Trans Siberian ခရီးစဉ်- ၁၀

Trans Siberian ခရီးစဉ်- ၁၀

Yekaterinburg ကနေ ရ ရက်နေ့ ညသန်းခေါင် ၁၁ နာရီ သုံးမိနစ်မှာထွက်လာတဲ့ ရထားဟာ စိန်ပီတာစဘတ်မြို့ကို ၉ ရက်နေ့ မနက် ရှစ်နာရီ ၃၈ မိနစ်မှာ ရောက်မှာမို့ ဒီတစ်ခါ ရထားပေါ်မှာကြာချိန်က ၃၃ နာရီကျော်ကြာမှပါ ။ ရထားပေါ်ကို နောက်ဆုံးမှရောက်လာခဲ့ပေမယ့် သူငယ်ချင်းတွေက စားစရာတွေသွားဝယ်ကြတာမို့ ဒီတစ်ခေါက်ရထားပေါ်မှာတော့ စားစရာသောက်စရာတွေလုံလုံလောက်လောက်ပါသွားပါတယ် ။ ဒါ့အပြင် ဒီတစ်ခါသွားတဲ့ရထားက international ရထား (တရုတ် နှင့် မွန်ဂိုလီးယား ဒါမှာမဟုတ် Vladivostok ဘက်ကနေ တိုက်ရိုက်လာတဲ့ရထား) ဆိုတော့ စားသောက်တွဲလည်းပါတဲ့အပြင် တခြား facilites တွေလည်း လိုကယ်ပြေးဆွဲတဲ့ရထားတွေထက်သာပါတယ် ။

ဒါပေမယ့်ရထားပေါ်ကိုရောက်ရောင်ချင်းဆောက်နဲ့ထွင်းဆိုသလိုပါပဲ မထင်မှတ်တဲ့ ပြသနာတစ်ခုစတက်ပါတယ်။ ရထားလက်မှတ်ဝယ်ကတည်းက လီနင်အိပ်ရင်ခင်းအသစ်တွေ ၃ ယောက်စာမှာထားပေမယ့် တကယ်တမ်းမှာတော့ ၂ ယောက်စာပဲပေးထားပါတယ်။ ဒီတစ်ခါက ရထားပေါ်မှာ နာရီသုံးဆယ်ကျော်ပဲနေရမှဆိုပေမယ့် ရထားက အင်တာနယ်ရှင်နယ်ရထားဆိုတော့ ခရီးစလာတာအတော်လေးကြာပါပြီ ။ လက်ရှိသုံးထားတဲ့လီနင်က သူများသုံးထားပြီးသား ညစ်ပတ်နေတဲ့ လီနင်ပါ ။ ဒါ့အပြင် ရထားလက်မှတ်ဝယ်ကတည်းက လီနင်ဖိုးပိုက်ဆံလည်းပေးထားပြီးသားဆိုတော့ ရထားတွဲထိန်းဆီက သွားတောင်းကြပါတယ် ။ ဖြစ်ချင်တော့ တွဲထိန်းက နားမလည်တာလား နားမလည်ချင်ယောင်ဆောင်တာလားမသိ လုံးဝထုတ်မပေးပါဘူး ။ ရထားလက်မှတ်ပြလည်းမရတော့ အားလုံးက ဒေါသတွေထွက် အသံတွေကျယ်ကာ ညသန်းခေါင်မှာ ပြသနာတက်ကြပါတော့တယ်။

စကားလည်းမပေါက်တဲ့အပြင် တွဲထိန်းကလည်းလီနင်လုံးဝထုတ်မပေးဘဲ ခေါင်းပဲတွင်တွင်ခါ ရုရှားလိုတွေပြော ကိုယ်တွေကလည်း အင်္ဂလိပ်လိုပြန်ပြောပေမယ့် လိုရင်းမရောက်ဘဲတိုင်တွေပတ်နေတော့တာပါပဲ ။ Google Translate လည်းမကယ်နိုင်တော့ပါဘူး ။ ဒါ့အပြင် ကိုယ်တွေလေသံကျယ်လာတော့ ဘေးနားမှာ ရုရှားအဖိုးအဖွားစုံတွဲက အသံမဆူကြဖို့လာပြောပြန်ပါရော ။ အားနာပေမယ့် မတတ်နိုင်တော့ဘူး တွဲထိန်းဆီက ဘယ်လိုမှတောင်းလို့မရတော့ အသံတွေပိုကိုကျယ်လာကြပါတော့တယ် ။

ကံကောင်းချင်တော့ တခြားတွဲက တွဲထိန်းအမျိုးသမီးတစ်ယောက်ဟာ ကိုယ်တွေအတွဲကိုကူးလာပါတယ်။ မိန်းမအချင်းချင်းဆိုတော့ပြောရတာလည်းအဆင်ပြေလောက်တယ်ဆိုပြီး ကိုယ်လည်းယူနီဖောင်းဝတ်ထားတဲ့သူ့ကို လက်မောင်းလှမ်းဆွဲပြီး လက်ဟန်ခြေဟန်ရော အင်္ဂလိပ်လိုရော ဇာတ်စုံခင်းပြပါတော့တယ်။ အမျိုးသမီးတွဲထိန်းကတော့ဆိုလိုရင်းကို သဘောပေါက်တဲ့ပုံပါပဲ နားမလည်တဲ့ ဟိုတွဲထိန်းကို စကားနည်းနည်းပြောလိုက်တော့မှ အဲဒီတွဲထိန်းဟာ လီနင်အသစ်တစ်ခုသွားယူပြီး ပေးပါတော့တယ်။ ရလာတဲ့လီနင်ကိုခင်းပြီး ညသန်းခေါင်ဒရမ်မာကို အပြီးသတ်လိုက်ရပါတော့တယ် ။

