Trans Siberian ခရီးစဉ်-၎

Trans Siberian ခရီးစဉ်-၎

ညက တဖြေးဖြေးနက်လာပေမယ့် အိပ်ရာအပြောင်းအလဲမို့လို့ တော်ရုံနဲ့ အိပ်မပျော်ဘူး ။  Ger ထဲမှာ မီးဖိုကိုနွေးနေအောင်ဖိုထားတဲ့အရှိန်ကြောင့်ရယ်.Baatar ပေးတဲ့ sleeping bag အရှိန်ကြောင့်ရယ် အိုက်စပ်စပ်ဖြစ်နေလို့ sleeping bag ရဲ့ ဇစ်ကိုတောင်ဖြုတ်အိပ်ရပါတယ် ။ မှေးခနဲ အိပ်ပျော်လိုက် ပြန်နိုးလိုက်နဲ့ ဖြစ်နေတုန်းမှာ သိုးထိန်းခွေးလေးတွေရဲ့ ဟောင်သံတွေ ခပ်စိပ်စိပ်ကြားရပြီး ger နားကို လူကပ်တဲ့အသံတွေကြားရပါတော့တယ် ။ ညကလည်းနက်နေပြီ နေရာကလည်း လူသူလေးပါးမရှိတဲ့ အရပ်မှာမို့ စိတ်ထဲမှာထိတ်ခနဲဖြစ်သွားပါတယ် ။ ဒါပေမယ့် အနီးအနားက Ger တွေ မှာ အဖိုးတွေအဖွားတွေနဲ့အတူတူ ဂိုက်မလေး ၊ ကားဒရိုင်ဘာ အန်ကယ် ၊ tourist နှစ်ယောက် ၊ တိုးပိုင်ရှင် Baatar လည်းရှိနေတာမို့ စိတ်အေးလက်အေးနဲ့ပဲနေလိုက်ပါတယ်။ ခဏနေတော့ ကိုယ်တွေအိပ်နေတဲ့ Ger ပေါ်မှာ ကင်းဗတ်လို အစတစ်မျိုးမျိုးကိုထပ်အုပ်လိုက်တဲ့အသံကြားရပါတယ် ။ မနေ့က ဂိုက်မလေးပြောပြချက်အရဆိုရင် ကင်းဗတ် ဒါမှမဟုတ် သားရေ အစတွေကို အချမ်းပိုရင် ပိုသလို ger အပေါ်ကနေ ထပ်အုပ်ကြတယ်ဆိုတော့ ရာသီဥတုအရမ်းအေးလာလို့ ger ကို ကင်းဗတ်စလာအုပ်မှန်းသဘောပေါက်မိပါတော့တယ် ။ မီးလင်းဖိုလေးကြောင့် တစ်ညနေလုံးအိုက်စပ်နေတဲ့ ger လေးဟာ ဘယ်အချိန်က မီးသေသွားလည်းမသိ ..အရမ်းချမ်းလွန်းလို့ တရေးနိုးလာပြန်ပါတယ် ။ sleeping bag ကို ဇစ်အပြည့်ပိတ် ၊ ခေါင်းစွပ်ဦးထုပ်ကိုဆောင်း ၊ ပါသွားတဲ့စောင်ပါးလေး အောက်မှာ ကွေးရင်း ပြန်အိပ်ပျော်လိုက် နိုးလိုက်နဲ့ ညတာက ရှည်လွန်းသလားလို့တောင်ထင်မိသလိုလိုပါပဲ ။ မနက် ငါးနာရီလောက်ကျတော့ ger တံခါးဖွင့်သံကြားလို့ ဖျတ်ခနဲနိုးလာပေမယ့် လူက ဘယ်လိုမှ မျက်စိဖွင့်လို့မရ ။ ခဏနေတော့ မီးမွှေးသံ သဲ့သဲ့နဲ့အတူ ger တစ်ခုလုံး နွေးလာတော့မှာ အဖွား မီးလာမွှေးပေးမှန်း သဘောပေါက်ပါတော့တယ် ။ တစ်ညလုံးချမ်းနေခဲ့တာမို့ အဖွားကို ကျေးဇူးတင်စကား မပြောအားဘဲ နွေးနွေးထွေးထွေး ပြန်အိပ်ပျော်သွားတာ မနက်ရှစ်နာရီကျော်မှာ နိုးပါတော့တယ် ။

