Trans Siberian ခရီးစဉ်- ၁၁

Trans Siberian ခရီးစဉ်- ၁၁

Saint Petersburg, Moskovskiy station ကနေ ဆယ်ရက်နေ့ ည ၁၀ နာရီ ၅၀ မှာထွက်မယ့်ရထားဟာ Moscow, Leningradskiy station ကိုတော့ ၁၁ ရက်နေ့ မနက် ၆ နာရီ ၄၅ မှာ ဆိုက်ရောက်မှာဖြစ်ပါတယ် ။ ခရီးစဉ်တလျှောက်လုံး တတိယတွဲကပဲ စီးခဲ့ကြတာမို့ ဒီတစ်ခေါက် နောက်ဆုံးစီးမယ့် ရထားကိုတော့ ဒုတိယတွဲက စီးဖို့ စီစဉ်ထားကြပါတယ် ။ Megapolis လို့ခေါ်တဲ့ အမြန်ရထားမှာတော့ Wifi တွေပါတဲ့ အပြင် မနက်စာစားဖို့ မုန့်လေးတွေ ရေသန့်ဘူးလေးတွေပါ ပေးပါသေးတယ် ။

အိပ်စင်တွေဘာတွေက သက်တောင့်သက်သာရှိပေမယ့် ဒုတိယတွဲဆိုတော့ လေးယောက်ခန်း ခပ်ကျဉ်းကျဉ်းပါ ။ အရင်ရထားစီးတုန်းကတော့ hall type ဆိုတော့ ပိုပြီးလွတ်လပ်သလိုခံစားရပါတယ် ။ အခန်းထဲမှာတော့ ကိုယ်တို့ ၃ ယောက်အပြင်ကို ရုရှားသူတစ်ယောက်ပါထပ်တက်လာတော့ full house ပါပဲ ။ ညသန်းခေါင်ထွက်တဲ့ ရထားဖြစ်တဲ့ အပြင် ခရီးစဉ်လည်းတိုတာမို့ ကျဉ်းကျဉ်းကျပ်ကျပ်ပေမယ့် နေရတာ အဆင်ပြေတယ်လို့ပဲပြောရမှာပါ ။ အရင်ရထားတွေထက် အိမ်သာတွေ ဘေစင်တွေပိုကောင်းပေမယ့် လူများတော့ တန်းစီကြရပါတယ် ။ ဒီလိုနဲ့ အိပ်နိုင်သူကြီးဟာ ရထားပေါ်တက်ကတည်းက အိပ်လိုက်တာ မိုးလင်းမှပဲ နိုးပါတော့တယ် ။

ရထားဂိတ်ကိုရောက်ရောက်ချင်းခံစားမိတာက မော်စကိုဟာ စိန်ပီတာစဘတ်ထက်လူပိုရှုပ်တာပါပဲ ။ တောကနေ တက်လာတဲ့ ကိုယ်တွေကတော့ စိတ်ကျဉ်းကျပ်သလိုခံစားရပါတယ် ။ လေဆိပ်တမျှကြီးလှတဲ့ Leningradsky ရထားဂိတ်ကနေ ဟော်စတယ်ကိုရောက်ဖို့ ဘူတာရုံကို မနည်းရှာယူရပါတယ် ။ မော်စကိုရဲ့ အလှက လက်ရာမြောက်လှတဲ့ မီးရထားဘူတာတွေလည်းအပါအ၀င်မို့ မီးရထားသည်သာ ကိုယ်တွေအားကိုးရာပေါ့နော် ။

ဘူတာရုံတွေအကြောင်းကိုပြောရရင် လက်ရာမြောက်တာငြင်းမရသလို လူများပြီး ဟောင်းတာလည်းငြင်းလို့မရပါဘူး ။ ဘူတာရုံအများစုဟာ မြေအောက်ထဲကို အတော်နက်တာမို့ အ၀င်ဝမှာစက်လှေကား အမြင့်ကြီးတွေတပ်ထားပါတယ် ။ Park Pobedy က စက်လှေကားဆိုရင်ဖြင့် ၈၄ မီတာကျော်တောင်ရှည်ပါတယ်။ major entrance ကိုသာ စက်လှေကားတပ်ထားပေမယ့် ပလက်ဖောင်းတစ်ခုကနေ တစ်ခုကို ပြောင်းဖို့အတွက်တော့ စက်လှေကား ၊ ဓာတ်လှေကားတွေမရှိတော့ အိတ်တွေသယ်ရတာအဆင်မပြေပါဘူး ။ တလိမ့်လိမ့်နဲ့ မနိုင်မနင်းအိတ်သယ်နေရတဲ့ ကိုယ်တွေကို သဘောကောင်းသူတွေနဲ့ တွေ့ရင် ၀ိုင်းသယ်ပေးကြပါတယ်။