မနက်နိုးလာတာနဲ့ ထုံးစံအတိုင်းပဲ စားလိုက်သောက်လိုက် အဓိက အိပ်လိုက်နဲ့ပေါ့နော် နာရီ ၃၀ ကျော်တွေကို သူငယ်ချင်းတွေနဲ့အတူတကွဖြတ်သန်းကြပါတယ် ။ အင်တာနက်ရှင်နယ်ရထားဆိုတော့ လူလည်းမရှိလှပါဘူး ။ တဖြေးဖြေးနဲ့ ရထားပေါ်မှာလူတွေပါးသထက်ပါးလာပြီး နောက်ဆုံးမှာတော့ ရထား တစ်တွဲလုံး ကိုယ်တွေ ၃ ယောက်ပဲကျန်ပါတော့တယ် ။ စားသောက်တွဲလည်းပါတော့ ထမင်းလည်းသွားစားကြပါသေးတယ် ။ second class ကိုသွားပြီး အမှတ်တရဓာတ်ပုံတွေရိုက်ကြပါတယ် ။ first class ကတော့ပိတ်ထားလို့ ၀င်ခွင့်မရခဲ့ပါဘူး ။ ဘာပဲပြောပြော အင်တာနက်ရရင်သုံးလိုက် အိပ်လိုက်စားလိုက်နဲ့ပေါ့ပေါ့ ပါးပါးဖြတ်သန်းခဲ့ကြတဲ့နေ့ရက်တွေပါပဲ ။

Trans Siberian ရထားစီးတဲ့အစီစဉ်ကတော့ ဒီရထားပေါ်က ဆင်းတာနဲ့ အဆုံးသတ်ပါပြီ ။ တစ်နှစ်ကျော် နှစ်နှစ်နီးပါး စိတ်ကူးယဉ်ခဲ့ရတဲ့ ခရီးစဉ် ၊ အတွေ့အကြုံအမှတ်တရ အများကြီးရှိခဲ့တဲ့ ခရီးစဉ် ၊ လက်မှတ်ဝယ်တာကနေ စပြီး ဗီဇာယူတဲ့အထိ အစအဆုံးသေသေချာချာပြင်ဆင်ခဲ့ရတဲ့ခရီး ၊ တစ်သက်လုံးစာ အမှတ်ရနေမယ့်ခရီးလေးပါပဲ ။ စိန်ပီတာ စဘတ်နဲ့ မော်စကို ဆက်သွားဦးမယ်ဆိုပေမယ့် သွားရမယ့်လမ်းကြောင်းက Trans Siberian ရထားလမ်းမဟုတ်တော့တဲ့အတွက် အမှတ်တရ ဓာတ်ပုံတွေအ၀ရိုက်ကြပါတယ်။ ရထားပေါ်ကနေ ဘယ်တော့မှ မဆုံးတဲ့ ထင်းရှုးပင်တန်းကို အ၀ငေးရင်း ဆိုက်ဘေးရီးယန်းဒေသတစ်ခုလုံးကို အမှတ်တရ အဖြစ် ရင်ထဲအပြည့် သိမ်းဆည်းခဲ့ပါတယ် ။

သတ်မှတ်ထားတဲ့အချိန်အတိုင်း ၉ ရက်နေ့ မနက် ၈ နာရီခွဲမှာ စိန်ပီတာစဘတ်မြို့ Sankt-Peterburg Ladozh ရထားဂိတ်ကို ရာက်ရှိလာပါတော့တယ် ။ စိန်ပီတာစဘတ်မြို့တော်က လူ ငါးမီလီယံကော်ျနေတဲ့မြို့တော်ကြီးပီပီ လူရှုပ်ပါတယ် ။ Irkutsk တုန်းကလို ရိုးသားဖော်ရွေတဲ့ အပြုံးတွေမတွေ့ရတော့ဘဲ ခပ်စိမ်းစိမ်းပါပဲ။ တခြားဥရောပက မြို့တော်တွေနဲ့သိပ်မကွာဘူးလို့ သူငယ်ချင်းတွေကပြောပါတယ် (ကိုယ်ကတော့ဥရောမတိုက်ကို မရောက်ဖူသေး) ။ လက်ဆွဲအိတ်တွေ မနိုင်မနင်းသယ်ပြီး မီးရထားလက်မှတ်ဝယ်ကာ Hostel ခရီးဆက်ကြပါတယ်။ ဒီတစ်ခါတည်းမယ့် ဟော်စတယ်က Hostel near Russian Museum ဆိုတဲ့ ဟော်စတယ်လေးပါပဲ ။

တကယ်တော့ မေလ ကိုးရက်နေ့ဟာ ရုရှားတွေရဲ့ ရုံးပိတ်ရက် Victory Day ပါ ။ ထုံးစံအတိုင်း Victory Day Parade တွေလုပ်ပြီး တစ်နိုင်ငံလုံးနီးပါး ပျော်ပဲရွှင်ပွဲကြီးတွေကျင်းပကြတဲ့နေ့ ပါ ။ Victory Day အထိန်းအမှတ်အဖြစ် အမဲရောင် နဲ့ရွှေဝါရောင် အစင်းကျားလေးတွေပါတဲ့ ဖဲကြိုးလေးတွေကို ရင်ထိုးလိုထိုးတဲ့သူကထိုး လက်မှာပတ်တဲ့သူကပတ်နဲ့ ပျော်ပျော်ပါးပါး ပွဲတော်ကျင်းပကြတဲ့နေ့လေးတစ်နေ့ပါ ။ မနက်စောသေးတော့ ဟော်စတယ်မှာ အခန်းမရသေးပေမယ့် အထုတ်ထား ရေမိုးချိုးပြီးတာနဲ့ အပြင်ကို တန်းထွက်ကြပါတယ် ။

