Batam ဆီသို့

ခရစ်စမတ်ပိတ်ရင်လိုင်ဘရီသွားစာဖတ်မယ်လို့ စဉ်းစားရုံပဲရှိသေးတယ်..သူငယ်ချင်းစုံတွဲက Batam ကိုခရီးသွားရအောင်လို့ခေါ်ပါတယ် ။ သူများကခေါ်ရင် နှစ်ခါမခေါ်ရဘူး လိုက်မယ်ဆိုတဲ့ကျမ….သူငယ်ချင်းတွေနဲ့အတူပါသွားလေရော ။ အစက ကျမတို့တွေစီစဉ်ထားတာက ကိုးယောက်သွားမယ်လို့ပဲ..။ Deals.com ထဲကလက်မှတ်တွေဘာတွေဝယ်ထားပြီးပြီ .. သွားခါနီးကျမှ သူငယ်ချင်းအမရဲ့ သူငယ်ချင်းညီအမနှစ်ယောက်ပါလာဂျွိုင်းလို့ကျမတို့အုပ်စု လူအင်အားတောင့်သွားပါတယ်။ တကယ်တော့ခရီးသွားမယ့်အုပ်စုထဲမှာ ကျမသိတာက သူငယ်ချင်းစုံတွဲကိုပဲသိတာ…။ ကျန်တဲ့သူတွေတစ်ယောက်မှကိုမသိပေမယ့် ကျမတို့တွေအင်မတန်ပျော်ခဲ့ရပါတယ်..။

ဘာတမ်နဲ့ကျမနဲ့လွဲနေတာအတော်ကြာပါပြီ..။ အရင်တစ်ခေါက်ကသွားမလို့စီစဉ်ထားတယ်..။ဟော်တယ်ဘွက်ကင်မရလို့မသွားဖြစ်ဘူး ..။ ခုမှပဲရောက်ဖြစ်ပါတော့တယ်..။ခရီးမသွားခင်တည်းက တက်ကြွတဲ့ကြက်ဖဖြစ်နေတဲ့ကျမ…စနေနေ့သွားမယ့်ခရီးကို တနင်္လာနေ့လောက်ကနေ ဟောလီဒေးမုဒ်ကြီးဝင်နေလို့ ရွစိရွစိဖြစ်နေပြီ..။မျှော်လင့်ထားတဲ့စနေနေ့ရောက်လာပါပြီ…။ ခါတိုင်းရုံးသွားရမယ်ဆိုရင် ငါးမိနစ်ဖြစ်ဖြစ်ခဏလေးမှေးနေချင်တဲ့သူ ခုတော့ နာရီအလန်းမြည်တဲ့အချိန်အိပ်ရာကကောက်ခနဲထ..ရေမိုးချိုး ၊ ဖုန်းတွေဆက်ပြီး … ဟာဗာဖရန့်ကိုဒိုးပါပြီ..။ ဟိုရောက်မှပဲဗိုက်ဆာသလိုဖြစ်လာလို့ သူငယ်ချင်းတွေနဲ့မတွေ့ခင် ဆိုင်မှာဝင်ပြီး ကြက်ဥနှစ်လုံး ၊ တိုစ့် နဲ့မိုင်လိုသောက်ခဲ့ပါသေးတယ်..။ ကျမကတစ်နေရာကိုသွားရင်သိပ်မျက်စိလည်တတ်တော့ ခရီးစီစဉ်တဲ့ကျမသူငယ်ချင်းမကညောကိုဖုန်းဆက်မေးရပါတယ်..။ သူလမ်းညွှန်တဲ့နေရာမှာ ကျမတို့လူစုကြပြီး ခရီးစဉ်ထွက်ခွာဖို့ပြင်ဆင်ကြပါတယ်။ ပြီးတော့ ကျမတို့မှာနောက်တိုးနှစ်ယောက်ကလည်းရှိနေသေးတော့ သူတို့အတွက်လက်မှတ်စီစဉ်ပေးကြရပါတယ်..။

ကျမတို့က ပက်ကေ့ခ်ျနဲ့လုပ်ထားတာမို့လို့ ခရီးစဉ်အစအဆုံး ၆၉ ဒေါ်လှပဲပေးရပါတယ်။အသွားလှေနာမည်ကို ကျမသေချာမမှတ်မိတော့ဘူး..။ အမိုးဖွင့်လှေ လေတဖြူးဖြူးနဲ့လေးယောက်ထိုင်ခုံမှ ကျမရယ်.. သူငယ်ချင်းစုံတွဲရယ် …အန်နာဆိုတဲ့ ဗီယက်နန်အမကြီးတစ်ယောက်ရယ် အတူတူထိုင်ကြပါတယ်..။ ပါလာတဲ့သူငယ်ချင်းတွေနဲ့လည်းသိပ်မရင်းနှီးကြသေးတော့ ခပ်တန်းတန်းပဲ…. ကျန်တဲ့သူတွေထက် ကျမကနည်းနည်းပိုပဲများတော့ မျက်နှာသေကြီးနဲ့နေနေပြီး စိတ်ထဲမှာတော့အကုန်သူကိုခင်နေပါပြီ..။  သူတို့တွေကလှေပေါ်မှာပျော်ပျော်ပါးပါးအောက်ဆင်းပြီးဓာတ်ပုံရိုက်  အုပ်စုကျနေကြပြီ..။ ကျမကတော့ မတောက်တခေါက်အနုပညာအခံကလည်းရှိနေတော့ ပင်လယ်ပြင်ကြီးကိုကြည့်ပြီးဘယ်ကိုလွမ်းလို့လွမ်းရမှန်းမသိ…။ ကဗျာပဲကောက်ရေးရမလိုလို ၊ သီချင်းပဲထဆိုရမလိုလို တကယ့်သရိုးသရီခံစားချက်ကြီးနဲ့.. မျက်ရည်လေးတစမ်းစမ်းနဲ့ဖြစ်နေပြီလေ..။ ဒါပေမယ့် ထုံးစံအတိုင်း တိုင်မှီပြီးအိပ်တာကောင်းပါတယ်လေဆိုပြီး အိုင်ပေါ့လေးထုတ် ၊ သီချင်းလေးဖွင့်ပြီးတိုင်လေးမှီပြီးငိုက်ပါတော့တယ်…။ မိနစ်နှစ်ဆယ်လောက်လည်းကြာရော..မိုးတွေပက်လာလို့ကျမတို့တွေ အကာတွေချလိုက် ပင်လယ်ကိုငေးလိုက်နဲ့ လေးဆယ့်ငါးမိနစ်တာအချိန်ကခဏလေးနဲ့ကုန်သွားပြီ ဘာတမ်ကိုရောက်ပါတော့တယ်…။

ကျမတို့ booking လုပ်ထားတဲ့ဟော်တယ်နာမည်က Amir Hotel ပါတဲ့…။ ကျမကလည်း ဘာပဲလိုလိုဂူဂဲလ်လုပ်တဲ့သူ…နောက်ဆုံးလုပ်စရာမရှိရင်ကိုယ့်နာမည်ကိုယ်ပြန်ဂူဂဲလ်လုပ်တဲ့သူဆိုတော့ ဂူဂဲလ်ကိုမေးပြီပေါ့..။ TripAdviser ကိုဖတ်ပြီးကျမ မျက်လုံးပြူးသွားပါတယ်..။ရေးထားလိုက်ကြတာရစရာမရှိ…။ ရေကဝါတယ်..။ အခန်းနံရံဆေးတွေကွာတယ်…။ဆေးလိပ်စော်နံတယ်…။ရှစ်ထပ်ကမကောင်းဘူး ၊စတဲ့သတင်းတွေဖတ်လိုက်ရတာမှအစုံ
အစိ…။ ကျမကလည်းသူငယ်ချင်းတွေအကုန်လုံးကို ခပ်တည်တည်နဲ့ဖောက်သည်ချထားတော့ သူတို့လည်းလန့်နေကြပါတယ်..။
