Trans Siberian ခရီးစဉ်-၂

Trans Siberian ခရီးစဉ်-၂

မော်စကို ကနေ မွန်ဂိုလီးယားကို ဖြတ်ပြီး ဘေဂျင်းထိသွားတဲ့ ခရီးဟာ တကယ်တမ်းကျတော့ Trans Mongolian လို့ပြောရမှာ ဖြစ်ပေမယ့် အားလုံးကတော့ သူရဲ့ မူလလမ်းကြောင်းနာမည်ဖြစ်တဲ့ Trans Siberian လို့ပဲခေါ်ကြတယ် ။ ဒါကြောင့် ဒီခရီးစဉ်ကို Trans Siberian ဆိုပြီး နာမည်တပ်လိုက်ပါတယ် ။ တကယ်တော့ ဒီခရီးကို ၂၀၁၄ လောက်ကနေသွားဖို့စိတ်ကူးရှိခဲ့တာပါ ။ အရင်ခရီးသွားနေကျ သူငယ်ချင်းတွေကိုပြောဖြစ်ပေမယ့်  ရထားပေါ်မှာ လေးရက် သို့မဟုတ် ငါးရက် ကြာမယ်လိုပြောလိုက်တိုင်း အားလုံးက မသွားချင်ကြတော့ပါဘူး ။ ရထားပေါ်မှာ တောက်လျှောက်ကြီး လေးငါးရက် နေမှာမဟုတ်ဘူး လမ်းမှာအဆင်ပြေတဲ့မြို့တွေမှာရပ်မယ်ဆိုပြီးရှင်းပြပေမယ့် ရုရှားဆို တော်တော်များများက သွားလည်လို့ရတဲ့နေရာလို့မထင်ကြပါဘူး ။ secure မဖြစ်ဘူးလို့ပဲ သတ်မှတ်ကြပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲ ကိုယ့်လို adventure ကြိုက်တဲ့သူငယ်ချင်းနှစ်ယောက်ထပ်တွေ့ပြီး ဒီခရီးကိုစတင်စီစဉ်ဖြစ်ခဲ့တယ် ။ မှတ်မှတ်ရရ ခရီးမသွားခင်  ငါးလလောက်ကနေ စပြီး စီစဉ်ခဲ့ကြတာပါ ။

ခရီးသွားတာက ဟုတ်ပြီ ဘယ်အချိန်သွားမလဲဆိုပြီး အရင်ဆုံးဖြတ်ရတယ် ။ Trans Siberian ကို ပုံမှန်အားဖြင့် အအေးသက်သာတဲ့ နွေရာသီနဲ့ သစ်ရွက်တွေအရောင်ပြောင်းတဲ့ ဆောင်းဦးရာသီမှာ (Autumn)သွားကြတာများတယ် ။ တချို့ကျတော့လဲ နှင်းတောထဲမှာ ဖြူဖွေးဆွတ်နေတဲ့ ဆိုက်ဘေးရီးယန်းဒေသအလှတွေကို တွေ့ချင်လို့ ဆောင်းရာသီကိုရွေးသွားကြတာမျိုးရှိတယ် ။ ကိုယ့်အနေနဲ့တော့ ဖွေးဆွတ်နေတဲ့ ဆိုက်ဘေးရီးယန်းအလှကို မြင်ချင်ပေမယ့် အအေးဒဏ်ကိုမခံနိုင်မှာရယ်သေချာနေတာမို့ ဆောင်းတွင်းမှာတော့မသွားချင်ဘူး ။နောက်ပြီးတော့ နွေနဲ့ ဆောင်းဦးက peak season ဆိုတော့ လူရှုပ်တဲ့ဒဏ်ကိုမခံချင်တာကြောင့်ရယ် နွေဦးရာသီ ဖြစ်တဲ့ Spring ကိုရွေးဖြစ်တယ် ။ ရာသီဥတုတိုင်းမှာတော့ အားသာချက်အားနည်းချက်ကိုယ်စီရှိကြတယ် ။ Spring ရဲ့သဘောတရားကကျတော့ ရေခဲအရည်ပျော်တဲ့အချိန်ဖြစ်တဲ့အတွက် တစိုစို တစီစီဖြစ်မယ် ။ မိုးရွာမယ် စတဲ့အားနည်းချက်ကလေးတွေရှိတယ် ။ ဘာပဲပြောပြော အတူသွားမယ့် သူငယ်ချင်းတွေရဲ့ ခွင့်လည်းအဆင်ပြေတယ် .. လူလည်းသိပ်မထူတဲ့အချိန်လည်းဖြစ်တဲ့ ဧပြီလကုန် မေလဆန်းကို ခရီးသွားကြမယ်လို့ ၃ ယောက်လုံးသဘောတူလိုက်ကြတယ် ။