ဒီတစ်ခါနေမယ့်ဟော်တယ်က တော့ Red Square နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ Citadel Comfort Hotel ပါ ။ ဟော်တယ်သာဆိုပေမယ့် အရင်နေခဲ့တဲ့ ဟော်စတယ်လောက်တောင်မှ မကောင်းပါဘူး ။ တည်းခိုခန်းသာသာ ဟော်တယ်အစုတ်လေးပါ ။ ဒါ့အပြင် အတွင်းထဲကိုလည်း အတော်ရောက်တာမို့ ရှာရခက်ပြီး သွားရလာရခက်ခဲပါတယ် ။ ဒါပေမယ့် သွားချင်တဲ့ နေရာတွေနဲ့ နီးတာရယ် ၊ နှစ်ညပဲ အိပ်မှာရယ် ဆိုပြီးတော့ သည်းခံပြီးတော့နေလိုက်ကြပါတယ် ။ ထုံးစံအတိုင်းဟော်တယ်ကိုရောက်တဲ့အချိန် မနက်အတော်စောသေးတော့ check in ၀င်မရသေးပါဘူး ။ တခြားလွတ်တဲ့အခန်းတစ်ခုမှာ ရေမိုးချိုး အ၀တ်လဲပြီး Red Square ဘက်ကိုထွက်လာကြပါတော့တယ် ။

ရထားတွေအဆင့်ဆင့်စီးပြီး သွားခဲ့ကြပေမယ့် သွားနိုင်သူကြီးတွေကတော့ အပြုံးမပျက် အေးအေးချမ်းချမ်းမနက်ခင်းမှာ Red Square ဖက်ကိုထွက်လာခဲ့ကြပါတယ် ။ ဒီနေ့အစီစဉ်ကတော့ သိပ်မများလှ Red Square တစ်လျှောက်သွားလည်ကြမယ် ။ ပြီးရင် ညဘက် Bolshoi Theater မှာ La Traviata အော်ပရာကြည့်ကြမှာပါ ။ ညဘက်သွားရလွယ်အောင် Bolshoi Theater ကိုအရင်သွားကြည့်ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်ကြပါတယ် ။ ပြီးတော့ The Moscow Kremlin ကို ၀င်ကြေး စလုံးငွေ တစ်ဆယ်နီးပါးပေးပြီး ၀င်ကြပါတယ် ။

အဝေးကနေ မြင်ရတဲ့ Red Square ၊ အရောင်စုံလှတဲ့ St. Basil’s Cathedral အပြင် ခမ်းနားလှပတဲ့ GUM shopping mall ၊ အနီရောင်တောက်နေတဲ့ State History Museum အားလုံးကို တစ်နေရာထဲမှာ တွေခဲ့ရတဲ့ အမှတ်တရနေ့လေးပါပဲ ။ အပေါ်မှာပြောခဲ့သလိုပဲ ကရင်မလင် ၀င်ကြေးက စလုံးငွေ ၁၀ နီးပါး ၊ St. Basil’s Cathedral ကိုတော့ ၀င်ကြေး စလုံး ရ ကျပ်နီးပါး ပေးခဲ့ရပါတယ် ။ Victory Day အခမ်းအနားကိုလည်း ဒီမှာပဲကျင်းပခဲ့တာမို့ ခုံတွေ ပိတ်ထားတဲ့ နေရာတွေရှိတုန်းပါပဲ ။ State History Museum နဲ့ GUM shopping mall ကိုတော့ ပိတ်ထားလို့ ၀င်ခွင့်မရခဲ့ပါဘူး ။

St. Basil’s Cathedral ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း မတူညီတဲ့ Architectural ဒီဇိုင်းတွေကို ပေါင်းစပ်ပြီး လက်ရာမြောက်စွာတည်ဆောက်ထားတဲ့ ရုရှားရဲ့ အထင်ကရအမှတ်အသား အရောင်အသွေးစုံလင်လှတဲ့ ဘုရားကျောင်းကြီးပါ ။ အထင်ကရပွဲတွေကိုလည်း ဒီ Red Square ရင်ပြင်မှာပဲ ကျင်းပကြတာမို့ လူသွားလူလာအရမ်းများတဲ့နေရာပါ။ ဒါ့အပြင် သဘာဝကျတဲ့ နေ့ခင်းအလှရော မီးတွေနဲ့ အလှဆင်ထားတဲ့ ညအလှပါ နာမည်ကြီးတာမို့ ခရီးသွားတွေဟာ အနည်းဆုံး နေ့ခင်းတစ်ကြိမ် ညတစ်ကြိမ်ရောက်အောင်သွားကြလေ့ရှိပါတယ် ။ ဒါကြောင့်မို့လည်း ဒီ Red Square နဲ့ အနီးတ၀ိုက်က ဟော်တယ်တွေဟာ ဈေးလည်းကြီးလှပါတယ် ။

