Trans Siberian ခရီးစဉ်-၃

Trans Siberian ခရီးစဉ်-၃

Mongolia ဆိုတော့ တကယ်တော့ ကိုယ်နဲ့ သိပ်တော့မစိမ်းလှတဲ့ နာမည်ပဲ ။ Miss Earth မွန်ဂိုလီးယား Bayra Bela ဆိုတာ ကိုယ်နှစ်သက်တဲ့ Miss တစ်ယောက်ပေါ့ ။ သူတို့တွေရဲ့ unique ဖြစ်တဲ့အလှကို သတိထားမိနေခဲ့တာကြာပြီ ။ နောက်ပြီးတော့ သူတို့နိုင်ငံရဲ့နာမည်ကြီး Gobi သဲကန္တာရရယ် .. စစ်ဘုရင်ကြီး ဂျင်ဂျစ်ခန် နှင့် မြေး ကူဘလိုင်ခန် အကြောင်း ၊ ကြီးများကျယ်ပြန့်တဲ့ မြင်ခင်းပြင်ဒေသအကြောင်းတွေကိုတော့ အနည်းအကျဉ်းသိနေခဲ့ပါတယ် ။  ကိုးရီးယားလို အာညွန်း ဆိုပြီး နှုတ်ဆက်ရတာလွယ်သလောက် မွန်ဂိုလို ဆန်းပန်နော်ဆိုတဲ့ နှုတ်ဆက်စကားကို တော်တော်လေ့ကျင့်ယူခဲ့ရတယ် ။ မြို့တော် အူလန်ဘာထာ ဆိုတဲ့အသံထွက်ကိုလည်း ထွက်တတ်ဖို့ကျင့်ယူခဲ့ရပါတယ် ။ မွန်ဂို ဘာသာစကားက သင်ယူလေ့လာဖို့ ခက်ခဲသလို သူတို့တွေရဲ့ လူနေမှုဘ၀တွေလည်း ဘယ်လောက် ခက်ခဲကြမ်းတမ်းကြတယ်ဆိုတာကို သူတို့နိုင်ငံကို ရောက်ဖူးတော့မှပဲ ကောင်းကောင်းနားလည်သဘောပေါက်ပါတော့တယ် ။

လေဆိပ်

 

မွန်ဂို နိုင်ငံ မြို့တော် Ulaanbaatar ရဲ့  လေဆိပ်နာမည်ကတော့ Chinggis Khaan International Airport ပါတဲ့ ။ လေဆိပ်ကတော့ ရန်ကုန်လေဆိပ်နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီးတော့ ရန်ကုန်လေဆိပ်လောက်တောင် busy မဖြစ်တဲ့ပုံပါပဲ ။ Immigration ဖြတ် ၊ အိတ်ရွေးပြီးတာနဲ့ ထွက်ပေါက်ကနေ ထွက်လိုက်တာနဲ့ လာကြိုနေတဲ့ Majestic Gobi Tour ကိုတွေ့ပါတော့တယ် ။ လာကြိုတဲ့သူတွေကတော့ Odontun (အော့နော့) ဆိုတဲ့ Guide မလေးနဲ့ Tonya (တိုညာ) ဆိုတဲ့ driver ပါပဲ ။ Guide မလေးက ခပ်ငယ်ငယ်ချောချောလေး ဖြစ်ပြီးတော့ အင်္ဂလိပ်စကားကိုလည်း တော်တော်ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့ အပြင် သဘောကောင်းမယ့်ပုံလေးလည်းဖြစ်တဲ့အတွက် မြင်တာနဲ့ တော်တော်စိတ်ချမ်းသာသွားပါတယ် ။ ဒါပေမယ့် မွန်ဂိုက ကားဒရိုင်ဘာတွေက အသောက်အစားမကင်းဘဲ ပျင်းကြတယ်ဆိုပြီး တချို့ blog တွေမှာ ဖတ်ဖူးထားတော့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေကြပါသေးတယ် ။ ဒါပေမယ့် အန်ကယ် Tonya ကိုကြည့်ရတာ အေးအေးချမ်းချမ်းပါပဲ ။ ဘာပဲပြောပြော ပိုင်ရှင် Baatar ကို ယုံတဲ့အတွက်မို့ သူအကောင်းဆုံးစီစဉ်ပေးထားမှာပါဆိုပြီး စိတ်အေးလက်အေးသာနေလိုက်ကြပါတယ် ။Guide မလေးနဲ့တွေ့ပြီးတဲ့ နောက်မှာ ပထမဆုံးအနေနဲ့ Money changer ကိုလိုက်ရှာရပါတယ် ။ စင်ကာပူမှာ မွန်ဂို ငွေကို လဲလို့ရတဲ့နေရာမရှိတဲ့အတွက် လေဆိပ်ကိုရောက်မှပဲ ငွေလဲရတာပါ ။ ငွေလဲပြီးတဲ့ နောက်မှာတော့ ကားပါကင်မှာ အသင့်စောင့်နေတဲ့ Road Trip သွားမယ် ကားလေးဆီကိုသွားကြပါတော့ တယ် ။

