Mongolia ကိုသွားမလည်ခင်သိသင့်တဲ့ အချက်(၂၀)

Mongolia ကိုသွားမလည်ခင်သိသင့်တဲ့ အချက်(၂၀)

ခုရက်ပိုင်း မအားလို့ Trans Siberian အပိုင်း ၄ ကို မဆက်နိုင်သေးခင်  မွန်ဂိုလီးယားကို မသွားခင် သိသင့်တဲ့ အချက်နှစ်ဆယ်ကို ချ ရေးလိုက်ပါတယ်။

 

  1. မွန်ဂိုလီးယားက လုံခြုံတဲ့ တိုင်းပြည်တစ်ခုပါ ။ မြို့ပေါ်မှာဆိုရင် ခါးပိုက်နှိုက်တွေရှိနိုင်ပေမယ့် တောဘက်က လူတွေက ရိုးသားကြတယ် ။ မိန်းကလေးတွေသီးသန့်သွားလည်း လုံခြုံပါတယ် ။
  2. မွန်ဂို ကို tour နဲ့ သွားမှ အဆင်ပြေမှာပါ ။ tour ဈေးနှုန်းတွေက လူများလေ ဈေးသက်သာလေပါပဲ ။
  3. အစားအသောက်အတွက် အသီးအရွက်ရှားပေမယ့် tour နဲ့သွားရင် tour က အဆင်ပြေအောင် စီစဉ်ပေးပါတယ် ။ တောထဲသွားလည်ရတာမို့ ငတ်မယ်ထင်ပြီး စားစရာတွေသယ်သွားစရာမလိုပါဘူး ။ ဟိုကိုရောက်မှ super market မှာဝယ်လို့ရပါတယ်။ ဒါ့အပြင် tour ကလည်း စီစဉ်ပေးပါတယ် ။ သယ်သွားရင် လေးတာပဲ အဖတ်တင်ပါလိမ့်မယ်။ vegan တွေ အတွက်ဆိုရင် သက်သတ်လွတ် meals တွေ စီစဉ်ပေးဖို့ tour ကို ကြိုတင်မှာထားလို့ရပါတယ် ။
  4. ဆိုင်မှာဝယ်စားရင် portion အရမ်းကြီးပါတယ် ။ သူတို့ တစ်ယောက်စာကို လူ နှစ်ယောက် မနည်းကုန်အောင် စားရတယ်။
  5. ကားနဲ့ သွားနေတုန်း စမ်းချောင်းလေးတွေ ၊ တောင်ကုန်းလေးတွေ ၊ လှလှပပနေရာလေးတွေမြင်ရင် ကားရပ်ခိုင်းလို့ရပါတယ် ။
  6. သက်တော့သက်သာ နဲ့ နွေးနွေးထွေးထွေးရှိတဲ့အ၀တ်အစားတွေယူသွားဖို့အရေးကြီးပါတယ် ။ ရာသီဥတုကြမ်းပြီးလေတိုက်ပါတယ်။  အနွေးထည်အထူကြီးတွေ အစား မထူမပါးတွေကို အထပ်ထပ်ဝတ်တာ ပိုကောင်းပါတယ် ။ အထူကြီးလိုမလိုဆိုတာကိုတော့ ရာသီဥတုအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါ ။
  7. ဆောင်းရာသီဆိုရင် အနှုတ် လေးဆယ့်ငါးလောက်ထိ အပူချိန်ကျတတ်တာမို့ ဆောင်းရာသီကိုရှောင်သင့်ပါတယ်။ Spring သွားတာတောင် အရမ်းအေးပါတယ် ။
  8. Sunscreen နဲ့ lotion တွေ မဖြစ်မနေဆောင်သွားပြီး မှန်မှန်လိမ်းပေးပါ ။ မျက်မှန် နဲ့ ဦးထုပ်နဲ့လည်းဆောင်ထားပါ ။
  9.  ငါးရက်စာ ခရီးအတွက် တစ်ရှုးအစို တစ်ထုပ် ၊ အခြောက် တစ်ထုပ်လောက်ဆိုရင် လုံလောက်ပါတယ်။ (တစ်ယောက်စာ) ။ Hand Sanitizer အသေးလေးတစ်ပုလင်း ဆောင်သွားပေးပါ ။