Red Square ရင်ပြင်ကတော့ ထုံးစံအတိုင်းလူတွေအများကြီးလာကြပါတယ်။ Saint Basil’s Cathedral ရှေ့မှာလည်း ဓာတ်ပုံရိုက်တဲ့သူ ၊ ဗီဒီယိုရိုက်တဲ့သူတွေ အများကြီး ၊ ၀တ်ကောင်းစားလှဝတ်ထားတဲ့ local Russian တွေ ၊ ကိုယ်တွေလို ခရီးသွားတွေ အပြည့်ပါပဲ ။ ကိုယ်တွေလည်း Saint Basil’s Cathedral နဲ့ ထောင့်ပေါင်းစုံက အိုက်တင်မျိုးစုံပေးပြီး အမှတ်တရဓာတ်ပုံတွေ အ၀ရိုက်ကြပါတယ် ။ ရင်ပြင်ထဲ ခဏလှည့်ပတ်ပြီးတဲ့ နောက်မှာတော့ မိုးရွာမလိုလို ဖြစ်လာလို့ Saint Basil’s Cathedral ထဲကိုဝင်လိုက်ကြပါတယ် ။

Saint Basil’s Cathedral က အပြင်ပိုင်း Architecture တင်မက အတွင်းပိုင်းမှာလည်း အင်မတန်ခမ်းနားလှပါတယ် ။ အတွင်းပိုင်းကို ပြတိုက်အနေနဲ့ ပြထားပြီးတော့ မီးဆိုင်းကြီးတွေ ၊ နံရံခေါင်မိုး အပြည့်ဆွဲထားတဲ့ ပန်းချီကားတွေ ၊ ကြေးရုပ်ထုကြီးတွေ၊ ရွှေရောင်တ၀င်းဝင်း ပလ္လင်ကြီးတွေ ၊ ရွှေဆေးရေးပန်းချီကားတွေ ၊ မှန်စီရွှေချထားတဲ့ ရှေးလက်ရာတွေနဲ့ အရမ်းလှပါတယ် ။ အခန်းလေးတွေအများကြီးဖွဲ့ထားပြီး တစ်ခန်းစီမှာလည်း theme တစ်ခုစီနဲ့ သေသေချာချာပြသထားပါတယ် ။ လက်နဲ့ ထိတာတို့ ဘာတို့ခွင့်မပြုပေမယ့် ဓာတ်ပုံတော့ ပေးရိုက်ပါတယ် ။

နေ့လည်ခင်းတစ်ခုလုံးကို Saint Basil’s Cathedral ထဲမှာလှည့်ပတ်အချိန်ဖြုန်းကြပါတယ် ။ ညနေပိုင်းမှာတော့ သူငယ်ချင်းက နားချင်လို့ ဟော်တယ်ကိုပြန်သွားပါတယ် ။ ကိုယ်နဲ့ ကျန်ခဲ့တဲ့ သူငယ်ချင်းနဲ့ Red Square ကို ဆက်ပတ်ကြပြီးတော့ Tomb of Unknown Soldier , Kazan Cathedral, Revolution Square (Ploshchad Revolutsii) နဲ့ အနီးတစ်ဝိုက်ကိုသွားလည်ကြပါတယ်။ သူငယ်ချင်းက မီးရထားဘူတာရုံ တွေကို ဆက်လည်ဖို့ Red Square နားမှာ ကျန်ခဲ့ပေမယ့် ကိုယ်ကတော့ အရမ်းပင်ပန်းနေလို့ ဟော်တယ်ကို ပြန်သွားပါတယ် ။ သူကတော့ Solo ခရီးဆက်ပြီး အ၀လည်ခဲ့ပါသေးတယ် ။

Red Square ကနေထွက်လာတော့ ရုတ်တရက်ကြီးမိုးရွာတော့မလို ရာသီဥတုက အရမ်းမှောင်ကျသွားပါတယ် ။ စိန်ပီတာစဘတ်မှာ သူငယ်ချင်းတွေ ခါးပိုက်နှိုက်ခံရပြီးတည်းက ကိုယ်လည်းအတော်ကိုလန့်မိတာပါ ။ ပြီးတော့ နှင်းမိုးတွေပါကျလာတော့ တစ်ယောက်တည်းလည်းမသွားရဲတော့ဘူး တက်စီ စီးမလားလုပ်တော့ အဲဒါက ပိုပြီး အန်ဒရယ်များတယ် ခံစားမိလို့ မိုးထဲရေထဲမှာ Nikolskaya Street ကနေ အပြေးအလွှားဟော်တယ်ကို ပြန်လာခဲ့ပါတယ် ။ Nikolskaya Street ဆိုတာလည်း နာမည်ကြီးတဲ့လမ်းပေမယ့် အလှအပကို မခံစားနိုင်တော့ဘူး ။ အရမ်းအေးတာကြောင့်ရယ် တဖြေးဖြေးမှောင်လာတာကြောင့်ရယ် ကိုယ့်ဗလမှ အားမနာ ကြောက်ပြီး ပြန်ပြေးလာခဲ့ပါတော့တယ် ။