ဒီနေ့အစီစဉ်က မနက်စာ စားမယ် စားပြီးရင် ကုလားအုတ်စီးကြမယ်။ စီးပြီးတာနဲ့  Hugnu Khan တောင်တန်းတွေနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိတဲ့ Elsen Tasarkhai semi sand dune ကိုသွားမယ် ။ နောက်ပြီး မွန်ဂိုလီးယားရဲ့ မြို့တော်ဟောင်း Kharkhorin မြို့က နာမည်ကြီး ဘုရားကျောင်း Erdenezuu monastery ကိုသွားလည်ကြမယ် ။ ထို့နောက်မှာတော့ Terkhiin Tsagaan lake (သို့) white lake လို့ခေါ်တဲ့ နေရာလေးကို သွားပြီး sleep next to the lake ကန်ဘေးနားက ger အိပ်ကြမယ် ။ ဒီနေ့အဖို့ ကားပေါ်မှာပဲ တစ်နေကုန် နီးပါးအချိန်ကုန်မယ်ဆိုပြီးတော့ ဂိုက်မလေးက ရှင်းပြပါတယ် ။ မနက်စာကတော့  ပေါင်မုန့် ၊ ရေနွေးကြမ်း ၊ ထောပတ် ၊ စတော်ဘယ်ရီယို နဲ့ ကွက်ကီးလေးနဲ့ ရိုးရိုးရှင်းရှင်းမနက်စာ ။ ထုံးစံအတိုင်း ရာသီဥတုက ခပ်အေးအေး ၊ နေရောင်ကလည်း တောက်တောက်ပပ ၊ တိမ်ပြာပြာနဲ့ မနက်ခင်းလေးပေါ့ ။ ကုလားအုပ်က မြင်းထက် စီးရတာ ငြိမ့်ညောင်းညင်သာတယ်ဆိုပြီး Baatar ကပြောပါသေးတယ် ။ ကိုယ့်အနေနဲ့ မြင်းလည်း စီးပြီးသွားပြီဆိုတော့ ကုလားအုပ် စီးရမှာ မကြောက်တော့ပါဘူး ။ ပုံ့ပုံ့ကြီးထိုင်နေတဲ့ ကုလားအုပ်ပေါ်ကိုတက်ပြီးတာနဲ့  ရှေ့ခြေထောက်ကို မြှင့်ရင် နောက်ကို နည်းနည်းလေးစောင်းပေး ၊ နောက်ခြေထောက်ကို မြှင့်ရင်  ရှေ့ကို နည်းနည်းတိုးပေးရမယ်ဆိုပြီး အဖွားရဲ့ သားက သင်ပေးပါတယ် ။ ကုလားအုတ်ကလည်း အကြီးကြီး ရင်တော့နည်းနည်းခုန်ပေမယ့် မကြောက်တော့ပါဘူး ။ မနေ့က သွားခဲ့တဲ့ တောင်ကြားတွေ ချိုင့်ဝှမ်းတွေကိုပဲ ထပ်သွားကြမယ် ၊ သိုးကလေးတွေ မြင်းကလေးတွေနဲ့အတူ Hugnu Khan တောင်တန်းကြီးရဲ့အလှကိုထပ်သွားကြည့်ကြမယ်လေ ။ Hugnu Khan တောင်တန်းကြီးရဲ့နေ၀င်ဆည်းဆာအလှက ရင်သပ်ရှုမောစရာကောင်းသလို မနက်ခင်းအလှကလည်း လတ်ဆတ်သန့်စင်တဲ့အလှ ၊ လေပြည်သွေ့သွေ့တိုက်တဲ့ မနက်ခင်းမှာ ရွှေရောင်သန်းတဲ့ မြေသားလွင်ပြင်ကြီးတွေက လှလိုက်ပါဘိ ၊ ဟိုးဝေးဝေးက Hugnu Khan ကျောက်သားတောင်တန်းကြီးကလည်း နေခြည်နဲ့အတူ ၀င်းဝင်းလဲ့လဲ့ ၊ တိမ်ကင်းစင်တဲ့ ကောင်းကင်ကြီးကလည်း ကြည်လင်ပြာတောက်လျက် ၊ တောင်ခြေရင်းနဲ့ ကပ်လျက်မှာရှိနေတဲ့ ger အိမ်ဖြူဖြူလေးတစ်အိမ်စ နှစ်အိမ်စ ၊ နောက်မှာပြေးလိုက်လာတဲ့ သိုးထိန်းခွေးကလေးတွေနဲ့အတူ မနက်ခင်းကလည်း သာသာယာယာပါပဲ ။ ကုလားအုတ်ပေါ်မှာ အချိန် နာရီဝက် လေးဆယ့် ငါးမိနစ်ဆိုတာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိ ၊ ရှေ့ဆက်သွားဖို့ကလည်း ကျန်သေးတော့ Hugnu Khan တောင်တန်းကြီးတွေနဲ့အတူ nomadic အဖိုးအဖွားမိသားစုနဲ့အတူ ချစ်စရာတိရိစာန်လေးတွေကို လက်ပြနှုတ်ဆက်ခဲ့ရပါတော့တယ် ။