ဒီလိုနဲ့ ကျမတို့အုပ်စုဟာ နေ့လည်ပိုင်းလောက်မှာ အင်ဒိုနီးရှာဘာတန်ကျွန်းကိုရောက်လာပါတော့တယ်..။(ဘာလီဆိုဘယ်လောက်ကောင်းလိုက်မလဲ) ။ဆိပ်ကမ်းကနေ  ကာစတင်ကိုဖြတ်ပြီးကျမတို့တွေကိုလာကြိုမယ့် တိုးဂိုက်ကိုရှာကြည့်တော့..ကျမတို့ထဲကအကိုကြီးတစ်ယောက်နာမည်ကိုစာရွက်ထဲမှာရေးထားတာကိုမြင်မိပါတယ်..။ အသားခပ်ညိုညိုနဲ့သဘောကောင်းမယ့်ပုံပေါက်တဲ့ တိုးဂိုက်နာမည်ကတော့ လော်ရန်စ့်ပါတဲ့..။ လှေဆိပ်ကနေ လာကြိုတဲ့ကားပေါ်ကိုတက်ကြပြီး ပိတ်ပိတ်လှောင်လှောင်ကားစုတ်လေးထဲမှာ ကျမတို့တွေကားထွက်မယ့်အချိန်ကိုထိုင်စောင့်နေကြပါတယ်..။ ထုံးစံအတိုင်းအလွဲလွဲအချော်ချော်ကျမ…ထိုင်ခုံမှာအလယ်ကခြားထားတဲ့ သံနဲ့ခြစ်မိပြီး….ခြေထောက်ကသွေးတွေထွက်လာပါတော့တယ်..(ခုထိမကောင်းသေးဘူး) တစ်ရှုးနဲ့သုပ်ပြီး..နောက်မှ ဆရာဝန်အကိုနှစ်ယောက်ဆီကဆေးတောင်းသောက်မယ်လို့စိတ်ထဲမှာတော့တေးထားလိုက်ပါတယ်..။

ဒီလိုနဲ့ လောရန်က ကျမတို့ခရီးစဉ်ကိုရှင်းပြပါတယ်..။ ပထမဆုံး Bengkong Dried Food Market ကိုခေါ်သွားပါတယ်..။ ဆိုင်ထဲမှာလည်းစားစရာတွေအပြင် ဆေးဝါးတွေလည်းရောင်းပါတယ်..။ ကျမခြေထောက်ကသံနဲ့ခြစ်မိထားတော့ ပါလာတဲ့အကိုကြီးတစ်ယောက်က Betadine ဝယ်ဖို့အကြံပေးပါတယ်..။ ကျမလည်းဆိုင်မှာသွားဝယ်တာပေါ့…။ ရောင်းတဲ့သူက တရုတ်မ ၊ ကျမကလည်းတရုတ်လိုတစ်လုံးမှမတတ်တော့..နှစ်ယောက်သားလည်နေကြတယ်..။ ဘယ်လိုပြောပြောနားမလည်ဘူး ၊ ဆေးနာမည်စာလုံးပေါင်းပြတာတောင်နားမလည်ပါဘူး..။နောက်ဆုံးကြံရာမရတော့ လော်ရန်ကိုခေါ်သွားပြီး ပြောမှပဲ….ဆေးဝယ်လို့ရပါတော့တယ်..။ဆေးရတော့ မုန့်သွားငမ်းတော့တာပေါ့…။ မုန့်တွေကတော့ အစုံပါပဲ..။အာလူးကြော်တွေလိုပုံစံပါပဲ..။ ဝက်ဆီဖတ်ကြော်တွေလည်းတွေ့ခဲ့တယ်..။ ကျမစားချင်တဲ့ပြည်ကြီးငါးကြော်ကျတော့မရှိဘူးရယ်..။မုန့်အချို၊ အစပ်အပြင် ငှက်ပျောခြောက်ကျော်တွေပါရသေး..။ ကျမလည်းစားချင်တာနည်းနည်းပါးပါးဝယ်လာပါတယ်..များများစားစားလည်းမသယ်နိုင်ဘူးလေ..။ စင်ကာပူမှာဝယ်ရင် နှစ်ဆယ်လောက်အသာလေးပေးရမယ့်ဟာတွေကို လေးငါးကျပ်နဲ့ရပါတယ်..။ဈေးသက်သာပါတယ်..။ 
ကျမတို့မုန့်ဆိုင်ကနေထါက်လာတော့ အချိန်ကတော်တော်လင့်နေပါပြီ… ထမင်းစားချိန်မို့ ကျမတို့တွေကို Seafood ဆိုင်ကိုခေါ်သွားပါတယ်..။ဆီးဖူ့ဆိုင်မှာ လူဆယ်ယောက်ကိုတစ်ဝိုင်းစီပေးထိုင်ပါတယ်..။ပုဇွန်၊ ခရု ၊ ပြည်ကြီးငါးကြော် ၊ အ၇ွက်ကြော် ၊ ဂဏန်း ၊ ငါးအကြီးကြီးတစ်ကောင် ၊ ဖျော်ရည်တစ်မျိုးနဲ့ ဆီးဖု့ဖရီးနေ့လည်စာက အတော်စားမြိန်ပါတယ်..။ ပြီးတော့ ကားပေါ်မှာတည်းကနေ လော်ရန်ပြောထားသလို မချိုတဲ့အုန်းရည်သောက်ဖြစ်လိုက်ပါသေးတယ်…။ ပြီးတော့ အဲဒီဆိုင်ရှေ့နားမှာဓာတ်ပုံတွေရိုက်ကြပါတယ်…။ နောက်ပြီး အဲဒီဆီးဖုဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ layer cake(စင်ကာပူမှာ bengawan solo ဆိုင်မှာပဲရတဲ့ အလွှာတွေအများကြီးပါတဲ့ကိတ်)ဆိုင်ကိုခေါ်သွားပါတယ်…။ ကျမကလည်းစိတ်ထဲမယ်..အလွှာတွေတော်တော်များမယ်မှတ်တာ…သွားကြည့်လိုက်တော့ အလွှာပါးပါးလေးတွေ သိပ်လည်းများလှတယ်ရယ်မဟုတ်ပါဘူး….။ ကိတ်တွေဘာတွေလည်းမဝယ်ခဲ့တော့ဘူး မဝယ်ဆိုဘယ်သူ့မှလည်းပေးဖို့မရှိဘူးရယ်…။ 
ရာသီဥတုကလည်းနေမထွက် ၊ မိုးမရွာနဲ့ခရီးသွားလို့ကောင်းတဲ့ရာသီဥတုဆိုတော့ ပါလာတဲ့အုပ်စုတွေအကုန်လုံးကလဲ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပါပဲ..။ တစ်စုလုံးမှာ ကျမတို့အုပ်စုက အမြဲနောက်ကျနေတော့…ကျန်တဲ့သူတွေစောင့်နေကြရတယ်..။ ကျမတို့အုပ်စုထဲမှာ စွယ်စုံရအကိုကြီးတစ်ယောက်ပါပါတယ်..။ သူကတရုတ်စကားကို တရုတ်တွေကိုပြန်ရောင်းစားလို့ရအောင်ပြောနိုင်တော့ ကျမတို့ဂိုက် လောရန်နဲ့အဖွဲ့ကျနေတာပါ…။ ပြီးတော့ ကျမတို့တွေအကုန်လုံးကို Golden Beach ကိုခေါ်သွားပါတယ်…။ အဲဒီဘေ့ခ်ျထဲမှာပဲ ကိုယ်စီဝါသနာပါတဲ့ activity တွေလုပ်ကြတယ်…။ ကျမကတော့ဘာမှဝါသနာမပါလို့ဘာမှမလုပ်ခဲ့ဘူး..။ ကလေးမဟုတ် သူငယ်မဟုတ် အဲဒီထဲပြထားတဲ့ မျောက်တစ်ကောင်ကိုပဲအင်မတန်စိတ်ဝင်စားနေမိတယ်..