Trans Siberian ခရီးစဉ်-၁

Trans Siberian ခရီးစဉ်-၁

Trans Siberian ခရီးအကြောင်းကို travel blogger တွေရေးသလို step by step ရေးမယ်လို့ ခရီးမသွားခင်က စဉ်းစားဖူးခဲ့တယ်။ ဒါပေမယ့် စာရေးမယ်ဆိုရင် ပေါ့ပေါ့ပါးပါး စကားပြောလိုလို စကားပြောလိုလို ရေးချင်တာလေး ချရေးဖို့ အားသန်တဲ့ ကိုယ်ဟာ ရေးလက်စ ပထမပိုင်းမှာတင် ရှေ့ဆက်မတိုးဖြစ်တော့တာ တော်တော်ကြာပြီ ။  ကိုယ်အားမသန်တဲ့ step by step တွေကို အသေးစိတ်ရေးမယ့်အစား အပန်းလည်းပြေ အမှတ်တရလည်းဖြစ်မယ့် ပိုစ့်လေးတွေကို သတိရသလိုချရေးကြည့်မယ် ဆိုပြီး ဒီစာကိုရေးပါတယ်။

Trans Siberian Railway (ထရန် ဆိုက်ဘေးရီးယန်း မီးရထားလမ်း) ဆိုတာ တကယ်တော့   ရုရှားရထားကွန်ယက်(Russian railway network)  ရဲ့ တစ်စိတ်တစ်ဒေသပါပဲ ။ Moscow ကနေ  Vladivostok  မြို့အထိ ပြေးဆွဲတဲ့ မိုင်ပေါင်း ၅၇၇၂ မိုင်ရှည်တဲ့ ကမ္ဘာအရှည်ဆုံးရထားလမ်းတစ်ခုပါ ။ အဲဒီရထားလမ်းကို တစ်ဘက်မှာတော့ (European rail network) ဥရောပရထားကွန်ယက်နဲ့  ချိတ်ဆက်ထားပြီး Warsaw တို့ London တို့အထိ ရထားနဲ့သွားလို့ရတယ် ။ နောက်တစ်ဘက်စွန်းမှာကျတော့ ရုရှားနိုင်ငံ Vladivostok  မြို့အထိသွားချင်ရင်သွား ဒါမှမဟုတ် တရုတ်ရထားကွန်ယက် (Chinese rail network) နဲ့ ချိတ်ဆက်ပြီးတော့ တရုတ်ပြည်ကိုပဲသွားသွား စိတ်ကြိုက်သွားလို့ရတယ်။ မော်စကိုကနေ Vladivostok ကိုဘာသွားလုပ်လဲဆိုတော့ Vladivostok မြို့ကနေပြီးတော့ တောင်ကိုးရီးယားနဲ့ ဂျပန်ကို အပတ်စဉ် သဘောင်္ (ferry) ရှိတဲ့အတွက် ပစ္စည်းတွေဘာတွေ တင်ပို့ တင်သွင်းတာတွေ ၊ ခရီးသွားတာတွေလုပ်ဖို့အတွက် ထိုရထားလမ်းကို သုံးကြတာပါ။

တရုတ်ပြည်ကိုသွားတဲ့  တရုတ်ရထားကွန်ယက်(Chinese rail network) ကိုတော့ ထပ်ပြီး နှစ်မျိုးခွဲပါတယ် ။ တစ်ခုက မော်စကိုကနေ ဘေရျင်းကို မန်းချူးရီးယန်းဒေသကို ဖြတ်သွားတဲ့ Trans Manchurian နဲ့ နောက်တစ်ခုကတော့ မော်စကိုကနေ ဘေဂျင်းကို မွန်ဂိုလီးယားဒေသကိုဖြတ်တဲ့ Trans-Mongolian ဆိုပြီးတော့ ခွဲထားတာပါ ။ တရုတ်ပြည်ဘေ၈ျင်းကိုရောက်တော့ ဟောင်ကောင် ၊ ဗီယက်နမ် ကိုဖြတ်ပြီး ထိုင်း ၊ မလေးရှားအထိ ရထားနဲ့ ဆက်သွားလို့ရတဲ့အတွက် ဒီရထားလမ်းဟာ  ဥရောပနဲ့အာရှကိုဆက်သွယ်ထားတဲ့ တစ်ခုတည်းသောရထားလမ်းကြောင်းတစ်ခုပါပဲ ။ ပိုပြီးရှင်းသွားအောင် ပုံလေးထည့်ပေးထားပါတယ်။

