Trans Siberian ခရီးစဉ်-ရ

Trans Siberian ခရီးစဉ်-ရ

အရင်ပိုစ့်တွေမှာပြောခဲ့သလိုပဲ ကားက မနက် ၇ နာရီခွဲမှာ အူလန်ဘာထော Dragon Center ကနေထွက်ပြီးတော့ Ulan Ude မြို့ကို ကို ည 8:30 မှာရောက်မှာပါ ။ Ulan Ude နဲ့ အူလန်ဘာထောက time zone တူတာမို့ အချိန်ကွာခြားချက်မရှိပါဘူး ။  ကားပေါ်မှာ စုစုပေါင်း ကြာချိန်ကတော့ ၁၂ နာရီ ထိုအထဲမှာမှ ကားမောင်းတဲ့အချိန်က ၈ နာရီ ၊ border ဖြတ်တဲ့အချိန်က ၂ နာရီ ၊ lunch break နဲ့ toilet break က ၂ နာရီ စုစုပေါင်း ၁၂ နာရီခန့်ကြာမှာပါ ။ ကားပေါ်မှာ တစ်စီးလုံးနီးပါးကျောင်းသားတွေဆိုပေမယ့် သိပ်တော့ မဆူကြပါဘူး ။ သီချင်းနားထောင်တဲ့သူနားထောင် အိပ်တဲ့သူအိပ်နဲ့ ။ ကိုယ်လည်း ဖုန်းလေးဖွင့်ပြီး Queen သီချင်းတွေဖွင့်ပြီး အိပ်ပြီးလိုက်လာခဲ့ပါတယ် ။ ကားက မွန်ဂိုဘက်မှာပဲရှိတုန်းမို့ ဗျူးကလည်းထူးမခြားနားပါပဲ ။ မြေပြန့်လွင်ပြင်ကြီးရယ် .. တခါတခါတွေ့ရတဲ့ မြင်းတွေသိုးတွေရယ်..central mongolia road trip နဲ့ သိပ်မကွာလှပါဘူး ။ မြက်ခင်းတွေပိုစိမ်းတာလေးရယ်ပဲကွာပါတယ် ။ ဒီတော့လည်း သီချင်းနားထောင်ပြီးအိပ်ရုံပဲပေါ့ ။

နောက်ပြီး ရုရှားရှိတဲ့ မြောက်ဘက်ကိုသွားတာမို့ သိသိသာသာအအေးပိုလာပါတယ် ။ အချိန် ၃ နာရီလောက်ကားမောင်းပြီးတဲ့နောက်မှာ ပထမဆုံး toilet break လုပ်ပါတယ် ။ အညောင်းအညာဖြေရင်း toilet သွားဖို့ အောက်ဆင်းလိုက်တာနဲ့ ချမ်းလိုက်တဲ့ဖြစ်ခြင်း အနွေးထည်မ၀တ်ထားတာမို့ နားရွက်တွေထိအေးပြီး တုန်တက်လာပါတယ်။ ကားမှန်ပေါ်ကရေငွေ့တွေကြောင့် အေးတာကိုသိပေမယ့် ကားထဲမှာ heater ဖွင့်ထားလို့ ဒီလောက်အေးမယ်မထင်မိကြပါဘူး။ အအေးဒဏ်အံတုပြီး အိမ်သာကိုပြေးရပါတယ်။ အိမ်သာက ပိုက်ဆံပေးရတဲ့အိမ်သာဆိုတော့သန့်သန့်ရှင်းရှင်းပါပဲ ။ မွန်ဂိုပိုက်ဆံတွေက သူငယ်ချင်းတစ်ယောက်က စုကိုင်ပေးတာမို့ ပိုက်ဆံပါမလာတဲ့ ကိုယ့်ကို အစောင့်မိန်းမကြီးက အိမ်သာအလကားပေးတက်ပါတယ် ။ အိမ်သာသုံးပြီးတာနဲ့ လက်ဆေးပြီး ကားပေါ်အမြန်ပြေးတက်ရပါတယ် ။ ဒါတောင် ရေပူရေအေးရလို့လက်ဆေးနိုင်တာပါ ။ ကားပေါ်ကိုရောက်တာနဲ့ နောက်တစ်ခါ break ရင် အအေးသက်သာအောင် အနွေးထည်ကိုယူဝတ်ထားလိုက်ပါတော့တယ်။

လူစုံတော့ကားပြန်ထွက်ပါတယ် ။ ကိုယ်ကတော့ထုံးစံအတိုင်း သီချင်းနားထောင်ကာ အိပ်ပြီးလိုက်လာပါတယ် ။ အချိန်အတော်ကြာအောင်ကားမောင်းပြီးတဲ့နောက်မှာတော့လွင်တီးခေါင်တွေကို ကျော်ပြီး မြို့လေးတွေနားကို ဖြတ်လာပါတယ် ။ လမ်းဘေးတစ်နေရာမှာတော့ ကားကိုခဏရပ်ပြီး မွန်ဂို ဈေးသည်အမျိုးသမီးတစ်ယောက်ကားပေါ်ကိုတက်လာပါတယ် ။ ထိုအမျိုးသမီးဆီမှာ ငွေတွေလဲလို့ရသလို အနွေးထည်တွေ ၊ ခြေအိတ် ၊ လျှောစောင်တွေဝယ်လို့ရပါတယ် ။ ဈေးရောင်းတဲ့သူပီပီ ဆက်ဆံရေးကလည်းကောင်း အင်္ဂလိပ်လိုလည်းပြောနိုင်ပါတယ် ။ တချို့တွေကတော့ ငွေလဲကြတယ် ၊ အ၀တ်အစားတွေကို စိတ်ဝင်စားလို့ကြည့်ပေမယ့် ဈေးကြီးလို့မ၀ယ်ဖြစ်ပါဘူး ။ ငွေလဲလို့ရတဲ့သူ ကားပေါ်ကိုတက်လာရင် border နဲ့နီးပြီဆိုပြီး ဖတ်ဖူးထားတာမို့ ရောက်ခါနီးပြီဆိုပြီး စိတ်တွေဘာတွေလှုပ်ရှားမိသလိုလိုပါပဲ။

တကယ်တမ်းမှာတော့ထိုအမျိုးသမီးတက်လာပြီးလို့ တော်တော်ကြာအောင်အထိ border ကိုမရောက်နိုင်သေးပါဘူး ။ မြို့ကလေးတွေတစ်မြို့ပြီး တစ်မြို့ဖြတ်လာသလို ကားပေါ်မှာလူတွေလည်း တက်လိုက်ဆင်းလိုက်ပါပဲ ။ မွန်ဂိုကနေထွက်လာပြီး ၅ နာရီလောက်အကြာမှာတော့ border town ကို ရောက်လာပါတယ် ။ ထိုမြို့လေးရဲ့ ပလာဇာတစ်ခုရှေ့မှာရပ်လိုက်ပြီးတော့ ထမင်းစားဖို့ lunch break လုပ်ပါတယ် ။ ပလာဇာ ဆိုပေမယ့် အကောင်းစားကြီးတော့မဟုတ်ပါဘူး ခပ်သေးသေး ခပ်ဟောင်းဟောင်းပါပဲ ။ ထိုပလာဇာထဲက မွန်ဂိုစားသောက်ဆိုင်တစ်ခုကိုဝင်ပြီး နေ့လည်စာစားကြပါတယ် ။ ဆိုင်ကလည်းတစ်ဆိုင်တည်းတွေ့ပါတယ် ။ tourist တွေလာတဲ့နေရာဆိုပေမယ့် မှတ်မိသလောက် သူတို့ menu က english menu မဟုတ်ပါဘူး ။ အင်္ဂလိပ်လို တစ်လုံးစနှစ်လုံးစတော့ ပါပါတယ် ။ ဘာပဲပြောပြော တစ်ညလုံးလည်းဆက်သွားရဦးမှာဆိုတော့  အဆာပြေစားထားဦးမှပဲလေဆိုပြီးတော့ ကြက်သားကြက်ဥပါတဲ့ ဟင်းတမျိုးကိုပဲ လက်ညှိုးထိုးပြီးမှာလိုက်ကြပါတယ် ။