။ ကျမတို့ထဲက အမနှစ်ယောက် နဲ့ အကိုတစ်ချို့က…. High Rope Teambuilding  လုပ်ကြပါတယ်..တချို့ကတော့ Go Kart သွားစီးကြပါတယ်..။ ကျမတို့ကားနဲ့ပါလာတဲ့အုပ်စုတစ်စုတည်းက အမျိုးသမီးဝ၀တစ်ယောက်ပါပါတယ်..။ သူက High Rope Teambuilding စီးတော့ သူ့အလှည့်မှာ အပေါ်ကနေကြိုးနဲ့ဆင်းတာ အတော်မြန်ပါတယ်.. သူများတွေငါးမိနစ်စီးရရင်သူက လေးတော့ သုံးမိနစ်လောက်နဲ့ပြီးသွားပါတယ်..။ ကျမကတော့မစီးရဲလို့မစီးခဲ့ပါဘူး..။ပြီးတော့ ကျမတို့တွေအကြိုက် ဓာတ်ပုံသွားရိုက်ကြပါတယ်..။ အိမ်ပုစိလေးတွေရှေ့မှာ ပိုစ့်မျိုးစုံနဲ့ဓာတ်ပုံရိုက်ကြပါတယ်..။ ပြီးတော့ ကျမတို့တွေကို Tua Pek Kong ဘုရားကျောင်းကိုခေါ်သွားပါတယ်..။ ဘုံကျောင်းမှာ အမွှေးတိုင်သုံးတိုင်ထွန်းပြီးဆုတောင်းခဲ့ပါတယ်…။ တစ်ခုခုပေါ့နော…မပြောပြတော့ပါဘူး ။ (ဒီလိုလည်းလူရှိန်အောင်လုပ်ထားဦးမှ)
ဘုံကျောင်းနဲ့မျက်နှာချင်းဆိုင်မှာ အိတ်ကလေးတွေရောင်းတဲ့ဆိုင်ရှိပါတယ်..။ အိတ်ကလေးသုံးအိတ်  ဝယ်လာပါသေးတယ်…။ ဘုံကျောင်းကပြန်လာတော့ ကျမတို့ကို  factory outlet နဲ့ ပါတိတ်ဆိုင်ကိုခေါ်သွားပါသေးတယ်..။ ဘရန်းဒက်အိတ်အတုတွေအများကြီးတွေ့ခဲ့ပါတယ်..။ ပါတိတ်တွေကလည်းဈေးတွေကြီးမှကြီးပဲ…။ ရှေ့ကဖက်ထရီအောက်လထ်မှာလည်း ပိုလိုတွေ ဘာတွေရောင်းပါတယ်..။ ကျမဂျင်းစကတ်လေးတစ်ထည်တွေ့လို့ စလုံးငွေနဲ့ပြန်တွက်ကြည့်တော့ ဒေါ်လာငါးဆယ်ကျော်တောင်ကျပါတယ်..။ ဈေးကြီးထှာ…။ ဘရန်းကလည်းအဲလောက်နာမည်ရှိတဲ့ဘရန်းမဟုတ်ဘဲနဲ့ ဈေးကခေါင်ခိုက်နေတာပါ..။ ကျမလည်းစိတ်ပျက်လက်ပျက်နဲ့မဝယ်ဖြစ်လိုက်ဘူး..။ စလုံးမှာပဲ ဂျင်းစကတ်လှလှလေး ဘရန်းဒက်သွားဝယ်မှာပေါ့နော်..။ ငါးဆယ်ဆိုရင်ကောင်းကောင်းရပါတယ်..။
 ဒီလိုနဲ့ ကျမတို့တွေတစ်နေကုန်လည်ပတ်စားသောက်ပြီးတော့ အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မာဆက်အလှည့်ကျရောက်လာပါပြီ..။ မာဆက်သွားလုပ်မယ့်နေရာကို ဆယ့်ငါးမိနစ်လောက်သွားကြရပါတယ်..။ တစ်နာရီမာဆက်ကို ရိုးရိုး ခရမ်မာဆက်ပဲလုပ်မလား… Aroma နဲ့ပဲလုပ်မလားတဲ့.. ကျမက အစကတော့ ခရမ်မာဆက်လုပ်မလို့ပါပဲ..သူများတွေလုပ်ကြတော့ ကျမလည်းထုံးစံအတိုင်း ပိုက်ဆံတစ်ဆယ်ထပ်ပေးပြီး Aroma မာဆက်ဆိုတော့ ဆီနဲ့အရင်လိမ်းပြီးမှ မာဆက်လုပ်တာပါ..။ ခြေလက်နဲ့တကိုယ်လုံးကိုဆီနဲ့လိမ်းပါတယ်..။ဗိုက်တို့ဘာတို့ကိုတော့မလုပ်ပါဘူး..။ကျမက ဆံပင်ညှပ်ဆိုင်မှာတောင်ခေါင်းတွေလည်ပင်းတွေအနှိပ်ခံတာမဟုတ်ပါဘူး ..။ နှိပ်ပေးတဲ့အမျိုးသမီးကလည်ပင်းနှိပ်တော့ ဟမ်မလေး..ယားလိုက်တာ…။
စကားတပြောပြောနဲ့အမျိုးသမီးကနှိပ်ပေးတာ အတော်လေးတော့ဇိမ်ကျပါတယ်..။ ကျမက လခဘယ်လောက်ရလဲ… ဘာဖြစ်တယ်ညာဖြစ်တယ်အကုန်စပ်စုတော့ လူတစ်ယောက်ကိုနှိပ်ရင် သူတို့နှစ်ဒေါ်လာရပါတယ်တဲ့..။ စိတ်မကောင်းဖြစ်သွားရပါတယ်..။လခနည်းရင်အလုပ်ပြောင်းပါလားပြောတော့ သူတို့အလုပ်ရှင်ကကောင်းပါတယ်တဲ့..။ အလုပ်မရှိရင်နားနားနေနေနေလို့ရတဲ့အတွက်အဆင်ပြေပါတယ်လို့ပြောပြပါတယ်..။ ဒီလိုနဲ့သူကျမကို ခေါင်းနဲ့မျက်နှာကိုနှိပ်ပေးပါတယ်…။ နှိပ်ပေးတဲ့အချိန်မှာ ကျမသတိထားလိုက်မိတယ်..။ ကျမမျက်နှာတွေချက်ချင်းယားလာတာပဲ..။ ယားတဲ့အပြင် အင်ပျဉ်တွေဘုတွေထွက်လာတာပါ..။ မေးစိနဲ့ ပါးပြင်ပါးရိုးတွေမှာပုရွတ်ဆိတ်ကိုက်ခံထားရသလိုနီနီရဲရဲဘုတွေထွက်လာပါတယ်..နားရွက်နောက်ဘက်တွေမှာလည်းထွက်လာတယ်..။ Aroma နဲ့မတည့်လို့ဖြစ်မယ်ဆိုပြီး သူ့ကိုတော့ဘာမှမပြောခဲ့တော့ပါဘူး မှောင်နေတာဆိုတော့ သူလည်းသတိမထားမိလောက်ပါဘူး..။ ဒီလိုနဲ့ အနှိပ်ခန်းကနေမျက်နှာကြီးရဲပြီးထွက်လာရတယ်…။ ကျမတစ်ချက်သတိလစ်သွားတာ….Tips ပေးခဲ့ရမှာကိုပဲ…။ စိတ်ထဲမှာမပေးရဘူးလို့ထင်ပြီး သူကိုယ်တိုင်ကလည်းဘာမှမပြောတော့….ကျမလည်းအလာ့ဂျစ်တွေထပြီးယားနေတာနဲ့ပေးဖို့မေ့သွားပါတယ်..။ အောက်မှာအကုန်သူစုတော့ခါမှ သူသူကိုယ်ကိုယ်ပေးခဲ့ကြတယ်..။ ကျမမပေးခဲ့ရလို့ ခုထိစိတ်ထဲမကောင်းပါဘူး..။နောက်တစ်ခေါက်ကြုံရင်တော့ တကယ်ပေးချင်ပါတယ်…။