အဖွားတို့အိမ်ကနေထွက်လာပြီးတော့နာရီဝက်လောက်အကြာမှာတော့ Elsen Tasarkhai  semi sand dune ကိုရောက်လာပါတော့တယ် ။ Elsen Tasarkhai sand dune ဆိုတာကတော့ ၈၀ ကီလိုမီတာ၇ှည်ပြီး ၅ ကီလိုမာအကျယ်ရှိတဲ့ Mongol Els Sand Dunes ရဲ့ တစိတ်တဒေသပါပဲ ။ တကယ်တော့ gobi သဲကန္တာရကိုသွားချင်ပေမယ့် အချိန်မရတဲ့အတွက် ရသေ့စိတ်ဖြေ နီးစပ်ရာ သဲကန္တာရအသေးစားလေး ကို ၀င်ကြတာပါ ။ အချိန်ရတယ်ဆိုရင် gobi သဲကန္တာရကိုဖြစ်အောင်သွားကြည့်ဖို့အကြံပေးချင်ပါတယ် ။ ကားလမ်းဘေးတစ်နေရာမှာရှိတဲ့ Elsen Tasarkhai သဲကန္တာရလေးကတော့ သိပ်တော့မကြီးပါဘူး ။ လူ နှစ်ရပ် သုံးရပ်ကျော်သာသာမြင့်တဲ့ သဲတောင်လေးတွေရယ် ၊ မနိမ့်မမြင့် သဲကမူလေးတွေ ၊ အိမ်တစ်အိမ်စ နှစ်အိမ်စရယ်.. ခြုံပုတ်ခြောက်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကန္တာရလေးပါပဲ ။ သဲကန္တာရလေးမှာ မိနစ် နှစ်ဆယ်လောက် အချိန်ဖြုန်းပြီးနောက်မှာတော့ ကားပေါ်ပြန်တက်ပြီး ခရီးဆက်ရပြန်ပါတော့တယ် ။

မြင်ကွင်းတစ်ခုလုံးကတော့ ပြာတောက်နေတဲ့ ကောင်းကင်ကြီးရယ် ၊ စိမ်းရောင်မသန်းတသန်း မြက်ခင်းတွေရယ် ၊ ထိုမြက်ခင်းတွေကိုခေါင်းမဖော်တမ်းစားနေကြတဲ့ မြင်းတွေ ၊ နွားတွေ၊ သိုးတွေရယ် ၊ တခါတခါဖြတ်သွားတတ်တဲ့ ကားတွေရယ်ပါပဲ ။ အချိန်အတော်ကြာအောင် ကားစီးပြီးတဲ့နောက်မှာတော့  မွန်ဂိုလီးယားရဲ့ မြို့တော်ဟောင်း Kharkhorin မြို့ကိုရောက်လာပါတော့တယ် ။ ခါခိုရင်း ဆိုတာကတော့ Övörkhangai ခရိုင်မှာရှိတဲ့ လူဦးရေ တစ်သောင်းကျော်သာသာရှိတဲ့ မြို့လေးတစ်မြို့ပါပဲ ။ မွန်ဂိုလီးယားရဲ့  ancient city ဆိုပြီးတော့လည်းခေါ်ကြပါတယ် ။ နာမည်ကြီး ဘုရားကျောင်း Erdenezuu monastery ကတော့ ခါခိုရင်းရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့အပြင် world heritage site တစ်ခုလည်းဖြစ်ပါတယ် ။ Erdenezuu monastery ကိုအဓိပ္ပာယ်ပြန်ရင် ရတနာဘုရားကျောင်း ( Jewel Temple) ဆိုပြီးခေါ်လို့ရပါတယ်တဲ့ ။ ဒီဘုရားကျောင်းဟာ မွန်ဂိုလီးယားရဲ့ ရှေးအကျဆုံးကျောင်းဖြစ်ပါတယ် ။

