Trans Siberian ခရီးစဉ်-၅

Trans Siberian ခရီးစဉ်-၅

Terkhiin Tsagaan Nuur လို့ခေါ်တဲ့ white lake ဟာ Khorgo – Terkhiin Tsagaan Nuur Natural Park ထဲမှာတည်ရှိပါတယ် ။ တကယ်တော့ ထို natural park ထဲမှာ white lake တင်မကပါဘူး တခြား Khorgo လို့အမည်ရတဲ့ မီးတောင်ရှင် တစ်ခုလည်းရှိပါသေးတယ် ။ မိုင်ပေါင်း ကိုးရာကျော်ရှည်ပြီး ၂၀၀-၆၀၀ ကျော် မိုင်ထိကျယ်တဲ့ White lake ဟာ ထိုမီးတောင်ရှင်ပေါက်ကွဲခြင်းမှ တဆင့် ဖြစ်ပေါ်လာခဲ့တာပါ ။ ဒီနေ့အစီစဉ်ကတော့ White lake ကို အစောကြီးထသွားကြမယ် ။ ကန်ဘေးမှာ လမ်းလျှောက် ဓာတ်ပုံရိုက်ပြီး ကန်နားတစ်ပတ်ကိုသွားလည်ကြမယ် ။နေမြင့်တာနဲ့ မနက်စာစားဖို့ host family ဆီကိုသွားမယ် ။ နောက်ပြီးတော့ Khorgo မီးတောင်ရှင်ဆီကိုသွားမယ် ။ ပြီးတာနဲ့ မြို့ဟောင်း Kharkhorin မှာ တစ်ညနားကြမှာပါ ။

မနက်ငါးနာရီလောက်မှာတော့ white lake ရဲ့ အလှကိုခံစားဖို့စောစောစီးစီးနိုးလာခဲ့ပါတယ် ။ ငါးနာရီဆိုပေမယ့် တော်တော်တော့လင်းနေပြီ ။ အ၀တ်အစားလဲ ပြင်ဆင်ပြီးတော့ ger အပြင်ဘက်ကိုထွက်လိုက်တာနဲ့ မွန်ဂိုရဲ့ ရာသီဥတု ခပ်ပြင်းပြင်းနဲ့တိုးတော့တာပါပဲ ။ ger အပြင်မှာ ခဏလေးတောင်မနေနိုင်ပါဘူး ။ ရုရှားရောက်မှဝတ်မယ်လို့ စီစဉ်ထားတဲ့ အနွေးထည်တွေထုတ်ဝတ်လိုက်ရပါတော့တယ် ။ လက်အိပ်ပါမလာတဲ့အတွက် အတူသွားတဲ့ သူငယ်ချင်းနဲ့ လက်အိတ် တစ်ယောက်တစ်ဖက် ရှဲပြီးဝတ်ရပါတယ် ။ ကန်နဲ့ ger နဲ့က ငါးမိနစ်လောက်ပဲ လမ်းလျှောက်ရတဲ့အကွာအဝေးပါပဲ ။ မနက်မလင်းတလင်းအချိန် ဘေးပတ်ပတ်လည်မှာတောင်တန်းကြီးတွေနဲ့ ရေခဲတွေအရည်ပျော်စပြုနေတဲ့ ကန်ကြီးနားမှ လမ်းလျှောက်ရတဲ့အရသာဟာ ဘာနဲ့မှလဲလို့မရလောက်ပါပဲ ။ အချိန်လေးများရရင် white lake နားမှာပဲ တစ်ပတ်လောက်နားနားနေနေ နေချင်ပါတော့တယ် ။