ဆိုင်အောက်မှာတိုက်တဲ့ ဂျင်ဂျာတီးပူပူနွေးနွေးတစ်ခွက်သောက်ပြီး ကျမတို့တွေကို BCS(Batam City Square)Mall မှာ လေးဆယ့်ငါးမိနစ်ရှောပင်ထွက်ဖို့အချိန်ပေးပါတယ်..။ အစကတော့ကျမလည်းနည်းနည်းပါးပါးဝယ်မယ်ခြမ်းမယ်မှတ်တယ်..။ အလာ့ဂျစ်ကလည်းပိုပိုဆိုးလာတော့ ကျမစိတ်တွေညစ်လာပါတယ်..။ ဒါပေမယ့်သူငယ်ချင်းတွေအကုန်သူကပျော်ပျော်ပါးပါးနဲ့စားသောက်ဝယ်ခြမ်းနေကြတော့ ကျမလည်းအပျော်တွေကူးစက်လာရပါတော့တယ်..။ ကျမတို့တွေအကုန်လုံး ကားပေါ်ပြန်တက်…ကံကောင်းထောက်မစွာနဲ့ အကိုတစ်ယောက်ဆီမှာပဲ အလာ့ဂျစ်ထရင်သောက်တဲ့ဆေးပါလာလို့ ကျမသောက်လိုက်ရတယ်…။ ဆေးကအတော်ကောင်းပါတယ်..။ ဆယ်မိနစ်လောက်အတွင်းမှာပဲသက်သာသွားပါတယ်..။ဒီမှာတင်ပဲ ကျမတို့ရဲ့ခရီးစဉ်ပြီးဆုံးသွားပါတယ်…။စိတ်ထဲမှာသွားလို့တောင်မဝလိုက်သေးဘူး…။ ကားစီးချင်သေးတယ်လို့တောင် ဘေးနားမှာထိုင်နေတဲ့အမနှစ်ယောက်ကိုပြောမိပါသေးတယ်…။မိုးလည်းချုပ်နေပြီဆိုတော့ ကျမတို့တွေ ဟော်တယ်ကိုလိုက်ပို့ပါတယ်..။ ဟော်တယ်သွားမယ်ဆိုတော့ အကုန်သူက ရင်တထိတ်ထိတ် ၊ ဂူဂဲလ်မှာဖတ်ရသလိုပဲ တကယ့်ကိုစုတ်တိစုတ်ပြတ်ဖြစ်နေမလား…………………။ ။
ရှောပင်းမောလ်ကနေ ကားနဲ့မိနစ်နှစ်ဆယ်လောက်သွားလိုက်ရင် ကျမတို့တည်းမယ့် အာမီယာဟော်တယ်ကိုရောက်ပါတယ်…။ ဟော်တယ်ရဲ့အပြင်ကနေကြည့်တော့ မဆိုးပါဘူး ပက်ကေ့ခ်ျနဲ့သွားတော့ ဈေးဘယ်လောက်ပေးရလဲမသိပေမယ့် စင်ကာပူမှာဆိုရင်တော့ ဒီလောက်ပိုက်ဆံလေးနဲ့ဘယ်လိုမှမရနိုင်တာတော့သေချာပါတယ်..။ အတွင်းကိုဝင်လာတဲ့အချိန်မှာ…ကျမတို့မြန်မာအမြင်မှာတော့ ခမ်းခမ်းနားနားရှိလှပါတယ်..။ဆိုးတာလေးတစ်ခုက ဧည့်ခန်းထဲမှာဆေးလိပ်သောက်ကြတာပါပဲ…။ ကျမတို့တွေအကုန်လုံးစုပြီး တိုးဂိုက်နဲ့အတူ ဓာတ်ပုံရိုက်ကြပါတယ်..။ ခရီးစဉ်အပိုင်းတစ်က ဓာတ်ပုံမှာ အကျီအပြာနဲ့မိန်းကလေးနှစ်ယောက်ကြားရပ်နေတဲ့သူပေါ့..။အမှတ်တရာဓာတ်ပုံတွေရိုက်ပြီး အခန်းရအောင်စောင့်နေကြရပါတယ်..။ ပထမဆုံး ကျမတို့နောက်တိုးအမနှစ်ယောက်ရဲ့အခန်းရတော့ မိန်းကလေးတွေကိုအဲဒီအခန်းမှာစုနားဖို့ပြောကြလို့ အထုတ်တွေယူပြီး ကျမတို့တွေအခန်းထဲစုနားကြပါတယ်..။သူတို့ပေးတဲ့အခန်းကလဲ ကျမဂူဂဲလ်မှာဖတ်ထားတဲ့ ရှစ်ထပ်ကအခန်းကြီး..အခန်းနံပါတ်ကလည်းကွက်တိပဲ..။ ဒုတ်ခတော့ရောက်ပါပြီ ဒါပေမယ့်တစ်ညပါပဲလေဆိုပြီး မြန်မာစိတ်မွေးပြီး ကျမတို့တွေဓာတ်လှေကားနဲ့တက်ကြပါတယ်..။ ဒီလိုနဲ့ ကျမတို့ရှစ်ထပ်အခန်းကိုရောက်လာတော့… အခန်းက ထင်သလောက်မဆိုးပါဘူး ။ သူတို့ပြောသလို ဆေးတော့ကွာနေပါတယ်..။ ဒါပေမယ့် သပ်သပ်ရပ်ရပ်နဲ့…တီဗွီ ၊ တစ်ယောက်အိပ်ကုတင်နှစ်လုံး ၊ လိုအပ်တာတွေအပြည့်အစုံထားပေးထားပါတယ်..။ ရေချိုးခန်းထဲမှာလည်း ဂျာကူစီနဲ့….ပေးရတဲ့ပိုက်ဆံနဲ့ဆိုရင်နေပျော်ပါတယ်…။ မရီနာဘေးဆန့်ဟော်တယ်တွေလိုတော့ဘယ်ကောင်းမတုန်း ၊ ကျွန်းသေးသေးလေးကဟော်တယ်ဒီလောက်တော့ရှိမှာပါလေ..။ ဘန်ကောက်က ဖိုးစတားဟော်တယ်တွေလောက်ဖြစ်ပါတယ်..။ရေချိုးခန်းမှာ ရေကိုဖွင့်ကြည့်တော့ သူတို့ပြောသလို မဝါဘဲ…ရေကြည်ရပါတယ်..သောက်မှာမှမဟုတ်တာ…မဆိုးပါဘူး..။
ဒီလိုနဲ့ကျမတို့တွေ အောက်ကိုပြန်ဆင်းတော့ သူတို့တွေမေးကြပါတယ်…အခန်းအခြေအနေဘယ်လိုလဲတဲ့..။ ထင်သလောက်မဆိုးပါဘူးလို့ဆိုမှပဲသူတို့သက်ပြင်းချနိုင်ကြပါတယ်..။ ကျမတို့တွေ အပြင်သွားပြီးညစာစားကြပါတယ်…။ အခန်းကလည်း ချက်ကင်လုပ်နေတုန်းခုထိမရသေးတော့ ဗိုက်ဆာတာနဲ့ ဘာတန်ရဲ့စိုစိစိ ညနေမှာ ဟော်တယ်နားက စားသောက်ဆိုင်ကို အမှောင်ထဲတိုးရင်းရှာဖွေကြရပြန်ပါတယ်…။ မိုးကလည်းရပ်လိုက် ပြန်ရွာလိုက်နဲ့….။ တစ်နေကုန်လည်ပတ်ထားတဲ့လူကလည်းတစ်ကိုယ်လုံးနံဟောင်နေပြီ….။ ဟော်တယ်ပြန်ရောက်မှရေမိုးချိုးပြီးနားမယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်..။ ကျမတို့ညစာစားဖို့ဆိုင်ကလည်းရှာမရတော့ အနီးအနားက BFC ဆိုတဲ့ဆိုင်မှာပဲစားလိုက်ကြပါတယ်..။ ကျမကတော့ထမင်းကြော်ပဲစားလိုက်တာ…။ နှစ်သောင်းကျော်တောင်ကျတယ်…။ အင်ဒိုပိုက်ဆံနဲ့ပေါ့..။ စလုံးနဲ့ဆိုရင် သုံးကျပ်ကျော်လောက်ပါပဲ..။မဆိုးပါဘူး ။နည်းနည်းလေးဆားငန်တာကလွဲရင်စားရတာအတော်အဆင်ပြေပါတယ်..။ အမှန်က ရန်ကုန်ပါးစပ်နဲ့ဆိုရင်သိပ်မသိသာပါဘူး …။ ကျမတို့သာစလုံးမှာနေပြီး ဖြူဖပ်ဖြူရော်တွေစားရင် အစပ် ၊ အငန် တွေကိုအစာအိမ်နဲ့ပါးစပ်ကလုံးဝလက်မခံနိုင်တော့တာပါ..။