ကျောင်းကိုမသွားခင်မှာ Kharkhorin မြိုထဲက ဆိုင်တစ်ဆိုင်မှာ ထမင်းလိုက်ကျွေးပါတယ် ။ ဆိုင်ကတော့ ခမ်းခမ်းနားနား သပ်သပ်ရပ်ရပ်ပါပဲ ။ မွန်ဂိုစတိုင်ကြက်သားဟင်း ၊ ဂေါ်ဖီကြော် ၊ မုန်လာဥနီကြော်ရယ်ပါပဲ ။ ထုံးစံအတိုင်းဟင်းပွဲတွေက တော်တော်ကြီးပါတယ် ။ ကြက်သားစားကြည့်တော့ အနံ့နည်းနည်းရှိလို့ မစားနိုင် ကိုယ်ကတော့မစားနိုင် ၊ သူငယ်ချင်းတွေကတော့ စားကြပါတယ် ။ စားနိုင်တာလေးစားပြီး ကားပေါ်ရောက်မှပဲ ခေါက်ဆွဲပြုတ်လေးစားတော့မယ်ဆိုပြီးစဉ်းစားလိုက်ပါတော့တယ် ။ ဒါပေမယ့် အလိုက်သိတဲ့ဂိုက်မလေးက ကြက်သားနဲ့နှစ်ပွဲ ၊ ကြက်ဥနဲ့တစ်ပွဲမှာထားပေးပါတယ် ။ခေါက်ဆွဲပြုတ်စားတော့မယ်လို့ ဆုံးဖြတ်ပြီးခါမှ ကြက်ဥကြော်ကိုမြင်လိုက်တော့ ဘယ်လိုပျော်လို့ပျော်မှန်းမသိ ။ ဘ၀မှာကြက်ဥကြော်စားရမှာမို့ ပျော်တာ ဒီတစ်ခါပဲမှတ်မှတ်ရရရှိပါတော့တယ် ။

ထမင်းစားပြီးတာနဲ့ Erdenezuu monastery ကိုသွားကြပါတယ် ။ Erdenezuu monastery ကတော့ နာမည်ကြီးဘုရားကျောင်းပီသပါတယ် ။ အထဲရော အပြင်ပါ ခမ်းနားထည်ဝါလှပါတယ် ။ မွန်ဂို ဘုရားကျောင်းတွေထုံးစံ အစိမ်းဖက်ခပ်သန်းသန်း တိဗက်ဘုန်းကြီးကျောင်းဆန်ဆန် ဘုရားကျောင်းတွေပါပဲ ။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဒေသတွေမို့ ဘုရားကျောင်းတွေအထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး ။ အထဲမှာတော့ မွန်ဂိုတွေရဲ့ ကိုးကွယ်ရာဘာသာ ( yellow hat, red hat ) ဖြစ်ပေါ်လာတဲ့အကြောင်းတွေ   ၊ ခေတ်အဆက်ဆက်က Dalai Lama ပုံတော်တွေ ၊ ဘုရားဆင်းတုတော်တွေ  အလှူပေးထားကြတဲ့ ပိုးထည်တွေ ၊ ချည်ထည်တွေနဲ့ နဲ့ပြုလုပ်ထားတဲ့ ပန်းချီကားတွေ အခန်းတိုင်းမှာ ပြသထားတယ်။ ဂိုက်မလေးက တစ်ခန်းချင်းစီ အသေးစိတ်ရှင်းပြပေမယ့် ကိုယ်ကတော့ အပြင်ကို ဓာတ်ပုံထွက်ထွက်ရိုက်နေတာနဲ့ပဲ ပြန်တွေးကြည့်တော့ ဘာတစ်ခုမှ ရေရေရာရာမသိလိုက်တာမို့ အသေးစိတ်ချမရေးတော့ပါဘူး ။