ထမင်းစားနေတုန်းမှာပဲ  ခါခိုရင်းမှာတွေ့ခဲ့တဲ့ အာရှသူနဲ့ သူ့အဖော် ၂ ယောက် စားသောက်ဆိုင်ထဲကိုဝင်လာကြပါတယ် ။ ယောင်ပေယောင်ပေနဲ့ စားသောက်ဆိုင်ရှေ့မှာရပ်နေတာမြင်တော့ သူတို့ပြသနာတစ်ခုခုဖြစ်နေပြီလို့ထင်လိုက်မိပါတယ် ။ ပုံမှန်ဆို ကားပေါ်ကလူတိုင်းက နေ့တစ်ဝက်လောက်ထပ်သွားရမယ့်ခရီးအတွက် ဒီဆိုင်မှာပဲ ထမင်းစားကြပါတယ် ။ သူတို့ကတော့ ၀င်မထိုင်ဘဲ ကောင်တာနားမှာ ရစ်သီရစ်သီလုပ်နေကြတာမို့ ကိုယ်တွေလည်း မနေနိုင်ဘဲ ဘာပြသနာဖြစ်နေလဲဆိုပြီး မေးလိုက်ကြပါတယ် ။ ကားပေါ်မှာ ငွေလဲတဲ့ အမျိုးသမီးတက်လာတုန်း ငွေတွေအကုန်လဲလိုက်မိလို့ မွန်ဂိုဆိုင်မှာ ထမင်းစားစရာပိုက်ဆံမရှိကြတော့ဘူးဆိုပြီး သူတို့ကပြန်ပြောပါတယ် ။  ခရီးသွားအချင်းချင်း ကိုယ်ချင်းစာတဲ့စိတ်နဲ့ သူတို့ ၃ ယောက်ကို ထမင်းကျွေးလိုက်ကြပါတယ် ။ နင်တို့စားချင်တာစား ၊ ငါတို့ရှင်းမယ်ဆိုပြီး နောက်စားပွဲဝိုင်းတစ်ခုမှာ သွားထိုင်ခိုင်းပါတယ် ။ စားပွဲထိုးမလေးတွေကိုလည်းသူတို့စားသမျှ အကုန် ငါတို့ပေးမယ်ဆိုပြီး ပြောလိုက်ကြပါတယ် ။အားနာလို့ထင်တယ် ထမင်း ၂ ပွဲကို ၃ ယောက်ရှဲပြီး အဆာပြေလောက်ပဲစားကြပါတယ် ။

စားပြီးတာနဲ့ သူတို့ကိုမစောင့်ဘဲ ပိုက်ဆံရှင်းပြီးထွက်လာကြပါတယ် ။ toilet ၀င်ပြီး အပြင်မှာခဏလောက်နေပြီး ဓာတ်ပုံရိုက်မယ်မှတ်ပေမယ့် အေးတာမှ ခဲနေအောင်အေးတာမို့ ခဏလေးတောင် မနေနိုင်ဘဲ ကားပေါ်ပြန်တက်ကြပါတယ် ။ သိပ်မကြာခင်ဘဲ သူတို့ ၃ ယောက်လည်း ပြန်တက်လာပါတယ် ။ သူတို့ထဲက တစ်ယောက်က တော်တော်လေးအားနာတဲ့ပုံနဲ့ အလာပသလာပ စကားတွေလာပြောပါတယ် ။ သူတို့တွေထဲက အာရှသူကတော့ အင်ဒိုနီးရှားကလို့ပြောပါတယ် ။ ကျန်တဲ့ နှစ်ယောက်ကတော့ ဘာလူမျိုးလည်း မမှတ်မိဘူး ။ မြန်မာပြည်အကြောင်းကိုလည်းသိကြပါတယ် ။ သူတို့က ဒီညကို Ulan Ude မှအိပ်ပြီးတော့ နောက်နေ့မနက်မှ ရထားစီးပြီး irkutsk ကိုသွားကြမှာပါ ။ ဘာလို့လဲဆိုတော့ Irkutsk ကိုသွားတဲ့ ရထားပေါ်ကနေ မြင်ရတဲ့ Lake Baikal ရဲ့မြင်ကွင်းက အရမ်းလှတာမို့ Lake Baikal view ကို မြင်ရအောင် မနက်ရထားနဲ့မှသွားကြမှာပါ ။ ကိုယ်တွေကတော့ အချိန်ကိုချွေတာရတာမို့ ညဘက်ရထားကိုပဲရွေးလိုက်ရတာပါ ။ အချိန်ရမယ်ဆိုရင် နေ့ရထားစီးပြီး lake Baikal အလှကိုခံစားဖို့အကြံပေးချင်ပါတယ်။

ထမင်းဆိုင်ကနေ ထွက်လာပြီး သိပ်မကြာခင်ဘဲ မွန်ဂိုလီးယား ရုရှား border ကိုရောက်လာပါတော့တယ်။ မွန်ဂိုဘက်က အစောင့်တစ်ယောက်ကားပေါ်ကိုတက်လာပြီး passport တွေကိုစစ်ပါတယ် ။ ထို့နောက်မှာတော့ အားလုံးကားပေါ်က ဆင်း ၊ ကားအောက်မှာထည့်ထားတဲ့ အထုတ်တွေကိုသယ်ပြီး မွန်ဂို immigration အဆောက်အဦးထဲကိုဝင်ကြပါတယ် ။ အထုတ်တွေကို x-ray ဖြတ်ပြီး ကျန်တဲ့ procedure တွေကတော့ထုံးစံအတိုင်းပါပဲ ။ Immigration officer ရဲ့ booth ရှေ့မှာတန်းစီပြီး arrival card ပြန်ပေးပြီးရင် အထွက် stamp ထုပေးဖို့စောင့်ရပါတယ် ။ မြန်မာ passport ကို အထူးအဆန်းလိုကြည့်ပြီး မြန်မာပြည်က ဘယ်နားမှာလဲ… ထိုင်းနားမှာဆိုတော့ သူမသိဘူးဆိုပြီးရယ်ပါတယ်…နောက်ပြီး ကိုယ့်နာမည်ကို ဘယ်လိုအသံထွက်လဲဆိုပြီးမေးရုံကလွဲရင် အခက်အခဲမရှိပါဘူး ။ အားလုံးအဆင်ပြေပါတယ် ။ မွန်ဂို Immigration ကို ဖြတ်ပြီးတဲ့နောက်မှာတော့ အားလုံးကားပေါ်ကိုပြန်တက်ကြပါတယ်။ လူစုံတာနဲ့ ကားပြန်ထွက်ပြီး ရုရှား immigration ဖက်ကိုမောင်းလာပါတယ် ။ သိပ်မကြာခင်ဘဲ ရုရှားဘက်က အစောင့်တစ်ယောက် ကားပေါ်ကိုတက်လာပြီး passport တွေကိုစစ်ပါတယ် ။ Arrival card လည်း ထမင်းမစားခင်ကနေ ကားပေါ်မှာပေးထားပြီးသားမို့လို့ အားလုံးအဆင်သင့်ပါပဲ ။