ဒီလိုနဲ့စားသောက်နေတုန်းမှာပဲ ဘာတန်မိုးက ခပ်စိပ်စိပ်လေးရွာချလိုက်ပြန်ပါတယ်..။ သည်းစမ်းပါမိုးရယ်….ငါ့မှာထီးပါတယ်…း) ဟေးဟေး…။ စားသောက်ပြီးလို့ကျမတို့တွေ ပြန်ထွက်လာတော့ ယောကျာ်းလေးတွေက ဟိုတယ်ကိုပြေးသွားကြတယ်..။ ကျမတို့မမပဲတွေကိုထီးတွေပေးခဲ့ရတာကိုး..။ အမှန်ကလည်းဟော်တယ်နဲ့စားသောက်ဆိုင်က မျက်နှာချင်းဆိုင်ပါပဲ..အသွားတုန်းကမသွားတတ်လို့ကွေ့ပတ်သွားခဲ့ရတာပါ..။ကျမတို့မိုးရေကြားထဲမှာလမ်းဖြတ်ကူးရင်းဟော်တယ်ကိုရောက်လာတော့..ချက်ကင်လုပ်ကျန်ခဲ့တဲ့အကိုနှစ်ယောက်နဲ့အတူ…ကျမတို့အထုတ်တွေအပိုးတွေအကုန်လုံး ဟော်တယ်ဧည့်ခန်းထဲကိုပြန်ရောက်နေပါပြီ..။ အခန်းအဆင်မပြေဘူးတဲ့……။
တော်တော်လေးကိုမောသွားပါတယ်။ဘယ်လိုလုပ်ကြမလဲဆိုတော့… သူတို့က တခြားဟော်တယ်တစ်ခုကိုလိုက်ပို့ပါမယ်တဲ့ ဒီထက်ပိုကောင်းတဲ့ဟော်တယ်..ရေကူးကန်လည်းရှိပါတယ်တဲ့…။ ကျမတို့အရမ်းပျော်သွားတာပေါ့.. ပြီးတော့ဟော်တယ်မရလို့ ဂိုက် လော်ရန်ကိုလည်းပြန်ဆက်သွယ်ထားတော့ လောရန်နဲ့အတူ ကျမတို့အတွက်ကားနှစ်စီးဟော်တယ်ကိုရောက်နေပါပြီ..။ ပြီးတော့ ကျမတို့အုပ်စုထဲကစွယ်စုံရအကိုကြီးက လျှောက်လည်နေတုန်းကနေ လော်ရန်ကိုတေ့ပ်တွေပိုပေးထားတော့ သူကကျမတို့တွေကိုဂရုစိုက်ပါတယ်..။ ပြီးတော့ ခရီးထပ်သွားချင်သေးတဲ့ ကျမဆန်ဒလည်းတစ်ခါတည်းပြည့်သွားပါတယ်..။ ကျမတို့ကားနဲ့ လေးဆယ့်ငါးမိနစ်လောက် ဟိုတယ်ကိုသွားရပါတယ်..။ ဟော်တယ်အသစ် ဟာမိုနီဝမ်းကတော့ဘယ်လိုလာမလဲမသိဘူးဆိုပြီး ရင်တထိတ်ထိတ်နဲ့ လူကလည်းခရီးပန်းလို့ တော်တော့်ကိုပင်ပန်းနေပါပြီ ။ 
ဘာတန်တစ်မြို့လုံးမိုးတွေရွာနေတယ်…။နေရာအနှံ့အပြားမှာ KFC ဆိုင်တွေတွေ့ရသလို…မုန့်ဖုတ်တဲ့ Bakery တွေလည်းအများကြီးတွေ့ရပါတယ်..။ အပင်စိမ်းစိမ်းတွေ…. မိုးတဖြောက်ဖြောက်ရွာနေတဲ့မာကျူရီမီးရောင်အောက်က ကတ်တရာလမ်းမကြီးကိုမြင်တော့ စစ်တွေကိုဖြတ်ခနဲသတိရမိတယ်..။ ကျမဘဝမှာပိုင်ဆိုင်ဖူးတဲ့  ဘယ်တော့မှပြန်မရနိုင်တော့တဲ့ မြို့တော်စစ်တွေက ငယ်ဘဝတွေ………။ အတိတ်တွေထဲကနေ လူကိုမနည်းဆွဲထုတ်လာရတယ်…။ ဟော…ပြောရင်းဆိုရင် ကျမတို့တည်းမယ့်ဟော်တယ်ကိုရောက်လာပါပြီ…။ အဝေးကမြင်လိုက်တည်းက ခမ်းခမ်းနားနားနဲ့ သေချာတယ်..ကျမတို့တွေတကယ်ကံကောင်းသွားပါပြီ..။ ဟော်တယ်ထဲကိုရောက်တော့အရမ်းအရမ်းကိုပျော်သွားပါတယ်..။ခမ်းနားလိုက်တဲ့ဟော်တယ်…။ ဒီခရီးစဉ်အတွက်တကယ်ကိုမမျှော်လင့်တဲ့လက်ဆောင်တစ်ခုပါပဲ…။ Welcoming Juice သောက်ပြီး ကျမတို့လူဆယ့်တစ်ယောက်ကို အခန်း ၆ ခန်းတောင်စီစဉ်ပေးပါတယ်…။ အရင်နေဖို့စီစဉ်တဲ့ အာမီယာဟော်တယ်နဲ့ဘာမှကိုမဆိုင်တာပါ..။ အခန်းသော့တွေရလာပြီ…ကျမနဲ့အန်နာနဲ့က တစ်ခန်း…အတူနေကြပါတယ်။ ရေကူးကန်လည်းရှိလို့မနက်ကျမှရေသွားဆော့ဖို့စီစဉ်လိုက်ကြပြန်ပါတယ်..။
ကျမတို့ရဲ့ဂိုက်..လောရန်ကိုကျေးဇူးတင်စကားတွေပြော ၊ မေးလ်လိပ်စာတွေယူပြီး tip တွေထပ်ပေးလိုက်ကြပြန်ပါတယ်..။ညကလည်းနက်နေပြီ မိုးကလည်းသည်းနေတယ်…။ တစ်နေကုန် ကျမတို့ကိုလိုက်ပို့ရင်း ပင်ပန်းနေတဲ့ သူလည်းအိမ်ပြန်ချင်နေပေမယ့် အပြုံးမပျက်အဆင်ပြေအောင်ကူညီပေးတဲ့ လောရန်ကိုအရမ်းကျေးဇူးတင်မိပါတယ်..။ 