ဘုရားကျောင်း ပြတိုက်လေးတွေကိုသွားပြီးတဲ့နောက်မှာတော့ ဘေးဘက်က ဘုရားပုထိုးတော်ဘက်ကိုသွားကြပါတယ် ။ ပုထိုးတော်နားက ger မှာလည်း ရိုးရာပွဲတစ်ခုကျင်းပနေတာမို့ လူတွေအပြည့်ပဲ ။ ကိုယ်တွေလည်း လူတွေနောက်လိုက်ရင်း ger ထဲဝင် ဘုရားရှိခိုးပြီး ပြန်ထွက်လာကြပါတယ် ။ ၀တ်ကောင်းစားလှတဲ့ လူတွေကြားထဲမှာ ကိုယ်တွေ ၃ ယောက်ကတော့ ဘောင်းဘီပွနဲ့ တီရှပ်နဲ့မို့ထင်ပါတယ် ။ လူတွေဝိုင်းကြည့်နေကြတယ်။ ပွဲကျင်းပနေတယ်သာဆိုတာ လူကတော့ မွန်ဂိုထုံးစံ သိပ်မများပါဘူး ။ရှိလှရင် အယောက် ၂၀ လောက်ပေါ့ ။ ဘုရားပုထိုးတော်ဘက်ကိုသွားလည်ပြီးတာနဲ့ နောက်ဘုရားကျောင်းတစ်ဆောင်နားမှာ ဓာတ်ပုံတွေဘာတွေရိုက်ကြပါတယ် ။ မွန်ဂိုရိုးရား ဘုရားရှိခိုးတဲ့ prayer flag တွေ ၊ လက်နဲ့လှည့်လို့ရတဲ့ prayer wheel တွေကိုလှည့်ပြီး အမှတ်တရဓာတ်ပုံရိုက်ကြပါတယ် ။ prayer wheel တစ်ခုမှာ Sanskrit နဲ့ ရေးထားတဲ့ ဘုရားစာတွေပါပြီးတော့ prayer wheel ကိုလှည့်တာဟာ ဘုရားစာရွတ်တာနဲ့တူတယ်ဆိုပြီး ဂိုက်မလေးကရှင်းပြပါတယ် ။ ဘုရားကျောင်းကနေ ပြန်ထွက်လာပြီးတဲ့နောက်မှာတော့ ဘုရားကျောင်းရှေ့က ဈေးတန်းလေးကိုဝင်ကြည့်ကြပါတယ် ။ အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ ဈေးလေးပါ ။ ဈေးထဲကနေ မွန်ဂိုရိုးရာ နှာပွင့်ဆေးဝယ်ကြပါတယ် ။ရာသီဥတုက အေးပြီး လေအရမ်းတိုက်တော့ နှာခေါင်းဝတွေအရမ်းစပ်ပါတယ် ။ နှာပွင့်ဆေးမှုန့်လေးတွေ နှာခေါင်းမှာထည့်လိုက်ရင် နှာချေတော့ နေလို့အရမ်းကောင်းသွားပါတယ် ။ အရင်နေခဲ့တဲ့ nomadic family က အဖိုးက ကိုယ်တွေနှာခေါင်းတရှုံ့ရှုံ့ဖြစ်ကြတာကိုမြင်လို့ သူ့နှာပွင့်ဆေးပေးသုံးပါတယ်။ ဆေးနဲ့ သူ့ရာသီဥတုနဲ့ အံကိုက်ပါပဲ ။

 

 

ဘုန်းကြီးကျောင်းမှာ တွေ့ခဲ့တဲ့ ချစ်စရာကလေးမလေး

 