မနက်မလင်းတလင်းအချိန်မှာရေခဲတွေ အရည်ပျော်စပြုနေတဲ့အဖြူရောင်ကန်ကြီးဘေးမှ သာသာယာယာလမ်းလျှောက်ကြပါတယ် ။ ဘယ်နားကြည့်ကြည့် လှနေတာမို့ ကင်မရာတဖျပ်ဖျပ်နဲ့ ဓာတ်ပုံတွေရိုက်ကြပါတယ် ။ အဝေးကို ကြည့်ရင်းနဲ့ တောင်တန်းဝါ၀ါကြီးတွေကို နေခြည်နုနုလေးတွေ ဖျန်းပက်လာပါတော့ တအားအေးရာကနေ နေသာထိုင်သာလေးရှိလာပါတယ်။ ဟိုးအဝေးကြီးမှာသေးသေးလေးမြင်ရတာက ကိုယ်တွေအိပ်ခဲ့တဲ့ ger လေးပါ ။ ger နဲ့ ခပ်လှမ်းလှမ်းမှာတော့ အိမ်လေးတွေ ရှိပေမယ့် စောသေးတာကြောင့်လား tourist ရာသီမဟုတ်လို့လားမသိ လူရယ်တစ်ယောက်မှ မတွေ့ရပါဘူး ။ ပုံထဲမှာမြင်ရတဲ့တောင်တန်းကြီးတွေရဲ့ရင်ခွင်ထဲက white lake ဘေးမှာ စောစောစီးစီးလမ်းထလျှောက်ပြီး white lake ရဲ့ အလှကိုခံစားနေတာကတော့ ကိုယ်တွေသုံးယောက်ရယ်ထဲပါပဲ ။

ရေခဲတွေအရည်ပျော်ပေမယ့် တချို့နေရာတွေမှာ ရေခဲထုထည်ခပ်ကြီးကြီးတွေရှိသေးတာမို့ ရေခဲပြင်ပေါ်တက်ပြီး ဓာတ်ပုံတွေရိုက်ကြပါသေးတယ် ။ ပုံမှန်အားဖြင့် မွန်ဂိုကိုရက်တိုသွားတဲ့သူတွေက white lake လိုဝေးတဲ့နေရာမျိုးကိုလာလေ့မရှိပါဘူး ။ မနီးမဝေးနေရာက ကန်တွေကိုပဲသွားကြပါတယ် ။ အတူသွားတဲ့သူငယ်ချင်းက ဒီကန်ကိုမဖြစ်မနေသွားချင်တာမို့ စာရင်းထဲရောက်လာခြင်းပါ ။ တစ်နေကုန်နီးပါး ကားမောင်းသွားရပေမယ့် white lake မှာ နေရတာအရမ်းတန်ပါတယ် ။ အရင်ပိုစ့်မှာပြောသလိုပဲ အိမ်သာကောင်းကောင်းရှိတယ် ။ ပတ်ဝန်းကျင်က အရမ်းသာယာပါတယ် ။ ရာသီဥတုလေးများအရမ်းမအေးရင် white lake ဘေးနားမှာထိုင်ရင်း ကြယ်တွေကြည့်ခွင့်ရခဲ့မှာပါ ။ ပုံမှာမြင်ရတဲ့ ger ဖြူဖြူလေးမှာ ဧည့်သည်တွေအိပ်တဲ့နေရာ ၊ အိမ်ဝါလေးက host family နေတဲ့အိမ်လေးပါ ။

ရေထဲကို ထိုးထွက်နေတဲ့ကျွန်းကမူလေးပေါ်မှာတော့ မီးတောင်ချော်ခဲတွေနဲ့အလှဆင်ထားတဲ့ ကျောက်ပုံလေးတွေရှိပါတယ်။ စီရရီနေတဲ့ ကျောက်ပုံလေးတွေနဲ့ တောင်တန်းကြီးတွေရင်ခွင်ထဲက  ဖြူလွနေတဲ့ ရေကန်ကြီးက ပဏာရလှပါတယ် ။ မနက် ငါးနာရီကျော် ခြောက်နာရီလောက်တည်းက ထွက်လာလိုက်ကြတာ အချိန်တွေကုန်လို့ကုန်မှန်းမသိ ။ white lake area တစ်ခုလုံးကို နေရောင်နွေးနွေးတွေဖုံးတော့မှပဲ လာရာလမ်းအတိုင်းပြန်လျှောက်လာခဲ့ကြပါတော့တယ် ။