ကျမတို့နေမယ့်အခန်းက နှစ်ထပ်မှာဖြစ်သလို အခန်းတွေအားလုံးကမျက်နှာချင်းဆိုင်ဆိုတော့ တော်တော်ပျော်သွားကြတယ်..။ဒီလိုနဲ့ အခန်းကိုသွားမယ်ဆိုပြီး ကျမတို့တစ်အုပ်လုံးအထုတ်အပိုးတွေကိုယ်စီနဲ့ ဓာတ်လှေကားတစ်စီးထဲကိုလူတွေပြွတ်သိပ်ထိုးဝင်ကြတယ်..ကျမတို့နေမယ့် နှစ်ထပ်ခလုပ်ကိုနှိပ်ပေမယ့် ဓာတ်လှေကားကမရွေ့ဘူးခင်ည..။ ဒီတော့ ကျမတို့တွေက over load ဖြစ်နေတယ်မှတ်ပြီး တစ်ဝက်လောက်ပြန်ထွက်တယ်… ခလုပ်ပြန်နိုပ်တယ်..မရပြန်ဘူး…။ နောက်မှာဝင်မယ့်သူတွေလည်းတန်းစီနေပါပြီ ။ ဘယ်လိုနေနေဓာတ်လှေကားကလုံးဝမရွေ့တော့… ကျမကတောင် ပျက်နေတာလားမသိဘူးဆိုပြီးဆရာလုပ်လိုက်တယ်…။ နောက်တစ်ခုနဲ့တက်မယ်ဆိုပြီးအကုန်သူပြန်ထွက်ကြတယ်…ဒီတော့ ကျမတို့နောက်ကလူတွေက ၀င်သွားတော့ သူတို့အလှည့်ကျတက်လို့ရသွားပါတယ်..။ တော်တော်ထူးဆန်းတာပဲဆိုပြီး နောက်လူတွေနဲ့ကျမတို့လိုက်ဝင်တော့မှ တရားခံကိုတွေ့ပါတော့တယ်..။ ဒီကဓာတ်လှေကားက ကတ်ထိုးမှကိုယ်သွားချင်တဲ့အခန်းကိုသွားလို့ရတဲ့အော်တိုစနစ်တွေပါ..။ ကျမတို့ကတ်ကိုထိုးပြီးမှ နှစ်ထပ်ကိုရောက်ပါတော့တယ်..။ ဒုတိယထပ်ရဲ့ဧည့်ခန်းကလည်းတော်တော်ကျယ်ပါတယ်..။ ဆိုဖာတွေချထားပေးပြီး အခန်းတွေလည်းအများကြီးရှိပါတယ်..။
ဒီလိုနဲ့ ကျမတို့နေမယ့် အခန်းနံပါတ် ၂၁၅ ကိုရောက်လာပါတော့တယ်..။
အခန်းအပြင်အဆင်ကလည်းထင်ထားတာထက်အများကြီးကောင်းပါတယ်..။ တီဗွီ ၊ တစ်ယောက်အိပ်ကုတင်နှစ်လုံး ၊ အင်တာနက်သုံးဖို့ခုံ နဲ့ အင်တာနက်ကြိုး ၊ မီးခံသေတ္တာ ၊ ရေခဲသေတ္တာ ၊ ချိတ် ၊ ပစ်စည်းတွေအစုံနဲ့အတူ ဂျာကူစီလည်းရှိပါသေးတယ်…။ အခန်းထဲမှာပစ်စည်းတွေနေရာချပြီး အန်နာကိုအရင်ပေးရေချိုးလိုက်တယ်..ပြီးတော့မှ ကျမကဇိမ်နဲ့ဂျာကူစီထဲမှာဆင်းစိမ်းမယ်ဆိုတဲ့အကြံနဲ့ပေါ့..။ တီဗွီဖွင့်ပြီး ဖက်ရှင်ချန်နယ်လ်တစ်ခုကိုကြည့်နေလိုက်ပါတယ်…။ အန်နာရေချိုးပြီးတော့ ကျမရေချိုးပါတယ်..။ စင်ကာပူမှာမစိမ်ရတဲ့ ဂျာကူစီမှာ အေးဆေးဇိမ်နဲ့စပယ်ရှယ်စိမ်နေလိုက်တာ…. ရေချိုးခန်းတံခါးကိုလာခေါက်ရတဲ့အထိ..။ အစကရေမိုးချိုးပြီးအပြင်ထွက်မလို့ပါပဲ…ဒါပေမယ့်ပင်ပန်းတာနဲ့မိန်းကလေးတွေအောက်မဆင်းဘဲအိပ်နေလိုက်ကြပါတယ်..။ယောကျာ်းလေးတွေကတော့ ဆင်းသောက်ကြတယ်ပြောပါတယ်..။
အဲကွန်းကလည်းတော်တော်အေး ၊ စောင်ကလည်းနွေး ပင်ကလည်းပင်ပန်းထားတော့ခေါင်းချတာနဲ့အိပ်ပျော်သွားပါတော့တယ်..။ မနက်လင်းတော့ ဖုန်းက ကလင်ကလင်လာမြည်တယ်…။ အကျယ်ကြီးပဲ..ကျမတော့စိတ်ကထင်လိုက်ပါတယ်..တစ်ယောက်ယောက်က မောနင်းကောလ်ခေါ်ဖို့လုပ်ထားခဲ့ပုံရပါတယ်…။ သူတို့လည်းခေါ်ပြီး ပြန်အိပ်ပျော်သွားပြန်ပါတယ်..။ သူတို့ကလည်းထပ်ခေါ်တယ်.. ဂွတ်မောနင်းဂဲလ်ဆိုပြီး ဖုန်းပြန်ချသွားတယ်..ကျမနဲ့အန်နာနဲ့မထဘူး ထပ်အိပ်ကြပြန်ပါတယ်..။ တော်ကြာနေတော့ နောက်ကျနေမှာစိုးလို့ ကျမပဲထပြီးရေသွားချိုးပါတယ်…။ ဒီတစ်ခေါက်တော့သိပ်အချိန်မဆွဲလိုက်တော့ဘူး သူများတွေအပြင်မှာစောင့်နေကြမှာစိုးလို့…။ ကျမနဲ့အန်နာနဲ့နှစ်ယောက်အကုန်ပြင်ဆင်ပြီးစီးသွားလို့ ဟိုဘက်ခန်းက သူငယ်ချင်းတွေကိုတံခါးသွားခေါက်တော့အိပ်ချင်မူးတူးနဲ့ထွက်လာပါတယ်..။ မောနင်းကောလ်မရဘူးလားမေးတော့ ရတယ်တဲ့ ပြီးတော့ပြန်အိပ်သွားတာတဲ့ ကောင်းရော.။ ကျမလည်း အကုန်လုံးအဲလိုပဲပြန်အိပ်နေကြမယ်ဆိုတာ သိလိုက်ပြီ..။ ခရီးပန်းတာကိုး ။ဒီတော့လည်း အန်နာလက်ကိုဆွဲပြီး ကျမတို့ဘရိတ်ဖက်သွားစားကြပါတယ်..။
မိုးတဖြောက်ဖြောက်ရွာနေတဲ့ ဘာတန်မနက်ခင်းမှာ ဟော်တယ်ရဲ့ breakfast ကိုနည်းနည်းစီစစားကြည့်ပါတယ်.။ ခေါက်ဆွဲကြော် ၊ ထမင်းကြော်၊ ဆန်ပြုတ် ၊ မုန့်လုံးကြော် ၊ ဖက်ထုပ် ၊ ဒင်ဆမ်း တို့ကို main course အနေနဲ့ကျွေးပါတယ်။ အမဲသားခေါက်ဆွဲကြော်တွေဘာတွေလည်းရပါတယ် ။ ကျမကတော့ကြက်သားတစ်ခုပဲစားတဲ့အတွက် ဒင်ဆမ်း ၊ ထမင်းကြော် ၊ ကော်ဖီပဲသောက်ဖြစ်ပါတယ်..။ ကြက်ခြေထောက်ပေါင်းတွေလည်းပေးတော့ ကြိုက်တဲ့သူတွေအတွက်အတော်ကောင်းမှာပါ…။ အဲ တစ်ခုသတိထားမိတာက ..အင်မတန်ငန်တာပါပဲ..။ ကျမကနဂိုကအငန်တွေစားပါတယ်..။ ဒါပေမယ့်ခုနောက်ပိုင်းကျတော့ အစပ် ၊ အငန်တွေမစားနိုင်တော့တာပါပဲ..။ စားသမျှအစာတွေက တော်တော့်ကိုငန်နေတာပါပဲ ၊ ပြီးတော့ အချိုပွဲကျောက်ကျောတွေလည်းကျွေးပါသေးတယ်..။ ကျမရဲ့အခန်းဖော် အန်နာကတော့ စားနိုင်တယ်..။ တော်တော်စားပါတယ်..