ပွဲတော်ကြောင့် တစ်မြို့လုံးတက်ကြွပျော်ရွှင်နေကြပါတယ် ။ အမှတ်တရ ပန်းစည်းတွေ ဖဲကြိုးတွေ တစ်မြို့လုံးနေရာအနှံ့တွေ့ကြရပါတယ် ။ ဟော်စတကယ်ကနေ လမ်းလျှောက်ပြီး Church of the Saviour on Spilled Blood ကို သွားကြပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၈၃ ခုနှစ်က တည်းက တည်ထားခဲ့ ဘုရားကျောင်း လက်ရာမြောက်လှတဲ့ဘုရားကျောင်းကြီးပါပဲ ။ တစ်ယောက်ကို ၀င်ကြေး ၂၅၀ စလုံး ငါးကျပ် နီးပါး စီပေးရပါသေးတယ် ။ မီးဆိုင်းကြီးတွေ ၊ နံရံခေါင်မိုး အပြည့်ဆွဲထားတဲ့ ပန်းချီကားတွေ ၊ ကြေးရုပ်ထုကြီးတွေ နဲ့ အတွင်းရော အပြင်ပါလက်ရာမြောက်လှပေမယ့် လူအရမ်းများတာမို့ ခဏပဲနေနိုင်ခဲ့ပါတယ် ။ အရမ်းလှတဲ့ လက်ရာတွေကို အချိန်ပေးကြည့်ချင်ပေမယ့်လူများလွန်းလို့ ရောက်ဖူးတယ်ဆိုရုံလောက်ပဲနေခဲ့ရပါတယ် ။

Church of the Saviour on Spilled Blood ကနေ လမ်းဆက်လျှောက်လာပြီး The State Hermitage Museum ရှိရာ Palace Square ဘက်ကိုဆက်လျှောက်လာကြပါတယ်။ Palace Square ကတော့ Victory Day Parade လုပ်မယ့်နေရာမို့ လူတွေပိုရှုပ်ပါတယ် ။ အနီးတစ်ဝိုက်က လည်စရာ ပြတိုက်တွေလည်း Parade လုပ်မှာမို့အကုန်ပိတ်ထားပါတယ် ။ Parade လှည့်မယ့် စစ်သားတွေ၊ ကျောင်းသားလူငယ် အဖွဲ့တွေ ၊ စစ်ပြန်မိသားစုတွေ ပျော်ရွှင်နေကြတဲ့ ပြည်သူပြည်သားတွေ အားလုံးကို တစ်စုတဝေးတည်း တွေ့ရတဲ့နေရာလေးပါပဲ ။ အမှန်တရာဓာတ်ပုံတွေရိုက်ကြပြီး Parade ကိုခဏကြည့်ကာ ခရီးဆက်ကြပါတယ် ။ လူများလွန်းတာမို့ ခါးပိုက်နှိုက်သတိထားဖို့ သူငယ်ချင်းတွေကပြောကြပါတယ် ။

Parade လုပ်နေတဲ့ Palace Square နဲ့မနီးမဝေးမှာတော့ St. Isaac’s Cathedral ဆိုတဲ့ဘုရားကျောင်းကြီးတစ်ခုရှိပါတယ် ။ ဘုရားကျောင်းနားမှာလည်း ဖျော်ဖြေရေးတွေနဲ့ ပွဲတွေကျင်းပနတာကိုလည်းတွေ့ရပါတယ် ။ ပွဲခင်းထဲဝင်ပြီး သီချင်းနားထောင်ခဲ့ပေမယ့် အရမ်းအေးလာတာမို့ St. Isaac’s Cathedral ဘုရားကျောင်းဘက်ကိုလျှောက်လာကြပါတယ်။ St. Isaac’s Cathedral ဘုရားကျောင်းကတော့ ရုရှားတခွင်အကြီးဆုံးဘုရားကျောင်းပါ ။ တခြားဘုရားကျောင်းတွေထက် ဥရောပလက်ရာပိုလွှမ်းမိုးတဲ့ဘုရားကျောင်းကြီးပါပဲ ။ ၀င်ကြေးကတော့တစ်ယောက်ကို ၂၀၀ စလုံး ၅ ကျပ်နီးပါးစီပေးရပါတယ် ။