 

Photo Credit : https://gearjunkie.com/siberia-winter-trek

သွားမယ့်အချိန်ကိုရွေးပြီးတဲ့နောက်မှာ ဘယ်နိုင်ငံမှာ ဘယ်လောက်နေမလဲ ။ခရီးစဉ်တစ်လျှောက်ဘယ်မြို့ကိုဝင်မလဲဆိုတာကို စဉ်းစားရတာ တကယ်ခေါင်းခြောက်ပါတယ် ။ ခရီးစဉ်အတွက် အချိန်ဘယ်လောက်ပေးရမလဲဆိုတာကိုလည်း မမေ့မလျော့တွက်ရပါသေးတယ် ။ တကယ်တော့ Trans Siberian (ဘေဂျင်း ၊ မွန်ဂို ၊ ရုရှား) ခရီးစဉ်ကို ဘယ်နေရာမှာမှမရပ်ဘဲ ရထားနဲ့ ဆက်တိုက်သွားမယ်ဆို ရထားပေါ်မှာတင် ခြောက်ည တိတိ အချိန်ပေးရတဲ့ ခရီးစဉ်ဖြစ်ပါတယ် ။ နောက်ပြီး East bound သွားမလား West bound သွားမလားစဉ်းစားရပြန်တယ် ။ ထုံးစံအတိုင်းပဲ စင်ကာပူနဲ့နီးတဲ့ ဘေဂျင်းကနေခရီးစမယ် မွန်ဂိုလီးယားမှ တစ်ည လောက်နေမယ် ရုရှားမှာ ၃မြို့ ၄ မြို့လောက်ဝင်လည်မယ် မော်စကိုမှာ ဂိတ်ဆုံးမယ်ဆိုပြီး စီစဉ်ထားကြပါတယ် ။ စုစုပေါင်းက နှစ်ပတ် ကြာမယ်ပေါ့ ။ ဒါပေမယ့် အတူသွားမယ့်သူငယ်ချင်းက မွန်ဂိုကိုလည်းအချိန်ပေးချင်သေးတယ်ဆိုတော့ ရုရှားမှာနေမယ့်အချိန်တွေကိုလျော့ပြီး Central Mongolia ကို လေးညမဟုတ်ရင် ငါးညသွားလည်ကြမယ်ဆိုပြီးဆုံးဖြတ်လိုက်ကြပါတယ် ။ သွားမယ့်အချိန်က စုစုပေါင်း ၂ ပတ် .. သွားရမှာ ၃ နိုင်ငံဆိုတော့ အသေးစိတ်တွက်ကြည့်လိုက်ပါတယ် ။