ဒီနေ့ အစီစဉ်ကတော့ နေ့လည်စာစားမယ် ၊ Road Trip အတွက် စားစရာသောက်စရာတွေကို super market မှာဝယ်မယ် ။ ပြီးရင် ၃ နာရီလောက်ကားမောင်းပြီး  Hugnu Khan တောင်တန်းတွေဆီကို   သွားမယ် ။ ထိုနေရာမှာပဲ nomadic (ရွေ့ပြောင်းနေထိုင်ကြသော) မိသားစုတွေနဲ့ တစ်ည အိပ်မယ် ဆိုပြီး ဂိုက်မလေးက ပြောပြပါတယ် ။ တကယ်တော့ မွန်ဂိုမှာ tourist camp ဆိုတာလေးတွေရှိပါတယ် ။ ထို tourist camp တွေမှာကျတော့ ရေပူရေအေး စိတ်ကြိုက်ရသလို ၊ ဘိုထိုင်အိမ်သာတွေဘာတွေနဲ့ tourist တွေ အဆင်ပြေအောင်လုပ်ထားတဲ့ camp လေးတွေပါ ။ ထို camp လေးတွေက ခရီးသွားများတဲ့ အချိန်တွေမှာပဲ အဖွင့်များပြီးတော့ အခုလို လူသွားနည်းတဲ့ အချိန်တွေမှာတော့ ပိတ်ထားတတ်ကြပါတယ် ။ ဒါပေမယ့် Tourist camp မှာနေချင်ရင် စီစဉ်ပေးလို့ရပါတယ် ဈေးကတော့ ပိုကြီးမယ် nomadic family တွေနဲ့ နေရင်တော့ ဈေးပိုသက်သာမယ်။ Nomadic stay ဆိုပေမယ့် မိသားစုတွေမှာ ခရီးသွားတွေအတွက် သီးသန့် Ger လို့ခေါ်တဲ့ အိမ်ကလေးတွေ ဆောက်ပေးထားကြတာမို့ လွတ်လွတ်လပ်လပ်နေလို့ရပါတယ် ဆိုပြီး Baatar က ပြောပြဖူးပါတယ် ။ ကိုယ်တွေအနေနဲ့ကတော့ သက်သာတဲ့ option ကို လိုချင်တာရယ် ၊ nomadic မိသားစုတွေနဲ့ နေရမယ့် အတွေ့အကြုံကိုလိုချင်တာမို့ nomadic family stay ကိုပဲရွေးချယ်ထားကြပါတယ်။

အပြင်မှာ ရာသီဥတုက သာသာယာယာ ခြောက်ခြောက်သွေ့သွေ့ပါပဲ ။ ဘယ်နားကြည့်ကြည့် သဲရောင်လွှမ်းတဲ့ တောင်ကုန်းနိမ့်နိမ့်လေးတွေ အပြည့် ။ အပူချိန်က ၂၀ ဒီဂရီဝန်းကျင်ရှိပေမယ့် လေတိုက်တာမို့ နည်းနည်းတော့ အေးပါတယ် ။ ဒါပေမယ့် အကျီလက်ရှည်လေးဝတ်ထားရင် နေပူပူအောက်မှာ သွားလို့လာလို့ကောင်းတဲ့ရာသီဥတုမို့ စိတ်ထဲမှာ တော်တော်လေးသဘောကျသွားမိပါတယ် ။ ဂိုက်မလေးက ပြောပြပါတယ် ။ မွန်ဂိုမှာ လူဦးရေ ၃ သန်းရှိပြီး ထိုလူဦးရေ ရဲ့ တစ်ဝက်တိတိဟာ Ulaanbaatar  ဆိုတဲ့ မြို့တော်မှာပဲ နေထိုင်ကြပါတယ်တဲ့  ။ ကျန်သော ၁ သန်းခွဲကတော့ တစ်နိုင်ငံလုံးမှာ ပြန့်ကြဲစွာပဲ နေထိုင်ကြပါတယ်တဲ့ ။ 676,578 km² ကျယ်ဝန်းတဲ့ မြန်မာပြည်မှာတောင် လူဦးရေ ၅၃ သန်းရှိပါတယ် ။  1,564,116 km² ကျယ်ဝန်းတဲ့ မွန်ဂိုမှာတော့ လူဦးရေ ၃ သန်းသာသာပဲနေထိုင်ကြတယ်ဆိုတော့ ဘယ်လောက်တောင်မှ မြေပိုမြေလျှံတွေရှိမလဲ တွေးကြည့်လို့ရပါတယ် ။ အူလန်ဘာထာက မြို့မှာပဲ လူဦးရေ ၁ သန်းခွဲနေကြတယ် ဆိုပေမယ့် ကျယ်ကျယ်ဝန်းဝန်းသာသာယာယာပါပဲ ။ တခြားမြို့တော်တွေလို အိမ်တွေပြွတ်သိပ်နေတာမျိုးမရှိပါဘူး ။  Traffic (ယာဉ်ကြောပိတ်ဆို့မှု) နည်းနည်းများပြီး အိမ်ပုံစံလေးတွေရိုးလွန်းတာ တစ်ခုပါပဲ ။

