ၊ ကားလမ်းဆိုတော့ အန္တရယ်ရှိနိုင်တယ် ၊ ကားပျက်လို့ မမှီရင် ဆက်တိုက်စီစဉ်ထားတဲ့ ရထားချိန်လွတ်နိုင်တယ် ၊ ကားကနေ ရထားကိုပြောင်းတဲ့အချိန်မှာ လမ်းပျောက်တာတွေဖြစ်နိုင်တယ် စတဲ့ risk တွေပါပဲ ။ ဒါပေမယ့် ရထားနဲ့သွားရင် irkutsk မြို့ကို ၃၁ နာရီလောက်ကြာမှာဖြစ်ပြီးတော့  ကားနဲ့ဆိုရင် ၂၀ နာရီလောက်နဲ့ ရောက်နိုင်ပါတယ် ။ နောက်ပြီးတော့ ရထားက ညရထားပဲရှိတော့ တစ်နေကုန် အချိန်ပုတ်မှာစိုးတာရယ်…ကားနဲ့ဆိုရင် တစ်ရက်စောပြီးရောက်နိုင်တဲ့အတွက် ကားကိုပဲရွေးကြခြင်းပါ ။  ဥပမာ မေလ ၂ ရက်နေ့ မနက် 7:30 မှာ မွန်ဂိုကနေ ကားနဲ့ထွက်လာရင် ရုရှားရဲ့(Irkutsk မြို့ကို) မေလ ၃ ရက်နေ့ မနက် 7:20 နာရီမှာရောက်သွားမှာပါ။ ရထားနဲ့ဆိုရင် မေလ ၂  ရက်နေ့ ညနေပိုင်းမှ မွန်ဂိုကနေထွက်လာပြီး Irkutsk ကို မေလ ၄ ရက်နေ့ မနက် ၆ နာရီမှ ရောက်နိုင်မှာပါ ။   အချိန် ၂၄ နာရီလောက်ကွာတာမို့ ကားကိုပဲရွေးလိုက်ကြတာပါ ။ အစစအရာရာအဆင်ပြေဖို့ ဆုတောင်းကြရင်း မွန်ဂိုနောက်ဆုံးနေ့လေးကို အဆုံးသတ်လိုက်ကြပါတော့တယ် ။

မနက်လင်းတော့ ပေါင်မုန်နဲ့ကော်ဖီ မနက်စာစားကြပါတယ် ။အောက်မှာတော့ အန်ကယ် တိုညာက လိုက်ပို့ဖို့အဆင်သင့်စောင့်နေပါတယ် ။  မနက် ခြောက်နာရီခွဲအတိမှာပဲ Majestic Gobi ကနေထွက်လာကြပါတယ် ။  Dragon Center ကားဂိတ်ကိုရောက်လာတော့ ကားကိုလိုက်ရှာပြီး အိတ်တွေအဆင်ပြေအောင် အန်ကယ်တိုညာကပဲစီစဉ်ပေးပါတယ်။ လိုက်ပို့ပြီးတော့ အန့်ကယ်ကို နှုတ်ဆက်ပြီး 45 seater ကားပေါ်ကိုတက်လာကြပါတယ် ။ ကားဒရိုင်ဘာက အင်္ဂလိပ်စာတစ်လုံးမှ မတတ်တဲ့ ရုရှားကြီးပါ ။ ကားရှေ့မှာလည်း အရင် ခါခိုရင်းမှာ တွေ့ခဲ့တဲ့ အာရှသူအမျိုးသမီးနဲ့ သူ့အဖော်နှစ်ယောက်ကိုတွေ့ပါသေးတယ် ။ သူတို့နဲ့ တစ်ကားတည်းသွားရမယ်ဆိုတော့ ၀မ်းသာသွားမိပါတယ် ။ နည်းနည်းရင်းနှီးတဲ့ မျက်နှာတွေနဲ့ တွေ့ရတာ ဘာပဲပြောပြော ကံကောင်းတာပဲမလား ။

ကားအချိန်ကတော့ မနက် ရ နာရီခွဲပါ …ရုရှားက အချိန်တိကျတယ်လို့ နာမည်ကြီးတော့ ကားပေါ်ကို စောစောတက်ထားကြပါတယ် ။ စတက်တည်းကအလွဲလေးတွေပါပဲ ။ ရုရှားစာတွေမဖတ်တတ်တော့ ခုံနံပါတ်ကိုမသိဘဲ တွေ့တဲ့ခုံမှာဝင်ထိုင်ကြပါတယ် ။ ခဏနေတော့ ကားဒရိုင်ဘာ ရုရှားကြီးက ခုံပြောင်းဖို့ပြောတော့မှ နေရာမှန်ကိုရောက်ပါတယ် ။ ကားဒရိုင်ဘာကလည်း အင်္ဂလိပ်လို တစ်လုံးမှ မပြော ကိုယ်တွေကလည်း ရုရှားလိုတစ်လုံးမှမတတ်တော့ ဒုက္ခနဲ့လှလှတွေ့ကြတော့တာပါပဲ ။ language barrier ကို ဒီလောက်ထိကြီးကျယ်မယ် မထင်မိပေမယ့် တကယ်တမ်းမှာတော့ သွားလို့အဆင်ပြေပါ့မလားလို့တောင်စိုးရိမ်မိပါတယ် ။ ဘာပဲပြောပြော basic လက်ဟန်ခြေဟန်နဲ့ ဖြစ်အောင်သွားမယ်ဆိုပြီးစိတ်လျော့လိုက်ပါတော့တယ်။