ဒီနေ့တော့ ger ကနေ မထွက်ခင်တည်းက အထုတ်အပိုးတွေရယ်ဒီပြင်ထားပြီးသားမို့ ရောက်တာနဲ့ မနက်သွားစားရုံပါပဲ ။ မနက်စာစားအပြီးမှာတော့ အိမ်ဝါလေးရှေ့နားမှာ host family နဲ့အတူခဏစကားပြောကြပြီးတော့ လက်ပြနှုတ်ဆက်ပြီး ကားပေါ်ကိုတက်ရပြန်ပါတယ် ။ White lake ကနေ Khorgo မီးတောင်ကို ခရီးဆက်ရပါဦးမယ် ။ White lake ကနေ ထွက်လာပြီးသိပ်မကြာခင်မှာပဲ canyon ဆန်ဆန် တွင်းနက်ကြီးတစ်ခုကိုသွားလည်ကြပါတယ် ။ ထိုတွင်းအကြောင်းရာဇ၀င်ကို ဂိုက်မလေးကပြောပြပေမယ့် ကိုယ်ကတော့ သိပ်မမှတ်မိလို့ ပြန်မပြောပြနိုင်တော့ဘူး ။ တွင်းနားမှာ အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ပြီးတာနဲ့ ရပ်ထားခဲ့တဲ့ ကားဆီကိုပြန်လာခဲ့ကြပါတယ် ။ ကားပေါ်ကိုမတက်ခင် one man hole ဆိုတဲ့တွင်းပေါက်လေးကို ဂိုက်မလေးက လိုက်ပြပါသေးတယ် ။ ထို hole လေးကတော့ လူတစ်ကိုယ်စာဝင်လို့ရတဲ့ တွင်းလေးပါ ။ တွင်းအောက်မှာတော့ မြစ်ရှိပြီး လောလောဆယ်မှာတော့ ရေခဲတွေအရည်ပျော်ပြီးအရမ်းချောတာမို့ ဂိုက်မလေးက ပေးမဆင်းပါဘူး ။  ကားပေါ်ပြန်တက်ပြီးတော့ မီးတောင်ဘက်ကိုပဲ ခရီးဆက်လာခဲ့ကြပါတော့တယ် ။

 

one man hole

Khorgo မီးတောင်ရှင်ဟာ White Lake ရဲ့ အရှေ့ဘက်မှာတည်ရှိပြီးတော့ White lake ကနေ နာရီဝက် ကျော်ကျော် ကားမောင်းပြီးသွားရပါတယ် ။ တောင်ခြေကနေ တောင်ပေါ်ကို 16 km လောက်တက်ရပြီးတော့ တောင်ပတ်ဝန်းကျင်တစ်ခုလုံးဟာ အနက်ရောင်ချော်ခဲတွေနဲ့ပြည့်နှက်နေပါတယ် ။ လှေကားလေးတွေအလျည်းသင့်သလိုလုပ်ထားပေးပေမယ့် တောင်တက်ရတာသိပ်တော့မလွယ်ပါဘူး ။ အပင်ပန်းခံပြီးတက်ရတာတော့ တန်ပါတယ် ။ တောင်ပေါ်ကနေ ၃၆၀ ဒီဂရီမြင်ရတဲ့ ရှုခင်းဟာ သိပ်လှပါတယ် ။ ရာသီဥတုက အေးတာမို့ တက်ရတာပင်ပန်းပေမယ့် တအားတော့မဆိုးပါဘူး ။ မီးတောင်ရှင်ဖြစ်တာမို့ ကန့်အနံ့တွေရပါတယ် ။ သူငယ်ချင်းတွေနဲ့ ဂိုက်မလေးကတော့ ကိုယ့်ရှေ့ကသွားကြပါတယ် ။ ကိုယ်ကတော့ stamina မကောင်းသူမို့ နောက်ကနေ အေးအေးလူလူ ဓာတ်ပုံလေးရိုက်ပြီး တက်လာခဲ့ပါတယ် ။  နာရီဝက်နီးပါတက်ပြီးတဲ့နောက်မှာတော့ အပင်ပန်းခံတက်လာရတဲ့ မီးတောင်ပေါ်ကိုရောက်လာပါတော့တယ် ။