ဘေဂျင်းကနေ မွန်ဂိုလီးယားမြို့တော် Ulaanbaatar ကို နာရီ ၃၀ ရထားစီးရမှာပါ ။ ဘေဂျင်းမှာ Great Wall တွေ ဘာတွေလည်ဖို့ တစ်ရက်လောက်တော့ အချိန်ပေးရဦးမယ် ဒါ့အပြင် ဗုဒဟူးမနက် ရထားထွက်မှာဆိုတော့ တနလာင်္ ဒါမှမဟုတ် အင်္ဂါနေ့မှ ဒီကနေထွက်ရင် သောကြာည ၊ စနေ ၊ တနင်္ဂနွေ စုစုပေါင်း ၃ ညလောက် အချိန်ပုပ်သလို ဖြစ်သွားပါတယ်။ နောက်ပြီးတော့ သွားမယ့်ရက်က တရုတ်နိုင်ငံရဲ့ ရုံးပိတ်ရက် public holiday ဖြစ်တော့ လူတအားထူထပ်တဲ့အချိန်ပါ ။ ဒါက ပထမအချက်။ ဒုတိယအချက်အနေနဲ့တော့ ရုရှားဟာ အရမ်းကြီးတဲ့ တိုင်းပြည်ပါ ။ မြို့သေးလေးတွေ အများကြီးရှိပေမယ့် tourist attraction ရှိတဲ့ တစ်မြို့နဲ့တစ်မြို့ကို ရထား နာရီ လေးဆယ် ငါးဆယ် စီးမှ ရောက်ပါတယ်။ Real Russia website က လုပ်ပေးတဲ့ Trans Siberian Planner နဲ့ သေသေချာချာတွက်ကြည့်လိုက်တဲ့အခါမှာတော့ ခုနစ်ရက်ဆိုတဲ့ အချိန်နဲ့ဆိုရင် ရထားစီးရုံသက်သက်ပဲ အချိန်ရမှာဖြစ်ပြီးတော့ မြို့တွေမှာ ဆင်းလည်ဖို့အချိန်မရနိုင်တော့ပါဘူး ။ ရထားပေါ်မှာတင် ခုနစ်ရက် တစ်ပတ် နေဖို့က မလွယ်တော့  တစ်နေရာရာကိုဖြုတ်မှရပါတော့မယ် ။ အဲဒီနှစ်ချက်နဲ့တင်ပဲ အချိန်မရွေးသွားလို့ရတဲ့ တရုတ်ပြည်ကို ချန်ခဲ့ပြီး မွန်ဂိုလီးယားကနေ ခရီးစမယ်ဆိုပြီး စီစဉ်လိုက်ကြပါတော့တယ် ။ အလွန်အသုံးဝင်တဲ့ Trans Siberian Trip Planner ကို ဒီလင့်မှာသွားကြည့်လို့ရပါတယ် ။

စင်ကာပူကနေ တရုတ်ပြည်ကို ဈေးသက်သက်သာသာ သွားနိုင်ပေမယ့် မွန်ဂိုလီးယားကိုကျတော့ ဈေးကြီးပါတယ် ။ ဒီတော့ ဈေးချမယ့်အချိန်ကိုစောင့်ရင်း ရုရှားကနေ စင်ကာပူကို ပြန်လာမယ့်လက်မှတ်ကို Qatar Airway နဲ့ အရင်ဝယ်လိုက်ကြပါတယ် ။ အသွားအတွက်တော့ ဈေးချမယ့်အချိန်ကိုစောင့်ပေမယ့် သိသိသာသာ သက်သာတဲ့ဈေးမရှိတာနဲ့ Air China ကနေပဲ အလျဉ်းသင့်သလိုဝယ်လိုက်ကြပါတယ် ။ စင်ကာပူကနေ မနက်အာရုံ 00:15 မှာထွက်ပြီး တရုတ်ကို မနက် ငါးနာရီကျော်မှာရောက်မယ် ။ တရုတ်ကနေ မွန်ဂိုကို ဆက်သွားပြီး မွန်ဂိုကို မနက် ၁၁ နာရီမှာရောက်မယ့် အစီစဉ်ပါပဲ ။ Airline အကြောင်းတော့ နောက်ကြုံမှပဲရေးပါတော့မယ် ။ လေယဉ်လက်မှတ်တွေဝယ်ပြီးသွားမယ်ဆိုတော့ နောက်ထပ်စိတ်ပူရမှာတစ်ခုက ဗီဇာကိစ္စပါပဲ ။ ဒီကြားထဲမှာ မသိရင်မသိသလို lonely planet forum မှာသွားမေးဖြစ်ပါတယ် ။ Travel blog တွေကို အထပ်ထပ်ဖတ်..၃ ယောက်သား ခေါင်းချင်းဆိုင်ပြီး အကြိမ်ကြိမ်အခါခါဆွေးနွေးကြရပါတယ် ။ lonely planet က မန်ဘာတွေကလည်း အားကိုးရပါတယ် ။ မေးသမျှကို ၀ိုင်းဖြေပေးကြပါတယ်။