ဒီခရီးက ကားပေါ်မှာပဲ ၁၂ နာရီကြာမယ် ။ လမ်းမှာ ၃ ခါပဲရပ်ပေးမယ် ၊ immigration နှစ်ခါဖြတ်မယ် ၊ Ulan Ude ကိုရောက်မယ်။ ရောက်လာရင် taxi စီးပြီး ရထားဂိတ်ကိုသွားမယ် ၊ ရထားဂိတ်မှာ ညစာစားပြီး ည ဆယ်နာရီထွက်မယ့်ရထားနဲ့ Irkutsk မြို့ကိုသွားမှာပါ ။ document အမှန်နဲ့ အစစအရာရာပြင်ဆင်ပြီးသားဆိုတော့ သိပ်စိုးရိမ်စရာမရှိပေမယ့် ကားပေါ်က ဆင်းပြီး ရထားဂိတ်ကိုသွားရမှာ အဆင်ပြေမလား မပြေဘူးလားဆိုတာ ဘယ်လောက်ပြင်ဆင်ထားထား ကိုယ်တွေမခန့်မှန်းနိုင်တဲ့ကိစ္စပါ ။ ကားဂိတ်ကနေ ရထားဂိတ်ကိုသွားဖို့အတွက် taxi တွေဂိုက်တွေကို ဆက်သွယ်ကြည့်ပါသေးတယ် ။ မိနစ် ၂၀ လောက်ပဲသွားရမယ့်ခရီးကို တစ်ယောက်ကို အစိမ်း ၂၀ / ၃၀ တောင်းတာမို့ ကိုယ်တွေလည်းလက်လျော့လိုက်ကြတာပါ ။ ဖြစ်အောင်သွားမယ် အဆင်ပြေသွားမှာပါဆိုပြီး အကောင်းဘက်က တွေးလိုက်ကြပါတယ်။ အဆင်မပြေလို့ရထားလွတ်ရင် ဘယ်နားမှာ ရထားလက်မှတ်ဝယ်ပြီး ဘယ်လိုညအိပ်မလဲဆိုတာတွေကိုလည်း alternative အနေနဲ့စီစဉ်ထားကြပါသေးတယ်။

သတ်မှတ်ထားတဲ့အချိန်အတွင်းမှာပဲ လူစုံတော့ ကားစထွက်ပါတယ် ။ ကိုယ်နဲ့သူငယ်ချင်းတစ်ယောက်နဲ့ အတူတူထိုင်ပြီးတော့ နောက်တစ်ယောက်ကတော့ ဘေးက ခုံမှထိုင်ပါတယ်။ ကားတစ်စီးလုံးလူအပြည့်ပါပဲ ။ တိုးရစ်တွေဆိုလို့ ကိုယ်တွေ ၃ ယောက် ၊ ခါခိုရင်းမှာတွေ့ခဲ့တဲ့ ၃ ယောက်ရယ်ပါပဲ ။ ကျန်တာတွေက မွန်ဂိုကိုခရီးထွက်လာတဲ့ ကျောင်းသားလေးတွေ ထိုကျောင်းသားတွေရဲ့ ဆရာမတွေပါပဲ ။ ကားကလည်းခရီးဝေးသွားတဲ့ကားဆိုတော့ ခြေတင်စရာတွေဘာတွေပါပြီး သက်တောင့်သက်သာရှိပါတယ် ။ ကားပေါ်ကိုတက်မှ ကိုယ်သတိရလိုက်တာက ကိုယ့်မှာ invitation letter ကို print ထုတ်ထားတဲ့စာရွက်ပါမလာတာပါပဲ ။ အရေးကြီးစာရွက်စာတမ်းတွေကို ကျောပိုးအိတ်ထဲအကုန်ထည့်ထားတာမို့ အိတ်ဖွင့်ရှာပေမယ့် ဘယ်လိုမှရှာမတွေ့ပါဘူး ။

ဖုန်းထဲမှာတော့ download လုပ်ထားတဲ့ soft copy တော့ပါလာတယ် ။ Baatar တို့တည်းခိုခန်းမှာ တောက်လျှောက်နေတုန်းက print ထုတ်ဖို့သတိမရတဲ့ ကိုယ့်ကိုကိုယ်လည်းစိတ်တိုမဆုံးပါဘူး ။ ဘာပဲပြောပြော visa လည်းရပြီးသား soft copy လည်းပါပြီးသားဆိုတော့ အဆင်ပြေလောက်မှာပါလို့ အကောင်းဖက်ကတွေးရင်း Genghis Khan တို့တိုင်းပြည် မွန်ဂိုလီးယားကိုလက်ပြနှုတ်ဆက်လိုက်ကြပါတော့တယ် ။ နှုတ်ဆက်တယ်သာဆို..၁၂ နာရီခရီးမှာ တစ်ဝက်ကျော်လောက်က မွန်ဂိုမှာအချိန်ကုန်ဦးမှာပါ ။  နောက်ပိုစ့်မှာတော့ toilet break အကြောင်း ၊ lunch break မှာ ထမင်းစားရင်း ခါခိုရင်းက ၃ ယောက်အုပ်စုနဲ့ ဘယ်လိုရေစက်ဆုံကြလဲဆိုတဲ့အကြောင်း ၊ မြန်မာကိုမသိတဲ့  မွန်ဂို immigration officer အကြောင်း ၊ ရထားဂိတ်ကိုဘယ်လိုရောက်သွားလဲဆိုတဲ့အကြောင်း ၊ ရထားပေါ်မှာ ပထမဆုံးည အတွေ့အကြုံအကြောင်းတွေကို ရေးဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးလို့ ။ ခရီးက ပြန်ရောက်တာ ၃ လလောက်ရှိပေမယ့် စာရေးတာ ကြာနေတဲ့အတွက် ခွင့်လွှတ်ပေးပါနော်။



Leave a Reply

Your email address will not be published.