credit – http://www.saint-petersburg.com/cathedrals/st-isaacs-cathedral/

တကယ်တမ်းမှာတော့ ကိုယ်တွေဝယ်ထားတဲ့လက်မှတ်က ၀င်ခွင့်လက်မှတ်သက်သက်ပါ။ ဘုရားကျောင်းထဲကို ၀င်ချင်ရင်တော့ လက်မှတ်ထပ်ဝယ်ရမှာမယ်ဆိုတာ နောက်မှသိတာမို့ မ၀ယ်တော့ဘဲ free access လုပ်လို့ရတဲ့နေရာလေးတွေကိုပဲသွားလိုက်ကြပါတော့တယ်။ ရှေးဟောင်းရဲတိုက်ကြီးလို ကြောင်လိမ်လှေကားတွေအဆင့်အဆင့် အထစ်ပေါင်း ၃၀၀ တက်ပြီး roof top ကိုတက်လာကြပါတယ် ။ ခေါင်မိုးပေါ်ကမြင်ရတဲ့ရှုခင်းကတော့ လှေကားထစ် ၃၀၀ အမောကို ခဏလေးနဲ့ ပြယ်စေတဲ့ဗျူးပါ ။ ရုရှားရဲ့ Lake Ladoga ကနေ Finland ပင်လယ်ကွေ့အထိ စီးဆင်းနေတဲ့ Neva မြစ်နဲ့ ဥရောပဆန်လှတဲ့ စိန့်ပီတာစဘတ်မြို့ရဲ့အလှကို လှမ်းမြင်ရတဲ့နေရာလေးပါပဲ ။ ဒါပေမယ့် လေတိုက်တဲ့အပြင် လူလည်းများတာမို့ စိန့်ပီတာစဘတ်အလှကိုခဏတာပဲခံစားနိုင်ပါတယ် ။ အောက်ကိုပြန်ဆင်းလာပြီး cruise စီးဖို့ Neva မြစ်ကမ်းဘက်ကိုလမ်းလျှောက်လာကြပါတော့တယ်။

စိန့်ပီတာစဘက်မှာ နာမည်ကြီးတဲ့ cruise နှစ်ခုရှိပါတယ် ။ တစ်ခုကတော့
Neva. Canal Cruise တူးမြောင်းလေးတွေအတိုင်းသွားပြီး ဈေးပိုသက်သာတဲ့ခရီးတို ဖြစ်ပြီး နောက်တစ်ခုကတော့ Neva. River Cruise မြစ်အတိုင်းခြေဆန့်ပြီး ဈေးပိုကြီးတဲ့ခရီးရှည်ပါ ။ တူးမြောင်းလေးတွေဘက်ကိုသွားရင် နာမည်ကြီးတဲ့ Church of the Saviour on Spilled Blood တို့ ၊တခြားနာမည်ကြီးနေရာတွေကို မတူတဲ့အနေအထားကနေ မြင်ရမှာဖြစ်ပြီးတော့ Neva မြစ်အတိုင်းသွားရင်တော့ စိန်ပီတာစဘတ်မြို့ အလှကို မနီးမဝေးကနေ မြင်ရမှာပါ ။ ကိုယ်တွေကတော့စိန်ပီတာ စဘတ်မြို့ အလှကိုခံစားချင်တာမို့ ခရီးရှည်ကို ရွေးပြီးသွားကြပါတယ် ။

ပြောရရင် ဒီ cruise စီးတဲ့အတွေ့အကြုံဟာ ကိုယ့်အတွက် ပထမဆုံးအတွေ့အကြုံဖြစ်သလို ပျော်စရာအကောင်းဆုံး ခရီးလေးတစ်ခုပါပဲ ။ စုစုပေါင်း ကြာချိန်က အသွားအပြန် ၂ နာရီခွဲနဲ့ သုံးနာရီကြား ကြာပါတယ် ။ Neva မြစ်တစ်လျှောက်တငြိမ့်ငြိမ့်သွားပြီး cruise ထဲကနေ သာသာယာယာ မြစ်ကမ်းတစ်လျှောက်ကိုငေးရတာ one of the best moment of the trip လို့တင်စားရင်ကို မမှားပါဘူး ။ ဒါ့အပြင် လှေထဲမှာ မှာ စားသောက်ဆိုင်ရှိပြီးတော့စားစရာသောက်စရာတွေမှာစားကြပါသေးတယ် ။ သူငယ်ချင်းတွေကတော့ခေါင်မိုးပေါ်ကို ခဏတက်လိုက်ကြပါသေးတယ်။ ကိုယ်ကတော့နေရာပျောက်မှာစိုးတာရယ် အအေးမိနေတာရယ်ကြောင့် အောက်မှာပဲနေခဲ့ပါတော့တယ်။

အကြောင်းဆုံလို့ စိန်ပီတာ စဘတ်ကိုရောက်ခဲ့ရင် cruise စီးဖို့အကြံပေးချင်ပါတယ် ။ ဈေးကတော့မပေါပေမယ့် (စလုံး ၅၀ နဲ့ ၁၀၀ ကြား) ပေးရတဲ့ပိုက်ဆံနဲ့ တန်ပါတယ် ။ ခေတ်မီလှပတဲ့တိုက်ကြီးတွေ၊ balgoveshchenskiy bridge အပါအ၀င် တခြားတံထားကြီးတွေကိုပါမြင်ရသလို ၊ရှေးဟောင်းရဲတိုက်ကြီးနဲ့တူတဲ့အိမ်တွေ၊ တောအိမ်ဟောင်းလေးတွေ၊ လူတွေ၊ရထားတွေ ၊ ကားတွေအစုံအလင်ကို တ၀ကြီး မြင်ခွင့်ရခဲ့ပါတယ် ။ ၃ နာရီ အချိန်လေးဟာဘယ်လိုကုန်လို့ကုန်သွားမှန်းမသိတော့ပါဘူး ။ cruise မှာ အိန်ဒိယ ၊ တရုတ် ၊ ရုရှား အပြင် တခြားလူမျိုးတွေ အစုံအလင်ပါတာမို့ လှေတစ်စင်းလုံး လူအပြည့်ပါပဲ ။ ဒါပေမယ့် အပူအအေးပေးစက်တွေအပြင် နေရာလည်းကျယ်ကျယ်ဝန်းဝန်းရှိတာမို့ သက်တောင့်သက်သာရှိပါတယ် ။