ညနေပိုင်းမှာတော One of the most awaited moment ဖြစ်တဲ့ Bolshoi Theater မှာ La Traviata Opera ကိုသွားကြည့်ကြပါတယ် ။ ရာသီဥတုကလည်း ပိုအေးလာသလို မိုးတွေရွာတော့ သွားရလာရခက်ခဲလှပါတယ် ။ မသွားခင် hotel နားက စားသောက်ဆိုင်တစ်ခုမှ အချမ်းခံနိုင်အောင် vodka တစ်ယောက်တစ်ပက်လောက်စီသောက်ကြပါတယ် ။ သူငယ်ချင်းတွေက လူကောင်သေးကြတာမို့ ကိုယ်တွေကို အိုင်ဒီပြခိုင်းပါတယ်။ ပြောရရင် ကိုယ်က အုပ်စုထဲအငယ်ဆုံးပေမယ့် လူကောင်အကြီးဆုံး ။ ပုပုနုနုတွေနဲ့ရောပြီး ကိုယ်ပါအစစ်ခံရတာပါ ။

Opera လက်မှတ်ခကတော့ တစ်ယောက်ကို စလုံးငွေ 144.76 ပေးရပြီးတော့ နေရာကတော့ 1 tier, right side, bed 1 မှာပါ ။ စင်တည့်တည့်က မဟုတ်ပေမယ့် ကြည့်ရတာ အဆင်ပြေပါတယ် ။ Bolshoi Theater ကြီးကလည်း အနီရောင် ကတ္တီပါ ၊ ရွှေရောင်အနုတ်တွေနဲ့ အလှဆင်ထားလိုက်တာ..အင်မတန်ခမ်းနားပါတယ် ။ ဘယ်လိုကြည့်ကြည့် ရွှေရောင်တ၀င်းဝင်းနဲ့ပါပဲ ။ မီးဆိုင်းကြီးတွေကလည်း အရမ်းလှပါတယ် ။ အော်ပရာဆိုတာ ရုပ်ရှင်ထဲမှာတောင် သေချာမမြင်ဖူးခဲ့တဲ့သူကိုယ့်အတွက်ကတော့ အတော်ကျေနပ်အားရမိတဲ့ အခိုက်အတန့်ပါပဲ ။ အော်ပရာကတာလည်းကောင်း အဆို၊ အက ၊ အတီးအမှုတ် အားလုံးဟာ အင်မတန်ကောင်းမွန်လှပါတယ် ။

Opera က ည ခုနစ်နာရီမှာစပြီး ၃ နာရီခန့်ကြာတာမို့ ည ဆယ်နာရီကျော်မှ ပြီးပါတယ် ။ ပွဲခင်းထဲမှာလူတွေအများကြီးပါပဲ ။ ဒါ့အပြင် ပွဲပြီးတာနဲ့ နှင်းတွေအရမ်းကျလာတာမို့ Uber လည်းအဆင်မပြေ Taxi လည်းမရပါဘူး ။ Uber ခေါ်လို့ရပေမယ့် ရာသီဥတုကြောင့်ထင်ပါတယ် Cancel လုပ်သွားကြတယ် ။ ဒါ့အပြင် Theater ထဲမှာလည်း ပေးမနေတာမို့ အပြင်ကိုထွက်ပြီး ကားစောင့်ရပါတယ် ။ ကားလာမယ့်ဘက်ကိုသွားရင်းသွားရင်းနဲ့ Bolshoi Theater အရှေ့ဘက်က ဘက်စ်ကားမှတ်တိုင်ကိုရောက်သွားပါတယ် ။

လေတွေတိုက်ပြီး နှင်းတွေကျ ခိုက်ခိုက်တုန်အောင် အေးရတဲ့ အထဲ မိန်းကလေးတွေချည်း ၃ ယောက် ကားဂိတ်မှာရပ်နေတာ မြင်တော့ စချင်နောက်ချင်တဲ့သူတွေရှိပါတယ်။ အရမ်းချမ်းတော့ ဆက်ပြီးတော့လည်းမနေနိုင်တဲ့ အပြင် ၊ ကားကလည်းခေါ်မရ ၊ ညတအားနက်လာပြီး ရာသီဥတုကလည်းဆိုးလာတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အနီးဆုံး limousine ဆန်ဆန် ကားပေါ်ကိုတက်လိုက်ကြပါတော့တယ် ။ တကယ်တမ်းမှာတော့ သီအေတာနဲ့ ဟော်တယ်ဟာ လမ်းလျှောက်သွားရင် မိနစ် ၂၀ စာတောင်မဝေးတဲ့ခရီးပါ ။ မနက်ကတည်းက ၃ ခါတိတိလျှောက်ပြီးသားဆိုတော့ လမ်းသိပေမယ့် ရာသီဥတုဆိုးလွန်းလို့ မသွားနိုင်တာပါ ။ ကားခ ဈေးကြီးမယ်ဆိုတာကိုသိပေမယ့် မတတ်နိုင်တော့တဲ့အတွက် စီးလိုက်ရခြင်းပါ ။