မီးတောင်ပေါ်က ရှုခင်းကလည်း တော်တော်လေးလှပါတယ် ။ အပင်ပန်းခံရကျိုးနပ်လှပါတယ် ။ မီးတောင်အောက်ကိုငုံ့ကြည့်ရင် turquoise ရောင်ချော်ရည်တွေ အမြုပ်တွေမြင်ရပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ မီးတောင်ထဲကိုဆင်းကြည့်ပါတေယ် ။ နောက်တစ်ယောက်နဲ့ကိုယ်ကတော့ အမြင့်ကြောက်တာမို့  မီးတောင်ဘေးက ကျောက်တုံးလေးတွေမှာထိုင်ပြီး ဓာတ်ပုံတွေရိုက်ပြီး သဘာဝပတ်ဝန်းကျင်အလှကိုခံစားကြပါတယ် ။ မီးတောင်နားမှာ မိနစ် နှစ်ဆယ်လောက်နေပြီးတဲ့နောက်မှာတော့ လာရာလမ်းကနေပဲ တောင်အောက်ကိုဆင်းလာခဲ့ကြပါတယ် ။ ခါခိုရင်း မြို့ဟောင်းအထိသွားရဦးမှာမို့ ပင်ပန်းပေမယ့် မနားနိုင် ကားပေါ်တက်ပြီးခရီးဆက်ရပြန်ပါတယ်။

 

Khorgo မီးတောင်ကနေ ခရီးဆက်လာပြီးတဲ့နောက်မှာ ကိုယ့်အတွက် အခက်ခဲဆုံးပြသနာက ကားမူးတာပါ ။ ခရီးကြမ်းပြီး ကားဆောင့်ရင် စားသမျှ အန်တတ်တဲ့ကိုယ်ဟာ ကားမူးတဲ့ဒဏ်ကို အလူးအလိမ့်ခံရပါတယ် ။ ကားမူးပျောက်တဲ့ဆေးတွေသောက်ပေမယ့် အန်တာက မရပ်တာမို့ အန်ရင် အဆင်သင့်ဖြစ်အောင် အိတ်ကလေးဆောင်ပြီး မှိန်းနေရပါတယ် ။ အချိန်အတော်ကြာအောင် ကားမောင်းလာပြီးနောက်မှာတော့ နေ့လည်စားစားမယ့်အချိန်ကိုရောက်လာပါတော့တယ် ။ နေ့လည်စာကိုတော့  Arhangain Chuluut ဆိုတဲ့ Canyon ဘေးမှာစားကြပါတယ် ။ Arhangain Chuluut ဟာလည်း Khorgo မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ Canyon တစ်ခုပါပဲ ။ မနီးမဝေးက တောင်တန်းတွေနဲ့ သစ်ပင်ခြောက်တွေ ကျိုးတိုးကျဲတဲ ပေါက်နေတဲ့ canyon ဟာ အရမ်းလှပါတယ် ။ Chuluut River Valley လို့ လည်းတချို့ကခေါ်ကြပါတယ် ။ Khangai တောင်တန်းတွေဆီကနေ central mongolia ကိုစီးဆင်းနေတဲ့ Chuluut မြစ်ဟာ ၄၁၅ ကီလိုမီတာရှည်ပြီး  ၈၀ မီတာ အကျယ်ရှိပါတယ် ။ အမြင့်ဆုံးအနက်ကတော့ ၃ မီတာ ၀န်းကျင်မို့ သိပ်ပြီး မနက်လှပါဘူး ။ ပုံထဲမှာဆိုရင် အမြဲလိုလိုခဲနေတတ်တဲ့မြစ်ဖြစ်လို့ spring လိုရာသီဥတုမျိုးမှာတောင် ရေခဲအကြွင်းအကျန်တွေကိုမြင်ရတုန်းပါပဲ ။

 

နေ့လည်စာကို ဂိုက်မလေးက spaghetti ချက်ကျွေးဖို့ စီစဉ်ပေမယ့် အချဉ်အစပ်လေးစားချင်တဲ့ကိုယ်တွေက စင်ကာပူကသယ်လာတဲ့ တုန်ယမ်းခေါက်ဆွဲ နဲ့ ကိုးရီးယားပဲခေါက်ဆွဲကိုပဲ ချက်စားလိုက်ကြပါတယ်။ ပါလာတဲ့အသီးအနှံလေးတွေကိုခွဲစားကြရင်းပေါ့ ။