မနက်ကိုးနာရီလောက်ကနေထွက်လာခဲ့တာ Erdenezuu monastery ကနေ ပြန်လာပြီးတဲ့နောက်မှာတော့ နေ့တစ်ဝက်ကျိုးလုနီးပါပြီ ။ နောက်ထပ်သွားမယ့်နေရာက  Terkhiin Tsagaan Lake ခေါ် white lake ကိုသွားပြီး ကန်ဘေးနားက ger မှာ တစ်ညအိပ်မှာပါ ။ White lake က Erdenezuu monastery ကနေ တော်တော်ဝေးတာမို့ ကားနဲ့ နေ့တစ်ဝက်နီးပါးသွားရပါတယ် ။ လမ်းတစ်လျှောက်ကတော့ ထုံးစံအတိုင်း ကောင်းကင်ပြာရယ် ..မြက်ခင်းလွင်ပြင်ကျယ်ကြီးတွေရယ် ၊ စမ်းချောင်းလေးတွေရယ် ၊ ခေါင်းမဖော်တမ်းစားနေကြတဲ့မြင်းတွေ ၊ နွားတွေ ၊ ဆိတ်တွေရယ်ပါပဲ ။ စမ်းချောင်းခပ်ကြီးကြီး လှလှလေးတစ်ခုနားအရောက်မှာတော့ ကားခဏရပ်ပြီး စမ်းချောင်းနားကိုသွား ၊ အရည်ပျော်စပြုနေတဲ့ ရေခဲတုံးကြီးပေါ်တက်ပြီး ဓာတ်ပုံတွေရိုက်ကြပါတယ် ။ သူငယ်ချင်းတွေကတော့ ရေထဲတွေဘာတွေဆင်းပြီး ကိုယ်လက်ဆေးကြတယ် ။ ကိုယ်ကတော့ ဓာတ်ပုံရိုက်ပြီး အကွယ်လေးရှာပြီး အပေါ့သွားပါတယ် ၊ မွန်ဂိုမှာ အရှားဆုံးက အိမ်သာဆိုရင်လည်းမမှားပါဘူး ။ ရှာတွေ့ပြန်ရင်လည်း အိမ်သာအနံ့ပြင်းပြီး ကျင်းအိမ်သာမို့လို့ တက်ရတာအဆင်မပြေပါဘူး ။ ဒီလိုနဲ့ ရောက်ကတည်းက အိမ်သာကောင်းကောင်းမတက်ရဘဲ အပေါ့သွားမယ်ဆိုလည်း လမ်းမှာပဲ ဖြစ်သလို သွားနေရတယ်ဆိုပါတော့ ။

ထင်းရူးပင်လေးတွေနဲ့ စမ်းချောင်းရေ ပြာပြာလေးကတော်တော်လှပါတယ်။ river bank  ခေါ်ရမလားဘဲ..ကမ်းစပ်တောက်လျှောက်မှာ လမ်းလျှောက်လို့ရပါတယ် ။ မနီးမဝေးမှာလည်း ကိုယ်တွေဖြတ်လာခဲ့တဲ့ တံထားလေးနဲ့ ။ ထင်းရှုးတောအုပ်လေးနားမှာ အစာစားနေကြတဲ့ မြင်းလေးတွေနဲ့ ရာသီဥတုကလည်း သာသာယာယာ နဲ့ တော်တော်နေလို့ထိုင်လို့ကောင်းတဲ့နေရာလေးပါပဲ ။ ဒါပေမယ့် လေတိုက်တာမို့ရယ် ရှေ့ဆက်သွားရဦးမှာမို့ရယ် အကြာကြီးမနေနိုင်ဘဲ ကားပေါ်ပြန်တက်ရပြန်ပါတယ် ။ ကားပေါ်ပြန်ရောက်တာနဲ့ ပတ်ဝန်းကျင်အလှအပကိုခံစားရင်း အိပ်ငိုက်လိုက် ၊ စားလိုက်သောက်လိုက် ၊ နှာခေါင်းစပ်ရင် နှာပွင့်ဆေးလေးရှုလိုက် ၊ ကားပေါ်မှာ ဖွင့်ထားတဲ့ သီချင်းတွေညည်းရင်းနဲ့ သာသာယာယာပါပဲ ။ ပတ်ဝန်းကျင်ကတော့ တဖြေးဖြေးနဲ့ ပြောင်းလဲစပြုလာပါပြီ ။မွန်ဂိုအလယ်ပိုင်းကိုပိုရောက်လာတာမို့ ရာသီဥတုက သိသိသာသာပိုပြီးအေးလာသလို ထင်းရှုးတောအုပ်လေးတွေလည်းပိုများလာပါတယ် ။ လမ်းတစ်လျှောက်မှာလည်း မြို့ကလေးတွေ ကျိုးတိုးကျဲတဲ တွေ့ရပြီးတော့ ကားလမ်းကလည်း ပိုကြမ်းလာပါတယ် ။ ကားလမ်းပိုကြမ်းလေလေ ကားမူးတတ်တဲ့ကိုယ့်အတွက် ဒုက္ခများလေပါပဲ ။ကားဆောင့်ရင် အန်ချင်တာမို့ မနည်းသတိထားနေရပါတယ် ။