ကားသမားက Red Square တစ်ပတ် ပတ်ပြီးလိုက်ပြပါတယ် ။ မီးရောင်စုံတွေထွန်းထားပေမယ့် အလှအပမခံစားနိုင်ပါဘူး ။ ဒီလိုနဲ့ ကားပေါ်မှာ ဖင်ပူအောင်တောင်မထိုင်ခဲ့ရဘူး..ဟော်တယ်ကိုရောက်လာပါတယ် ။ ဟော်တယ်ကလည်း အတွင်းဖက်မှာဆိုတော့ဝင်မရဘဲ မှောင်မှောင်မဲမဲ လမ်းမှာတင် ကားရပ်လိုက်ရပါတယ် ။ ကားခဘယ်လောက်လဲဆိုတော့… ဒေါ်လာ ၈၀ ကျော်တောင်းပါတယ် ။ အရိတ်ခံလိုက်ရမှန်းသိပေမယ့် ပြသနာမဖြစ်ချင်တာမို့ ပေးလိုက်ကြပါတော့တယ် ။

တစ်နေ့တာအတွက် activities က ပြီးသွားပေမယ့် ရင်ထဲမှာ တနုံ့နုံ့ ၊ စိန်ပီတာ စဘတ်မှာ ခါးပိုက်နှိုက်ခံရတယ် ၊ ညစာစားတော့လည်း အရိတ်ခံလိုက်ရတယ် ၊ Bolshoi Theater က အပြန်မှာလည်း Taxi ဖိုး USD ရှစ်ဆယ်ကျော်ပေးလိုက်ရတယ်ဆိုတော့ ရင်ခံမယ်ဆိုလည်း ခံလောက်စရာပါပဲလေ နော်။ ဟော်တယ်ပြန်ရောက်တော့ သူငယ်ချင်းတွေနဲ့ ဖဲခဏရိုက်ကြပါတယ်…။ နက်ဖြန်တော့ ခေါက်ဆွဲပြုတ်စားပြီး ချွေတာရေးလုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် ။

ဒီနေ့ကတော့ Russia မှာနေမယ့် နောက်ဆုံးညပါ ။ မနက်ဖြန်မနက် အစောဆုံးရထားနဲ့ လေဆိပ်ကိုဆင်းမှာမို့ ဒီနေ့မှာတော့ သတ်မှတ်ထားတဲ့နေရာတွေကို စုံအောင်လည်ဖို့ စီစဉ်ထားကြပါတယ် ။ ပထမဆုံးသွားမယ့်နေရာက နတ်သမီးပုံပြင်တွေထဲကလို ရောင်စုံရဲတိုက်ကြီးရှိတဲ့ Izmailovsky Market နဲ့ Izmailovo Kremlin နန်းတော် ကိုသွားလည်ကြမှာပါ ။
Izmailovo က မြို့ထဲနဲ့ နည်းနည်းလှမ်းတာမို့ ဘူတာရုံမှာ လူမများဘဲ အေးချမ်းတိတ်ဆိတ်နေပါတယ် ။ ဘူတာရုံကနေ ဆယ်မိနစ်ကျော်လောက်လမ်းလျှောက်သွားရင်ဖြင့် တွေ့ပါပြီ ချစ်စရာကောင်းတဲ့ ရောင်စုံနန်းတော်ကြီး ။

ပထမဆုံးအနေနဲ့ Izmailovsky Market ထဲဝင်ပြီး အမှတ်တရပစ္စည်းတွေဝယ်ကြပါတယ် ။ Market ထဲမှာတော့ လက်ဆောင်ပေးစရာ souvenir ပစ္စည်းလေးတွေအစုံအလင်ရှိပါတယ် ။ Nested Russian Dolls ကနေ စပြီးတော့ စဉ့်ကြွေ အိုးခွက်ပန်းကန် ၊ စစ်ဝတ်စုံတွေ ၊ သိုးမွှေးဦးထုပ်တွေကနေ သော့ချိတ်အထိ အစုံရောင်းပါတယ် ။ ဈေးလည်းအတော်အသင့်တော့ ကြီးပါတယ် ။ ဆစ်ရင် ဆစ်သလို လျော့ပေးပါတယ် ။ ကိုယ်ကတော့ အရမ်းလိုချင်တဲ့ Russian Dolls လေးတွေ နဲ့ အတူသူငယ်ချင်းတွေအတွက်လက်ဆောင်တွေဝယ်ခဲ့ပါတယ် ။ ဒါ့အပြင် Trans Siberian teacup တွေပါဝယ်လို့ရပါသေးတယ်။

ဈေးထဲကနေထွက်လာပြီး Izmailovo Kremlin နန်းတော်ဘက်ကိုသွားလည်ကြပါတယ် ။ ဖဲချပ်အရုပ်အိမ်လေးတွေ ထောင်ထားသလို ချစ်စရာကောင်းလှတဲ့ နန်းတော်ကြီးနဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ကြပါတယ် ။ အထဲကိုတော့ ပေးမ၀င်တာမို့ အပြင်ဖက်ကနေပဲ အ၀ကြည့်ခဲ့ရပါတယ် ။ ပြီးတော့ နန်းတော်အနောက်ဘက်ထဲက Izmailovo Kremlin ကိုသွားကြည့်ကြပါတယ် ။ အဲဒီ Kremlin ထဲမှာလည်း ချစ်စရာရောင်စုံအိမ်လေးတွေ ၊ တံတားလေးတွေ ၊ ကလေးစကားကွင်းတွေ ၊ သစ်သားနန်းတော်အိမ်လေးတွေ မျိုးစုံရှိပါသေးတယ်။ မော်စကို ကိုရောက်ရင်တော့ Izmailovo ဟာ မဖြစ်မနေသွားရမယ့်နေရာလေးတစ်ခုပါပဲ ။