ချစ်စရာ ဂိုက်မလေး

နေ့လည်စာစားပြီးနောက်မှာတော့ကားပေါ်ပြန်တက်ပြီး ခရီးဆက်ရပြန်ပါတယ် ။ ကားလမ်းဘေးတစ်နေရာမှာရှိတဲ့ Taikhar Chuluu ကျောက်တုံးကြီးမှာ ခဏနားပြီး အမှတ်တရဓာတ်ပုံလေးတွေရိုက်ကြပါတယ် ။   ကျောက်တုံးပြီးက မီတာ ၂၀ အမြင်ရှိပြီးတော့ ကျောက်တုံးအပေါ်မှာ ခေတ်အဆက်ဆက် ဘာသာပေါင်းစုံနဲ့ရေးထားတဲ့ စာပေါင်း ၁၅၀ ခန့်ရှိပါတယ် ။ ရှေးအကျဆုံးကတော့ ၆ ရာစု ၊ ၇ ရာစုကနေရးသားခဲ့တဲ့  runic writing ပါပဲ ။ စစ်သားတွေရေးခဲ့ကြတယ်လို့လဲ ဂိုက်မလေးက ပြောပြပါတယ် ။ ဒါပေမယ့် ရေးထားတဲ့ ရှေးစာတွေအပေါ်မှာ ဆေးဖျန်းပြီး graffiti တွေဆွဲထားကြတာမို့ ရှေးစာတွေက ပျောက်လုနီးပါးကိုဖြစ်နေပါပြီး ။ ခုနောက်ပိုင်းမှာတော့ အစိုးရက graffiti ရေးခွင့်မပြုတော့ဘူးလို့ ပြောပါတယ်။  ကျောက်တုံးကြီးရဲ့ အမြင့်ဆုံးနေရာကို ခဲနဲ့ ထိအောင်ပစ်နိုင်ရင် ကံကောင်းတယ်ဆိုလို့ အပျော်ပစ်ကြည့်ကြပါသေးတယ် ။ ကျောက်တုံးကြီးနားမှာ ပျော်ပွဲစားထွက်နေကြတဲ့ မိသားစု တစ်စု နှစ်စုလည်းရှိပါတယ်။

ကျောက်တုံးကြီးကိုကြည့်ပြီးတော့ ကားပေါ်ပြန်တက်ပြီး ခရီးဆက်ရပြန်ပါတယ် ။ ဒီနေ့ကတော့ ခါခိုရင်းက tourist camp မှာဂိတ်ဆုံးမှာဖြစ်သလို road trip ရဲ့ နောက်ဆုံးညလို့လည်းပြောလို့ရပါတယ် ။ မနက်ဖြန်ဆိုရင် Ulaanbaata ကို ပြန်ကြမှာပါ ။ အချိန်အတော်ကြာအောင်ကားမောင်းပြီးတဲ့နောက်မှာတော့ ခါခိုရင်းရဲ့ နာမည်ကြီး  Erdene Zuu Monastery  ကိုရောက်လာပါတယ် ။ အသွားတုန်းက ၀င်ခဲ့ပြီးသားမို့ ဘုန်းကြီးကျောင်းထဲမ၀င်တော့ဘဲ tourist camp ကိုပဲ အရောက်လာခဲ့ကြပါတယ်။ ခရီးဆုံးတော့မယ်ဆိုတော့ စိတ်ထဲမှာ ၀မ်းသာဝမ်းနည်းပါပဲ ။ ဘာပဲပြောပြော ဒီ tourist camp မှာတော့ free wifi လည်းရှိ ၊ ရေချိုးလို့ရပြီးတော့ အိမ်သာကောင်းကောင်းလည်းရှိမှာဆိုတော့ တစ်ဖက်က ၀မ်းသာရပါတယ် ။ အိမ်သာက white lake ကနေ ထွက်လာပြီးကတည်းက ဒီနေ့တစ်နေ့လုံး အဆင်ပြေပြေမသုံးခဲ့ရတော့ စိတ်ညစ်မိကြတာပါ ။ နောက်ပြီးစင်ကာပူက ထွက်လာပြီးတဲ့က ဒီနေ့အထိ ရေမချိုးရသေးတော့ ဒီမှာရေချိုးရမယ်ဆိုတော့ ပျော်တာပေါ့နော် ။