ဒီလိုနဲ့ ဗီဇာလျှောက်ဖို့ ပြင်ဆင်ကြပါတယ် ။ ဗီဇာလျှောက်မယ်ဆိုတာနဲ့ ပထမဆုံးလိုတာက ခရီးသွားအာမခံ (travel insurance) ၀ယ်ရပါတယ် ။ တစ်ခြားနိုင်ငံတွေဆိုရင် အာမခံဝယ်ပြီးတာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ၊ဘဏ်စာရင်းတွေ ၊ အလုပ်ထောက်ခံစာ ၊ ကျောင်းသားဆိုရင် ကျောင်းထောက်ခံစာတွေ လိုပေမယ့် ရုရှားအတွက်ကတော့ အဲဒါတွေမလိုပါဘူး ။ သူ့အတွက်လိုတာက ဖိတ်ခေါ်စာ (visa support / invitation letter) ။ အဲဒီ ဖိတ်ခေါ်စာတွေကိုလည်း Russia ကနေ travel agency ဒါမှမဟုတ် hotel/hostel ကမှ တရားဝင် ထုတ်ပေးခွင့်ရှိပါတယ် ။ ဒီတော့ တချို့ဟော်တယ်တွေက သူတို့နဲ့ booking လုပ်ရင် invitation letter ကို အလကားပေးတဲ့ အစီစဉ်မျိုးလေးတွေ လုပ်ထားပေးကြပါတယ် ။ နောက် Real Russia website ကနေပြီးတော့လည်း သူတို့ဆီက ဟော်တယ် ဒါမှမဟုတ် ရထားလက်မှတ် ၀ယ်ရင် ဖိတ်စာအလကားပေးပါတယ် ။ ဒီလိုမှမဟုတ်ရင်လည်း သူတို့ဆီကနေ single entry အတွက် ၁၅ ပေါင်ပေးပြီးဝယ်ရပါတယ် ။

ဗီဇာမရသေးခင် ဟော်တယ် ရထားလက်မှတ်တွေမ၀ယ်သင့်သေးတာမို့ invitation letter ကို ၁၅ ပေါင် ပေးဝယ်မယ်လုပ်တော့… မြန်မာနိုင်ငံသားတွေအတွက်ဆိုရင် ရထားလက်မှတ် ဟော်တယ်ဘွတ်ကင်မပါဘဲ အလွတ်ဝယ်လို့မရနိုင်ပါဘူးဆိုပြီး realrussia က အကြောင်းပြန်လာပါတယ် ။ အွန်လိုင်ဆိုဒ်ပေါင်းစုံမှာ လင့်ပေါင်းစုံကို အီးမေးလ် ပို့ပြီးမေးပါတယ်။ တော်တော်များများကတခြား နိုင်ငံသားတွေအတွက် အလွယ်ပေးပေမယ့် မြန်မာ နိုင်ငံသားတွေအတွက်ကျတော့ ဈေးတွေ အများကြီးတောင်းပါတယ် ။ တချို့ကျတော့လည်း credibility မရှိတဲ့ပုံစံမျိုးခံစားရတော့ မယုံရဲပါဘူး ။ နောက်ဆုံးမှာတော့  Global Singapore ဆိုတဲ့ visa centre မှာလုပ်ဖြစ်သွားပါတယ် ။ invitation letter တစ်ခုတည်းအတွက်ပဲ စင်ကာပူဒေါ်လာ ၁၄၆.၀၆ ပေးရပါတယ် ။ တခြားနိုင်ငံသားဆိုရင် စင်ကာပူဒေါ်လာ ၃၀ လောက်ပဲ ကုန်တဲ့အချိန် ကိုယ်တွေအတွက်တော့ ၁၄၆.၀၆ တိတိပေးခဲ့ရပါတယ် ။ဖိတ်ခေါ်စာရပြန်တော့ visa လျှောက်ဖို့ပြင်ဆင်ရပါတယ် ။ visa ကိုလည်း ရုရှားသံရုံးမှာတိုက်ရိုက်လျှောက်ခွင့်မရှိဘဲ VFS ဆိုတဲ့ တရားဝင် agency မှာလျှောက်ရပါတယ် ။ Visa ကြေးကလည်း တခြားနိုင်ငံတွေထက်ဈေးကြီးပါတယ် ။ ဗီဇာလျှောက်ပြီး ၄ ရက်နေရင် လာထုတ်လို့ရပြီဆိုပြီး လျှောက်ကတည်းကမှာလိုက်ပါတယ် ။ ရင်တမမနဲ့ status tracking ကြည့်ရင်း ၃ ရက်မြောက်နေ့မှာ approve ဖြစ်တဲ့ status ကိုတွေ့ပါတယ် ။ ၄ ရက်မြောက်နေ့ ညနေပိုင်းမှာ passport စာအုပ်ကို သွားထုတ်လိုက်ပါတယ်။