cruise အပြီးမှာတော့ Neva မြစ်ကမ်းမှာရှိတဲ့ ရေငုပ်သဘောင်္ကိုသွားလည်ဖို့ မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်လာကြပါတယ် ။ ဒါပေမယ့် ရေငုပ်သဘောင်္က public holiday မို့လို့ပိတ်ထားပါတယ် ။ ဒါ့အပြင် အနီးအနားမှာ အရမ်းလှတဲ့ရွှေရောင် တ၀င်းဝင်းနဲ့ Church of the Assumption of the Blessed Virgin Mary ကို ခဏ၀င်ဖူးကြပါသေးတယ် ။ ထုံးစံအတိုင်း အတွင်းရော အပြင်မှာ အင်မတန် လှပခမ်းနားပါတယ် ။ နေလည်းအတော်စောင်းလာပြီဆိုတော့ ဘုရားကျောင်းကနေ ဟော်စတယ်ကို ပြန်လာခဲ့ကြပါတယ် ။ ဟော်စတယ်မှာ ချက်ကင်ဝင် ရေမိုးချိုး အပြင်ပြန်ထွက်ပြီး Church of the Saviour on Spilled Blood အနီးအနားက ရုရှားရိုးရာ စားသောက်ဆိုင်တစ်ခုမှာ ညစာကို ဈေးကြီးပေးစားပြီး တစ်နေတာ မောသမျှကို ဟော်စတယ်ပြန်ကာ အနားယူအိပ်စက်လိုက်ကြပါတော့တယ် ။

ဒီနေ့အစီစဉ်ကတော့ Peterhof Palace နဲ့ ပန်းခြံကို မနေ့က လှေစီးခဲ့တဲ့ Neva မြစ်နားက ဆိပ်ကမ်းကနေပဲ hydrofoil boat လေးစီးပြီးသွားလည်ကြမှာပါ ။ Peterhof ဟာ ရုရှားရဲ့ Versailles နန်းတော်လို့ပြောရင်လည်းမမှားပါဘူး ။ ပြင်သစ် ဗာဆိုင်းနန်းတော်ကို မှီငြမ်းထားတဲ့ Peterhof မှာ တော့ The Grand Palace နဲ့ ရေတံခွန်ပေါင်း ၆၄ ခု ၊ကြွေးသွန်းရုပ်ထုပေါင်း နှစ်ရာကျော်ပါဝင်တဲ့ Grand Cascade ၊ Monplaisir အပါအ၀င် ခမ်းနားလှပတဲ့စံအိမ်တော်တွေ အပြင် ပန်းခြံအနှံ့ရေတံခွန်ပေါင်း ၁၅၀ ကျော်ပါဝင်ပြီး တခြား Cascade ၃ ခုပါရှိသေးတဲ့ The Lower Gardens , သစ်ပင်ပန်းမန်တွေနဲ့ အလှဆင်ထားတဲ့The Upper Garden တို့ပါရှိပါတယ်။ Day trip အဖြစ်တစ်နေကုန်သွားလည်ကြမှာဖြစ်ပြီးတော့ အသွားကို hydrofoil အပြန်ကို ဘတ်စကားနဲ့ပြန်လာကြမှာပါ ။

The Lower Gardens အတွက်ဝင်ကြေးက US Dollar ၁၅ ကျပ်ခန့်ပေးရပြီးတော့ နန်းတော်ထဲကို ၀င်ဖို့အတွက်တော့ US Dollar ၉ ကျပ်ခန့်ပေးရပါတယ် ။ hydrofoil boat တစ်ကြောင်းစာ အတွက်ကတော့စလုံးငွေ ၂၀ နီးပါးပေးရပါတယ် ။ Peterhof Palace က ဝေးပြီး ဈေးအားဖြင့်လည်း ပိုပေးရပေမယ့် အရမ်းလှပခမ်းနားတာမို့ စိန်ပီတာစဘတ်ကို ရောက်တဲ့သူတိုင်း မဖြစ်မနေသွားကြတဲ့နေရာပါ ။ နာမည်ကြီးတာလည်းမဆန်းလှပါဘူး Peterhof ရဲ့နန်းတော် ပန်းခြံ အားလုံးဟာ အစီစဉ်တကျ လှပခမ်းနားနေတော့တာပါပဲ ။

ပန်းခြံထဲမှာလည်းအမှိုက်တစ်စက်မှမရှိ ၊ သိန်းနဲ့ ချီများတဲ့ သစ်ပင်တွေ ခြုံပုတ်လေးတွေကိုလည်း ကျိုးတိုးကျဲတဲ ထိုးထိုးထောင်ထောင်မရှိ ။ ညီညီညာညာဖြစ်အောင် သပ်သပ်ရပ်ရပ် ဖြတ်ထားပါတယ် ။ ဒါ့အပြင် Grand Cascade ရဲ့ရေတံခွန်တွေကိုက မေလကနေ အောက်တိုဘာအထိပဲ ဖွင့်တဲ့အတွက် ကိုယ်တွေသွားတဲ့အချိန်က အချိန်ကောင်းပါပဲ ။ မနက် ၁၁ နာရီခန့်မှာတော့ Grand Cascade ရဲ့ရေပန်းတွေကို စဖွင့်ပါတယ် ။ လေးဘက်လေးတန်ကနေ ထွက်လာတဲ့ ဂီတသံတွေနဲ့အတူ ရေတံခွန်တွေရဲ့dancing တွက ဘာနဲ့မှမတူပါဘူး ခမ်းနားလှပလွန်းပါတယ် ။