Izmailovo မှာ ၂ နာရီကျော် ၃ နာရီလောက်လည်ပတ်ကြပြီတော့ အနီးအနားက mall တစ်ခုမှာ နေ့လည်စာစားကြပါတယ် ။ ပြီးတော့ super market ကနေ စားစရာ နည်းနည်းဝယ်ကြပါတယ် ။ ကိုယ်ကတော့ ရုရှားရောက်ပြီးမှ သောက်ဖူးပြီး အရမ်းကြိုက်တဲ့ Greenfield Spring Melody Tea နဲ့ mash potato powder ရယ် ၊ မုန့်အတိုအစအနည်းငယ်ဝယ်ခဲ့ပါသေးတယ် ။ ထို့နောက်မှာတော့ ရထားစီးပြီး Moscow State University ကို သွားလည်ကြပါတယ် ။အစီစဉ်အရ Moscow River Bridge ကို ဖြတ်ပြီး Moscow State University ကိုသွားလည်ကြမှာပါ ။ ဖြစ်ချင်တော့ လမ်းမှားပြီး University နဲ့ တော်တော်ဝေးတဲ့ နေရာကိုရောက်သွားပါတယ် ။ လမ်းပျောက်နေရတဲ့အထဲ မိုးကလည်းရွာတော့ တော်တော်ကို ပင်ပန်းပါတယ် ။

ခြုံပြီးပြောရရင် လမ်းပျောက်တဲ့အတွက် Moscow River Bridge ကိုရောက်ဖို့ နာရီဝက်လောက် မိုးထဲလေထဲ လမ်းလျှောက်ရပါတယ် ။ Bridge ကနေမြစ်ကိုဖြတ်ပြီး ရထားဂိတ် ကားဂိတ်တွေ့နိုးနိုးနဲ့ မြစ်တစ်လျှောက်လမ်းလျှောက်လိုက်တာ မိနစ် ၄၀ လောက်ကြာသွားပါတယ် ။ ကားဂိတ်ကမတွေ့ဘဲ Sparrow Hills (Vorobyovy Gory) တောင်ကုန်းကိုရောက်သွားပြီး တောင်တက်ရတာ နာရီဝက်လောက်ကြာသွားပါတယ် ။ တောင်ကုန်းပေါ်ရောက်ပြီး ယူနီကိုရောက်ဖို့ ဆယ့်ငါးမိနစ်လောက်လမ်းလျှောက်လိုက်ရပါတယ် ။

တကယ်တော့ Sparrow Hills က မော်စကိုရဲ့ အမြင့်ဆုံးတောင်ကုန်းပါ ။ တောင်ကုန်းပေါ်ကနေကြည့်ရင် မော်စကို Skyline ကို မြင်ရတာမို့ နာမည်ကြီးတဲ့နေရာတစ်ခုပါပဲ ။ ဒါ့အပြင် ကိုယ်တွေလာခဲ့တဲ့ Moscow River မြစ်ကမ်းတစ်လျှောက်ဟာလည်း အရမ်းသာယာပါတယ် ။ ။ ဒါပေမယ့် လမ်းပျောက်နေလို့ နှစ်နာရီနီးပါးလမ်းလျှောက်လိုက်ရတော့ ပန်းခြံတင်မက Moscow Skyline ရဲ့ အလှအပကိုပါ မခံစားနိုင်ခဲ့ကြတော့ပါဘူး ။ အမှတ်တရဓာတ်ပုံရိုက်ပြီး State University ဘက်ကိုထပ်လျှောက်ကြရပါတယ် ။

Moscow State University ဟာ အရမ်းလှပထည်ဝါတဲ့ တက္ကသိုလ်တစ်ခုပါ ။ ကိုယ်မြင်ဖူးသမျှတက္ကသိုလ်တွေထဲမှာ အလှဆုံးတက္ကသိုလ်တစ်ခုပါပဲ ။ တက္ကသိုလ်အင်္ဂါရပ်နဲ့ပြည့်စုံတဲ့အပြင်တဲ့ အဆောက်အဦးက မြင့်တော့ အဝေးကနေ ထင်းခနဲလှမ်းမြင်ရပါတယ် ။ ပြီးတော့ အဆောက်အဦးက အဝေးကပဲလှရုံမဟုတ်ပါဘူး အနီးကပ်လည်းခမ်းနားထည်ဝါလှပါတယ် ။ ကိုယ်တွေကတော့ ကျောင်းပရ၀ုဏ်ထဲကို ၀င်ခဲ့ကြပြီးတော့ ကျောင်းသားကတ်ရှိမှပဲ ၀င်ခွင့်ရတဲ့ ကျောင်းအဆောင်ဘက်တွေကိုတော့ မရောက်ခဲ့တော့ပါဘူး ။ Moscow State University ကိုရောက်ဖို့ ၂ နာရီလောက်လမ်းလျှောက်ခဲ့ရပေမယ့် ကျောင်းထဲမှာ မိနစ် ၂၀ ပြည့်အောင်တောင် မနေခဲ့ရတာတော့ မှတ်မှတ်ရရပါပဲ ။ အချိန်လည်းအတော်လင့်နေပြီမို့ ရထားဂိတ်ကို လမ်းလျှောက်ပြီး ပြန်လာခဲ့ကြပါတော့တယ် ။