ခပ်ဝေးဝေးမှာ ရေခဲတောင်မြင့်မြင့်ကြီးကိုလည်းလှမ်းမြင်ရပါတယ် ။  ဘေးနားပတ်ပတ်လည်မှာလည်း  မီးတောင်ရဲ့ ချော်တုံးတွေခေါ်မလား  ခပ်မဲမဲ ချော်တုံး (basalt) တွေကို အနှံ့အပြားတွေ့ရပါတယ်။ White lake ဟာ Quaternary  ခေတ်က မီးတောင်ပေါက်လို့ ဖြစ်လာတဲ့ ကန်မို့လို့ မီးတောင်ချော်ခဲတွေ ခပ်မဲမဲပတ်ဝန်းကျင်ကို မြင်ရတာနဲ့ white lake နဲ့ နီးလာပြီဖြစ်ကြောင်းသတိထားမိပါတယ်။ ကားလမ်းပိုကြမ်းလာပေမယ့် white lake နဲ့ နီးပြီမို့ တစ်နေ့တာခရီးအဆုံးသတ်တော့မှာကိုတွေးပြီးဝမ်းသာမိပါတယ် ။ နောက်ပြီး white lake ရောက်လို့ရှိရင် ကောင်းကင်က အရမ်းကြည်လင်တာမို့ milky way ကြယ်စုတွေကိုတောင်လှမ်းမြင်ရတယ်လို့ ပြောကြတာမို့ ပျော်လည်းပျော်မိပါတယ် ။မွန်ဂိုကို ၀င်ရတဲ့အကြောင်းရင်းထဲမှာ white lake ဘေးမှာအိပ်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။ ဒီတော့လည်း ၀မ်းသာမိတာမဆန်းပါဘူးနော် ။