ရုရှားဗီဇာရပြီဆိုတော့ ရထားလက်မှတ်ဝယ်ဖို့ပြင်ဆင်ရပါတယ် ။ ပုံမှန်အားဖြင့် ရထားလက်မှတ်တွေကို RZD website မှာ တိုက်ရိုက်ဝယ်လို့ရပါတယ် ။ အားနည်းချက်အနေနဲ့ကတော့ သူ့မှာ english version မရှိပါဘူး ။နောက်ပြီးတော့ ရထားလက်မှတ်တွေကို ၄၅ ရက်ပဲ ကြိုဝယ်လို့ရပါတယ် ။ ဒါမှမဟုတ် Agency က တစ်ဆင့်ဝယ်ချင်ရင်လည်းရပါတယ် ။ Agency က ၀ယ်ရင်တော့ ကြိုက်သလို စောဝယ်လို့ရပေမယ့် ဈေးကတော့ ထုံးစံအတိုင်းပိုကြီးတာပေါ့ ။ Realrussia ကနေပဲအ၀ယ်များကြပါတယ် ။ သူတို့ဆီမှာဝယ်ရင် ခရီးစဉ်တစ်လျှောက်လုံးအတွက် စီစဉ်ပေးပြီး ဘယ်မြို့မှာရပ်ချင်လဲသာပြောလိုက် အစအဆုံးစီစဉ်ပေးတယ် ။ ကိုယ်တွေကတော့ ၄၅ ရက်ထက်လည်းစောဝယ်ချင်တယ်..ဈေးအများကြီးလည်းမပေးနိုင်တော့ အမြတ်အနည်းဆုံးယူတဲ့ tutu ဆိုတဲ့ english website ကနေပဲဝယ်လိုက်ကြပါတယ် ။ ရထားလက်မှတ်ဝယ်ရတာ တကယ်တော့ အရမ်းခေါင်းစားပါတယ် ။ ဘယ်မြို့ကိုဘယ်အချိန်ရောက်မယ် ဘယ်အချိန်ပြန်ထွက်မလဲ ဘယ်အတွက်ဝယ်မလဲဆိုတာကို အခါတစ်ရာမက အပြန်ပြန်အလှန်လှန်စဉ်းစားရပါတယ် ။နောက်ပြီးတော့ ခရီးစဉ်တစ်လျှောက်မှာ စံတော်ချိန်တွေကိုမတူပေမယ့် ရထားတွေအကုန်လုံးက မော်စကို စံတော်ချိန်နဲ့ပဲ ပြေးဆွဲတဲ့အတွက် အချိန်တွေကွာဟနေတာကိုလည်း မမေ့မလျော့တွက်ရပါတယ်

ရုရှားဗီဇာနဲ့ ရထားလက်မှတ်တွေဝယ်ပြီးတဲ့နောက်မှာတော့  မွန်ဂိုလီးယား ဗီဇာအတွက်ထပ်ပြင်ဆင်ရပါတယ် ။ မွန်ဂိုဗီဇာကိုမလျှောက်ခင် ရထားလက်မှတ်အရင်ဝယ်ရတဲ့အကြောင်းအရင်းက မွန်ဂိုကနေ အထွက်လက်မှတ် (departure) လိုတယ်ဆိုပြီး visa requirement မှာပါတာမို့ ရထားလက်မှတ်ကိုအရင်ဝယ်လိုက်ကြတာပါ ။ မွန်ဂိုလီးယား ဗီဇာက လျှောက်ရတာလွယ်ပါတယ် ။ သူလည်း invitation letter လိုတယ် ။  ဗီဇာတွေမလျှောက်ခင်ကတည်းက Majestic Gobi Tour နဲ့ ချိတ်ထားတာမို့ Majstic Gobi Tour ကနေ ဖိတ်ခေါ်စာ free ပေးပါတယ် ။ ဖိတ်ခေါ်စာရပြီးတဲ့နောက်မှာ မွန်ဂိုလီးယားဗီဇာလျှောက်ဖို့အတွက် ဘဏ်ကို သတ်မှတ်ထားတဲ့ ပိုက်ဆံသွင်းရပါတယ် ။ ပိုက်ဆံသွင်းထားပြီးတဲ့ transaction ကို print ထုတ်ပြီးယူသွား ၊ ဖိတ်ခေါ်စာကိုပါတွဲပြီးပြရင် အာမခံတွေ ic ကော်ပီတွေတောင်မတောင်းပါဘူး ။ လူကိုယ်တိုင်တောင်သွားစရာမလိုဘဲ လွှဲစာနဲ့တင်လျှောက်လို့ရပါတယ် ။ လျှောက်ပြီး ၃ ရက်အကြာမှာပဲ passport စာအုပ်သွားပြန်ယူလို့ရပါပြီ။