ရုရှား immigration ကိုအရောက်မှာတော့ မိုးတွေ တဖွဲဖွဲကျလာပါတယ်..။ကားပေါ်ကနေ ဆင်းပြီး အိတ်တွေသယ်ပြီး immigration ထဲကိုဝင်လိုက်တော့ ကိုယ်တွေနဲ့ ကားတစ်စီးတည်းပါလာတဲ့ ကျောင်းသူ ကျောင်းသားလေးတွေတစ်အုပ်လိုက်ကြီး ကိုယ့်ရှေ့မှာတန်းစီနေကြပါတယ်။ ကိုယ်လည်းသူတို့နောက်က ၀င်ပြီးတန်းစီလိုက်ပါတယ် ။ သူငယ်ချင်းနှစ်ယောက်ကတော့ တခြားတစ်တန်းမှာ တန်းစီကြတယ်။ ကိုယ့်ရှေ့ကလူတွေ အခက်အခဲမရှိ တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြပါတယ် ။ ကိုယ့်အလှည့်ရောက်လာတော့ အမျိုးသမီး officer နှစ်ယောက်က ကိုယ့် passport ကိုစစ်ပါတယ် ။ စာအုပ်ကိုလှန်ကြည့်ပြီးတာနဲ့ တခြားကောင်တာ တစ်ခုကိုသွားဖို့ ပြောပါတယ် ။ ကိုယ်လည်း ခပ်ကြောက်ကြောက်နဲ့ နောက်ကောင်တာတစ်ခုကိုသွားပါတယ် ။ အဲဒီကောင်တာမှာ လူမရှင်းသေးတာမို့ ခဏစောင့်ပြီး လူရှင်းမှ ကိုယ့် passport နဲ့ arrival card ကို officer ဆီကိုပေးလိုက်ပါတယ် ။

Officer က passport စာအုပ်နဲ့လူကိုတိုက်ကြည့်ပြီး ဖိုင်တွဲကြီးကို ထယူကာ ..တစ်ခုခုကိုအသည်းအသန်လိုက်ရှာနေပါတယ်။ ကိုယ်လည်းသူ့ရှေ့မှာငူငူကြီးရပ်နေတယ် ။ ခုနက ယူတဲ့ဖိုင်တွေမှာ သူလိုချင်တာ ရှာမတွေ့တဲ့ပုံပါပဲ တခြားဖိုင်တွဲတွေ တတွဲပြီးတတွဲထယူပြီး လိုက်ရှာပါတယ်..ဟော နောက်ဆုံးတော့လိုချင်တာတွေ့သွားတဲ့ပုံပါပဲ စာရွက်တစ်ရွက်ဆွဲထုတ်လိုက်ပြီး တစ်ကုပ်ကုပ်နဲ့ ချရေးနေပါတယ် ။ သူဘာပြောပြောကိုယ်နားမလည်မှာကိုသိတဲ့ပုံပါပဲ ကိုယ့်ကို နည်းနည်းမှ အဖက်လုပ်ပြီးတော့ကိုမမေးပါဘူး။ သူမှတ်ချင်တာမှတ်ပြီးသွားတော့ တခြား officer တစ်ယောက်ကို ကိုယ့် passport ကိုပြပြီး ပွစိပွစိ စကားတွေပြောကြပါတယ် ။ ကိုယ်လည်း သူ့ရှေ့မှာ ငုတ်တုတ်ကြီး..ခဏနေတော့ တံဆိပ်တုံးယူပြီး ဒုံးခနဲ ဒုံးခနဲ တုံးထုပေးလိုက်ပါတော့တယ် ။ ဆုမြတ်တို့ပျော်သည်ပေါ့နော် ။ ကျက်ထားတဲ့ Spasibo စပိုင်ဇီဘာ တွေကိုလည်း အကုန်မေ့ပြီး သိုင်းခယူး သိုင်းခယူးပြောကာ ပျော်ပျော်ပါးပါးကြီးကိုထွက်လာပါတော့တယ်။ Officer ကတော့ ပြုံးတောင်မပြရှာပါဘူး ။

Exit ကိုမရောက်ခင်မှာပဲ အမျိုးသမီး officer တစ်ယောက်ကို ကိုယ့်ကို ရုရှားလို တစ်ခုခုကိုအသည်းအသန်လိုက်ပြောပါတယ်.. သူပြောတာ ကိုယ်နားမလည် ကိုယ်ပြောတာသူနားမလည်နဲ့ နှစ်ယောက်သားတိုင်ပတ်နေကြတော့ ကားဒရိုင်ဘာက မနေနိုင်ဘဲဝင်ပြောရတယ်.. နင့်ကို x-ray ဖြတ်ခိုင်းတာတဲ့…။ သူမသိ ကိုယ်နားမလည်ဇာတ်လမ်းကတော့ စပြီပေါ့နော် ။ sorry sorry ပြောပြီး x-ray ဖြတ်ကာ သူငယ်ချင်းနှစ်ယောက်ကိုစောင့်နေပါတော့တယ် ။ သူတို့တွေလည်း ဘာတွေ ပြသနာတက်နေကြလဲမသိ တော်တော်နဲ့ထွက်မလာပါဘူး ။ နောက်ဆုံးထွက်လာတဲ့ သူငယ်ချင်းကျတော့ သူ့ arrival card ကို officer က ပြန်မပေးလိုက်တာမို့ ပြန်သွားတောင်းရပါတယ် ။ ထုံးစံအတိုင်း ကိုယ်တွေပြောတာကို ဘယ်သူမှနားမလည်ဘဲ ရှုပ်နေလို့ နောက်ဆုံးမှာတော့ ကိုယ်တွေနဲ့ ကားတစ်စီးတည်းပါလာတဲ့ ကျောင်းသားလေးတွေရဲ့ ဆရာမက ၀င်ပြောပေးမှာ သူငယ်ချင်းရဲ့ arrival card ပြန်ရပါတော့တယ် ။ ခရီးသည်အားလုံး immigration ဖြတ်ပြီးတဲ့အထိ ရုံးထဲမှာပဲ စောင့်နေကြရပါတယ် ။