Victory Park ကတော့ ရုရှားမှာ နောက်ဆုံးလည်ခဲ့တဲ့ နေရာလေးပါ ။ Victory Park ကိုသွားချင်ရင် longest escalator in russia ရှိတဲ့ Park Pobedy မှတ်တိုင်ကနေ သွားရပါတယ် ။ အဲဒီတော့ ကိုယ်တွေလည်း ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရအောင် Park Pobedy ကတဆင့် Victory Park ကိုသွားလည်ကြပါတယ်။ ပြင်သစ်က Arc de Triomphe နဲ့ ဆင်တူတဲ့ Triumphal Arch ၊ မိုးထိအောင်မြင့်လှတဲ့ Victory Monument ကျောက်တိုင်ကြီး ၊ Central Museum of the Great Patriotic War ပြတိုက် နဲ့ ၊ St George’s Church on Podklonnaya Gora တို့ရှိပါတယ် ။

ဒါ့အပြင် တစ်ခြား စစ်အမှတ်တရ ရုပ်ထုတွေ အနှံ့အပြားရှိတဲ့ အပြင် ၊ ရေပန်းတွေအများကြီးနဲ့ အလှဆင်ထားပါတယ် ။ လီလီပန်းခင်းကြီးတွေကို တွေ့နိုင်သလို ၊ စစ် အထိမ်းအမှတ်အဖြစ် ထာဝရ မငြိမ်းတဲ့ Eternal Flame ရယ် အမှတ်တရ ပန်းစည်းတွေ၊ ကာနေးရှန်း ပန်းပွင့် အနီရောင်တွေကို ပန်းခြံတစ်ခုလုံး အနှံ့အပြားတွေ့နိုင်ပါတယ် ။ ပန်းခြံကတော့ အတော်ခမ်းနားပေမယ့် အိမ်သာက သိပ်အဆင်မပြေလှပါဘူး။ အချိန်လည်းအတော်လင့်နေပြီမို့ ပန်းခြံထဲမှာ ခဏသာ အမှတ်တရဓာတ်ပုံတွေရိုက်ခဲ့ကြပြီး လာရာလမ်းအတိုင်းပဲ လှည့်ပြန်ခဲ့ရပါတော့တယ် ။

ချွေတာရေးအနေနဲ့ ညစာကို ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားပြီး ဒီညအတွက် ခပ်စောစောပဲ အနားယူလိုက်ကြပါတော့တယ် ။ ခရီးစလာတာလည်းအတော်ရှည်နေပြီ ၊ ရုရှားတခွင်ပြဲပြဲစင်ခဲ့ပြီဆိုတော့ အိမ်ပြန်ဖို့ အချိန်တန်ပါပြီ ။ မနက်မိုးလင်းတာနဲ့ မနေ့တည်းက ပြင်ထားတဲ့ အထုတ်လေးတွေဆွဲပြီး အမှတ်တရများစွာနဲ့ ရထားဘူတာကိုလှမ်းလာခဲ့ကြပါတယ် ။နှုတ်ဆက်ခဲ့ပါတယ် မော်စကိုရယ်… ။ ဘူတာမှာမုန့်စားပြီး လက်မှတ်ဝယ်ကာ ၊ လေးကျပ်ပေးရပြီး တစ်နာရီတစ်ခါသွားတဲ့ Aeroexpress ကို မိနစ်လေးဆယ်ခန့်ကြာအောင်စီး Domodedovo Airport ကိုလာခဲ့ကြပါတယ်။

အသွားခရီးစဉ်တွေချောမွေ့ခဲ့သလို အပြန်ခရီးကလည်းချောချောမွေ့မွေ့ပါပဲ ။ အဆင်မပြေတာ အသေးအမွှားလေးတွေရှိခဲ့ပေမယ့် မိန်းကလေး ၃ ယောက်တည်းသွားခဲ့တဲ့ ခရီးက ၉၅ ရာခိုင်နှုန်းလောက် အဆင်ပြေခဲ့ပါတယ်။ ရုရှားဆိုတာ မီဒီယာတွေမှာ ပုံဖော်သလို exotic တိုင်းပြည်မဟုတ်ပါဘူး ။ စနစ်တကျ ခေတ်မီမီတိုးတက်တဲ့ တိုင်းပြည်တစ်ခုပါ ။ ကူညီတတ်တဲ့လူတွေရှိတယ် ၊ စပ်စုတတ်တဲ့လူတွေရှိတယ် ၊ အာရှကိုသဘောကျတဲ့သူတွေရှိတယ် ၊ ခါးပိုက်နှိုက်တွေလည်းရှိတယ် ၊ ရိတ်တတ်တဲ့ဆိုင်တွေလည်းရှိတယ် ။ စကားမပေါက်ပေမယ့် တခြားတိုင်းပြည်တွေလို အေးအေးချမ်းချမ်းနဲ့ သွားရေးလာရေးအဆင်ပြေတဲ့ တိုင်းပြည်တစ်ခုပါပဲ ။