မြို့တော် အူလန်ဘထောနဲ့ နီးတာမို့ ဒီဘက်က tourist camp တွေက ခေတ်မီပါတယ် ။ ရေချိုးခန်း အိမ်သာ လျှပ်စစ်မီးတွေ အပြည့်အစုံရှိသလို ger တွေကလည်း ရိုးရာပုံစံထက် မော်ဒန်ပိုဆန်တဲ့ပုံစံလေးတွေဖြစ်သွားပါတယ်။ ရေချိုးခန်းအိမ်သာလည်း (ပိုက်ဆံပေးသုံးရပေမယ့်) သန့်သန့်ရှင်းရှင်းမို့ စိတ်ချမ်းသာရပါတယ် ။ ဒါကတော့ ကိုယ့်ရဲ့ ဒီညအိပ်မယ့်နေရာလေးပေါ့ ။ ညစာကိုတော့ ထုံးစံအတိုင်း ထမင်းနည်းနည်းရယ်…ကြက်သား အာလူးချက်တာရယ် ဂေါ်ဖီကြော်ရယ်ပါပဲ ။ အင်တာနက်ကလည်းရတော့ အွန်လိုင်းတက် check in လေးဘာလေးလုပ်ပြီး နားနားနေနေ နေကြပါတယ် ။

ကိုယ့်အိပ်ရာ
ညစာ

ညနေပိုင်းမှာတော့ စီစဉ်ထားတဲ့အတိုင်း မွန်ဂိုရိုးရာ throat singing ကို နားထောင်ကြပါတယ် ။ Throat Singing ဆိုတာကတော့ နားလည်လွယ်အောင်ပြောရရင် အသံ နှစ်သံ ဒါမှမဟုတ် ၃ သံထွက်အောင် တပြိုင်တည်းဆိုတာပါ ။ အခြေခံအသံကို တစ်ခါတည်းဆိုနေတုန်းမှာ နောက်အသံ တစ်သံ ဒါမှမဟုတ် နှစ်သံ ထပ်ပြီးဆိုတာ ။ ဘယ်လောက်တော်လိုက်ကြလဲနော် ။ လူတစ်ယောက်တည်း ၂ သံ ၃ သံ တစ်ခါတည်းထွက်အောင်ဆိုနိုင်တာ ။ မွန်ဂိုရိုးရာ throat singing တွေက သူတို့ရဲ့ ရေမြေဒေသ ပတ်ဝန်းကျင်တွေနဲ့လိုက်ဖက်လှပါတယ် ။ အောက်က instagram မှာတင်ထားတဲ့ ပိုစ့်လေးကို ရှဲလိုက်ပါတယ်နော်။  Throat singing ကို နားထောင်ရင်း ဂိုက်မလေးက သူတို့ပြောသမျှကိုလည်း ဘာသာပြန်ပေးပါတယ် ။

ဒါက tourist camp ဆိုတော့ တခြားခရီးသွားတွေလည်းရှိပါတယ် ။ တခြားဂိုက်တွေကတော့ ဧည့်သည်တွေကိုဂရုတစိုက်မရှိပေမယ့် ကိုယ်တွေရဲ့ ဂိုက်မလေး အော့နော့ကတော့ ဂရုတစိုက်နဲ့ ဘယ်သွားသွား တကောက်ကောက်လိုက်ပြီး ကူညီပေးတာမို့ ကျေးဇူးတင်ရပါတယ် ။ ကားမောင်းတဲ့ အန်ကယ်တိုညာ ဆိုရင်လည်း သူ့တာဝန်အရ ကားပေါ်မှာ ကိုယ်တွေဖွသမျှကိုရှင်းပေးပေမယ့် စေတနာအပြည့်နဲ့ပါပဲ ။ ခရီးစဉ်တစ်လျှောက် တပြုံးပြုံးနဲ့ ကိုယ်တွေကို ဂရုတစိုက်ရှိတာမို့ တာဝန်ကျေတဲ့အပြင် မွန်ဂိုလီးယား tourist industry က လူတွေ professional ဆန်တယ်လို့ယူဆမိပါတယ် ။ နောက်ပြီး majestic gobi က baatar ကိုလည်းကျေးဇူးတင်မိပါတယ် ။ Throat singing ကြည့်နေတုန်းမှာပဲ ကိုယ်တွေလိုတခြားခရီးသွားတွေတချို့ကိုလည်းလိုက်ကြည့်မိပါတယ် ။ အဖြူတွေပဲများပြီးတော့ အာရှက ဆိုလို့ ကိုယ်တွေ ၃ ယောက်ရယ် ၊ အင်ဒို ဒါမှမဟုတ် ၊ ဖိလစ်ပိုင်လို့ထင်ရတဲ့ မိန်းကလေး တစ်ယောက်ရယ်ပဲ တွေ့မိပါတယ် ။