လူစုံတော့မှ ကားပေါ်ကိုပြန်တက်ခွင့်ပေးပါတယ် ။ luggage ကို ကားအောက်ထဲကို မနိုင်မနင်းမပြီးထည့်ရပါတယ် ။ မိန်းကလေးမို့ ကူညီပေးမယ့်သူတွေဘာတွေရှိမယ်မမှတ်ပါနဲ့ ။ အားလုံး ကိုယ့်အားကိုယ်ကိုးရပါတယ် ။ ကိုယ့် luggage က carry on ဆိုဒ်မို့ သေးပါတယ် ဒါပေမယ့် hand carry အိတ်အသေးလေး တစ်လုံးရယ်  ကျောပိုးအိတ်တစ်လုံးရယ်ပါတာမို့ နည်းနည်းကသီလင်တနိုင်ပါတယ်။ အရမ်းမလေးပေမယ့် ပေါ့ပေါ့ပါးပါးမရှိပါဘူး ။ ပစ္စည်းထည့်ပြီး ကားပေါ်ပြန်တက်လာကြပါတယ်။ လူစုံတာနဲ့ ကားပေါ်ကို guard တစ်ယောက်ထပ်တက်လာပြီးတော့ passport ပေါ်က stamp တွေကို ပြန်စစ်ပါတယ် ။ ကားဘေးက လှိုက်ကာကိုလည်း ပိတ်ခိုင်းပါတယ် ။

အာရှနဲ့ ဥရောပ ရှုခင်းအပြောင်းအလဲကိုကြည့်ချင်တဲ့ ကိုယ့်မှာ လှိုက်ကာကြီးပိတ်ထားရတော့ Russia Immigration ရုံး အဆောက်အဦးတွေ ဗျူးတွေဘာတစ်ခုမှ မမြင်လိုက်ရပါဘူး ။ ၁၀ မိနစ် ကျော်ကျော်လောက် မောင်းပြီးတော့ immigration ဂိတ်ကနေ ထွက်လိုက်တော့ အားလုံးပျော်ပျော်ပါးပါးလက်ခုပ်ထတီးကြပါတယ် ။  လက်ခုပ်တီးတာအစဉ်အလာလားတော့မသိ..ကိုယ်တွေလည်းပျော်ပြီး လက်ခုပ်လိုက်တီးကြပါတယ် ။ ဘာပဲပြောပြော immigration ကို အောင်အောင်မြင်မြင်ဖြတ်ပြီးပြီပေါ့နော် ။ လှိုက်ကာတွေလည်း ပြန်ဖွင့်လို့ရပြီ ငေးချင်ရာငေးတွေးချင်ရာတွေးလို့ရပါပြီ။ မိုးကတစိမ့်စိမ့် ဘေးဘီကြည့်လိုက်ရင်လည်း ကျိုးတိုးကျတဲ့ပေါက်နေတဲ့ အပင်တချို့ရယ် လေဒဏ်ကိုခံနိုင်အောင် ခေါင်မိုးအမြင့်ကြီးဆောက်ထားတဲ့ အိမ်စုစုလေးတွေရယ်..ရုရှားဘက်ကိုရောက်ပေမယ့် မွန်ဂိုဆန်နေတုန်းပါပဲ ။

မိုးအေးအေးနဲ့ သီချင်းနားထောင်ကာ အိပ်ပြီးလိုက်လာခဲ့တာ အချိန်တော်တော်ကြာထဲ့အထိပါပဲ။ မွန်ဂိုဘက်က လမ်းတွေ နည်းနည်း bumpy ဖြစ်ပေမယ့် ရုရှားဘက်မှာတော့ လမ်းတွေတော်တော်ကောင်းပါတယ် ။ ပတ်ဝန်းကျင်ကလည်း သိသိသာသာပြောင်းလဲလာပါတယ် ။ မွန်ဂိုလို ခြောက်ခြောက်သွေ့သွေ့ အပင်မြင့်တွေမရှိတဲ့ မြေပြန့်လွင်ပြင်အစား…. အဖြူရောင်ပင်စည်တွေနဲ့ မိုးမျှော်နေတဲ့ ထင်းရှုးပင်တွေ အနှံ့အပြားမြင်လာရပါပြီ ။ ရှေ့ဆက်သွားလေလေ အပင်တွေများလာလေလေပါပဲ ။ ပုံတွေပြချင်ပေမယ့် ခရီးသွားနေတုန်း ဓာတ်ပုံရိုက်ရမှာ ပျင်းပြီး မရိုက်ခဲ့တာမို့ ပြစရာပုံကမရှိ…. မှတ်မိတာလေးတွေကိုပဲရေးပြနိုင်ပါတော့တယ် ။ ရုရှားဘက်က ပိုအေးတယ် ၊ ပိုပြီးစိမ်းလန်းတယ် ၊ မြို့သေးသေးလေတွေက မွန်ဂိုရဲ့ မြို့ခပ်ကြီးကြီးတွေထက်အများကြီးတိုးတက်တယ် ။ မွန်ဂိုက အိမ်တွေရုပ်ဆိုးသလောက် ဒီဘက်မှာတော့ အိမ်လှလှလေးတွေများတယ် ။ လမ်းတွေကောင်းပါတယ်။

ခဏကြာတော့ မြို့လေးတစ်မြို့မှာ toilet break ထပ်ပေးပါတယ် ။ ရာသီဥတုက တအားအေးတော့ အပြင်မှာမနေနိုင်ဘူး ကိစ္စပြီးတာနဲ့ ချက်ချင်းကားပေါ်ကိုပြန်တက်ကြရပါတယ် ။ ဒီတစ်ခေါက် toilet က နောက်ဆုံး toilet break ဆိုတော့ Ulan Ude နဲ့ သိပ်မဝေးတော့ဘူးလို့ယူဆရပါတယ် ။ ဒါပေမယ့်  တစ်မြို့ပြီး တစ်မြိုသာ ဖြတ်လာတယ်…Ulan Ude ကို ခုထိ မရောက်နိုင်သေးပါဘူး ။ နာရီတွေဘာတွေမကြည့်မိလို့သာ ကြာတယ်မှတ်တာ သတ်မှတ်ထားတဲ့အချိန် ည ၈ နာရီမခွဲခင်မှာဘဲ Ulan Ude မြို့ထဲကိုရောက်လာပါတော့တယ် ။ စာတွေထဲမှာဖတ်ဖူးတာက Ulan Ude က မြို့သေးသေးလေးလို့ပြောကြပါတယ် ။ တကယ်တမ်းမှာတော့  လူပေါင်းလေးသိန်းကျော်နေထိုင်ပြီး စင်ကာပူတစ်ဝက်လောက်ထိကျယ်တဲ့ မြို့လေးတစ်မြို့ပါ ။

အရင်ပိုစ့်တွေမှာပြောခဲ့သလိုပဲ Trans မွန်ဂို ၊ Trans မန်ချူး စတဲ့ရထားလမ်းကြောင်းတွေက ဒီမြို့ကိုပဲ ဖြတ်ရတဲ့အတွက် မြို့က စီးပွားရေးကောင်းပြီး တိုးတက်ပါတယ် ။ ကိုယ်တွေထင်သလို မြို့သေးသေးစုတ်စုတ်လေးမဟုတ်ပါဘူး ။ အဆောက်အဦးခမ်းခမ်းနားနားကြီးတွေရှိတဲ့ မြို့လေးပါပဲ ။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး လီနင်ခေါင်းရုပ်ထုလည်းရှိပါသေးတယ် ။ အချိန်ရရင်ဝင်ကြည့်ချင်ပေမယ့် ရထားလွတ်မှာစိုးတဲ့အတွက် မြို့ထဲကိုသွားမလည်ဖြစ်ခဲ့တော့ပါဘူး ။ မြို့ထဲကိုဝင်လာတော့ ကားပေါ်မှာပါလာတဲ့လူတွေလည်း ဂိတ်ဆုံးထိမလိုက်ဘဲ လမ်းမှာဆင်းကြပါတယ် ။ ကိုယ်တွေကတော့ ဂိတ်ဆုံးအထိလိုက်လာကြပါတယ် ။ ကားဂိတ်ဝင်းက ခပ်သေးသေးပါပဲ ။ ဒါပေမယ့် စီးပွားရေးကောင်းတဲ့ မြို့ဆိုတော့ လူတွေအပြည့်ပဲ ဒါ့အပြင် ကျောင်းသားလေးတွေကိုလာကြိုတဲ့ မိဘတွေကိုလည်းတွေ့ရပါတယ် ။ ရှေ့ဆက်သွားစရာရှိသေးတော့ ပတ်ဝန်းကျင်ကိုသတိထားပြီး မကြည့်အားတော့ပါဘူး ။