ဂိုက်မလေးက သူတို့နိုင်ငံရဲ့ အကြီးဆုံး super market ကိုခေါ်သွားပြီး road trip အတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ကြပါတယ် ။ ခရီးစဉ်မှာ အစားအသောက်ပါတာမို့ ဂိုက်မလေးက လိုအပ်တာတွေကို ဒရိုင်ဘာနဲ့အတူဝယ်ပြီး ကိုယ်တွေကတော့ ရေ ၊ ခေါက်ဆွဲ ၊ အသီး တွေ ၊ အားလူးကြော်တွေဝယ်ကြပါတယ် ။ နောက်ပြီးတော့ nomadic family က ကလေးတွေအတွက် သကြားလုံးတွေ မမေ့မလျော့ ၀ယ်သွားကြပါတယ် ။ (blogger တွေအကြံပေးချက်အရ nomadic family က ကလေးတွေက ပြည်တွင်းဖြစ်သကြားလုံးတွေ ပိုကြိုက်တယ်ဆိုလို့ super market ရောက်မှဝယ်ကြတာပါ) ။ တကယ်တော့ ကိုယ်တွေမှာ စင်ကာပူကနေ ခေါက်ဆွဲခြောက် ၊ ကော်ဖီ ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း စတဲ့ စားစရာတွေကို တစ်ယောက်စာစီ သယ်လာပြီးသားပါ (ငတ်မှာစိုးတာကိုး :P) Super market ကိုရောက်တော့လည်း လိုအပ်မယ်ထင်တာလေးတွေကို ထပ်ဝယ်ကြပါတယ်။ ရေကလည်း သူတို့ပေးတဲ့ တစ်ယောက် တစ်လီတာနဲ့ မလောက်မှာစိုးလို့ ထပ်ဝယ်ပါတယ် ။ အဲဒီလိုနဲ့ အစားအသောက်ပါပြီးသား ခရီးအတွက် ငတ်မှာစိုးလို့ ၀ယ်လိုက်ကြတာ မနည်းကိုသယ်ယူရပါတော့တယ် ။ တကယ်တော့ luggage တွေထဲမှာလည်း စားစရာတွေအများကြီး 😛 လိုအပ်တာတွေဝယ်ပြီးတော့ super market ထဲက food court မှာ နေ့လည်စာမှာစားကြပါတယ် ။ အစားအသောက်တွေလည်းမဆိုးပါဘူး ။ ဈေးလည်းတော်တဲ့အပြင် တစ်ပွဲဆိုရင် လူနှစ်ယောက်စားယူရလောက်အောင် ပွဲကြီးပါတယ် ။ ပိုတာလေးတွေကို ညဘက်စားဖို့ ပါဆယ်ယူလာပြီး Road trip လေး စတင်လိုက်ပါတော့တယ် ။

ကားကတော့  Istana mini bus လေးပါ ။ ၃ ယောက်လုံးအတွက် သက်တောင့်သက်သာရှိပြီး ကျယ်ကျယ်ဝန်းဝန်းနေလို့အဆင်ပြေတဲ့ ကားလေးပါ ။ ဂိုက်မလေးနဲ့ ဒရိုင်ဘာကတော့ ရှေ့မှာထိုင်ကြပြီး နောက်ဘက်မှာတော့ ကိုယ်တို့ ၃ ယောက်တည်း ကမ္ဘာပေါ့ ။ ကားထဲမှာ trendy ဖြစ်တဲ့ music video တွေကို ipad လေးနဲ့ ဖွင့်ထားပါတယ် ။ အပြင်မှာ ချမ်းပေမယ့် ကားပေါ်မှာတော့ နွေးနွေးထွေးထွေးပါပဲ ။ ဘယ်နားကြည့်ကြည့် တောင်ကမူလေးတွေ မြေပြန့်လွင်ပြင်ကြီးတွေရယ် ။ အိမ်သေးသေး ပုပုလေးတွေရယ် .. ။ မြင်းတွေရယ် ..မြင်းချေးတွေရယ် ချည်းပဲပါ ။ နွားတွေ သိုးတွေကိုလည်း မကြာမကြာမြင်ရသေးတယ် ။ ကတ္တရာလမ်းက ဖြောင့်ဖြူးနေပါတယ် ။ တခါတခါတော့ ကားဆောင့်တာလေးတွေတော့ရှိတယ် ။ ဘယ်နားကြည့်ကြည့် အဆုံးအစမရှိတဲ့  လွင်ပြင်ကျယ်ကြီးတွေရယ်..တောင်မို့မို့လေးတွေရယ်နဲ့ စိတ်ထဲမှာ ရုပ်ရှင်ထဲ ရောက်နေသလားတောင်မှတ်ရလောက်အောင် သာယာလှပါတယ်။