ညကတော့ နုပျိုနေတုန်းပေမယ့် ဒီညဟာ ger နဲ့ အိပ်ရတာ နောက်ဆုံးည ဆိုတော့ အမှတ်တရဖြစ်အောင် ဂိုက်မလေးကို ကိုယ်တွေ ger ထဲခေါ်အိပ်ကြပါတယ် ။ သီချင်းလေးတွေဖွင့်ပြီး မီးရောင်ထိန်ထိန်လင်းနေတဲ့ ger ထဲမှာ မုန့်တွေစား ပြီး ပျော်ပျော်ပါးပါးပိုကာဒေါင်းကြပါတယ် ။ ပိုကာ နှစ်ပွဲသုံးပွဲ ဆော့ပြီးတဲ့နောက်မှာတော့ တနေကုန်ပင်ပန်းသမျှ အတိုးချပြီးအိပ်ကြပါတော့တယ် ။ ဒီကြားထဲ ရယ်ရတာ တစ်ခုက ger ထဲက မီးလင်းဖိုဟာ…လူမသုံးတာ တစ်ပတ်လောက်ရှိပြီဖို့ ဖွင့်လိုက်တာနဲ့ ပူလိုက်တယ့်ဖြစ်ခြင်းဆိုတာ… အပြင်မှာ ရာသီဥတုu က တစ် ဒီဂရီလောက်ရှိတဲ့အချိန် ger ထဲမှာ မီးလင်းဖိုအရှိန်နဲ့ ပူတာပူတာ ..အနွေးထည်တွေ sleeping bag တွေ အကုန်ချွတ်အိပ်တာတောင် ပူနေတုန်းပါပဲ။ မီးလင်းဖိုကလည်း တအားပူတော့ ပိတ်လို့ကလည်းမရ…လျော့လို့လည်းမရနဲ့ တစ်ညလုံးပူပူလောင်လောင်နဲ့ အိပ်လိုက်ကြရပါတော့တယ် ။

မနက်မိုးလင်း အိပ်ရာက ထရင်တော့ မနက်စာ စားပြီး ခရီးစဉ်ပြန်စပါမယ်။ အစီစဉ်တွေကတော့   Hustai National Park မှာ przewalski ဆိုတဲ့ မြင်းရိုင်းတွေကိုကြည့်ကြမယ် ပြီးရင် Ulanbaataar ကိုပြန်ပြီး majestic gobi guest house မှာ နားကြမှာပါ ။ နောက်ပိုစ့်မှာတော့ Hustai National Park အကြောင်းရယ် ၊ မြို့တော် Ulanbaataar  ၊ Genghis Khan Square ရယ် ၊ မွန်ဂို KFC အကြောင်းရယ် ၊ Terelj National Park အကြောင်းနဲ့ တိဗက် ဘုန်းတော်ကြီးကျောင်းအကြောင်းရယ် ၊ မွန်ဂိုကနေ ရုရှားကို ဘယ်လိုကူးကြမလဲ ဆိုတဲ့ အကြောင်းအရာကို ရေးဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးလို့ ။ မြန်မြန်လေး ရေးနိုင်လည်းကြိုးစားနေပါတယ်လို့ ။



Leave a Reply

Your email address will not be published.