Majestic Gobi Tour နဲ့ ချိတ်ပြီးတော့ လေးရက်တာ Central Mongolia Tour အတွက် စီစဉ်ထားပါတယ်။ Majestic Gobi Tour က ဈေးလည်းသက်သာတဲ့အပြင်  မေးသမျှမေးခွန်းတွေကို မြန်မြန်ဆန်ဆန်ဖြေပါတယ် ။ မိန်းကလေး ၃ ယောက်တည်းသွားမယ့် ခရီးအတွက် secure ဖြစ်အောင်လည်း စီစဉ်ပေးမယ်ဆိုပြီး အာမခံတာမို့ အဲဒီ Tour ကို ရွေးဖြစ်သွားတာပါ ။ tour ခ က လူတစ်ယောက်စီအတွက် တစ်ရက်ကို ၇၅ Usd ပါ ။ လူနည်းတဲ့ရာသီမို့ 65 ကျပ်နဲ့လျော့ပေးပါတယ် ။ Tour တွေထုံးစံအတိုင်း လူများလေ ဈေးပိုသက်သာလေပါပဲ ။ လူ ငါးယောက်အထက်ဆိုရင် တစ်ရက်ကို လေးဆယ် ကျော် ငါးဆယ် ၀န်းကျင်နဲ့ရနိုင်ပါတယ်။  ထို ၆၅ ကျပ်ထဲမှာ သွားသမျှနေရာကို လိုက်ပို့ပေးမယ့် ကားမောင်းသမား နဲ့ ကား ၊ guide လုပ်ပေးမယ့် tour guide ၊   ညအိပ်စရာနေရာ အပြင် တစ်နေ့ကို ၃ နပ် စားစရာသောက်စရာတွေကျွေးပါတယ် ။ တစ်နေ့ကို ရေတစ်ယောက် တစ်လီတာ ခွဲတမ်းပေးပါတယ် ။ စားစရာအတွက် ဆိုင်တွေ့ရင် ဆိုင်မှာစားပြီးတော့ ဆိုင်မရှိတဲ့နေရာကိုရောက်ရင် ထို guide ကပဲ ထမင်းချက်ကျွေးပါတယ်။  ၃ ယောက်လုံးက သားကြီးငါးကြီးတွေ မစားတဲ့အတွက် vegetarian meals တွေကိုပဲ စီစဉ်ပေးဖို့ပြောထားကြပါတယ်။ ဒါ့အပြင် အဲဒီ Tour က ပဲ ဖိတ်ခေါ်စာပို့ပေးမယ့် အပြင် လေဆိပ်မှာလည်းလာကြိုပြီး ပြန်ပို့ပေးမှာပါ။ (ဘယ်လောက်တန်လဲနော်) ။ စုစုပေါင်း တစ်ယောက်ချင်းစီအတွက် tour ခ ငါးရက်စာ USD 325 ကျပ်ပေးရမှာဖြစ်ပါတယ် ။

 