။ အဲ တိုက်တိုက်ဆိုင်ဆိုင် ကျမနဲ့အမ်အာတီမှာတွေ့နေကျတရုတ်မကိုတွေ့လာပါသေးတယ်..။ အဲဒီတရုတ်မက ကျမနဲ့နေ့တိုင်းအမ်အာတီမှာတွေ့ပါတယ်..။ ပိတ်ရက်ကျပြန်တော့လည်း ဘာတန်မှာလာတွေ့ပြန်ပါသေးတယ်..။ရေစက်အတော်ပါပုံရတယ်.. တရုတ်ကလေးဆိုဘယ်လောက်ကောင်းလိုက်မလဲနော် (ဟမ်…အရင်နေ့ကအပျိုကြီးလုပ်မယ်ပြောပြီးတော့ :P)  ကျမတို့စားပြီးခါနီးလောက်မှာ ကျမတို့ရဲ့ ချောချောလှလှအကိုအမတွေအကုန်လုံးဆင်းလာကြပါတယ်..။ သူတို့တွေစားသောက်တာတွေကိုစောင့်နေပြီး ကျမတို့တွေအကုန်လုံးအပေါ်ကိုတက်ပြီးခဏနားကြပါတယ်..။
ကျမတို့အထပ်က ပါလာထဲမှာထိုင်ပြီးစကားပြောနေတုန်းစဉ်းစားမိတာက ဒီနေ့ Christmas ဆိုတာကိုပါပဲ..။ ခရစ်စမတ်ပါခရီးထွက်ပြီး ခရစ်စမတ်လက်ဆောင်လေးတောင်မပေးတာတော့မမိုက်ဖူးဆိုပြီး ကျမတို့တွေပေးဖို့စီစဉ်ကြတယ်..။ လက်ထဲမှာလည်းဘာမှမရှိကြတော့ နာမည်တွေကိုမဲနှိုက်ပြီး..ပေါက်တဲ့သူကစင်ကာပူပြန်ရောက်ရင်လက်ဆောင်ပြန်ပေးဖို့စီစဉ်ကြပါတယ်..။အခန်းထဲမှာခဏနားပြီး ကျမတို့စီစဉ်ထားတဲ့အတိုင်းပဲ အပေါ်ထပ်ကရေကူးကန်မှာရေသွားကူးဖို့လုပ်ကြပါတယ်..။ ကျမကတော့ရေမကူးတတ်ပါဘူး ဒါပေမယ့်ဆော့ရတာဝါသနာပါသား ။ ကျမ ၊ မကညော နဲ့ အန်နာတို့ကတော့ရေထဲဆင်းကြပါတယ်.. ကျန်တဲ့အမနှစ်ယောက်ကရေထပ်မချိုးချင်တော့လို့ရေထဲမဆင်းကြတော့ပါဘူး ။ဘာတန်မသွားခင်တည်းက စီစဉ်တဲ့ ကိုအားနက်စ်က ကျမကို ရေကူးဝတ်စုံယူလာဖို့မှာထားပါတယ်..။ ကျမလည်းယူတော့ယူသွားပါတယ်..။ ဒါပေမယ့် ၀တ်မယ်လည်းလုပ်ကော ကိုယ့်ဘာကိုယ်အရမ်းဝနေသလိုခံစားမိပါတယ်…။ ၀တ်ချင်စိတ်လည်းလုံးဝမရှိတော့ဘူး ဒါနဲ့ပဲ…မကညောဆီက တီရှပ်တစ်ထည်ငှားပြီးတော့ပဲ ရေထဲဆင်းလိုက်ပါတော့တယ်..။ ရေကူးကန်ထဲကို တီရှပ်နဲ့မဆင်းရမှန်းသိပေမယ့် ဘယ်သူမှလည်းမရှိတော့ အသာလေးဆင်းလိုက်တယ်…။ တော်ကြာနေတော့ အစောင့်ကလာပြောပါတယ်..မဆင်းရဘူးတဲ့…။ ကျမကလည်းခဏနေတက်တော့မှာလို့ပြောလိုက်တော့ သူတို့လည်းဘာမှမပြောတော့ဘူး.။ တကယ်ပါပဲနာရီဝက်လောက်ရေဆော့ပြီးရင် ကျမတို့တွေအကုန်ပြန်တက်ရတယ်..။ လှေဆိပ်ကိုသွားဖို့အချိန်နီးနေပြီလေ ။ကျမတို့တွေအကုန်လုံးအပေါ်ထပ်ကနေ နှစ်ထပ်ကိုဆင်းလာကြပြီး ၁၂နာရီချက်ကောက်မလုပ်ခင်အမြန်ရေချိုးကြပါတယ်..။ အချိန်ကလည်းကပ်နေပြီလေ..။ ကျမရေချိုးနေတုန်းမှာပဲ ပြသနာကတက်ပြန်ပါတယ် ။ ကျမတို့ထဲက အခန်းတစ်ချို့က auto lock ကျသွားတာပါတယ်..။ ပြသနာက ကတ်တွေက တစ်ခါသုံးကတ်တွေဖြစ်နေတာရယ်..သတ်မှတ်ထားတဲ့အချိန်ရောက်ရင်အလိုလိုလောခ့်ကျသွားတာရယ်ကြောင့်ပါ..။ သူတို့ခမျာ ဓာတ်လှေကားထဲတောင်ဝင်လို့မရတော့ပါဘူး  ။ ဒီတော့ check out လုပ်ဖို့အချိန်ကလည်းကပ်နေပြီ နေပြန်ရင်လည်းအချိန်ပိုခပေးရပြန်တော့မယ်လေ..။ အရင်ပြီးချင်ပါတယ်ဆိုမှာ ကြာနေတာပါ..။ ဒါပေမယ့် reception မှာအကြောင်းကြားပြီ ကတ်အသစ်ပြန်ထုတ်ပြီး..ထွက်မယ့်အချိန်ကို ညနေသုံးနာရီအထိတိုးပေးလို့ အဆင်ပြေသွားပါတယ်…။ ဟာမိုနီဝမ်းဟော်တယ် ဆားဗစ်စ်က အတော်ကောင်းပါတယ်..။ ကျမမှာပိုက်ဆံပိုပေးရမလားစိုးရီမ်နေတာပါ..။ ဘန်ကောက်မှာဆိုရင်ဘယ်ရလဲ…နည်းနည်းလေးပိုသွားလည်းပိုက်ဆံပိုပေးရတာပဲ..။
ကျမတို့တွေအကုန်လုံး check out လုပ်ပြီးတဲ့အချိန်မှာ မဲနှိုက်ကြပါတယ်..။ ကံဆိုးသူမောင်ရှင် ကျမကတော့ ကိုယ့်နာမည်ကိုယ်ပြန်နှိုက်မိလို့နောက်တစ်ခေါက်ထပ်နှိုက်ရပါတယ်..။ ကံဆိုးတယ်ပြောမလား ကံကောင်းတယ်ပြောမလား ငယ်ငယ်တည်းကနေ မဲနှိုက်ရင် ကျမအမြဲတမ်းပေါက်ပါတယ်…။ ငယ်ငယ်တုန်းက ကျမတို့နယ်မှာဆိုရင် ပုံနှိပ်စာအုပ်တွေရှားတယ်လေ ဒီတော့မဲနှိုက်ရပါတယ်…။ ထုံးစံအတိုင်းနှိုက်သရွေ့နှစ်တိုင်းကျမပဲထိပ်ဆုံးကပေါက်ပါတယ်..။ သင်တန်းတို့အလုပ်တို့မှာလည်း ခရီးတွေဘာတွေထွက်ဖို့မဲနှိုက်လည်းကျမပေါက်တာပါပဲ..