 

photo credit – seat61

အဲလိုရထားခရီးစဉ်တွေအများကြီးရှိတဲ့နေရာမှာမှ Moscow ကနေ တရုတ်ကို မွန်ဂိုလီးယားကို ဖြတ်ပြီးသွားတဲ့ရထားလမ်းကြောင်းက နာမည်အကြီးဆုံး ၊ လူသွားအများဆုံး ရထားလမ်းကြောင်းတစ်ခုဖြစ်ပါတယ် ။ ဘာလို့ လူသွားများလဲဆိုတော့ မော်စကိုကနေ ဘေဂျင်းထိဆိုရင် time zone စုစုပေါင်း ၁၁ ခုကို ဖြတ်ကျော်ရပြီးတော့ ရထားနဲ့ ပျော်ပျော်ပါးပါး ခရီးသွားရင်း အာရှနဲ့ ဥရောပရဲ့ မတူညီတဲ့အလှတရားတွေကို တထိုင်တည်းခံစားလို့ရတာမို့ ထိုလမ်းကြောင်းဟာ လူသိများပြီး နာမည်ကြီးတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ် ။

မော်စကိုကနေ ဘေဂျင်းကို တစ်ပတ် နှစ်ကြိမ် တိုက်ရိုက်ပြေးဆွဲတဲ့ရထားရှိပါတယ် ။ တစ်စီးကတော့  မွန်ဂိုလီးယား ဒေသကိုဖြတ်ပြီးတော့ နောက်တစ်စီးကတော့ မန်ချူးရီးယားဒေသကိုဖြတ်ပါတယ် ။ မွန်ဂိုလီးယားကို ဖြတ်တဲ့ရထားလမ်းက မိုင်ပေါင်း ၄၇၃၅ မိုင်ရှည်ပြီးတော့ ထိုခရီးအတွက် ခြောက်ညတိတိကြာအောင် ရထားစီးရပါတယ်။  မော်စကို ကနေ အပတ်စဉ် အဂါင်္နေ့ညတိုင်း ရထားထွက်ပါတယ်။ မော်စကိုကနေ ထွက်တဲ့ခရီးစဉ်ကို East Bound လို့ခေါ်ပြီး ဘေဂျင်းဘက်ကနေ မော်စကို ကိုသွားတဲ့ခရီးစဉ်ကိုကျတော့ West Bound လို့ခေါ်ပါတယ် ။ ဘေဂျင်းကနေတော့ အပတ်စဉ် ဗုဒ​ဟူးနေ့ မနက်တိုင်းထွက်ပါတယ် ။ ထိုရထားတွေကို international ရထားလို့ခေါ်ပြီးတော့ စားသောက်တွဲလည်းပါပါတယ် ။ ထိုရထားတွဲတွေပေါ်မှာ ရေချိုးလို့ရတဲ့ deluxe (နှစ်ယောက်ခန်း)တွေပါသလို ၊ လေးယောက်ခန်း first class, လေးယောက်ခန်း second class တွေလည်းပါပါတယ်။

မန်းချူးရီးယားဒေသကိုဖြတ်သွားတဲ့ရထားတွေကတော့  east bound ရော west bound ရော အပတ်စဉ် စနေနေ့တိုင်းသက်ဆိုင်ရာနိုင်ငံကနေထွက်ပါတယ်။ လမ်းကြောင်းဟာ ၅၆၂၃ မိုင် ရှည်ပြီးတော့ ကြာချိန်ကတော့ ခြောက်ရက်ဖြစ်ပါတယ်။ ခရီးစဉ်နှစ်ခုလုံးအတွက်ရထားလက်မှတ်ခတွေက သိပ်မကွာပါဘူး ။ ဒီလမ်းကြောင်းတင်မဟုတ်ပါဘူး ဒီရထားလမ်းတွေကိုသုံးပြီး  ခရီးသွားလာချိန်ပိုကြာတဲ့ slow train  တွေ ဈေးပိုကြီးတဲ့ special train/fast train တွေရှိပါသေးတယ် ။နောက်ပြီးတော့ local မှာပဲ သွားလာနေတဲ့ တခြားရထားတွေလည်းအများကြီးရှိသေးတာမို့ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို သွားလာလို့ရပါတယ် ။

ပုံလေးတွေကို ကြည့်ချင်ရင် instagram မှာ bella_travel_diary ကို follow လုပ်ထားလို့ရပါတယ် ။ ပုံတွေ အလျဉ်းသင့်သလိုတင်ပါဦးမယ်။

 

ကိုးကား – https://www.seat61.com/Trans-Siberian.htm

 

 



Leave a Reply

Your email address will not be published.