April ၂၇ ရက်နေ့ကနေ စလာတဲ့ Trans Siberian ခရီးစဉ်ဟာ May ၁၄ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါပြီ ။ စင်ကာပူကနေ Air China နဲ့ သွားပြီး Qatar Airline နဲ့ စင်ကာပူကို ပြန်လာခဲ့ကြပါတယ်။ အတွေ့အကြုံ ဗဟုသုတ သင်ခန်းစာတွေ အများကြီးရတဲ့ ခရီးတစ်ခု ဖြစ်တဲ့အပြင် အစစအရာရာကိုယ့်ဟာကိုယ်စီစဉ်ပြီး သွားခဲ့ရတဲ့ ခရီးမို့ တစ်သက်တာအမှတ်ရနေမယ့် ခရီးတစ်ခုပါပဲ ။ Mongolia က nomadic တွေရဲ့ ဘ၀တွေကို ခဏတာလေ့လာခဲ့ပြီးပြီ ၊ လားနဲ့ မြင်းလည်းစီးခဲ့ပြီးပြီ ၊ သဲကန္တာရ အသေးလေး နဲ့ မီးတောင်ကိုလည်းရောက်ခဲ့ဖူးပြီ ၊ Road Trip လည်းသွားခဲ့ပြီးပြီ ၊ ကမ္ဘာ့အရှည်ဆုံး ရထားလမ်းတစ်ခုဖြစ်တဲ့ Trans Siberian ရထားလမ်းကြောင်းကိုလည်းရောက်ခဲ့ပါပြီ ။

ကမ္ဘာ့အနက်ဆုံး Fresh Water Lake ဖြစ်တဲ့ Lake Baikal ရေကန်ကိုလည်းရောက်ခဲ့ပြီ ၊ Baikal မှာပဲရှိတဲ့ Omul ငါးကိုလည်း စားဖူးခဲ့ပြီးပြီ ၊ ဆိုက်ဘေးရီးယန်းဒေသရဲ့ အလှကိုလည်း သေသေချာချာမြင်ခဲ့ရပြီ ၊ Europe Asia ဘော်ဒါကိုလည်း ခွခဲ့ပြီး ပြီ ၊ Opera လည်းကြည့်ခဲ့ပြီးပြီ ဆိုတော့ ဒီခရီးလေးဟာ အချိန်ကုန် ငွေကုန် ခံခဲ့ရကျိုးနပ်ခဲ့ပါပြီ ။ နောက်ပြီးတော့ ခရီးသွားတဲ့အခါ စိတ်သဘောထားချင်းတိုက်ဆိုင်သည် ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ… သွားမယ့်ခရီးအတွက် အချိန်မဖင့် ၊ အနှောင့်အယှက်မဖြစ်စေမယ့် အဖော်လိုအပ်ပါတယ် ။ ကိုယ့်သူငယ်ချင်းတွေကတော့ ဒီနေရာမှာစံပါပဲ ။ သူတို့အတွက်တော့ ဘယ်တော့မှ ခရီးဖင့်တာမျိုးမရှိခဲ့ရပါဘူး ။ ပြီးတော့ ဒီခရီးကို သွားချင်တဲ့ အာသီသရှိခဲ့တာက ကိုယ်ဆိုတော့ ကိုယ်သွားချင်သမျှနေရာတွေကို မညည်းမညူလိုက်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်လှပါတယ် ။

ဒီ Trans Siberian ခရီးရက်ရှည်ကို ကျောင်းသားဖြစ်တဲ့ကိုယ်ဟာ ပိုက်ဆံတွေအများကြီးမသုံးနိုင်ဘဲ ချွေချွေတာတာလေး သွားခဲ့ရတာပါ ။ ခရီးစဉ်တစ်လျှောက်လုံးစာ ကုန်ကျစရိတ်ကို သေသေချာချာပြန်ကြည့်ရင် ခရီးရက်ရှည်ပေမယ့် ကုန်ကျစရိတ်သိပ်မများခဲ့ပါဘူး ။ Cost Break Down ကိုတော့ နောက်ပိုစ့်မှာရေးပြဦးမှာမို့ စောင့်မျှော်အားပေးဖို့ ပြောရင်းနဲ့ပဲ Trans Siberian ခရီးစဉ်ကို series ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် ။

ချစ်ခင်လျက်
ဆုမြတ်



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.