။ (ကြုံကြွား :P) မဲကိုယ်စီနှိုက်ပြီးတော့ ကျမတို့လာခေါ်တဲ့ကားကရောက်နေပါပြီ…။ အပြန်ခရီးကလည်းပျော်ပျော်ပါးပါးပဲ ဒါပေမယ့်ကဲလို့မ၀သေးဘူးရယ်…။ ဘာတန်ရဲ့နေ့လည်းခင်းက အဲဒီနေ့ကမိုးမရွာတော့တဲ့အပြင်သာသာယာယာနဲ့နေတောင်ထွက်လာပါတယ်…။ ဘရိတ်ဖက်အ၀စားထားတာမို့ ဗိုက်ကလည်းမဆာတော့ဘူး  ။ နာရီဝက်လောက်ကားစီးပြီး စိမ်းစိမ်းစိုစိုပတ်ဝန်းကျင်ကိုကြည့်ပြီး…ဘယ်ဆီလွမ်းလို့လွမ်းရမှန်းမသိ…။ ဟော..ပြောရင်းဆိုရင်း လှေဆိပ်ကိုရောက်လာပါပြီ..အချိန်တန်ရင်အိမ်ပြန်ရမှာပဲလေ…။ဒီတစ်ခါကျမတို့ပြန်မယ့်လှေက pacific ပါတဲ့..။ immigration ကိုဖြတ်ပြီး လှေပေါ်ကိုရောက်လာတော့ လှေက အဲကွန်းနဲ့မှန်လုံလှေ…။ လေတဖြူးဖြူးမတိုက်ပေမယ့် နံရံလေးပေါ်မှီပြီး ပင်လယ်ပြင်ကိုကြည့်ရင်း…ကျမဇာတိမြို့တော်စစ်တွေကိုသတိရသွားပါတယ်..။ ကျမငယ်ငယ်ကနေခဲ့တဲ့ရွာကနေ စစ်တွေကိုကိစ္စကြီးငယ်ရှိလို့သွားရင် ဘုတ်လို့ခေါ်တဲ့ လှေတွေစီးရပါတယ်…။ ငယ်သေးတော့ပင်လယ်ပြင်အလှအပကိုမခံစားတတ်ပေမယ့် ခုပြန်တွေးလိုက်တော့အရာရာတိုင်းကလွမ်းစရာပါပဲ..။အဆုံးအစမရှိတဲ့ပင်လယ်ပြင်ကြီးမှာ ကျွန်းကြီးကျွန်းသေးလေးတွေရေတွက်….ခပ်ဝေးဝေးကဘုရားစေတီတွေကိုဖူးမြော်…ရေတက်ရင်ကျွန်းမရှိတော့ဘဲ ရေကျမှပေါ်လာတဲ့ မောင်းမချေ ကျွန်း……ပင်လယ်ကိုဖြတ် ၊ မြစ်ကိုကူး ၊ ချောင်းကိုရောက်မှ ကျမတို့ဇာတိရွာလေးကိုရောက်……။ ရေပြင်ပြာပြာ စိမ်းစိမ်းတွေလွန်သွားရင်မြင်ရတဲ့နောက်နောက်ကျိကျိရေညစ်ညစ်ကိုလွမ်းမိပါတယ်…။ ဝေးရပ်ကိုရောက်နေတာကြာပြီ….ဒီဘ၀အတွက်တော့ပြန်ကောရောက်နိုင်ပါ့မလား မွေးရပ်မြေရယ်…။
ပင်လယ်ပြင်ကိုဖြတ်သန်းရင်းနဲ့ပဲ ကျမတို့နားခိုရာစင်ကာပူကျွန်းကိုပြန်ရောက်လာပါပြီ…။ ဒီပင်လယ်က ဇင်ယော်လည်းမရှိဘူး ၊ အမှိုက်သရိုက်လည်းမရှိဘူး …တစိမ်းဆန်လိုက်တဲ့ပင်လယ်ကြီး………..။
ပျော်လို့မ၀တဲ့ကျမတို့အုပ်စု….. လူစုပြီး မကညော အမိုးအိမ်ကိုသွားလည်ကြပါတယ်..။ ကြက်သားကာလသားဟင်းချက်ထားပါတယ်တဲ့…။ vivo city ကနေ ကားနံပါတ်တစ်ရာကိုစီးပြီး aljunied ကိုသွားကြပါတယ်..။ ဒီခရစ်စမတ်ကတော့ ခရစ်စမတ်နံ့မသင်းဘဲ ကြက်သားကာလသားဟင်းနံ့သင်းနေပါတယ်…။ မနက်စာဘဲစားထားရတဲ့ဗိုက်က ဆန္ဒပြနေပြီလေ…။ ကြက်သားကာလသားဟင်း ၊ ဗူးသီး ၊ ငပိရည် ၊ မုန်ညင်းချဉ်နဲ့အတူ နေ့လည်စာက မြိန်လှပါတယ်..။ စားပြီးသောက်ပြီးအုပ်စုလိုက်ကြီး လေပန်းကြတာ…ဟိုစွယ်စုံရဆိုတဲ့အကိုကြီးကတစ်ယောက်တည်း ဒိုင်ခံပြောတော့တာပါပဲ..။ စင်ကာပူကနေ ထိုင်းရောက်လိုက် ၊ ထိုင်ဝမ်ရောက်လိုက်..ကိုးရီးယားရောက်လိုက်နဲ့ ကျမတို့တွေစကားကောင်းနေလိုက်ကြတာ အချိန်တော်တော်လင့်မှပဲထပြန်လာကြပါတယ်…။ ကျမတို့ဘာတန်ခရီးစဉ်ကတော့ ပြီးဆုံးသွားပါပြီ ဒါပေမယ့် မမျှော်လင့်တဲ့မိတ်ဆွေတွေရခဲ့သလို နေရာအသစ်အဆန်းမှာဗဟုသုတတွေလည်းရတယ် စိတ်လက်ကြည်လင်ပေါ့ပါးသွားပါတယ်..။ ပြီးတော့ အသက်တွေကမတိမ်းမယိမ်းတွေဆိုတော့ အုပ်စုကျပြီး ဒီနေ့ နယူးယီးယားမှာ siloso beach မှာ count down သွားလုပ်ကြမလို့ပါ…။ ကဲ..ဘယ်လောက်ပျော်စရာကောင်းလဲ..။တကယ်တော့စင်ကာပူနဲ့ဘာတန်ဆိုတာသိပ်မဝေးတဲ့အရပ်ပါပဲ ဒါပေမယ့် ခဏလေးဖြစ်ဖြစ်အလုပ်ရဲ့ဝေးရာ ၊ အိမ်ရဲ့ဝေးရာကိုပြေးထွက်လိုက်ရတာ အရမ်းအပန်းပြေပါတယ်..။ နောက်လာမယ့်နေ့ရက်တွေအတွက်အင်အားတွေလည်းဖြစ်ရပါတယ်…။ကျမ..နောက်ထပ်လည်းခရီးတွေအများကြီးထွက်ချင်ပါသေးတယ်..။
 
2011 ဒီဇင်ဘာတုန်းက ရေးခဲ့တဲ့ပိုစ့်လေးကို ပြန်တင်လိုက်ပါတယ်။ 


2 thoughts on “Batam ဆီသို့”

  • အရင်တခါတုန်းက မဖတ်လိုက်ရတော့ မိုးနတ်အတွက်တော့
    အသစ်ပါပဲ ဆုမြတ်ရေ…မိုးနတ်လဲ ခရီးသွားရတာ အရမ်းဝါသနာပါတယ်
    တကယ်သာ သိပ်မသွားဖြစ်တာ…မအားလို့လေ….ခရီးလေးမှာ
    နောက်ရတဲ့ ဟော်တယ်က ပိုပြီးကောင်းတဲ့အတွက် ဖတ်ရင်းနဲ့ကို
    အရမ်းဝမ်းသာသွားမိတယ်…အစကနေ အဆုံးပါဝင်ခံစားစီးမြောလို့
    ဘက်တန်ကိုလဲ အရောက်သွားချင်မိတယ်လို့ ……:)))

    ဒါထက် ဆုမြတ်တစ်ယောက် ဒိထက်ပိုပြီး ခရီးတွေသွားဖြစ်ပါစေ 🙂
    ချစ်တဲ့….မိုးနတ်

Leave a Reply

Your email address will not be published.