အဝေးက တောင်တန်းတွေ

မြက်ခင်းပြင်ကြီးတွေက spring ဆိုပေမယ့် စိမ်းတဲ့အဆင့်ထိမရောက်ကြသေးပါဘူး ။  ညိုဝါရောင်သန်းနေတဲ့ မြက်ခင်းတွေကလည်း မျက်စိတစ်ဆုံး…. ကျောက်သားကျောင်းဆိုင် ကျောင်တောင်တွေကလည်းအပြည့်….။  ခေါင်းမဖော်တမ်းစားနေကြတဲ့ မြင်းတွေ…. တကယ်တော့ မွန်ဂိုဆိုတာ တရိစ္ဆာန်လေးတွေအတွက် နိဗာန်ဘုံလို့ ပြောရလောက်အောင် အစားအသောက်ပေါများတဲ့ တိုင်းပြည်ပါပဲ ။ မွန်ဂိုမှာ တကယ်တော့ လူဦးရေ ထက် မြင်းဦးရေက ပိုများတယ် ဆိုပြီး  ဂိုက်မလေးက ပြောပြပါသေးတယ် ။ ဒါပေမယ့်  ဒီလောက် ကြီးများကျယ်ပြန့်တဲ့ မြေတွေ ကုန်းမြင့်တွေ တောင်တန်းလွင်ပြင်တွေရှိလျက်နဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုကြောင့် စားပင်သီးပင်တွေ စိုက်လို့မရတာ တော်တော် ၀မ်းနည်းစရာကောင်းပါတယ် ။ မြေပြန့်လွင်ပြင်တွေမှာ အလေ့ကျပေါက်နေတဲ့မြက်တွေအပြည့် ၊ ထိုမြက်တွေကို စားနေတဲ့ မြင်းတွေ နွားတွေ သိုးတွေ အပြည့် ၊ ဒါပေမယ့် ထိုမြေတွေမှာ အသီးအနှံ စိုက်ခင်းတွေ (ရှိကောင်းရှိနိုင်ပေမယ့်) မြင်မြင်သမျှမှာတော့ တစ်ခုတစ်လေမှတောင် မတွေ့ရပါဘူး ။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက် အေးချမ်းပြီးတော့ လွတ်လွတ်လပ်လပ်သွားလာနေကြတဲ့ မြင်းတွေ ၊ ဟိုးဝေးဝေးမှာ မြင်ရတဲ့ အိမ်လေးတွေ ၊ ထိုအိမ်လေးတွေဟာလည်း တစ်အိမ်နဲ့ တစ်အိမ် အဝေးကြီးမှ အဝေးကြီး ၊ ကျိုးတိုးကျဲတဲ မြင်ရတဲ့ Ger (ဂါး) အိမ်လေးတွေ ၊ လူရိပ်လူယောင်တောင်မမြင်ရတဲ့ မြို့သေးသေးလေးတွေ… နာရီဝက်နေလို့ တစ်စီးမမြင်ရတဲ့ ကားတွေ ….အရည်ပျော်စပြုနေတဲ့ နှင်းခဲတွေ ၊ ညင်ညင်သာသာလေး စီးဆင်းနေကြတဲ့ စမ်းချောင်းလေးတွေနဲ့ လှချင်တိုင်းကို လှနေကြတော့တာပါပဲ ။

လွတ်လပ်စွာသွားလာနေကြတဲ့ မြင်းတွေ

 