ကားပေါ်က ဆင်းလိုက်တာနဲ့ အေးစိမ့်နေတဲ့ ရုရှားရဲ့ notorious ရာသီဥတုနဲ့တိုးပါတော့တယ် ။  မိုးတွေလည်းကျလာတာမို့ အိတ်တွေဆွဲပြီး အမိုးရှိတဲ့ဘက်ကိုပြေးကြရပါတယ် ။ ပဲမများနိုင်တော့ဘဲ  ဦးထုပ်တွေ လက်အိတ်တွေ လျှောစောင်လေးတွေ အပြေးထုတ်ကြရပါတယ် ။ heat tech တွေဝတ်မလာတာမို့ မခံမရပ်နိုင်လောက်အောင်အေးပါတယ် ။ သုံးယောက်သား ကားတွေလိုက်ရှာကြည့်တော့ အဆင်မပြေ….ခဏနေတော့ immigration မှာကူညီပေးခဲ့တဲ့ ဆရာမကို ကားငှားပေးဖို့  အားနာနာနဲ့ ထပ်အကူအညီတောင်းတော့ ဆရာမက ကူညီပေးရှာပါတယ် ဈေးလည်းမေးပေးပါတယ် ။ ကားနဲ့သိပ်ဝေးဝေးလံလံမသွားရပါဘူး ။ ကားသမားကလည်း ဒီသနားကမား အာရှသူ ၃ ယောက်ကို ကူညီပေးပါတယ် ။ လူလည်ကျပြီး ဈေးတွေတိုးတောင်းတာမျိုးမရှိပါဘူး ။ ဆရာမမေးပေးတဲ့ ဈေးနဲ့ပဲ ရထားဂိတ်ကိုချောချောမောမောရောက်လာခဲ့ကြပါတယ် ။

Ulan Ude Train Station Credit – http://russiatrek.org/

ဒီနေရာမှာ ရထားအမျိုးအစားနဲ့ ရထားတွဲ အကြောင်းတွေနည်းနည်းထပ်ရှင်းပြချင်ပါတယ်။ Trans Siberian ရထားလမ်းမှာမောင်းနှင်တဲ့ ရထားအမျိုးအစား လေးမျိုးရှိပါတယ် ။

  • Fast Train : တစ်နာရီကို ၇၀-၉၀ ကီလိုမီတာ မောင်းပါတယ်  (ရထား နံပါတ် ၁ ကနေ ၁၆၀ အထိ)
  • Fast Train with special name such as ‘Rossia’ Train nr 2 , ‘Krasnaya Strella’ (‘Red Arrow’)  : တစ်နာရီကို ၆၀ ကီလိုမီတာ မောင်းပါတယ် ။ အပေါ်က အမျိုးအစားနဲ့ အားလုံးတူပေမယ့် service ပိုကောင်းပါတယ် cleaner တွဲပါတယ် စားသောက်တွဲတွေပါပါတယ် အိမ်သာတွေပိုကောင်းပါတယ် ။ (international ခရီးသည်တွေ အသုံးများတယ်)
  • Passenger Train : တစ်နာရီကို ကီလိုမီတာ ၄၀-၅၀ မောင်းပါတယ် (ရထားနံပါတ် ၁၇၀ ကနေ ၈၇၀ အထိ)  ခရီးသည်တင် local train မို့လို့ stop ပိုများပါတယ် ။ စားသောက်တွဲမပါဘူး ။ service သိပ်မကောင်းပါဘူး ။
  • Speed Train : တစ်နာရီကို ၁၀၀ ကီလိုမီတာ မောင်းပါတယ် (ရထားနံပါတ် ၁၆၁ ကနေ ၁၆၉ အထိ) သက်တောင့်သက်တာရှိပါတယ် ။ DVD player တွေပါပါတယ် ။ ဒါပေမယ့် နေရာတိုင်းကိုမသွားပါဘူး။

ရထား အမျိုးအစားတင်မကပါဘူး Mongolia Train, Russia Train, Chinese Train ဆိုပြီးကွဲပါသေးတယ် ။ ရထားအပေါ်မှာလိုက်ပြီးတော့ Facility တွေကွာပါသေးတယ် ။ ဥပမာ Moscow to Beijing via Mongolia  ကိုသွားတဲ့ Mongolia Train ဆိုရင် Chinese တွဲထိန်းက operate လုပ်ပြီးတော့ Moscow to Beijing via Manchurian ကိုသွားတဲ့ Chinese Train ဆိုရင် Russian တွဲထိန်းက operate လုပ်ပါတယ် ။ Mongolian Train က တရုတ်ပြည်ထဲမှာရှိနေတုန်း တရုတ် စားသောက်တွဲပါပြီးတော့ မွန်ဂိုကိုရောက်တာနဲ့ မွန်ဂို စားသောက်တွဲကို ပြောင်းသွားပါတယ် ။ တရုတ် coach တွေက ပိုပြီးကူညီတတ်ကြပြီးတော့ ရုရှား coach တွေက strict ဖြစ်ကြတာလေးတွေကွာပါသေးတယ်။ အသေးစိတ်ကို  ဒီမှာ ဖတ်နိုင်ပါတယ် ။

ရထားတိုင်းမှာ First Class , Second Class , Third Class ဆိုပြီး ၃ မျိုးရှိပါတယ် ။ နှစ်ယောက်ခန်း ၉ ခန်း ပါတဲ့ ရထားတွဲကို First Class လို့ခေါ်ပြီးတော့  ၊ လေးယောက်ခန်း ၉ ခန်းပါတဲ့ ရထားတွဲကို Second Class လို့ခေါ်ပါတယ် ။  တတိယတွဲကျတော့ အခန်းမပါဘဲ တစ်တွဲလုံး hall type မှာ အိပ်စင် ၅၄ စင် ပါပါတယ် ။ အောက်က ပုံ ၃ ပုံက တွဲ တစ်ခုစီရဲ့ ဖွဲ့စည်းပုံပါ ။ တွဲတစ်တွဲစီရဲ့ အ၀င်ဝ ညာဘက်နားမှာ တွဲထိန်းနေတဲ့ အခန်းလေးရှိပြီးတော့ ထိုအခန်းရဲ့ ရှေ့မှာ ရေနွေးစက် တစ်လုံးရှိပါတယ် ။ တွဲထိန်းဆီက ခွက်တောင်းပြီး ရေနွေးသောက်လို့ရပါတယ် ။ တွဲထိန်းဆီမှာ မုန့်တွေလည်းဝယ်လို့ရပါတယ် ။ တွဲထိန်းအခန်းကနေ ဆက်သွားရင် အိပ်စင် ဒါမှမဟုတ် အခန်းလေးတွေမြင်ရမှာဖြစ်ပြီးတော့ တွဲအဆုံးဘက်မှာ အိမ်သာ နှစ်လုံးရှိပါတယ် ။ တချို့ရထားတွေမှာတော့  တွဲအဆုံးမှာ အိမ်သာ တစ်လုံး နဲ့ တွဲထိန်းအခန်းနားမှာလည်း အိမ်သာတစ်လုံး ရှိတတ်ပါတယ် ။

