ရှောင်ဖယ်ထွက်သွားမှာလား

အတောင်မပါဘဲ ပျံသန်းခဲ့တဲ့ငါ့ကောင်းကင်
နွေအလယ်မှာကြယ်ကြွေခါမှ နောင်တတွေတပွေ့တပိုက်နဲ့
ရှာဖွေလေလေ မတွေ့လေလေတဲ့ မေတ္တာတရား
သံယောဇဉ်ယောင်ယောင်ဂစ်တာသံစဉ်တွေက
တနေ့ထက်တနေ့ ချောက်ခြားစရာကောင်းလာတယ်….
မငိုတတ်ခဲ့တာကြာပြီပေါ့
ချို ၊ ချဉ် ၊ ခါး အရသာမရှိတဲ့ဘ၀မှာ
အပေါ်ယံသာယာမှုကိုအဟုတ်ကြီးထင်ချင်ယောင်ဆောင်ရင်း
ပျော်ဝင်ချင်ယောင်ဆောင်ရင်း
တဖြိုးဖြိုးတဖြောက်ဖြောက် ဆီးနှင်းပေါက်တွေကျတဲ့ညနက်နက်ကိုလွမ်းတယ်
ခိုလှုံဖို့ရင်ခွင်လိုအပ်သလား
မလိုအပ်ပါဘူးကွယ်… ဒီဘ၀ ဒီအနေအထားက နေသားကျပြီးသားပါ
စိတ်ညစ်ရင်သီချင်းဆို ငိုချင်ရင်ဂစ်တာတီး
ဟိုးအဝေးမှာလည်း ငါ့ပက်အက်ကြားပြင်ပမှာ စိမ်းလည်းစိုပြည်နေတယ်
အလွမ်းလား
ရိုမီယိုဂျူးလိယက်လောက်ဝမ်းနည်းစရာမကောင်းပေမယ့်
ငါ့အထ္တုပတ္တိတစ်ချို့မှာလည်း ငါဟာမိန်းအတ်တာတစ်ယောက်ပေါ့ 
ငါလည်းလွမ်းတတ်ဆွေးတတ်ခံစားတတ်ပါတယ်…။
အောင့်သက်သက်ခံစားချက်တချို့နဲ့ မနေ့က ငါငိုနေတာ ဘယ်သူမှမသိဘူးကွယ်
ခြောက်သွေ့မှုတွေအတွက် ကောက်ရိုးမျှင်ကိုဆွဲချင်တာ စိတ်ထွက်ပေါက်ပါလို့
ခပ်အက်အက်ပြောလိုက်ရင်…….
ရှောင်
ဖယ်
ထွက်
သွား
မှာ
လား……….။
ရုပ်ရှင်ဇာတ်လမ်မဟုတ်ပေမယ့်
ငါကတော့  မင်းသမီးမဖြစ်ရရင် သိက္ခာရှိတဲ့ဗီလိန်ပဲဖြစ်ချင်ခဲ့တယ်။
နွေလယ်ညတွေက ခပ်ခြောက်ခြောက်လေးပေမယ့် အထီးမကျန်ပါဘူး
သီချင်းတစ်ပုဒ် နဲ့ ရင်ဘတ်တစ်ခုစာခံစားချက်နဲ့ ငါ့ကိုယ်ငါကုန်ဆုံးပစ်မယ်
တို့တွေ………ဝေးနေတာပဲကောင်းပါတယ်လေ………။ ။



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.