 ၃ နာရီလောက် ကားမောင်းပြီးတဲ့အခါမှာတော့ ကားလမ်းပေါ်ကနေ off road တစ်ခုထဲကို ဆင်းချလိုက်ပါတော့တယ် ။  ခပ်လှမ်းလှမ်းတစ်နေရာမှာတော့ သာယာလှပတဲ့ Hugnu Khan တောင်တန်းကြီးက ဆီးကြိုလို့ ။ Hugnu Khan တောင်တန်းတွေဟာ တကယ်တော့ Hugnu Khan Nature Reserve ထဲမှာ ရှိတဲ့ တောင်တန်းတွေပါ ။ Nature Reserve ဆိုတာကတော့ မြန်မာလို ပြောရရင် သဘာဝ ဥယျဉ်လို့ပဲ အနီးစပ်ဆုံးခေါ်လို့ရမယ်ထင်ပါတယ် ။ ထို Nature Reserve ကို မပျက်စီးအောင် ကြည့်ရှုစောင့်ရှောက်ပေးတဲ့အဖွဲ့အစည်းတွေရှိပါတယ် ။ Hugnu Khan တောင်တန်းနားမှာတော့ ချစ်စရာ Ger ဖြူဖြူလေးတွေ ရှိပါတယ် ။ ကျောက်တောင်မြင့်မြင့်ကြီးတွေနားမှာ Ger အိမ်ဖြူဖြူလေးတွေရယ် လွင်ပြင်ကျယ်ကြီးရယ်နဲ့ wall paper ထဲကိုရောက်နေသလိုပါပဲ ။ ကားကို Ger ဖြူဖြူလေးတွေနားမှာရပ်လိုက်ပြီးတော့ ဂိုက်မလေးက ဦးဆောင်ပြီး ကိုယ်တွေ တစ်ညတာ နားခိုမယ့် nomadic မိသားစုနေထိုင်ရာ အိမ်ကလေးကိုခေါ်ဆောင်သွားပါတယ် ။
နားခိုရာ Ger အိမ်လေးတွေ
ညကိုးနာရီ အလှ
ထိုနေရာမှာတော့ Ger အိမ်လေးတွေစုစုပေါင်း ခြောက်အိမ်ရှိပြီးတော့ အိမ်ရှင် အဖိုးအဖွားရယ် ၊ သူ့ သားသမီးလို့ထင်ရတဲ့စုံတွဲ တစ်စုံ ရယ် ..။  ပြင်သစ်က ဧည့်သည် ၂ ယောက်နဲ့ tour ပိုင်ရှင် Baatar ရယ်…။  ကိုယ်တွေသုံးယောက်ရယ်ပဲရှိပါတယ် ။ Baatar က ပြင်သစ်ဧည့်သည်တွေကိုလိုက်ပို့ရင်း ကိုယ်တွေဆီက tour ခ ပိုက်ဆံလာယူတာပါ ။ အိမ်ရှင်အဖိုးနဲ့အဖွားက လှိုက်လှိုက်လှဲလှဲကြိုဆိုကြပါတယ် ။ အသက်က ၇၀ ဆယ်ကျော်တွေဆိုပေမယ့် သန်သန်မာမာ ချက်နိုင်ပြုတ်နိုင် အလုပ်လုပ်နိုင်ကြတုန်းပါပဲ ။ မွန်ဂိုထုံးစံ Ger ထဲကို ၀င်ဝင်ချင်းမှာ Suutei tsai (Mongolian Salty Milk Tea) တစ်ခွက်စီတိုက်ပါတယ် ။(Mare’s Milk) မြင်းနို့မို့လို့ အနံ့က နည်းနည်းပြင်းပေမယ့် အစဉ်အလာကို လေးစားတဲ့အနေနဲ့ Milk Tea တစ်ခွက်ကို ကြိုးစားပြီးသောက်လိုက်ပါတယ် ။ ထမင်းရည်အရသာနဲ့ခပ်ဆင်ဆင်ပါပဲ။ ဆားခပ်ထားတော့ နည်းနည်းငံပြီး နို့နံ့ နည်းနည်းရှိတယ် ။
အိမ်ရှင် အဖွား
အိမ်ရှင် အဖိုး
နို့လက်ဖက်ရည်