 

first-class cabins on the trans-siberian trains
First-class cabins on the trans-siberian trains Credit – http://www.transsib.com/trans-siberian-train-tickets-prices/train-description-comfort.html

 

second-class cabins on the trans-siberian trains
Second-class cabins on the trans-siberian trains Credit – http://www.transsib.com/trans-siberian-train-tickets-prices/train-description-comfort.html
third-class cabins on the trans-siberian trains
Third-class cabins on the trans-siberian trains Credit – http://www.transsib.com/trans-siberian-train-tickets-prices/train-description-comfort.html

 

ဒီညစီးမယ့် ရထားက နံပါတ် 361И (Passenger Train ) ဖြစ်ပြီး  Ulan-Ude Pass ဘူတာရုံကနေ Irkutsk Passazhirskiy ကို ည ၁၀ နာရီ ၂၂ မိနစ်မှာ ထွက်မှာပါ ။ Irkutsk ကိုတော့ မနက် 7:20 မှာရောက်မှာဖြစ်ပါတယ် ။ Ulan Ude ရထားဘူတာရုံကိုရောက်လာတော့  အချိန် ၃ နာရီနီးပါး ပိုနေပါသေးတယ် ။ ဘူတာရုံ အခြေအနေလိုက်ကြည့်ပြီး ဘူတာရုံရှေ့မှာရှိတဲ့ ထမင်းဆိုင်မှာ ထမင်းစားကြပါတယ် ။ ရုရှားအစားအစာတွေစားလို့ကောင်းပါတယ် ။ အချိုပွဲတွေလည်း အရသာရှိတယ် ဈေးလည်းတော်ပါတယ် ။ ထမင်းစားပြီးတော့ ဘူတာရုံထဲကိုပြန်ဝင်ကြပါတယ် ။ ဘူတာရုံမှာ စောင့်နေတဲ့ လက်နက်ကိုင်ဝန်ထမ်းတွေအများကြီးပါပဲ ။ ကောင်လေး ကောင်မလေးတွေ အားလုံးချောချောလှလှ ရှည်ရှည်မျောမျောလေးတွေချည်းပဲ ။ အရပ်ငါးပေ ငါးရှိတဲ့ ကိုယ်တောင်သူတို့နဲ့ယှဉ်ရင် ပုသွားသလိုလို ။

Tu Tu က ၀ယ်ထားတဲ့ ရထားလက်မှတ် eticket

ဘူတာရုံထဲက ဘုတ်ပေါ်မှာ ရထားထွက်မယ့်နေရာတွေ အချိန်တွေကိုရေးထားပေမယ့် အင်္ဂလိပ်လိုမရေးထားတဲ့အပြင် ထွက်မယ့်အချိန်တွေကိုလည်း Moscow time နဲ့ ရေးထားတာမို့ အတော်လေးသတိထားရပါတယ် ။  စာတွေကို ရထားလက်မှတ် e ticket နဲ့ တိုက်ကြည့်ပြီး ပလက်ဖောင်းလိုက်ရှာကြပါတယ် ။ ဘူတာရုံမှာ ၀န်ထမ်းတွေကို လိုက်မေးကြပေမယ့် သိပ်ပြီး နားမလည်ကြဘဲ လည်နေတာမို့ ဘယ်သူပြောတဲ့အဖြေက အမှန်လဲဆိုတာကိုမသိပါဘူး ။ ဒီတော့လည်း ကိုယ့်ဟာကိုယ် တိုက်ကြည့်ပြီး confirm လုပ် ဘူတာရုံက ခုံမှာ ရထားလာမယ့်အချိန်ကိုထိုင်စောင့်နေကြပါတော့တယ် ။ နောက်ပြီး ဘူတာရုံထဲက ရောင်းတဲ့ မုန့်ဆိုင်မှာ သောက်ရေ၀ယ်ကြပါတယ် ။ ဘူတာရုံက တော်တော်ကြီးပြီး သန့်တဲ့အပြင် ၀ိုင်ဖိုင်တွေပါရသေးတယ် ။ ဒါပေမယ့် wifi သုံးချင်ရင် sim card ကို password မက်စေ့ ပို့ပေးတာမို့  sim card မရှိသေးတဲ့ကိုယ်တွေအတွက် ငုတ်တုပ်ထိုင်နေရုံပါပဲ။ Paid အိမ်သာကလည်း ဘူတာရုံအပြင်ဘက်ကပ်လျက်မှာရှိပါတယ် (မြေအောက်ထဲကိုတော့ ဆင်းရပါတယ်)။

ရထား arrival / departure အချိန်တွေရေးထားတဲ့ Board (အသေး) Credit – Seat 61

ရထားထိုင်စောင့်နေတုန်း သယ်သွားတဲ့ ipad ထဲက စာအုပ်တွေကိုဖတ်ဖို့ကြိုးစားကြည့်ပေမယ့် စိတ်က မပါ…။ ဒီအတိုင်းပဲ ဟိုကြည့် ဒီကြည့်နဲ့ ထိုင်နေကြပါတော့တယ်။ သတ်မှတ်ထားအချိန်မတိုင်ခင်ဘဲ ရထားတစ်စင်းဝင်လာတဲ့အသံကြားရပါတယ် ။ လူတွေကလည်း အဲဒီရထားရှိတဲ့အပေါက်ကို သွားကြတော့ ကိုယ်တွေလည်း မှန်မမှန်မသိဘဲ နောက်ကလိုက်ကြပါတော့တယ် ။ ဂိတ်စောင့်ဝန်ထမ်းကိုပြတော့လည်း မှန်တယ်လို့ဆိုပါတယ် ။ ဟုတ်မဟုတ်တော့မသိဘူး။ ရထားဘူတာရုံကို ချောချောမွတ်မွတ်ရောက်လာပြီးမှ ရထားဂိတ်မှားပြီး လွဲမှာကို စိုးရိမ်မိတာတော့ အမှန်ပါ ။ စမ်းတ၀ါးဝါးနဲ့ မိုးတွေရွာ လေတွေတိုက်ပြီး သေလောက်အောင်အေးတဲ့ ရထားဘူတာ ပလက်ဖောင်း မှောင်မှောင်မဲမဲမှာ ၃ ယောက်သား ဟိုပြေးဒီပြေးနဲ့ ရထားတွဲ နံပါတ်ကိုလိုက်ရှာကြပါတယ် ။