ခြုံပြီးပြောရရင် The Lower Gardens တစ်ခုလုံး ဟာ စီရီနေတဲ့သစ်ပင်တွေ၊ လှပတဲ့ရေတံခွန်တွေ၊ခမ်းနားတဲ့အိမ်ကြီးတွေ နဲ့ပြည့်နှက်နေပါတယ် ။ နေ့လည်စာကိုလည်း The Lower Gardens က ဆိုင်မှာ စားလိုက်ကြပါတယ် ။ အပေါ်မှာ ပြောခဲ့သလိုပဲ The Grand Palace ကိုဝင်ဖို့ဝင်ကြေးသပ်သပ်ထပ်ပေးရပါတယ် ။ လုံခြုံရေးအရမ်းကျပ်ပြီး အိတ်တွေကို သယ်ခွင့်မပေးပါဘူး ။ ဓာတ်ပုံ ဗီဒီယို ရိုက်ခွင့်မပေးပါဘူး ။ ဖိနပ်တွေကိုလည်း တစ်ခါသုံးအိတ်ကလေးတွေနဲ့အုပ်ပြီးမှ စီးရပါတယ် ။ The Grand Palace ထဲမှာတော့ တစ်ခန်းလုံး ရွှေရောင်တလက်လက်တောက်နေတဲ့ Ball Room, Throne Room , White Dinning Hall, Portrait Room, Blue Sitting Room အပါအ၀င် အခန်းပေါင်း ၃၀ ပါဝင်ပါတယ် ။ ရုရားတွေရဲ့ယဉ်ကျေးမှု အဆင့်အတန်း ၊အနုပညာအဆင့်အတန်း ဘယ်လောက်မြင့်မားလဲ ဆိုတာ တွေ့နိုင်တယ့် နေရာတစ်ခုလို့ပြောရင်လည်း မမှားပါဘူး ။

နန်းတော်ထဲမှာ ဗီဒီယို ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး ။ အခန်းပေါင်း ၃၀ ထဲမှာတချို့အခန်းတွေကို ၀င်ခွင့်မပေးပါဘူး ။ အခန်းတိုင်း အခန်းတိုင်း ထောင့်တိုင်းထောင့်တိုင်းမှာ အစောင့်တွေထားရှိသလို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းပဲသွားရပါတယ် ။ ပစ်စည်းတွေကို ထိလို့လည်းမရပါဘူး ။ တရုတ်နိုင်ငံ ၊ တူရကီနိုင်ငံအပါအ၀င် အခြားနိုင်ငံတွေကပါ သံတမန်ရေးအရ လက်ဆောင်ပေးထားတဲ့ပစ်စည်းတွေကိုလည်း အမှတ်တရထားပေးပါသေးတယ် ။ မြန်မာတွေ့မလားလို့ရှာခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး ။

နန်းတော်က အရမ်းခမ်နားပေမယ့်ကိုယ့်စိတ်ထဲ သဘောမကျတဲ့ တစ်ချက်ကတော့ မျက်နှာ်ကျက်ပါပဲ။ ကြမ်းပြင် ၊နံရံ၊အခန်း အားလုံးကို သေသေချာချာအလှဆင်ထားပေမယ့်မျက်နှာကျက်ကိုတော့ လက်ရာမမြောက်လှတဲ့ ပန်းချီ အချို့သာဆွဲထားတာမို့ နန်းတော်လှသမျှ မျက်နှာကျက်က ဖျက်နေသလိုခံစားရပါတယ် ။ ဒါ့အပြင် သူငယ်ချင်းတွေက ဗာဆိုင်းကိုရောက်ဖူးတာမို့ ဗာဆိုင်းက ပိုလှတယ်လို့လည်းပြောကြပါတယ် ။ဒါပေမယ့် ဒီလိုခမ်းနားတဲ့နန်းတော်ကိုရောက်ဖူးတာ ကိုယ့်အတွက်တော့ ပထမဆုံး အတွေ့အကြုံမို့ ဘာပဲပြောပြော ကျေနပ်နှစ်သက်မိပါတယ် ။

နန်းတော်ကိုလည်ပြီးတဲ့နောက်မှာတော့ ပြန်တော့မယ်ဆိုပြီး The Upper Gardens ဘက်ကိုထွက်လာခဲ့ကြပါတယ် ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက The Upper Gardens ကိုထွက်ပြီးမှ The Lower Gardens ဘက်ကို ပြန်ဝင်ချင်ရင် ၀င်ကြေးထပ်ပေးရမှာပါ ။ ကိုယ်တွေကတော့ တစ်နေကုန် အတော်လည်ထားပြီးပြီ မို့ ပြန်တော့မယ်လို့ဆုံးဖြတ်ပြီးတော့ မှ The Upper Gardens ဘက်ကိုတက်လာခဲ့ကြတာပါ ။ ဒီဘက်မှာတော့လည်စရာသိပ်မရှိတာမို့တစ်ခါတည်းပဲ ကားဂိတ်ကို တန်းလာပြီး မြို့ထဲကို ကားစီးလာခဲ့ကြပါတော့ တယ် ။