Ger ရဲ့ ပုံစံကတော့ ပုံမှာမြင်တဲ့အတိုင်း အလယ်မှာ မီးဖို လေး နဲ့ ခုံလေးရှိတယ် ၊ အ၀င်ဝက တောင်ဘက်အရပ်ကိုမျက်နှာမူထားတယ် ။ ပတ်ပတ်လည်း မှာ အိပ်ကုတင်လေးတွေရှိတယ် ၊ ခုံလေးတွေရှိတယ် ။ အဲလောက်ပါပဲ ၊ ရိုးရိုးရှင်းရှင်း နွေးနွေးထွေးထွေးနဲ့ နေလို့အရမ်းကောင်းပါတယ်။  သူတို့ရာသီဥတုနဲ့ဆို အံကိုက်ပါပဲ ။ နွေရာသီဆို အေးပြီး ဆောင်းတွင်းကျရင် နွေးပါတယ် ။ ပြောင်းရရွေ့ရလည်း လွယ်ပါတယ် ။ Ger ဟာ ၁၅၀ ကနေ ၃၀၀ ကီလို အလေးချိန်ရှိပြီး ger တစ်ခု ဆောက်ဖို့အတွက် အချိန် ၂ နာရီပဲလိုပါတယ် ။ nomadic တွေထုံးစံအရ နွေရာသီဆိုရင် လေတိုက်တဲ့ တောင်ကုန်းတွေပေါ်မှာနေပြီး ဆောင်းဆိုရင်တော့ လေကွယ်တဲ့အရပ်ကိုပြောင်းရွေ့တတ်ကြပါတယ် ။ မေလနဲ့ အောက်တိုဘာလ အတွင်းမှာ ပြောင်းရွေ့လေ့ရှိကြပါတယ် ။  မြင်း, နွား ဒါမှမဟုတ် အမွှေးရှည်နွားရိုင်း (yaks), သိုး, ဆိတ် နဲ့ ကုလားအုပ် တွေကို မွေးမြူလေ့ရှိကြပါတယ် ။  ခုနောက်ပိုင်းမှာ  လေဒဏ် မိုးဒဏ် ဆောင်းဒဏ်ကို ပင်ပင်ပန်းပန်းခံကြရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ Nomadic ဘ၀ကို ပစ်ပြီး တဖြေးဖြေးနဲ့ မြို့ကို ပြောင်းပြီး နေလာကြတာမို့ nomadic ဦးရေ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာပါတယ်တဲ့ ။ ဒါ့အပြင် Nomadic တွေရဲ့ ဘ၀နေထိုင်မှုကို ပံ့ပိုးကူညီ ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ အများကြီးလိုအပ်နေပါတယ်တဲ့ (ဒါက ကြုံလို့ ပြောပြတာ) ။ Nomadic တွေက တိရိစ္တာန်လေးတွေအပေါ် အရမ်းဂရုစိုက် တန်ဖိုးထားပြီး လေးလေးစားစားဆက်ဆံတတ်ကြပါတယ် ။ ပုံထဲက ဗီရိုပေါ်မှာ အမြတ်တနိုးတင်ထားတဲ့ မယ်လမင်းခွက်နှစ်ခွက်နဲ့ ဆင်တူ ခွက်တစ်ခုကို ခွေးစာခွက်အဖြစ်သုံးထားတာကိုတွေ့ခဲ့ရပါသေးတယ်။

Ger အိမ်ပုံ (Credit – Pinterest )

ခုနက ပြောခဲ့သလိုပဲ Ger ရဲ့ ၀င်ပေါက်က တောင်ဖက်မှာပါ ။ Ger ရဲ့ အထဲမှာတော့ တစ်ယောက်အိပ်ကုတင်လေးတွေရှိပြီး အနောက်ဘက်က ကုတင်မှာ အမျိုးသားတွေအိပ်ရပါတယ် ။ မြောက်ဘက်မှာတော့ ဘုရားစင် ဒါမှမဟုတ် ကုတင်ထားရင်ဂုဏ်သရေရှိဧည့်သည်တွေ၊ သက်ကြီးဝါကြီးတွေအတွက်ပါတဲ့ ။ အရှေ့ဘက် ကုတင်ကတော့ အမျိုးသမီးတွေရဲ့နေရာပါ ။ အလယ်မှာကတော့ မီးဖိုပေါ့နော် ။ ခေါင်မိုးထိပ်ချွန်လေးကိုတော့ အလင်းဝင်အောင် အကြည်သား အစနဲ့မိုးထားပါတယ် ။ ခေါင်မိုးထိပ်ချွန်လေးကိုလည်း ကြိုးကလေးနဲ့ ဖွင့်လို့ပိတ်လို့ရပါသေးတယ် ။ Ger နဲ့ ခပ်ဝေးဝေးမှာ သစ်သားအိမ်သာလေး တစ်လုံးရှိပါတယ် ။ အိမ်သာကတော့ ကျင်းအိမ်သာပါပဲ ။ သစ်သားနှစ်ချပ်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သုံးရတာပါ ။ ရေ ၊ တစ်ရှုး ဘာမှမရှိတဲ့ ရိုးရာအိမ်သာပါ ။ ကျင်းအိမ်သာ ထုံးစံ အနံ့အသက်အနည်းငယ်တော့ရှိပါတယ် ။ သူတို့တွေကတော့ ဘယ်လိုသုံးလဲမသိဘူး ကိုယ်တွေတော့ တစ်ရှုးလေးဆောင်ပြီးမှသွားရပါတယ်။ နောက်တစ်ခု ကျန်သေးတာက ရေချိုးစရာ နေရာမရှိသလို ဘယ်သူမှလဲ ရေမချိုးကြပါဘူး ။ ရေရှားတဲ့အရပ်မို့ ရေကို အရမ်းချွေတာကြရပါတယ် ။ ရေတွင်းရေကန်လည်း မရှိသလို သောက်ရေလေးအတွက်ကို တဝေးတလံသွားခပ်ကြရပါတယ် ။ ရေတင်မကပါဘူး အရာအားလုံးကို ချွေချွေတာနဲ့ အလေအလွင့်မရှိအောင် စနစ်တကျသုံးကြပါတယ်။ မြင်းတွေအရမ်းပေါလို့ မြင်းချေးခြောက်တွေကို ထင်းအစားထိုးသုံးကြပါတယ် ။ Ger အလယ်မှာရှိတဲ့ မီးဖိုမှာပဲ မြင်းချေးခြောက်မီးကို သုံးပြီး အစားအသောက်တွေချက်ပြုတ်ကြပါတယ် ။ Ger ထဲမှာနွေးအောင်လည်း မြင်းချေးနဲ့ပဲ မီးဖိုကြပါတယ် ။ Ger အပြင်ဘက်မှာတော့ ဆိုလာပြားလေးတွေ ရှိပြီး ညဆယ်နာရီအထိ လျှပ်စစ်မီးရပါတယ် ။ အင်တာနက်တော့ မရပေမယ့် ဖုန်းလိုင်းတော့မိပါတယ် ။