Off road ကို နာရီဝက်ကျော်လောက်မောင်းပြီးတဲ့အခါမှာတော့ မျှော်လှတဲ့ white lake ကြီးကိုမြင်ရပါတော့တယ် ။ လှလိုက်လေခြင်း … စာနဲ့ရေးလို့မမှီလောက်အောင်လှပါတယ် ။  လမ်းမှာမြင်ခဲ့ရတဲ့ ရေခဲတောင်ကိုလည်း မနီးမဝေးမှာမြင်ရပါတယ် ။ ရေခဲတောင်ကြီးနောက်ခံထားတဲ့ white lake က နာမည်နဲ့လိုက်လှပါတယ် ။ ကန်ဘေးမှာ ger ဖြူဖြူလေးတွေနဲ့ ။ ဒါပေမယ့် ည ရှစ်နာရီလောက်ရှိပြီဆိုတော့ မှောင်စပျိုးလာတာမို့ ဓာတ်ပုံတွေဘာတွေမရိုက်အားတော့ပါဘူး .. ဒီညနေရမယ့် ger ကို ဂိုက်မလေးက လိုက်ပြပြီးတော့ ger မှာ အိတ်တွေထားပြီး host family ရဲ့ ger ကိုသွားကြပါတယ် ။ ညစာကို မွန်ဂိုစတိုင် သက်သတ်လွတ် khuushuur (deep-fry လုပ်ထားတဲ့ ပလာတာ လိုလို မုန့်တစ်မျိုးပါပဲ ) ကို နို့ထမင်းလေးနဲ့ စားကြပါတယ် ။ ချမ်းချမ်းစီးစီးမှာ khuushuur ပူပူလေးကို ရေနွေးကြမ်းလေးနဲ့ စားရတာ အရသာရှိလှပါတယ် ။ host family မှာတော့  အာနန္ဒာလို့ ခေါ်တဲ့ ကလေးလေးတစ်ယောက်ရှိပါတယ် ။ မိဘတွေကတော့ Ulaanbaatar မှာနေကြပြီး ကလေးကတော့ မူကြိုမတက်ချင်လို့  white lake မှာအဖိုးအဖွားတွေနဲ့လာနေတာပါတဲ့ ။ ပါးလေးတွေနီနေတဲ့ ကလေးက ချစ်စရာသိပ်ကောင်းပါတယ် ။ ကလေးကို ၀ယ်လာတဲ့ သကြားလုံးပထမထုတ်ကိုပေးတော့ ကလေးက မကြိုက်ဘူး ။ mint ပါလို့ စပ်တာမို့ မစားလို့ mint မပါတဲ့ နောက်တစ်ထုတ်နဲ့လဲပေးလိုက်တော့ ၀မ်းသာအားရစားပါတော့တယ် ။

အာနန္ဒာလေး

ညစာစားပြီးတဲ့ နောက်မှာတော့ အချိန်ကလည်းလင့်ပြီမို့ ger ကို ပြန်လာပြီး ကိုယ်လက်ဆေးကြပါတယ် ။  အခုနေတဲ့နေရာက tourist camp ဆိုတော့ အိမ်သာကောင်းကောင်းရှိပါတယ် ။ ထုံးစံအတိုင်း ကျင်းအိမ်သာဆိုပေမယ့် ဘိုထိုင်ရှိတဲ့အပြင် အမှိုက်ပုံးတွေနဲ့  အိမ်သာကမုတ်အစွပ်တွေဘာတွေနဲ့ သန့်သန့်ရှင်းရှင်းမို့ တစ်လမ်းလုံးချုပ်လာခဲ့တဲ့ ၀မ်းကို ဒီရောက်မှပဲ ၀မ်းနှုတ်ဆေးသောက်ပြီးဖွင့်ချရပါတော့တယ် ။ ချမ်းချမ်းစီးစီးမှာ ခပ်ဝေးဝေးက အိမ်သာကို လက်နှိပ်ဓာတ်မီးသေးသေးလေးအလင်းကို အားယူပြီးသွားရတာ ပျော်ဖို့လည်းကောင်းသလို ရယ်လည်းရယ်ရပါတယ် ။ ဒါ့အပြင် နေရာအနှံ့မှာ မြင်းချေး ဆိတ်ချေးတွေရှိတာမို့ မနင်းမိအောင် သတိထားပြီးလည်းသွားရပါသေးတယ် ။ အရင်စီစဉ်ထားတဲ့ ပလန်အရဆိုရင် ညဘက် white lake နားကိုသွားပြီးတော့ milky way  ကြယ်တွေကိုကြည့်မယ် ဓာတ်ပုံရိုက်မယ်ပေါ့ ။ တကယ်တမ်းမှာတော့ ချမ်းကလည်းချမ်း ညကလည်းနက်လာတော့ ger အပြင်တောင်မထွက်နိုင်ပါဘူး ။ မအိပ်ခင် တစ်ချက်လောက်ထွက်ကြည့်ပြီး ငါးမိနစ်တောင်မကြာဘူး ger ထဲ ပြင်ဝင်လာ…..sleeping bag လေးဖွင့်ပြီး ကြယ်တွေကို မေ့ကာ စောစာနားလိုက်ကြပါတော့တယ် ။ မနက်ကျရင် အစောကြီးထပြီး white lake ဘေးမှာ လမ်းလျှောက်ကြမယ်ဆိုပြီး စီစဉ်ထားပါတော့တယ် ။

 



Leave a Reply

Your email address will not be published.