ဘေဂျင်းကနေ စတဲ့ရထားဟာ မွန်ဂိုလီးယား Ulan-Bator  မြို့တော်ကနေပြီးတော့ ရုရှား  Ulan-Ude, Irkutsk,Tayshet,Krasnoyarsk, Novosibrisk,Omsk,Tyumen,Yekaterinburg, Kazan/Perm, Vyatka(Kirov), Nizhni Novgorod, Vladimir မြို့တွေမှာရပ်ပြီးတော့ Moscow မြို့တော်မှာဂိတ်ဆုံးပါတယ်။ ဒီတော့ ကြားထဲမှာ ဘယ်မြို့မှာ ရပ်မလဲ မွန်ဂိုကနေ ရုရှားကို ကားနဲ့ သွားမလား ရထားနဲ့သွားမလားဆိုတာကို စဉ်းစားကြပါတယ် ။ မွန်ဂိုကနေ ရုရှား Irkutsk (အီရားကွတ်စ်) ကို ကားနဲ့သွားရင် ၂၀ နာရီကြာပြီးတော့ ရထားနဲ့သွားရင် ၃၁ နာရီကြာပါတယ် ။ ကားနဲ့သွားရင် အားနည်းချက်တစ်ခုတော့ရှိတယ် ။ ကားက Ulan Ude ဆိုတဲ့ ရုရှားမွန်ဂို နယ်စပ်မြို့မှာ ဂိတ်ဆုံးပါတယ် ။ ကားပေါ်မှာ ကြာချိန်ကတော့ ၁၂ နာရီ ။ ကားကနေ ရထား ရှစ်နာရီပြောင်းစီးမှ Irkutsk ကိုရောက်နိုင်မယ် ။ ဥပမာ မေလ ၂ ရက်နေ့ မနက် 7:30 မှာ မွန်ဂိုကနေ ကားနဲ့ထွက်လာရင် ရုရှားရဲ့(Irkutsk မြို့ကို) မေလ ၃ ရက်နေ့ မနက် 7:20 နာရီမှာရောက်သွားမှာပါ။ ရထားနဲ့ဆိုရင် မေလ ၂  ရက်နေ့ ညနေပိုင်းမှ မွန်ဂိုကနေထွက်လာပြီး Irkutsk ကို မေလ ၄ ရက်နေ့ မနက် ၆ နာရီမှ ရောက်နိုင်မှာပါ ။   အချိန် ၂၄ နာရီလောက်ကွာတာမို့ ကားကိုပဲရွေးလိုက်ကြတာပါ ။

ကားလက်မှတ်ကိုလည်း Majestic Gobi Tour ကပဲ အမြတ်အစွန်းပေးစရာမလိုဘဲ ၀ယ်ထားပေးပါတယ် ။ ကားလက်မှတ်က ၂၈ usd ပါ ။ ရထားနဲ့သွားတက်ထက် အများကြီးဈေးပိုသက်သာပါတယ် ။ နောက်စိုးရိမ်စရာတစ်ခုရှိတာက မွန်ဂိုမြို့တော်ကနေ မနက် ၇ နာရီခွဲ ကားထွက်ရင် ရုရှား Ulan Ude ကို ည ၈ နာရီခွဲရောက်မှာပါ ။ ရထားချိန်က ည ဆယ်နာရီ ကျော်ဆိုတော့ လမ်းမှာကားပျက်တာမျိုး အကြောင်းအမျိုးမျီုးကြောင့် immigration မှာ ပြသနာတက်တာမျိုးဆိုရင် ရထားမမှီနိုင်ပါ ။ နောက်ပြီးတော့ လမ်းပျောက်နေတာမျိုးဖြစ်ရင်လည်း ရထားချိန်လွတ်မှာမို့ risk တော်တော်များတဲ့ ဆုံးဖြတ်ချက်ပါပဲ ။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ပဲ ကားနဲ့သွားဖို့ပဲ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

လမ်းတစ်လျှောက်က ဘယ်မြို့ကိုဝင်လည်မလဲ စဉ်းစားတော့ စိတ်ဝင်စားစရာမြို့တွေကအများကြီးပါပဲ ။  ဒီအထဲမှာမှ Irkutsk မှာ ကမ္ဘာ့အနက်ဆုံး ကန် lake Baikal (ဘိုင်ကယ်လ် lake) ကိုတော့ မဖြစ်မနေသွားရမယ် ၊ Baikal ကိုသွားဖို့ Irkutsk ကို ၀င်မှရမယ်ဆိုတော့ Irkutsk မှာ နှစ်ရက်နေဖို့ စီစဉ်ပါတယ် ။ နောက်တစ်မြို့ကတော့ Yekaterinburg (အီကာတာရင်းဘွခ်) ဆိုတဲ့မြို့ အဲဒီမြို့မှာ အာရှနဲ့ ဥရောပ border မျည်းရှိတယ် ။ သူ့တစ်မြို့တည်းမှာတင် Yekaterinburg (Asia),  Yekaterinburg (Europe) ဆိုပြီးကွဲသေးတာမို့ စိတ်ဝင်စားစရာမြို့လေးပါပဲ ။ နောက်ပြီးတော့ အဲဒီမြို့မှာ နောက်ဆုံးဇာဘုရင်နဲ့ မိသားစုအတွက် ဆောက်လုပ်ထားတဲ့အမှတ်တရနေရာရှိတယ်။ Kazan ဆိုတဲ့ မြို ကတော့ မူဆလင် ယဉ်ကျေးမှုလွှမ်းမိုးတဲ့ တစ်ခုတည်းသော မြို့ ၊ ရုရှားရဲ့ တတိယအကြီးဆုံးမြို့ပေါ့ ။ မော်စကိုကတော့ ဂိတ်ဆုံးမြို့ဆိုတော့ မဖြစ်မနေသွားရမယ့်မြို့ ။ စိန့်ပီတာစဘတ်မြို့ (တကယ့်အသံထွက်အမှန်က စန့်ပီ့ဂျာရဘွတ်ခ် တဲ့) ကိုလည်း ရောက်အောင်ဝင်ချင်သေးတော့ ဘယ်မြို့ဝင်ရမလဲ ဗျာများကြသေးတယ် ။ စိန့်ပီတာစဘတ်ကတော့ Trans Siberian route ထဲမှာမပါပေမယ့် ရောက်တုန်းရောက်ခိုက်ဝင်လည်ကြတဲ့သဘောပါပဲ ။