စီးမယ့်ရထားတွဲနံပါတ်က ၁၁ ၊ 3rd class ၊ ထိုင်ခုံ နံပါတ်က ၁၇ ပါ ။ ရထားတွဲ အပြင်ဘက်မှာ နံပါတ်တွေရေးထားတဲ့အပြင် ရထားတွဲစောင့် ၀န်ထမ်းတွေက သူတာဝန်ကျတဲ့ တွဲအပြင်ဘက်မှာ စောင့်နေကြပါတယ် ။ ပုံမှန်အားဖြင့်တွဲနံပါတ်ကိုလိုက်ရှာပြီး ၀န်ထမ်းက လက်မှတ်စစ်ပြီးရင် ရထားပေါ်ကိုတက်လို့ရပါပြီ။ ဒါကို အထာမသိတဲ့ကိုယ်တွေက ရထားတွဲနံပါတ်ကိုလိုက်ရှာရမှန်းမသိဘဲ.. အနီးဆုံးရထားတွဲရဲ့ ၀န်ထမ်းကိုသွားမေး..သူက ရထားပေါ်ကိုပေးမတက်ဘဲ မဟုတ်ဘူးဆိုပြီး ရုရှားလိုငြင်းပါတယ် ။ ကိုယ်တွေပြသနာကို သူနားလည်ပေမယ့် ရုရှားလိုပဲပြောတော့ သူပြောတာကို ကိုယ်နားမလည် .. မိုးဖွဲဖွဲကရွာ၊ လေကတိုက်….ရထားလက်မှတ်နဲ့ passport ကိုလက်ကကိုင်ထား ..လက်အိတ်ကလည်းမပါတော့ လက်တွေက ခဲ့ပြီးကျဉ်တက်လာပါတယ်..ဒါ့အပြင် luggage နဲ့ hand carry အထုတ်ကိုဆွဲ ၊ ကျောပိုးအိတ်တစ်လုံးနဲ့ တော်တော်ကိုဒုက္ခရောက်ရပါတယ်။

ရထားဘူတာရုံ ပလက်ဖောင်းမှာ (Yekaterinburg)

အတူသွားတဲ့သူငယ်ချင်းတွေမှာက လက်အိတ်တွေပါတော့ ပြသနာမရှိ ။ ကိုယ့်မှာတော့ ဂျပန်သွားတုန်းက ၀ယ်ထားတဲ့ လက်အိတ်ရှိလျက်နဲ့ ရာသီဥတုက ၂၀ ပတ်ဝန်းကျင်ဆိုတော့ မလိုလောက်ဘူးမှတ်ပြီးထားခဲ့တာ ပြသနာအကြီးအကျယ်ကိုတက်တော့တာပါပဲ ။ Irkutsk ကိုရောက်ရင် ပထမဆုံးလုပ်ရမှာက လက်အိတ်ဝယ်ဖို့ပါ။  ရထားတွဲကလည်းခုထိ ရှာလို့မရသေး အတွဲ ငါးတွဲလောက်တွေ့ပြီး ကိုယ်တွေစီးမယ့် ၁၁ ကို ရှာမတွေ့ပါဘူး။ လေကလည်း တအားပြင်းလာတော့ လေကွယ်ရာကို အဆောက်အဦးတစ်ခုအောက်ကိုဝင်ခိုရပါတယ် ။ ဘူတာရုံထဲပြန်ဝင်ဖို့ကျတော့လည်း တအားဝေးသွားပြီမို့ နီးစပ်ရာအဆောက်အဦးအမိုးအောက်ဝင်ခိုကြတာပါ..။ ကိုယ်တွေလို ခိုနေတဲ့သူတွေလည်းအများကြီး ဒါပေမယ့် သူတို့ကတော့ ဒီရာသီဥတုနဲ့နေသားကျပြီးသား… ပြီးတော့ လိုအပ်တဲ့ အနွေးထည်တွေအကုန်ပါပြီးသားဆိုတော့  ကိုယ်တွေလောက်အခြေအနေမဆိုးသလိုပါပဲ။ ကိုယ်တွေသာခိုက်ခိုက်တုန်ပြီးကျဉ်တက်အောင် ချမ်းကြတာ။

အဲဒီနေ့က camisole ၊ ရှပ်လက်ရှည် ၊ sport stocking အထူ ၊ bomber jacket ၊ shawl အသေး ၊ အနွေးဦးထုပ် ရယ်ပဲ ၀တ်ထားတာမို့ ရာသီဥတု ခပ်ပြင်းပြင်းနဲ့ ဘယ်လိုမှအဆင်မပြေပါဘူး ။ ရုရှားရာသီဥတုကို အထင်သေးတဲ့ကိုယ့်မှာဆိုရင် heat tech နှစ်စုံပါပေမယ့် အထုတ်အောက်ထဲရောက်နေလို့ ခုထိ ထုတ်မ၀တ်နိုင်သေးပါဘူး ။ စိတ်ထဲမယ် ရထားပလက်ဖောင်းကို စင်ကာပူမှာလို အမိုးအကာတွေနဲ့ပဲထင်နေတာမို့ ဘူတာရုံထဲမှာ ခပ်အေးအေးပဲ အချိန်ဖြုန်းနေခဲ့ပါတယ်။ ဒါမျိုးမိုးထဲလေထဲမှာ ရထားလာအောင် စောင့်ရမယ်မှန်းသိရင် ဘူတာရုံမှာတည်းက heat tech အကျီတွေထုတ်ဝတ်ဖြစ်ခဲ့မှာပါ ။ အတူသွားတဲ့ သူငယ်ချင်းထဲက တစ်ယောက်က သူ့ရဲ့ heat pad လေးတွေကိုရှဲပေးပါတယ် ။ လက်အိတ်မပါလို့တအားချမ်းနေတဲ့ ကိုယ့်မှာ သူငယ်ချင်းပေးတဲ့ heat pad လေးတွေကြောင့်နေသာရပါတယ် ။      ရုရှားကိုသွားရင် ဘယ်ရာသီဖြစ်ဖြစ် heat tech ဘောင်းဘီ အကျီတွေသယ်သွားပြီး လိုအပ်ရင် အလွယ်တကူထုတ်ဝတ်လို့ရအောင်စီစဉ်သွားမှ အဆင်ပြေမယ်ဆိုပြီး သင်ခန်းစာရမိပါတယ်။