 

အဖွားတို့ Ger အိမ်
အဖွားတို့အိမ်တွင်း

 

အဖွားတို့အိမ်တွင်း

 

အိမ်သာ

 

လူနေအိမ်နဲ့ အိမ်သာနဲ့ အဲလောက်ဝေးတယ်

 

မြင်းချေးခြောက် မီးလင်းဖို

 

Ger ထဲမှာ ပစ္စည်းတွေထားပြီးတော့  Hugnu Khan တောင်ဘက်ကို လမ်းလျှောက်ကြပါတယ်။ သာယာကျယ်ပြောတဲ့ မြင်ကွင်းကျယ် ရှုခင်းတွေက အရမ်းလှပပြီး အေးချမ်းပါတယ် ။ တိမ်ကင်းစင်ပြီး ပြာတောက်နေတဲ့ ကောင်းကင် အောက်က ရှုခင်းဟာ ဘာ effect , editing မှမလိုဘဲ ကြည့်ကောင်းလှပါတယ် ။ သွားရင်းနဲ့ မြင်းချေးနင်းမိမှာတစ်ခုပဲသတိထားရပါတယ်။ ကျောက်တောင်ကုန်းနားအထိ ဂိုက်မလေးနဲ့ ဖြေးဖြေးချင်းသွားကြပြီး ဓာတ်ပုံရိုက်လိုက် ငေးလိုက်နဲ့ တော်တော်စိတ်အေးချမ်းသာရတဲ့ နေ့လေးတစ်နေ့ပါပဲ ။ ကျောင်တောင် နားအရောက်မှာတော့ ဂိုက်မလေးကို နားခိုင်းလိုက်ပြီးတော့ ကိုယ်တွေ ၃ ယောက်ပဲ တောင်ပေါ်တက်ခဲ့ကြပါတယ် ။ ကိုယ်ကတော့ ဆက်မတက်ချင်တော့လို့ လမ်းတစ်ဝက်မှာ ဓာတ်ပုံလေးရိုက်ပြီး ကျန်ခဲ့ပါတယ် ။ သူငယ်ချင်းနှစ်ယောက်ကတော့ ဆက်တက်သွားကြပါတယ် ။ မိနစ် နှစ်ဆယ်လောက်နေတော့ ဂိုက်မလေးက မြင်းစီးဖို့ ပြန်လာခေါ်လို့ မြင်းသွားစီးကြပါတယ် ။ မြင်းစီးတာ ပထမဆုံးအတွေ့အကြုံဆိုတော့ စိတ်တော်တော်လှုပ်ရှားမိပါတယ် ။ မြင်းခါပြီး  ပြုတ်ကျရင် ကျိုးကန်းနေမှာစိုးလို့ ကင်မရာတွေ ဖုန်းတွေတောင်မယူနိုင်လောက်အောင် အကြောက်ပိုခဲ့တာပါ ။ တကယ်တော့ အိမ်ရှင် အဖိုးရဲ့သားက Hugnu Khan တောင်ခြေရင်းမှာ အစာစားနေကြတဲ့ သူတို့ရဲ့ ဆိတ်တွေ သိုးတွေကို အိပ်တန်းတက်ဖို့ ပြန်ခေါ်ရင်း ကိုယ်တွေ ၃ ယောက်ကို မြင်းစီးခေါ်သွားတာပါ ။ လွယ်လွယ်ပြောရရင် ဆိတ်ကျောင်း သိုးကျောင်းထွက်ကြတာပေါ့ ။ သိုးထိန်းခွေးလေးတွေလည်း ကိုယ်တွေနဲ့အတူလိုက်လာကြပါတယ် ။

သိုးထိန်းလေးပေါ့

 