  10. မတ်ခွက်တွေ ဇွန်းတွေ ပန်းကန်တွေ မလိုအပ်ပါဘူး ။ ရေနွေးထည့်ဖို့ ဓာတ်ဗူးအသေးလေးရယ် ၊ တစ်ခါသုံးဇွန်းလေး တစ်စုံလောက်ပါရင်ကို အဆင်ပြေပါတယ်။
  11.  Nomadic family တွေနဲ့ နေရင် မွန်ဂိုမြို့ပေါ်ကနေ nomadic ကလေးတွေအတွက် mint မပါတဲ့ သကြားလုံးလေးတွေဝယ်သွားပေးပါ ။ မြန်မာကို သိပ်မသိကြတဲ့အတွက် မြန်မာအမှတ်တရ လက်ဆောင်လေးတွေသယ်သွားလို့ရပါတယ် ။
  12. Ger အိမ်ထဲကိုဝင်ရင် နို့လက်ဖက်ရည်တိုက်ပါတယ် ။ မြင်းနို့ ဒါမှမဟုတ် ဆိတ်နို့ ၊ နွားနို့ တစ်မျိုးမျိုးပါပဲ ။ ရိုးရာမို့လို့ သောက်သင့်ပါတယ် ။ မသောက်ချင်ရင်လည်း ငြင်းလို့တော့ရပါတယ် ။
  13. အရမ်းအေးတဲ့အပြင် လေတိုက်လို့ နှာခေါင်းဝတွေ စပ် ပြီး နှာခေါင်းပိတ်ရင် မွန်ဂို ရိုးရာ နှာပွင့်ဆေးဝယ်သုံးလိုက်ပါ ။ Kharkhorin ဘုရား အရှေ့ဘက်က ဆိုင်တွေမှာရှိတတ်တယ် ။ နှာပွင့်ဆေးနဲ့ သူတို့ရာသီဥတုနဲ့ အံကိုက်ပါပဲ ။
  14. ဘုရားကျောင်းဆောင်ကနေ အပြင်ထွက်ရင် ဘုရားကို ကျောပေးပြီးမထွက်ရပါဘူး ။  ဘုရားရုပ်ထုကို မျက်နှာမူပြီး နောက်ပြန်လမ်းလျှောက်ရပါတယ်။
  15. လူနေအိမ်နဲ့ အိမ်သာအရမ်းဝေးတာမို့ လက်နှိပ်ဓာတ်မီးကို မမေ့မလျော့သယ်သွားပေးပါ ။
  16. အိမ်သာ နဲ့ ရေပူရေအေး အခက်အခဲရှိပါတယ် ။ ကျင်းအိမ်သာကို အရမ်း sensitive ဖြစ်ပြီး ရေမချိုးဘဲ မနေနိုင်ရင် Nomadic family တွေရဲ့ Ger မှာမနေသင့်ဘဲ Tourist camp တွေမှာပဲနေပါ ။ ရေက tourist camp တွေမှာပဲ ချိုးလို့ရပါတယ် ။
  17. ချိုးစရာ ရေရှားတာမို့ ရေမချိုးကြတဲ့အတွက် ကြမ်းပိုးတွေရှိတတ်ပါတယ်။
  18. မြို့ပေါ်က hostel/hotel တွေမှာ အ၀တ်လျှော်စက် ဒါမှမဟုတ် laundry service တွေရှိတာမို့ မြို့ပေါ်ကိုရောက်တာနဲ့ ချက်ချင်း အ၀တ်လျှော်လို့ရပါတယ် ။ (ကြမ်းပိုး အိမ်ပြန်မသယ်လာတော့ဘူးပေါ့)
  19. ကားဆောင့်တတ်တာမို့ မူးတတ်ရင် အမူးသက်သာတဲ့ ဆေးတွေဆောင်ထားပါ ။
  20. မွန်ဂိုက အရမ်းကျယ်တာမို့  ဖြစ်နိုင်ရင် တစ်ပတ် ဆယ်ရက်လောက်အချိန်ပေးနိုင်မှာ သွားတာပိုကောင်းပါတယ် ။

Bonus Point အနေနဲ့တော့ ….. အအေးဒဏ်မခံနိုင်မှာကိုကြောက်ရင် ဘယ်ခရီးမဆို ခရီးမသွားခင် တစ်ပတ် ဆယ်ရက် အလိုမှာ Zinc & Vitamin C tablet လေးတွေစသောက်ပေးပါ ။



Leave a Reply

Your email address will not be published.