အရိပ်အောက်မှာခိုနေရင်း တော်တော်ကြာတော့မှာ ရထားတွဲတွေ တစ်တွဲပြီးတစ်တွဲလာချိတ်ပါတယ် ။ ဒီတော့မှပြသနာကိုသဘောပေါက်လိုက်ပါတော့တယ် ။ ကိုယ်တွေစီးမယ့် တတိယတွဲရထားဟာ ခုမှတွဲလာချိတ်တာပါ ။ ဒါကြောင့်မို့တွဲရှာမရဘဲ တိုင်ပတ်နေကြတာပါ ။ ရထားတွဲထိန်းကို လက်မှတ်နဲ့ passport ပြပြီး အထုတ်နှစ်ထုတ်ဆွဲပြီး ရထားတွဲကျဉ်းကျဉ်းလေးပေါ်ကို မနိုင်မနင်းတက်ကြရပါတယ် ။ heater ဖွင့်ထားတဲ့ရထားတွဲက နွေးတာမို့ ချက်ချ က်အချမ်းပြေသွားသလိုပါပဲ ။ ထိုင်ခုံလိုက်ရှာတော့ တွေ့ပါပြီ ကိုယ်တွေနေမယ့်နေရာ ။ပုံမှာမြင်ရတဲ့ ဘယ်ဘက်က aisle မှာ အိပ်စင် ၂ ခု   ညာဘက်က  bays မှာ အိပ်စင် ၄ ခု ပါပါတယ် ။ အပေါ်အိပ်စင် (upper bunk) ရဲ့ အပေါ်မှာ ပစ္စည်းထားစရာနေရာတစ်ခုရှိပြီး ၊ အောက်အိပ်စင် (lower bunk) ရဲ့ အောက်ဘက်မှာလည်း ပစ္စည်းထားစရာနေရာရှိပါတယ် ။ အိပ်စင်ကို  မ ပြီးတော့မှ ပစ္စည်းထည့်လို့ရတာမို့ secure ဖြစ်ပါတယ် ။ aisle က အိပ်စင်ရဲ့ အောက်ဘက်က စားပွဲခုံကိုဖြန့်လိုက်ရင်အိပ်စင်ကလေးဖြစ်သွားပါတယ် ။ ပြန်ခေါက်လိုက်ရင်တော့ လူနှစ်ယောက်ထိုင်လို့ရတဲ့ ခုံကလေးပေါ့  ၊ upper bunk ကိုလူမရှိရင်ခေါက်ထားလို့ရပါတယ် ။  lower bunk နှစ်ခုကြားမှာ စားပွဲလေးတစ်လုံးပါပါတယ် ။ lower bunk aတွရဲ့ ခြေရင်းနားမှာ upper bunk ကိုတက်တဲ့ ခြေနင်းသေးသေးလေးတွေပါပါတယ်။

တတိယတန်း ရထား အတွင်းမြင်ကွင်း …ဘယ်ဘက်က aisle ညာဘက်က bays … credit – Budget Travel Russia

 

 

3rd Class …ဖွင့်ထားတဲ့ box က ပစ္စည်းထည့်တဲ့နေရာ…ပိတ်လိုက်ရင် အိပ်စင် ။ Credit – Solo Back Packer

 

အပြာလေးက upper bunk အပေါ်အိပ်စင်..သူ့အပေါ်က စင်ကလေးက အိတ်တွေထားလို့ရတဲ့ စင် Credit – Solo Back Packer

Upper bunk က လူက နေ့ခင်းဘက်တွေဆိုရင် အောက်ကိုဆင်းထိုင်ပါတယ် ။ ဒါကြောင့် lower bunk သမားက upper bunk သမားကို နေစရာပေးရပါတယ် ။ lower bunk က လူက အလိုက်မသိလို့  upper bunk က လူကို ပေးမထိုင်ရင် upper bunk သမား  ဒုက္ခရောက်ပါတယ် ။ ကိုယ်တွေကတော့ အိပ်ချင်တဲ့အချိန်လွတ်လွတ်လပ်လပ် အပေါ်တက်အိပ်လို့ရအောင် ညာဘက်က bays မှာ upper bunk တစ်ခု lower bunk  နှစ်ခု ၀ယ်ထားကြပါတယ် ။ အိပ်စင်တိုင်းအတွက် မွေ့ရာ ၊ ခေါင်းအုံး ၊ စောင်ပေးပါတယ် ။ အိပ်ရာခင်း ၊ ခေါင်းအုံးစွပ် ၊ စောင်အစွပ်တွေကိုတော့ ရထားလက်မှတ်ဝယ်တည်းက ပိုက်ဆံပိုပေးပြီး ငှားရပါတယ် ။ linen အသစ် ယူမယူ ဆိုပြီး option ရှိပါတယ် ။ ဈေးလည်းသိပ်မများတာမို့ ကိုယ်တွေလည်း linen အသစ်ငှားထားလိုက်ကြပါတယ် ။

စင်တစ်စင်စီအတွက် ပစ္စည်းထည့်တဲ့ ခြင်းသေးသေးတစ်ခု ၊ အကျီချိတ်ဖို့နေရာလေးတွေ ပါပါသေးတယ် ။ နောက်ပြီးတော့ တွဲတစ်တွဲစီမှာ ဘက်ထရီအားသွင်းစရာ မီးပလက်ပေါက် ၂ ခု ပါပြီးတော့ အိမ်သာထဲမှာ မီးပလက်ပေါက် နောက်တစ်ခုပါပါတယ်။  Universal မီး plug လေးဆောင်ပြီး ဘက်ထရီအားဖြည့်လို့ရပါတယ် ။ ဒါပေမယ့် sharing လုပ်ရတာဆိုတော့ ပလက်အားမှ ဖြည့်လို့ရတာပါ ။ အပေါ်မှာပြောခဲ့သလိုပဲ တွဲရဲ့အဆုံးမှာတော့ အိမ်သာနှစ်လုံးရှိပါတယ် ။ အိမ်သာရှေ့မှာ အမှိုက်ပုံးရှိပါတယ် ။ အိမ်သာကတော့ 3rd class က public အိမ်သာထုံးစံ အရမ်းတော့မသန့်ပါဘူး ။ ဒါပေမယ့် သုံးရအဆင်ပြေပါတယ် ။ တစ်ရှုးတို့ ဆပ်ပြာတို့က ပါပေမယ့် များသောအားဖြင့် ကုန်နေတာမို့ ကိုယ့်ဟာကိုယ်ဆောင်သွားရပါတယ် ။ ခရီးသွားတဲ့သူနည်းရင် တစ်ခါသုံး toilet seat cover တွေဘာတွေရှိတတ်ပါတယ်။

ခုတော့ ခရီးသွားရာသီမဟုတ်ပေမယ့် local ရထားမို့လို့ လူအပြည့်ပါပဲ ။ ကံကောင်းချင်တော့ ကိုယ်တွေ နေရာမှာ အိပ်စင်တစ်ခုလွတ်နေတာမို့ သက်တောင့်သက်သာ လွတ်လွတ်လပ်လပ်ပါပဲ ။ ရထားပေါ်ရောက်တာနဲ့ အထုတ်တွေကို စင်အောက်မှာထည့် ၊ အိပ်ရာခင်းပြီးနေရာချကြပါတယ် ။ ခြေလက်ဆေးပြီး သိပ်မကြာခင်ဘဲ မီးတွေမှိန်သွားတာမို့ အ၀တ်တောင်မလဲနိုင်ဘဲအိပ်လိုက်ကြပါတော့တယ် ။ နောက်အပိုင်းမှာတော့ Irkutsk ပထမနေ့မှာ မြို့ထဲကိုလည်ပတ်ကြတဲ့ အကြောင်း ၊ ဒုတိယနေ့မှာ world largest fresh water lake ဖြစ်တဲ့ Lake Baikal ကို သွားလည်ကြတဲ့အကြောင်းနဲ့ Irkutsk ကနေ Yekaterinburg ကို သွားတဲ့ ရထားပေါ်မှာ နှစ်ရက်တာအကြောင်း ၊ မြန်မာပြည်အကြောင်းကိုသိချင်ပြီး….အင်္ဂလိပ်စကားပြောချင်တဲ့ ….သဘောအရမ်းကောင်းတဲ့ ရုရှားအင်ဂျင်နီယာ ခရီးသည်အုပ်စုအကြောင်းကိုလည်းပြောပြဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးလို့ ။

Irkutsk Passazhirskiy Train Station Credit- RussiaMania

 



Leave a Reply

Your email address will not be published.