ဒီလိုနဲ့ Ulan-Ude >Irkutsk > Yekaterinburg > Kazan > Moscow > Saint Petersburg  ကို သွားမယ် ပြီးတော့မှ Moscow ကို ပြန်လာမယ်ဆိုပြီး စီစဉ်လိုက်ကြတယ် ။  ဘာလို့ Saint Petersburg ကနေ မပြန်ဘူးလဲဆိုတော့ အဲဒီကနေ စင်ကာပူကို ပြန်ရင် လေယဉ်လက်မှတ်တွေဈေးကြီးလို့ပါပဲ ။ ဒီလိုနဲ့ အချိန်တွေ ပြန်တွက်ရင်း မလောက်တာနဲ့ ၂ ပတ်ကနေ နောက် ထပ် ၃ ရက်တိုးပြီး ၁ရ ရက်ဖြစ်သွားပြန်တယ် ။ ၁ရ ရက်နဲ့တောင်မှ အချိန်မလောက်တာမို့ Kazan ကို ဖြုတ်ပြီးတော့ Yekaterinburg ကနေ Saint Petersburg ကို တိုက်ရိုက်သွားတဲ့ရထားစီးကြမယ်ဆိုပြီး အချိန်တွေပြောင်းလိုက်ပါတော့တယ် ။ ဒီတော့ ရုရှားမှာ စုစုပေါင်းသွားမယ့် မြို့က Ulan-Ude ပါ ထည့်ရင် ငါးမြို့ပေါ့ ။ မြို့တွေဆုံးဖြတ်ပြီးတာနဲ့ အချိန်ကုန်သက်သာအောင် ညရထားတွေလိုက်ရှာပါတယ် ။ Real Russia ရဲ့လက်မှတ် time table ကြည့်တဲ့နေရာကို ၃ ယောက်သား အခါ တစ်ရာမက ကြည့်ပြီးတဲ့နောက်မှာဘယ်အချိန်သွားမလဲဆိုတာကို အတိအကျ သတ်မှတ်လိုက်ကြပါတော့တယ် ။

(ပြင်ဆင်တာကတော့ ဒီမှာပဲ ပြီးပါပြီ ခရီးသွားအတွေ့အကြုံကို နောက်တစ်ပိုင်းမှာဆက်ပါဦးမယ်)

 

Ulan Ude Credit – http://www.trans-siberian-travel.com/resources/gallery-maps/pictures-from-ulan-ude.html
Genghis Khan – ဂျင်ဂျစ်ခန်

 

ပုံလေးတွေကြည့်ချင်ရင် instagram မှာ follow လုပ်ပြီးကြည့်လို့ရပါတယ်။
https://www.instagram.com/bella_travel_diary/



1 thought on “Trans Siberian ခရီးစဉ်-၂”

  • အဲလို ခရီးစဉ် ဆွဲရတာ စီစဉ်ရတာ အရမ်းကြိုက်တယ်… မိန်းကလေး ၃ ယောက်တည်း စီစဉ်တဲ့ ဒီခရီးက အရမ်း စိတ်ဝင်စားစရာ ကောင်းလိုက်တာ.. သွားတဲ့နေရာကလည်း စိတ်ဝင်စားစရာပဲ..

Leave a Reply

Your email address will not be published.