တကယ်တော့ ကိုယ်တွေဟာ ဒီည ၂၂ နာရီ ၅၀ မိနစ် မှာ ညရထားစီးပြီးတော့ မော်စကို ကို သွားကြမှာပါ ။ Peterhof ကနေ မြို့ထဲကို ပြန်ရောက်တော့ ညနေ လေးနာရီကျော့်နေပါပြီ ။ Yekaterinburg မှာတုန်းကလို Last Minute မှာအသည်းအသန်ပြေးရမှာစိုးတဲ့ ကိုယ်ဟာ ဟော်စတယ်ကိုပြန်ပြီး အိတ်တွေစောစောသွားသိမ်းမယ် ။ နေကလည်းသိပ်မကောင်းချင်တော့ ရေမိုးချိုး ဆေးသောက် ၊ နားပြီးရင် ချစ်သူနဲ့အေးအေးဆေးဆေး စကားပြောမယ်ဆိုပြီး ဟော်စတယ်ကို ပြန်လာပါတယ် ။ သူငယ်ချင်းတွေကတော့ ဆက်လည်ကြမယ်ဆိုပြီး ကျန်ခဲ့ကြပါတယ် ။ ကိုယ်ကတော့ အေးအေးလူလူနဲ့တစ်ယောက်တည်း ဟော်စတယ်ကို လမ်းလျှောက်ပြီးလာခဲ့ပါတယ် ။ သူတို့နဲ့လမ်းခွဲပြီး ဆယ့်ငါးမိနစ်တောင်မကြာဘူး သူငယ်ချင်းက ဖုန်းဆက်လာပါတယ် ။ သူတို့ ပတ်စပို့ပါတဲ့အိတ်တွေ ခါးပိုက်နှိုက်ခံရတယ် သူတို့ရဲစခန်းကိုဖုန်းခေါ်နေတယ် ဆုမြတ်သံရုံးကို ဖုန်းခေါ်ပေးပါဆိုပြီး ဖုန်းဆက်လာပါတော့တယ် ။

နေ့ခင်းကြောင်တောင်ကြီး ခါးပိုက်နှိုက်ခံရတယ်ဆိုတော့ ကိုယ့်မှာ လန့်သွားပြီး ပြေးလိုက်တာ ဟော်စတယ်ကို ဘယ်လိုပြန်ရောက်လို့ရောက်သွားမှန်းမသိ ။ ပိုက်ဆံပါသွားရင် အရေးမကြီးဘူး ပတ်စပို့က အားလုံးသိတဲ့အတိုင်းအရေးအကြီးဆုံးပါ ။ ဒါ့အပြင် မြန်မာသံရုံးကလည်း မော်စကိုမှာပဲရှိပါတယ် ။ ပြီးတော့ အဲဒီည ဆယ်နာရီ ငါးဆယ်မှာတင် ညရထားစီးပြီး မော်စကိုတက်မှာဆိုတော့ ပတ်စပို့မရှိရင် သွားပါပြီတွေးပြီး ကိုယ်ဟာအတော်လေးကိုထူပူသွားတာပါ ။ ဟော်စတယ်ကို တက်တဲ့ဓာတ်လှေကားမှာလည်း လူတွေကိုတွေ့တော့ကြောက်လို့ကယောင်ကတမ်းဘာတွေပြောမိလဲ မှတ်ကို မမိတော့ပါဘူး ။

ဟော်စတယ်ကိုရောက်တော့ reception ကောင်မလေးကိုပြောပြီး ကိုယ့်ရဲ့စာအုပ်ထဲက သံရုံးဖုန်းနံပါတ်ကို ရှာပြီး ဖုန်းဆက်ဖို့လုပ်ပါတယ် ။ လုပ်နေတုန်းမှာပဲ သူငယ်ချင်းက ပတ်စပို့တွေပြန်ရပြီဆိုပြီး ဖုန်းဆက်လာပါတယ် ။ ပြီးတော့ တစ်နေရာမှာခဏနားပြီးရင် ဆက်မလည်တော့ဘူး သူတို့လည်း ဟော်စတယ်ကို ပြန်လာနေပြီဆိုပြီးပြောပါတယ် ။ ဖြစ်ပုံက ဒီလို ။ ကိုယ်ပြန်သွားပြီးတဲ့နောက်မှာ သူတို့က လမ်းတစ်ဖက်က ဘုရားကျောင်းတစ်ခုကို သွားဖို့ပြင်ကြပါတယ် ။

လမ်းကူးဖို့ လုပ်နေတုန်းမှာ ခါးပိုက်နှိုက်တွေ ၃ယောက်လောက် ၀ိုင်းပြီး သူတို့ ကျောပိုးအိတ်တွေကို ဆွဲဖွင့်ကာ ပစ်စည်းတွေအကုန်ဆွဲထုတ်သွားပြီး ပိုက်ဆံရှိမယ်ထင်တဲ့အိတ်ကလေးတွေကို ကောက်ယူသွားတာပါ ။ ကံကောင်းချင်တော့ သူတို့က ခရီးသွားတဲ့အတွေ့အကြုံတွေရှိတော့ အထာနပ်ပါတယ် ။ ပိုက်ဆံတွေကို ခွဲထည့်ထားတယ် ။ ခါးပိုက်နှိုက်တွေယူသွားတဲ့အိတ်ထဲမှာပတ်စပို့ကလွဲရင် အရေးကြီးတာ ဘာမှပါမသွားပါဘူး ။ ဘဏ်ကတ်အဟောင်းတွေရယ် ၊ ဘောင်ချာတွေလောက်ပဲ ပါသွားပါတယ်။