အမှန်အတိုင်းပြောရရင် ကင်မရာထားခဲ့မိတာ တော်တော်နောင်တရပါတယ် ။ မြင်းတွေကို တစ်ကောင်နဲ့တစ်ကောင်ကြိုးနဲ့ချည်ထားပြီးတော့ ရှေ့ဆုံးက အဖိုးသားက သူ့မြင်းနဲ့အတူ ဆွဲပါတယ် ။ သက်တောင့်သက်သာနဲ့ ဖြေးဖြေးချင်းပဲသွားတာပါ ။  လေအေးလေးတွေတိုက်တဲ့ ညနေခင်းမှာ ရင်သပ်ရှုမောဖွယ်လှပတဲ့ Hugnu Khan တောင်ခြေရင်းမှာ မြင်းစီးရတဲ့ အရသာဟာ ဘာနဲ့မှမတူပါဘူး ။ ကောင်းကင်က ပြာပြာ ၊ တောင်စောင်းပေါ်မှာ မြင်းလေးစီးပြီး သိုးအုပ်တွေနောက်က လိုက်ရင်း ကိုယ့်ဘေးပတ်ပတ်လည် ၃၆၀ ဒီဂရီက သဘာဝစစ် untouched nature ကို ခံစားရတာဟာ စာကဗျာဖွဲ့လို့မမှီနိုင်ပါဘူး၊ ကိုယ့်အနေနဲ့ကတော့ အဲဒီလိုအတွေ့အကြုံ မြင်ကွင်းမျိုးတွေကို တစ်ခါမှမမြင်ဖူးတော့ ကောင်းဘွိုင်ကားထဲကို ရောက်နေသလိုလို..tourism promote လုပ်တဲ့ ဗီဒီယိုထဲ ရောက်နေသလိုလိုကို ခံစားရတာပါ ။ အကြောင်းသင့်ရင် တစ်ခေါက်လောက်သွားကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတော့တယ် ။ ကင်မရာလေးသာ ပါသွားရင် ဒီထက်လှတဲ့ ရှုခင်းတွေရိုက်နိုင်ခဲ့မှာပါဆိုပြီး နောင်တရပေမယ့် နှလုံးသားထဲမှာပဲသိမ်းဆည်းရင်း မွန်ဂိုလီးယားကို နောက်တစ်ခေါက်လာဦးမယ်ဆိုပြီး ပထမနေ့မှာတင် ဆုံးဖြတ်လိုက်ပါတော့တယ် ။

ရင်သပ်ရှုမောဖွယ်ရာ Hugnu Khan တောင်အလှ
ရင်သပ်ရှုမောဖွယ်ရာ Hugnu Khan တောင်အလှ
Hugnu Khan တောင်ကနေ အဖွားတို့အိမ်ကို လှမ်းမြင်ရတာ
အဖိုး နှင့် သူ၏ မြင်းများ
တောင်ကုန်းတစ်ပတ် မြင်းစီးပြီး ပြန်လာတော့ အဖွားလက်ရာ သက်သတ်လွတ် ရိုးရာ ခေါက်ဆွဲကြော်က ကြိုဆိုနေပါတယ်။ လက်ဆေးပြီး ger ထဲဝင်ကာ ညစာစားကြပါတယ် ။ အဖွားတို့နဲ့ ခဏလောက် အလာပ္ပ သလာပ္ပ စကားပြောပြီး အဖွားတို့အိမ်ဘေးက ကိုယ်တွေ ဒီညတည်းခိုမယ့် ger ကို ကူးလာကြပါတယ် ။ ကိုးနာရီဆိုပေမယ့် ညကတော့ နုပျိုလတ်ဆတ်ဆဲပါ ။ အီကွေတာနဲ့ နီးတဲ့ တိုင်းပြည်မို့ နေ၀င်ချိန်နောက်ကျပါတယ် ။ စင်ကာပူကနေ ထွက်လာတာ ၂၄ နာရီ နီးပါးရှိပြီ ဖြစ်ပေမယ့် အခုထိကာင်းကောင်းမအိပ်ရသေးတော့ လူတွေက တအားပင်ပန်းနေကြပါပြီ ။ မွန်ဂိုလီးယားက တိမ်ကင်းစင်တဲ့ ကောင်းကင်မို့ ကြယ်တွေပိုတောက်ပပြီး milky way ကြယ်စုတွေကို မြင်နိုင်တယ်လို့ ကြားဖူးပါတယ် ။ အရမ်းပင်ပန်းနေတာမို့ ger အပြင်ကိုတစ်ချက်လောက်ထွက် ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်တွေကို မရေတွက်နိုင်တော့ပါဘူး ။ wet tissue လေးနဲ့ မျက်နှာသစ် ကိုယ်လက်ဆေး သွားတိုက်ကာ အိပ်ရာဝင်လိုက်ကြပါတော့တယ် ။
ဆက်ပါဦးမယ် ။
ပုံတွေကိုတော့ instagram မှာ စုံစုံလင်လင်တင်ဖြစ်ပါတယ် (ဖြေးဖြေးချင်း :P)
https://www.instagram.com/bella_travel_diary/


Leave a Reply

Your email address will not be published.