ကံကောင်းချင်တော့ရဲစခန်းကို ဖုန်းခေါ်ဖို့ကားမှတ်တိုင်က လူတစ်ယောက်က သူတို့ကို ကူညီပေးပါတယ် ။ အားလုံးကလည်း သူတို့ကို ၀ိုင်းကြည့်နေကြပါတယ်တဲ့။ သူတို့လည်းကားဂိတ်မှာထိုင်ပြီး ဟိုလူဖုန်းပြောတာ စောင့်နေတုန်းမှာပဲ လမ်းဘေးက အရက်နံ့ တထောင်းထောင်းထနေတဲ့သူတောင်းစားတစ်ယောက်က နင်တို့ဟာ ဒီဟာလားဆိုပြီး ပတ်စပို့ ၂ အုပ်လုံး ပြန်လာပေးပါတယ်တဲ့။ သူတို့ကလည်း ၀မ်းနည်းဝမ်းသာနဲ့ပတ်စပို့တွေယူပြီး ဟော်စတယ်ကိုပြန်လာခဲ့ကြပါတယ်တဲ့။ ကံဆိုးချင်တော့ခါးပိုက်နှိုက်ခံရပေမယ့် ကံကောင်းချင်တော့ ပတ်စပို့တွေပြန်ရခဲ့ကြပါတယ် ။ ဘဏ်ကတ်အဟောင်းကတော့ သုံးလို့လည်းမရတာမို့ ပြသနာမရှိပါဘူး ။

ကိုယ်သာ သူတို့နဲ့လိုက်သွားရင် ဘယ်လိုနေမလဲဆိုတာ တွေးတောင်မတွေးရဲဘူး ။ ဘာလို့လဲဆိုတော့ကိုယ့်ကျောပိုးအိတ်ထဲမှာ အနွေးထည်တွေနဲ့အတူ ပိုက်ဆံအိတ်တစ်လုံးတည်းပဲပါပြီး ၊ ပရိုကင်မရာတစ်လုံးပါပါတယ် ။ အတွေ့အကြုံနည်းတဲ့ကိုယ်ဟာ အဲဒီပိုက်ဆံအိတ်ထဲမှာ စလုံးငွေ၊ယူအက် ဒေါ်လာ ၊ ဘဏ်ကတ် ၊ခရက်ဒစ်ကတ် ၊ အိုင်စီ ၊ ကျောင်းသားကတ် အားလုံးကို တစ်ခုတည်းထည့်ထားတာပါ ။ ကိုယ်သာ ခါးပိုက်နှိုက်ခံရရင် ရှိသမျှအားလုံးပါမှာပါ ။ သူတို့နောက်လိုက်မသွားဘဲ အေးအေးချမ်းချမ်းဟော်စတယ်မှာ သွားနားမယ်လို့ဆုံးဖြတ်လိုက်တာက ကိုယ့်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ပြောလို့ရပါတယ် ။

သူတို့ ပြန်လာတော့ အမောဖြေ ရေမိုးချိုး ညစာစားပြီး ခဏနားကာ မော်စကို ကို ခရီးဆက်ဖို့ ပြင်ကြပါတယ် ။ မနက်အပြင်မသွားခင်တည်းက ဟော်စတယ်ကို check out လုပ်ခဲ့တာမို့ ဧည့်ခန်းမှာပဲ နေကြရပါတယ် ။ ည ခုနစ်နာရီခွဲ ရှစ်နာရီလောက်မှာတော့ Uber ငှားပြီး Saint Petersburg, Moskovskiy station ကိုထွက်လာခဲ့ကြပါတော့တယ် ။ ခါးပိုက်နှိုက် အတွေ့အကြုံကို ပထမဆုံးကြုံဖူးတာမို့ ကိုယ်တွေမှာ ရထားဂိတ်ကိုရောက်တော့ တောင်ကြည့်မြောက်ကြည့်နဲ့ တော်တော်လေးသတိထားရပါတယ် ။ ဥရောပ မြို့တွေဟာ အန်ဒရယ်များတယ်ဆိုတဲ့ အတွေးကို ပထမဆုံးခံစားမိပါတယ်။

ရထားဂိတ်က ကြီးလည်းကြီး ၊ ခရီးသွားတွေလည်းများတဲ့ အပြင် ၊ အမှန်အတိုင်းဝန်ခံရရင် ဘယ်ကို ကြည့်ကြည့် လုံခြုံတယ်လို့ကို မခံစားမိတော့ပါဘူး ။ ကိုယ့်ရဲ့ နှာစီးချောင်းဆိုး ပြသနာကလည်း အတော်ဆိုးနေတာမို့ ဆေးဆိုင်မှာဆေးဝယ်ပြီး ရထားလာမယ့်အချိန်ကို ဘူတာရုံထဲ အေးအေးဆေးဆေးထိုင်စောင့်ကြပါတယ်။ ရထားနဲ့ခရီးသွားလာတာ အတော်လေးအတွေ့အကြုံရနေပြီဆိုတော့ အားလုံးလည်း သွားတတ်လာတတ်နေကြပါပြီ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ မော်စကိုသွားမယ့် ရထားပလက်ဖောင်းဖွင့်လာပါတော့တယ် ။ နောက်အပိုင်းမှာတော့ နှစ်ထပ်ရထားစီးပြီး မော်စကို ကိုသွားတဲ့အကြောင်းရယ် ၊ မော်စကိုမှာ ဘယ်လိုလည်ပတ်ခဲ့တယ်ဆိုတာကိုလည်း ရေးပြဦးမှာမို့စောင့်မျှော်အားပေးကြပါဦး ။

ချစ်ခင်လျက်

ဆုမြတ်



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.